အခန်း (၇၀၆)
Vol. 51 Ch. 706
ဟန်မူယဲ့က မျက်လုံးမှိတ်လိုက်သောအချိန်တွင် အစိမ်းရောင်ဓားများက လေဟာနယ်ကိုထိုးဖောက်၍ ဟန်မူယဲ့၏နောက်သို့ ရောက်လာသည်။
သူတို့က လေဟာနယ်အတားအဆီးကို ချက်ချင်းကျော်လွှားသွားခဲ့သည်။
သို့သော် ဟန်မူယဲ့၏နောက်ကျောမှ ပြန်ထွက်လာသော ဓားများသည် သွေးများဖြင့် စွန်းပေမနေကြပေ။
အဘယ်ကြောင့်ဆိုသော် ဟန်မူယဲ့က ပျောက်ကွယ်သွားခဲ့သည်။
သူသည် ဓားကျိုး၏နောက်တွင် ရပ်နေသည်။ သူ၏ ဘယ်ဘက်လက်တွင် သစ်သားတုတ်တစ်ချောင်းကို ကိုင်ထားပြီး ညာဘက်လက်ဖြင့် ဓားကျိုးကို ဆုပ်ကိုင်သည်။
“ဒါက အသိစိတ်မရှိတဲ့ သက်မဲ့ပစ္စည်းတစ်ခုပါပဲ။ အင်မော်တယ်ချီတွေက ဘယ်လိုဖြစ်သွားလဲဆိုတာကို ခွဲခြားမသိနိုင်ဘူး”
ဟန်မူယဲ့က အေးစက်စွာရေရွတ်သည်။ အင်မော်တယ်ချီများသည် သူ့လက်ဝါးထဲတွင် ထွက်ပေါ်လာပြီး ဓားကျိုးကို လွှမ်းခြုံလိုက်သည်။
သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး ချိန်းကြိုးအဖြစ် ရစ်ပတ်ထားသော အင်မော်တယ်ချီများသည် အတုအယောင်သာ ဖြစ်ကြသည်။
သူက အင်မော်တယ်ချီကို မြက်ရိတ်တံ၏အကူအညီဖြင့် သန့်စင်ခဲ့သည်။
သို့သော် ဓားကျိုးက ထိုအကြောင်းကို မသိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဓားကျိုးတွင် အသိစိတ်မရှိပေ။
“ဝီ”
ဓားကျိုးက တုန်ခါသွားပြီး ဟန်မူယဲ့၏ လက်ဝါးပေါ်တွင်ရှိသော အစိမ်းရောင်ချီစွမ်းအင်အလင်းကို ဖြတ်တောက်လိုက်သည်။
သို့သော် ပိုမိုများပြားသော အင်မော်တယ်ချီသည် ဓားကျိုးထဲသို့ စိမ့်ဝင်သွားပြီး ဖြည်းဖြည်းချင်း ငြိမ်သက်လာစေသည်။
ဓားကျိုးက တည်ငြိမ်သွားသောအခါတွင် အရိုးစုများက ပြိုလဲသွားကြသည်။
ဓားဘုရင်ယွမ်ထျန်း၏ မျက်နှာက ဖြူဖျော့နေသည်။ သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ထို့နောက် ဟန်မူယဲ့၏လက်ထဲတွင် ရှိနေသော ဓားကျိုးကိုလည်း ကြည့်လိုက်သည်။
ထို့နောက် မြက်ရိတ်တံကို မြင်ရပြန်သည်။
“ဒီဓားနဲ့ ဒီသစ်သားတုတ်က ....”
ဓားဘုရင်ယွမ်ထျန်းက မျက်မှောင်ကြုတ်သည်။
သူက ထိုပစ္စည်းနှစ်ခုကို မြင်ဖူးပြီး ထိတွေ့ဖူးသည်ဟု ခံစားလိုက်ရသည်။
သို့သော် သူက တွေးမကြည့်နိုင်ခဲ့ပေ။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး စိုးရိမ်နေသည်။
သူက ယန်ယင်၏ဓားဆေးလုံးကို စစ်ဆေးကြည့်ခဲ့သော အချိန်မှစ၍ ပိုမိုသတိထားလာသည်။
‘နတ်ဘုရားဧကရာဇ်ရဲ့ ဓားထဲမှာ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အသိစိတ် ရှိနေမလား’
သူက စဉ်းစားကြည့်လိုက်ပြီး ဓားချီများကို ဖြည်းဖြည်းချင်း ထည့်သွင်းသည်။
နတ်ဘုရားဧကရာဇ်၏ဓားသည် အင်မော်တယ်ကမ္ဘာ၏ လျှို့ဝှက်ချက်များကို သိရှိထားသည့် တစ်ခုတည်းသောရတနာပင် ဖြစ်သည်။
သူက ယနေ့တွင် စစ်ဆေးမကြည့်ခဲ့လျှင် နှလုံးသားထဲတွင် စွဲလမ်းမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
“ဝီ”
ဓားချီက ဓားထဲသို့ ဝင်သွားသောအခါတွင် ဓားကျိုးက တုန်ခါလာသည်။ ဓားတစ်ခုလုံးက ပျောက်ကွယ်သွားမည့်ပုံ ပေါ်နေသည်။
ဟန်မူယဲ့က လက်သီးဆုပ်ထားသည်။ ဓားကျိုးသည် အရိုးထဲအထိ အေးစက်မှုများကို ထုတ်လွှတ်နေပြီး သူ့လက်ထဲတွင်ရှိသော အင်မော်တယ်ချီကို ဖြိုခွဲပစ်နိုင်သည်။
သူက အာရုံစိုက်ထားသည်။ တစ်ခုခု မှားယွင်းနေခဲ့လျှင် သူက ဓားနှင့် ဆက်သွယ်မှုကို ချက်ချင်းအဆုံးသတ်ပစ်မည်။
“ခလွမ် ....”
“ခလွမ် ....”
ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။ ကြွပ်ဆပ်သော ထုနှက်နေသည့်အသံကို ကြားနိုင်သည်။
ဓားသွန်းလုပ်ခြင်း ဖြစ်သည်။
ထိုအရာသည် သာမန်နည်းစနစ်တစ်ခု မဟုတ်ဘဲ ဟန်မူယဲ့ မမြင်ဘူးသော ပန်းပဲပညာရပ်တစ်ခု ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်ဆယ်ဦးသည် ပုံသွင်းစင်မြင့်ကို ဝိုင်းရံထားကြသည်။ သူတို့အားလုံးက နီစိမ်းရောင်သန်းနေသော တူများကို ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်၍ ပုံသွင်းစင်မြင့်ထက်တွင်ရှိသော ပုံပေါ်စဓားကို ထုနှက်နေကြသည်။
သူက အင်မော်တယ်ဝိညာဉ်ခွဲဖြာခြင်း ပန်းပဲနည်းစနစ်ကို တတ်မြောက်သွားသည်။
ဟန်မူယဲ့က ဓားကို ကြည့်လိုက်သည်။
ယခုအချိန်တွင် အင်မော်တယ်ချီများသည် ဓားကိုယ်ထည်အတွင်းသို့ စိမ့်ဝင်သွားကြသည်။ ချီစွမ်းအင်က အပြင်ဘက်သို့ အထုတ်ခံလိုက်ရသည်။
‘ဒီဓားကို အင်မော်တယ်ကမ္ဘာမှာ သန့်စင်ခဲ့တာပဲ။ အင်မော်တယ်ကမ္ဘာက ချီစွမ်းအင်ကို ခွဲခြားနိုင်တာလား’
သို့သော် မလုံလောက်သေးပေ။
ဟန်မူယဲ့က ဓားပုံရိပ်ကို ဆက်ကြည့်နေခဲ့သည်။
“ဒီဓားကို အင်မော်တယ်အသွင်ပြောင်းရေကန်ဆီ ပို့လိုက်ပါ။ အင်မော်တယ်အသွင်ပြောင်းအဆင့်ကို မတက်ရောက်နိုင်တဲ့ အောက်ဘုံရဲ့ပုရွတ်ဆိတ်တွေကို သတ်ဖြတ်ပြီး ဓားကို သန့်စင်လိုက်ပါ”
အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဓားကို ရေကန်ဆီသို့ သယ်သွားသည်။
ကျောက်စိမ်းရောင်လှေကားထစ်များနှင့် အစိမ်းရောင်ရေကန်သည် ပေတစ်သောင်းကျယ်ဝန်းသည်။ ရေမျက်နှာပြင်သည် မြူခိုးများကို ထုတ်လွှတ်ပေးနေသည်။
ပုံရိပ်များသည် ရေကန်ထဲတွင် ရှိနေကြသည်။
“သူတို့အားလုံးက မဟာကျင့်ကြံသူကြီးတွေပဲ”
ဟန်မူယဲ့က ထိတ်လန့်စွာ အသံပြုမိသည်။
ရေကန်ထဲတွင် မျက်လုံးမှိတ်လျက် ထိုင်နေသော လူသား၊ မိစ္ဆာနှင့် နတ်ဘုရားသားရဲများသည် အလွန်ခမ်းနားသောခွန်အားကို ပိုင်ဆိုင်ထားကြသည်။
သူတို့အားလုံးသည် ကံကြမ္မာအဆင့်ကို ကျော်လွန်နေကြသည်။
ပုံရိပ်တချို့က အင်မော်တယ်ချီစွမ်းအင်ဖြင့် လွှမ်းခြုံထားပြီး ပျော်ရွှင်နေကြသည်။ ချီစွမ်းအင်နှင့် အင်မော်တယ်စွမ်းအင်များသည် ပုံရိပ်တချို့၏ကိုယ်ပေါ်တွင် ရောယှက်နေကြသည်။
အများစု၏ကိုယ်ပေါ်တွင် အင်မော်တယ်စွမ်းအင်တချို့နှင့် ချီစွမ်းအင်အလင်းများသာ ရှိကြသည်။
ဓားသည် ရေကန်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ဓားက ဧရာမသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ချီစွမ်းအင်အလင်းဖြင့် လွှမ်းခြုံထားသော ကျင့်ကြံသူများအားလုံးကို ဝါးမြိုလိုက်သည်။
နတ်ဘုရားဘုရင်ဖြစ်စေ သူတော်စင်တစ်ဝက်အဆင့် ဖြစ်စေ ဝါးမြိုခံလိုက်ရသည်။
အင်မော်တယ်ချီနှင့် ပြည့်နှက်မနေလျှင် တစ်ခါတည်း ဝါးမြိုခံရမည်။
“ဝိညာဉ်ဝါးမြိုခြင်းစွမ်းအား”
လောကတွင်ရှိသော ကျင့်ကြံသူကြီးများ ကြောက်ရွံ့နေရသည့် နတ်ဘုရားဧကရာဇ်၏ဓားကို ဟန်မူယဲ့က နားလည်သွားသည်။
ထိုဓားသည် ချီစွမ်းအင်ရှိနေသော ကျင့်ကြံသူကြီးများအားလုံးကို တိုက်ရိုက်ဝါးမြိုနိုင်သည်။
ချီစွမ်းအင်ကို ကျင့်ကြံထားသော လူများသည် ထိုဓား၏ရှေ့တွင် အညံ့ခံရမည်။
လောကတွင်ရှိသော ကျင့်ကြံသူများအားလုံးသည် ချီစွမ်းအင်ကို ကျင့်ကြံကြသည်။
မိစ္ဆာကျင့်ကြံသူ၊ ဗုဒ္ဓကျင့်ကြံသူနှင့် မိစ္ဆာသားရဲများကလည်း ချီစွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးရသည်။
နတ်ဘုရားဧကရာဇ်၏ဓားက ထိုစွမ်းအားကို ဖိနှိပ်ထားပြီး ဝါးမြိုနိုင်သည်။
ထိုဓားက အင်မော်တယ်အသွင်ပြောင်းရေကန်မှ ပြန်ထွက်လာပြီး သစ်သားသေတ္တာတစ်လုံးထဲသို့ ရောက်သွားသည်။ သေတ္တာကို ပြန်ဖွင့်လိုက်သောအခါတွင် နတ်ဘုရားခုံရုံးသို့ ရောက်နေသည်။
ထိုဓားသည် နတ်ဘုရားခုံရုံး၏ အထွတ်အမြတ်ရတနာတစ်ပါး ဖြစ်သောကြောင့် မျိုးဆက်တစ်လျှောက် လက်ဆင့်ကမ်းလာခဲ့သည်။
နတ်ဘုရားခုံရုံး၏ အစောင့်အရှောက်များသည် နတ်ဘုရားဧကရာဇ်များပင် ဖြစ်ကြသည်။
သို့သော် အင်မော်တယ်ကမ္ဘာတွင် သူတို့သည် ဂိုဏ်းတစ်ခု၏ သာမန်တပည့်များသာ ဖြစ်ကြသည်။
သူတို့၏အမြင်အရ ဤလောကတွင်ရှိသော နတ်ဘုရားခုံရုံး၏ ကြီးကျယ်ခမ်းနားမှုသည် အစောင့်အရှောက်တာဝန်အပြီးတွင် ရရှိလာမည့် ဆုလာဘ်များနှင့် မယှဉ်နိုင်ပေ။
သူတို့က အင်မော်တယ်တက်လှမ်းစင်မြင့်သို့ ကျင့်ကြံသူများ တက်ရောက်ရန်အတွက် ဦးနှောက်အခြောက်ခံပြီး အမျိုးမျိုးဆွဲဆောင်ခဲ့ကြသည်။ ထိုမှသာ သူတို့က ဆုလာဘ်များနှင့် လဲလှယ်နိုင်မည်။
“အင်မော်တယ်တက်လှမ်းစင်မြင့်၊ အင်မော်တယ်အသွင်ပြောင်းရေကန် ....”
ဟန်မူယဲ့က ကျောရိုးတစ်လျှောက်တွင် အေးစက်မှုကို ခံစားလိုက်ရသည်။
သူက ပတ်ဝန်းကျင်တွင်ရှိသော ကျိုးပဲ့သွားသည့် ကျောက်စိမ်းအရိုးများကို ကြည့်သည်။
သူတို့သည် အင်မော်တယ်တက်လှမ်းစင်မြင့်သို့ ဝင်ရောက်သွားပြီး အင်မော်တယ်အသွင်ပြောင်းရေကန်ကို မဖြတ်ကျော်နိုင်ခဲ့သော မဟာကျင့်ကြံသူကြီးများပင် ဖြစ်ကြသည်။
အများစုသည် ဤလောက၏ ဘိုးဘေးများပင် ဖြစ်ကြသည်။
ထိုအရာသည် အင်မော်တယ်တက်လှမ်းစင်မြင့်၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်။
မရေမတွက်နိုင်သော ဘိုးဘေးများသည် အင်မော်တယ်တက်လှမ်းစင်မြင့်သို့ ဝင်ရောက်သွားကြသော်လည်း ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဝါးမြိုခံလိုက်ရပြီး ဤနေရာတွင် အရိုးစုများအဖြစ် ရှိနေကြသည်။
အင်မော်တယ်တက်လှမ်းခြင်းဆိုသော စကားလုံးသည် အင်မတန် ရယ်စရာကောင်းသည်။
“ဝီ”
ဓားကျိုးသည် ဟန်မူယဲ့၏ နှလုံးသားထဲတွင်ရှိသော အမုန်းတရားနှင့် ဒေါသများကို ခံစားမိပုံရပြီး တုန်ခါလာသည်။
ပတ်ဝန်းကျင်သည် စတင်ပြောင်းလဲလာသည်။
အစိမ်းရောင်စင်မြင့်သည် ပြိုကျသွားသည်။ အင်မော်တယ်ချီများသည် ဝဲကတော့တစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
အကြောက်တရားသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ပေါ်လာကြသည်။
အင်မော်တယ်ချီသည် ပတ်ဝန်းကျင်တွင်ရှိသော ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်သစ်သီးများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူတို့၏ စွမ်းအားများကို ဆွဲယူ၍ မိုင်ထောင်ချီပတ်ဝန်းကျင်ကို ပိတ်လှောင်ထားသော ချိန်းကြိုးများအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဟန်မူယဲ့၏ရှ့တွင် ချိန်းကြိုးများသည် ကျောက်စိမ်းအရိုး၊ ဝိညာဉ်ဆေးပင်များနှင့် ပေါင်းစပ်သွားကြသည်။ ထို့နောက် အကြောက်တရားသားရဲများသည် သေဆုံးခြင်းစွမ်းအားကို ထုတ်လွှတ်၍ ဆေဘာဓားကို ကိုင်ထားသော မျက်နှာမဲ့စစ်သည်တော်များအဖြစ် ပြောင်းလဲသွားကြသည်။
“နတ်ဘုရားခုံရုံးရဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေ”
ဓားဘုရင်ယွမ်ထျန်းက လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
“သူတို့က မသေနိုင်တဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေပဲ။ နတ်ဘုရားဧကရာဇ်ရဲ့ သစ္စာအရှိဆုံးကိုယ်ရံတော်တွေလည်း ဟုတ်တယ်”
‘သစ္စာရှိတာလား’
သူတို့က သစ္စာရှိသည်။
အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်ကိုယ်ရံတော်များသည် အသိစိတ်မရှိဘဲ နတ်ဘုရားဓား၏အမိန့်ကိုသာ နာခံကြသည်။
နတ်ဘုရားဧကရာဇ်၏ဓားသည် အမိန့်တစ်ခုသာ ရှိသည်။ ရန်သူများအားလုံးကို ညှတာမှုမရှိဘဲ သတ်ဖြတ်ပစ်ရမည်။
ဟန်မူယဲ့က လက်ထဲတွင်ရှိနေသော ဓားကျိုးကို ကြည့်သည်။
မျက်နှာမဲ့စစ်သည်များသည် ပတ်ဝန်းကျင်တွင် စုဝေးနေကြသည်။
သူက ထိုစစ်သည်များ၏ စွမ်းအားကို ခံစားကြည့်နိုင်သည်။
သူတို့က အလွန်အားကောင်းသည်။ ထို့အပြင် မသေဆုံးနိုင်ကြပေ။
ဓားဘုရင်ယွမ်ထျန်းက ဓားဖြင့်ခုတ်လိုက်သော်လည်း လေထုကိုသာ ခုတ်မိသည်။
ဓားဖြင့် အခုတ်ခံရသော မျက်နှာမဲ့စစ်သည်တော်သည် အကောင်းအတိုင်း ရှိနေသည်။
သို့သော် ထိုစစ်သည်၏ ဓားခုတ်ချက်ကြောင့် ဓားဘုရင်ယွမ်ထျန်းနှင့် ကိုယ်ပိုင်ဓားက နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားခဲ့သည်။
ဓားဘုရင်ယွမ်ထျန်းက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားကို ကြည့်သည်။
ဓားပေါ်တွင် ဓားခုတ်ရာတစ်ခု ရှိနေသည်။
သူ့ဓား၏ အသိစိတ်သည် အပြင်းအထန် ထိခိုက်သွားခဲ့သည်။
ဓားဘုရင်ယွမ်ထျန်း၏မျက်နှာက နာကျင်နေပုံရသည်။ ထို့အပြင် မျက်နှာမဲ့စစ်သည်၏ ခွန်အားကြောင့် လေးနက်နေသည်။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်သည်။
မျက်နှာမဲ့စစ်သည်များက သူတို့ကို ဝိုင်းရံထားကြသည်။
“အကြီးအကဲ၊ ကျွန်တော်တို့ လမ်းခွဲရတော့မယ်ထင်တယ်”
ဟန်မူယဲ့က ရေရွတ်သည်။
‘လမ်းခွဲရတော့မှာလား’
ဓားဘုရင်ယွမ်ထျန်းက ကြောင်အသွားပြီး တီးတိုးပြောသည်။
“မင်း၊ မင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်တော့မှာလား ....”
ဟန်မူယဲ့က အပြုအမူဖြင့် အဖြေပေးသည်။
သူက ချဉ်းကပ်လာသော စစ်သည်များကြားမှ ခုန်ထွက်ပြီး အာကာသထဲသို့ ဝင်ရောက်သွားသည်။
လျှို့ဝှက်ကိုယ်ရံတော်များသည် မီးခိုးရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး ဟန်မူယဲ့၏နောက်သို့ လိုက်သွားကြသည်။
ဓားဘုရင်ယွမ်ထျန်းက ထိုလျှို့ဝှက်ကိုယ်ရံတော်များအပြင် များပြားသော နတ်အာရုံများနှင့် မဟာကျင့်ကြံသူကြီးများကိုလည်း မြင်လိုက်ရသည်။ သူတို့အားလုံးက ဟန်မူယဲ့၏နောက်သို့ လိုက်သွားကြသည်။
ဓားဘုရင်ယွမ်ထျန်း၏ မျက်လုံးများက တောက်ပသွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နတ်အာရုံကို လှုပ်ရှားစေသည်။ သူက မိုင်ထောင်ချီအကွာအထိ သတင်းပို့လိုက်သည်။
“နတ်ဘုရားဧကရာဇ်ရဲ့ဓားကို ယူသွားကြပြီ။ နတ်ဘုရားခုံရုံးရဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေ ရှိနေတဲ့ နတ်ဘုရားဧကရာဇ်ရဲ့ ဓားပဲ ....”
နတ်ဘုရားဧကရာဇ်၏ဓား ....
ထိုသတင်းသည် လုံလောက်သည်။
အာကာသသည် အုံကြွသွားသည်။
မရေမတွက်နိုင်သော ပုံရိပ်များသည် ဟန်မူယဲ့၏နောက်သို့ လိုက်သွားကြသည်။
“ဘုန်း”
အာကာသထဲတွင် ဧရာမလက်ကြီးတစ်ဖက်သည် နေရာတစ်ခုလုံးကို ဖိနှိပ်ထားသည်။
ဟန်မူယဲ့က ထိုနေရာတွင် ရှိနေသည်။
သူက ရပ်တန့်လိုက်ပြီး ဧရာမလက်ကြီးကို ကြည့်သည်။
ထိုလက်၏ဖိအားသည် အနည်းဆုံး တာအိုဘိုးဘေးအဆင့်တွင် ရှိနေသည်။
ထိုစွမ်းအားသည် အလွန်သန်မာပြီး ရုပ်ခန္ဓာနှင့် ဝိညာဉ်ကို ရပ်တန့်သွားစေပုံရသည်။
သူက ပါ့ရှား၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အချိန်နှင့်တည်နေရာစွမ်းအားကို နားလည်ထားသောကြောင့် ခုခံနိုင်ခဲ့သည်။ ထိုသို့မဟုတ်လျှင် စဉ်းတီတုံးပေါ်သို့ ရောက်နေသော ငါးတစ်ကောင် ဖြစ်သွားလိမ့်မည်။
ဟန်မူယဲ့က အသက်ရှူသွင်းလိုက်ပြီး လက်မြှောက်သည်။
သူ့လက်ထဲတွင်ရှိသော ဓားကျိုးက ပျံထွက်သွားသည်။
ဓားကျိုးသည် လွတ်လပ်မှုကို ပြန်ရသွားပုံပေါ်ပြီး ဧရာမလက်ဝါးကြီးနှင့် ချက်ချင်းဝင်တိုက်သည်။
ဆေဘာဓားများကို ကိုင်ဆောင်ထားသော လျှို့ဝှက်ကိုယ်ရံတော်များသည် ဓားကျိုးနှင့်အတူ လိုက်ပါလာကြသည်။
“ရွှပ် ....”
ဆေဘာဓားသည် လက်ဝါးကို တိုက်ရိုက်ထိုးခွဲလိုက်သည်။
ဧရာမလက်ဝါးနှင့် ဆက်သွယ်နေသော နတ်အာရုံကပင် ဖိနှိပ်ခံလိုက်ရပြီး ပိုးချည်မျှင်ကဲ့သို့ တစ်ခုချင်းစီ ဖြတ်တောက်ခံလိုက်ရသည်။
အာကာသထဲတွင် နတ်အာရုံပြတ်တောက်သွားသောကြောင့် ဖြစ်ပေါ်လာသော အော်ဟစ်သံများကို ကြားနိုင်သည်။
နတ်အာရုံသည် တိုက်ရိုက်ဖြတ်တောက်ခံလိုက်ရသည်။ ထိုနာကျင်မှုသည် ဓားဖြင့် အကြိမ်ပေါင်းတစ်ထောင် အခုတ်ခံရသကဲ့သို့ ဖြစ်သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ရတနာကြောင့် ဆွဲဆောင်ခံလိုက်ရသော ကျင့်ကြံသူများက ကြောင်အသွားကြသည်။
ဟန်မူယဲ့က ပျံတက်သွားပြီး အင်မော်တယ်ချီကို ထုတ်လွှတ်သည်။ သူက ဓားကျိုးကို ဆုပ်ကိုင်ပြီး ဆက်လက်ပျံသန်းသွားသည်။
နတ်ဘုရားခုံရုံး၏ လျှို့ဝှက်ကိုယ်ရံတော်များကလည်း သူ့နောက်မှ နီးကပ်စွာ လိုက်လာကြသည်။
နောက်တွင်ရှိနေသောလူများက တုံ့ဆိုင်းနေပြီး သူ့နောက်သို့ ဆက်လိုက်လာကြသည်။
ရတနာသည် နှလုံးသားကို လှုပ်ရှားစေသည်။
ရတနာက အဖိုးတန်လေ နှလုံးသားကို မထိန်းချုပ်နိုင်လေ ဖြစ်သည်။
သူတို့က လက်လျော့မည်မဟုတ်ပေ။