ဝေ့ဝူယင်၏ ပိုင်ဆိုင်မှု
Vol. 11 Ch. 145
ဘုန်း...
ရောင်ခြည်စက်ဝန်းနှင့် အမှောင်အလင်း စွမ်းအင်တို့သည် လမ်းခုလတ်တွင်ပင် ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲသွား၏။ ချက်ချင်းပင် ပြင်းထန်သော လေလှိုင်းများမှာ ထိုနေရာကို ဗဟိုပြုလျှက် ထွက်ပေါ်လာကာ အရပ်မျက်နှာ အနှံ့ကို ဖုံးအုပ်သွားသည်။ မရေမတွက်နိုင်သော လူများမှာ ထိုလေလှိုင်းများ၏ ဖုံးအုပ်မှုကို ခံလိုက်ရ၏။
သို့သော်လည်း ဤနေရာသို့ ရောက်ရှိလာသူ အားလုံးလိုလိုမှာ ထိပ်တန်း ပညာရှင်များ ဖြစ်ကြပြီး အားနည်းသူ ဟူ၍ မရှိသလောက်ပင်။ သူတို့သည် အမျိုးမျိုးသော ရောင်စုံအလင်းများဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ရာ တည်ငြိမ်စွာပင် ရပ်နေနိုင်ကြ၏။
စုမေ့နှင့် နာ့ရှင်းရီတို့မှာ ပါရမီအားဖြင့် အလွန် မြင့်မားကြသူများ ဖြစ်ကြသော်လည်း အတွေ့အကြုံ အရာတွင်မူ ကလေးသာသာ အနေအထားတွင်သာ ရှိနေကြသူများ ဖြစ်သည်။ သူတို့ တိုက်ခိုက်သည့် ပုံစံများမှာ ရိုးရှင်းကာ တိုက်ရိုက် ဆန်လှပြီး မြေခွေးအိုကြီးများ၏ တိုက်ပွဲများ ကဲ့သို့ ဟင်ခနဲ ဟာခနဲ ဖြစ်လောက်သည့် လှည့်ကွက်များ သိပ်မပါလှချေ။
စုမေ့သည် ဓားကို ရဲဝံ့စွာ ဆုပ်ကိုင်ရင်း အမှောင်၊ အလင်းနှင့် ဆေဘာချီတို့ကို ထုတ်လွှတ်ကာ တိုက်ခိုက်နေသည်။ နာ့ရှင်းရီ နောက်ဆုတ်သည့် အချိန်တွင် သူမသည် ခံစစ်ကိုပင် ဂရုမစိုက်တော့ပဲ တဟုန်ထိုးလိုက်ကာ ဖိအားပေးသည်။ သူမ၏ တိုက်ခိုက်မှုများမှာ ထက်မြက်လှသော်လည်း ဆုံးဖြတ်ချက် အပိုင်းတွင် အလွဲအမှားများ ဖြစ်ပေါ်နေခဲ့သည်။
စုမေ့ထက် စာလျှင် နာ့ရှင်းရီမှာ အနည်းငယ် ပိုသာသော်လည်း ထိုအရာမှာ သူမ၏ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေရှိသည့် ယင်ချီကြောင့် ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုများက အခြေခံ ကျလွန်းနေကာ အများအားဖြင့် တစ်ဖက်မြင် တိုက်ခိုက်မှုနှင့် ခုခံမှုများပင် ပါဝင်နေသည်။ ထိုဟာကွက်များမှာ သူမ၏ ဒေါသကြောင့် ပေါ်လာခြင်း ဖြစ်နိုင်သည့်တိုင် အသက်လုသော တိုက်ပွဲမျိုး၌ အလွန် အန္တရာယ်များလှသည်။
သူတို့ နှစ်ယောက်စလုံးသည် သေမျိုး နတ်ဘုရားများ ဖြစ်သော်လည်း အလွန် အတွေ့အကြုံ နားပါးလွန်းလှသည်။ သေမျိုး နတ်ဘုရားများသည် ဖန်တီးခြင်း စွမ်းရည်ကို ပိုင်ဆိုင်ကာ လောကကို ထူးခြားသော နည်းလမ်းများဖြင့် ကြီးစိုးနိုင်သည်။ သူတို့၏ ဝိညာဥ် အစီအရင်များသည် ရန်သူတို့၏ ဝိညာဥ်၊ မှတ်ဉာဏ်နှင့် ရည်ရွယ်ချက်တို့ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။
သူတို့ နှစ်ယောက်၏ တိုက်ပွဲမှာ သေမျိုး နတ်ဘုရား အဆင့်ထက် ချီပျစ်ခဲခြင်း အဆင့်လေး သို့မဟုတ် အဆင့်ငါးတို့ အကြားတို့မှ တိုက်ပွဲ တစ်ပွဲနှင့်ပင် ပိုတူနေသေးသည်။
ထို့ကြောင့်ပင် ရင်ပြင်အတွင်း ရှိနေသည့် လူအများစုမှာ သူတို့ နှစ်ယောက်၏ တိုက်ခိုက်မှုများကို ကြောက်ရွံ့ခြင်း မရှိကြချေ။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူကြီးများ၏ အမြင်တွင်မူ သူတို့ နှစ်ယောက်မှာ ဓားရှည် သို့မဟုတ် အဲမောင်းတို့ဖြင့် လွှဲယမ်းရန် ကြိုးစားနေသည့် ကလေးများ သာသာပင်။
လုံချန်နှင့် ဝေ့ဝူယင်တို့မှာ တိတ်တဆိတ်ပင် ထိုတိုက်ပွဲကို ကြည့်နေခဲ့ကြသည်။ သူတို့ နှစ်ယောက်စလုံးသည် ကျင့်ကြံခြင်း အဆင့်များကို လျှင်မြန်သော အဟုန်ဖြင့် ဖြတ်ကျော်ခဲ့ကြသည့် ပါရမီရှင်များ ဖြစ်ရာ ပြိုင်ဘက်များကို အနိုင်ယူရန် အတွက် ခွန်အားသက်သက်ကိုသာ သုံးခဲ့ရသည်။ အတွေ့အကြုံချင်း ယှဥ်ပါက နှစ်ရာချီ အသက်ရှင်ခဲ့သည့် မြေခွေးအိုကြီးများအား မည်သို့မျှ တုပနိုင်လိမ့်မည် မဟုတ်ချေ။
လုံချန်နှင့် ဧကရာဇ်ဝူတို့၏ တိုက်ပွဲကို ကြည့်ပါက ထိုအချက်အား ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။ ခွန်အားချင်း သီးသန့် ဆိုပါက လုံချန်သည် ဧကရာဇ်ဝူနှင့် သိပ်မကွာလှသော်လည်း ရုပ်ပျက်ဆင်းပျက်ပင် ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံး ကြယ်တာရာ အမြုတေ အဆင့်၏ ခွန်အားကို ဆင့်ခေါ်ခဲ့သော အခါမှသာလျှင် ပြန်လည် အနိုင်ယူနိုင်ခဲ့သည်။ ထိုအရာကပင်လျှင် တိုက်ပွဲတစ်ပွဲ၌ အတွေ့အကြုံမှာ မည်မျှ အရေးပါကြောင်း သိသာစေသည်။
တိုက်ကွက် တစ်ရာခန့် ဖလှယ်ပြီးပြီ ဖြစ်သည့်တိုင် စုမေ့နှင့် နာ့ရှင်းရီတို့မှာ တစ်ယောက်ကို တစ်ယောက် အသာစီး ယူနိုင်ခြင်း မရှိသေးချေ။ သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များကား ချွေတဒီးဒီးဖြင့် ပေကျံနေခဲ့ပြီ ဖြစ်၏။
“ရပ်လိုက်တော့...”
ဝေ့ဝူယင်က အော်ဟစ်လိုက်၏။ စုမေ့မှာ ချက်ချင်းပင် နောက်ပြန်ဆုတ်လာကာ သူ၏ နံဘေးတွင် ရပ်လိုက်၏။ ခပ်လေးလေး အသက်ရှူသံများကို နားထောင်ခြင်းဖြင့် သူမ ခြေကုန်လက်ပမ်းကျနေပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သိလိုက်၏။
နာ့ရှင်းရီမှာလည်း ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်ရခြင်းကြောင့် ဒေါသ အတော်အတန် လျော့နည်းသွားသည်။ သို့သော်လည်း သူမ၏ မျက်လုံးများကမူ ဝေ့ဝူယင်ကို မမှိတ်မသုန် စိုက်ကြည့်နေဆဲ ဖြစ်၏။
“တိုက်ခိုက်သွားတာ မဆိုးဘူး... ဒါပေမဲ့ အတွေ့အကြုံ နည်းနည်းလောက် လိုသေးတယ်... နင့်မှာ လုံလောက်တဲ့ အတွေ့အကြုံသာ ရှိရင် အဲဒီ မိန်းမကို တစ်ကွက်အတွင်းမှာပင် သတ်နိုင်မှာ”
လုံချန်က နာ့ရှင်းရီ နံဘေးသို့ လျှောက်လာကာ နှစ်သိမ့်စကား ဆိုလိုက်၏။ သူ့အတွက် နာ့ရှင်းရီမှာ တစ်ချိန်တွင် အကန့်အသတ်ပေါင်း များစွာကို ကျော်ဖြတ်နိုင်မည့် ပါရမီရှင် ဖြစ်သည်။ ညံ့ဖျင်းသော စုမေ့မှာမူ မကြာခင်တွင် တိုးတက်ခြင်း ရပ်တန့်သွားကာ ချနင်းခံရမည့် လူစားမျိုး ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။
အံ့အားသင့်ဖွယ်ပင် လုံချန်၏ စကားက နာ့ရှင်းရီ၏ နှလုံးသားကို လွှမ်းခြုံထားသည့် ဒေါသစိတ်အား ငြိမ်သက် သွားစေသလိုပင်။ သူမ၏ မျက်လုံးများမှာ လုံချန်အား ကြည့်ရင်း ပိုမို တည်ငြိမ်ကာ နူးညံ့သွား၏။ ထိုအကြည့်များမှ တစ်ဆင့် သူမ၏ ခံစားချက်များကို မြင်တွေ့နိုင်ပေသည်။
ဝေ့ဝူယင် သူတို့ နှစ်ယောက်ကို လျစ်လျူလိုက်၏။ ထို့နောက် စုမေ့ကို ကြည့်ရင်း သူ မျက်မှောင်ကြုတ် လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းအောင် သန့်စင်လှသော ယင်ချီနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ခြင်းကြောင့် ထင်သည်။ သူမ၏ ဝိညာဥ်မှာ အနည်းငယ် အရောင် မှေးမှိန်နေ၏။ အကယ်၍ သူမသာ ဆက်လက် တိုက်ခိုက်နေပါက ကျင့်ကြံခြင်း အခြေခံပင်လျှင် ထိခိုက်ကာ တိုးတက်မှု နှောင့်နှေး သွားလိမ့်မည် ဖြစ်သည်။ အနီးကပ်ဆုံး အဆင့်ဖြစ်သည့် အဆင့်ရှစ်ကို တက်လှမ်းရန် အတွက်ပင် ဝိညာဥ်နှင့် ချီနှလုံးသားတို့ကို ပေါင်းစည်းရန် လိုအပ်ပေလိမ့်မည်။
“ရော့...”
ဝေ့ဝူယင်က စိမ်းပြာရောင် ဆေးရည်များ ပါဝင်နေသည့် ကြည်လင်သော ပုလင်းတစ်ခုကို သူမအား ထုတ်ပေးလိုက်သည်။
“သောက်လိုက်...”
စုမေ့သည် ပုလင်းအား အနည်းငယ်ပင် မစစ်ဆေးသလို ဝေ့ဝူယင်ကိုလည်း မေးမြန်းခြင်း မပြုချေ။ ပုလင်း အဖုံးကို ဖွင့်ကာ စိမ်းပြာရောင် ဆေးရည်အကုန်လုံးကို မော့ချလိုက်၏။ ထို့နောက် မြေပြင်တွင် တင်ပျဥ်ချိတ် ထိုင်ကာ ဆေးရည်များကို စုပ်ယူရန် အာရုံစိုက်လိုက်တော့သည်။
“ဝိညာဥ် ကုသခြင်းဆေးရည်...”
လုံချန်၏ အချွေအရံ မိန်းမပျို တစ်ယောက်ဖြစ်သည့် လျဲ့ယုက သတိလက်လွတ် ရေရွတ်လိုက်၏။ သို့သော်လည်း သူတို့ နှစ်ဖွဲ့၏ အပြုအမူတိုင်းကို ပြဇာတ် တစ်ခုသဖွယ် သဘောထား စောင့်ကြည့်နေသည့် လူအုပ်ကြီးမှာ ထိုစကားလုံးများကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
လုံချန်၊ ဝူပိုင်ကျိုး၊ လင်းကျိရန်နှင့် မင်ရှုဖုန်းတို့မှာလည်း အနည်းငယ် မျက်လုံးများ ကျဥ်းမြောင်းသွားကြသည်။ ဝိညာဥ် ကုသခြင်း ဆေးရည်... ထိုအရာက ဖြစ်နိုင်ပါ၏လော။
လျဲ့ယုသည် နာ့ရှင်းရီ တစ်ယောက် သိချင်စိတ် အပြည့်ဖြင့် သူအား ကြည့်နေသည်ကို တွေ့မြင်လိုက်ရ၏။ ကြည့်ရသည်က သူမမှာ ဝိညာဥ် ကုသခြင်း ဆေးရည် အကြောင်း မသိသည့် တစ်ဦးတည်းသော လူ ဖြစ်ပုံရသည်။
“ဝိညာဥ် ကုသခြင်း ဆေးရည် ဆိုတာက အဆင့်ခြောက် ထိပ်ဆုံး အဆင့် မှော်ဆေး တစ်မျိုးပဲ... သူက ဝိညာဥ်ကို အားဖြည့်ပေးနိုင်သလို၊ ပြန်လည် ကုသပေးနိုင်စွမ်းလည်း ရှိတယ်... ဝိညာဥ် ကုသခြင်း ဆေးရည်နဲ့ဆို အထွတ်အထိပ် သေမျိုး နတ်ဘုရား တစ်ယောက်က ဝိညာဥ် ဆက်သွယ်ခြင်း အဆင့်ကို ရောက်ရှိဖို့ ငါးဆယ် ရာခိုင်နှုန်း ပိုပြီး သေချာသွားလိမ့်မယ်”
ရင်ပြင်၌ စုဝေးနေသည့် များစွာသော လူများမှာ ဝိညာဥ် ကုသခြင်း ဆေးရည် အကြောင်း သိရှိထားကြသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလများသည် ဧဒင်ကမ္ဘာဂိုဏ်းမှာ ထိုဆေးရည်များကို မြင့်မားသော စျေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ဖူးသည်။ ဧဒင်ကမ္ဘာဂိုဏ်း ပြိုကွဲပြီး နောက်တွင်မူ ဝိညာဥ် ကုသခြင်း ဆေးရည်ကို ရရှိရန်မှာ ကန္တရ ဒေသတွင် ရေရှာရသကဲ့သို့ ရှားပါးလာခဲ့သည်။
သို့သော်လည်း ငွေရောင်မျက်လုံးများနှင့် လူငယ်ကမူ အတွက်ပင် ဝိညာဥ် ကုသခြင်း ဆေးရည် တစ်ပုလင်းကို ပေါ့ပေါ့တန်တန်ပင် ပေးပစ်ခဲ့သည်။ ဖြုန်းတီးလိုက်လေခြင်း... တန်ဖိုး မသိသူ၏ လက်၌ ရှိသည့် ပတ္တမြားမှာ နွားတစ်ကောင်လောက်ပင် အသုံးမဝင် ဆိုသော စကားကား အလွန်ပင် မှန်ကန်လှပေသည်။
လုံချန်သည် ဝေ့ဝူယင်ကို ကြည့်ကာ မျက်မှောင်ကြုတ် နေခဲ့၏။ ကောလဟာလများက မှန်နေသည်လား။ ထိုကောင်စုတ်မှာ လျှို့ဝှက် ရတနာသိုက် တစ်ခုကို အမှန်တကယ်ပင် ရှာတွေ့ခဲ့သည်လား။ တော်ဝင်ဝူ မြို့တော်တစ်ခုလုံးအား ပြာပုံဘဝ ပို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် မင်္ဂလာပွဲ နေ့မှ စတင်ကာ ဝေ့ဝူယင်၏ နောက်ခံသမိုင်းကြောင်း ကောလဟာလများစွာကို သူ ကြားခဲ့ရသည်။
သူသာလျှင် မကချေ။ အနန္တ ကုန်းမြေ တိုက်ကြီး တစ်ခုလုံးရှိ များစွာသော အဆင့်မြင့် ကျင့်ကြံသူများစွာမှာလည်း စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။ ဝေ့ဝူယင်သည် အသက် သုံးဆယ့် ခုနစ်နှစ်သာ ရှိသေးသည့် နတ်ဘုရား အရှင် တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူသည် ယခု၌ ပျက်စီးသွားပြီ ဖြစ်သည့် ဧဒင်ကမ္ဘာဂိုဏ်း၏ အဆင့်ခြောက် အဂ္ဂိရတ် သခင်တစ်ယောက် ဖြစ်သည် ဆိုသော အသံသဲ့သဲ့ကိုလည်း ကြားရသည်။
ဤအရာများသာ မက သူ့တွင် ကျင့်ကြံခြင်း ရတနာ တစ်ခု ရှိကြောင်း၊ လျှို့ဝှက် ရတနာသိုက် တစ်ခုကို ရှာဖွေ တွေ့ရှိခဲကြောင်း ကောလဟာလများမှာလည်း ဖောဖောသီသီပင် ထွက်ပေါ်နေသည်။ သူ၏ အသက်၊ ကျင့်ကြံခြင်း အဆင့်နှင့် ပိုင်ဆိုင်ထားသည့် ဆေးလုံးများကို ထောက်ချင့်ပါက ထိုကောလဟာလများမှာ ဖြစ်နိုင်ချေ များစွာ ရှိသည်။
လုံချန်မှာ မသိစိတ်ဖြင့် လက်ရှိ အနက်ရောင် လက်စွပ်လေးကို ပွတ်သပ်လိုက်မိ၏။
“ကြည့်ရတာ ဒဏ္ဍာရီလာ အမွေအနှစ် ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာ ငါတစ်ယောက်တည်း မဟုတ်ဘူး ထင်တယ်...”
“အာ...”
လုံချန်က အနည်းငယ် အံ့သြသွားဟန် ရကာ လက်စွပ်ကို ငုံ့ကြည့်လိုက်သည်။
“သူ တကယ်ရထားတာလား...”
သူက ကိုယ့်ကိုယ်ကို စကားပြော သကဲ့သို့ တိတ်တဆိတ်ပင် မေးလိုက်သည်။ ထို့နောက် မကြာခင်မှာပင် သူက အဖြေတစ်ခု ရရှိသွားဟန်ဖြင့် ဝေ့ဝူယင်ကို ပြန်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ယခင်ကထက် ပိုမိုသော သတိထားခြင်းများက ကပ်ပါလာ၏။
“ဆန်းကြယ် ဧကရာဇ်... ဟမ့်”
တစ်ချိန်တည်း၌ မင်ရှုဖုန်းမှာ ဝေ့ဝူယင်ကို တည်ငြိမ်စွာပင် စိုက်ကြည့်နေသည်။ ထိုလူငယ်သည်လည်း လုံချန် ကဲ့သို့ ကောင်းကင်သားတော် တစ်ယောက် ဖြစ်ဖို့များသည်။ သူတို့ နှစ်ယောက်စလုံး၏ တိုးတက်မှုများမှာ မြန်ဆန်လှသလို သူတို့၏ နောက်ခံမျာမှာလည်း တူညီကြသည်။
လုံချန်သည် နိမ့်ပါးသော မျိုးနွယ် တစ်ခုမှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်စဥ်အခါက သူ၏ ပါရမီမှာ အမှိုက်ကောင်ဟု သတ်မှတ်ခံရသည် အထိ ဆိုးရွားခဲ့သည်။ သူသည် သာမန်လူတစ်ယောက် တစ်နှစ်တည်းနှင့် သန့်စင်နိုင်သည့် အမတေ ကျောက်တုံး တစ်တုံးကိုပင် ဆယ်နှစ် အချိန်ယူကာ သန့်စင်ခဲ့ရသည်။ အကျိုးဆက် အနေဖြင့် သူ၏ မျိုးနွယ်သည် သူ့ကို စွန့်ပစ်ခဲ့ကာ နိမ့်ကျသော အလုပ်သမား တပည့် တစ်ဦး အနေဖြင့် ဂိုဏ်းတစ်ခုထဲကို ဝင်ရောက်ခဲ့ရသည်။
သို့သော်လည်း ဂိုဏ်းအတွင်း ဝင်ရောက်ပြီး မကြာခင်မှာပင် သူသည် အရှိန်အဟုန်နှင့် တိုးတက်လာကာ ကျင့်ကြံခြင်း အဆင့် များစွာကို တစ်ခုပြီး တစ်ခု ချိုးဖျက်နိုင်ခဲ့သည်။ သူသည် သူ့လမ်းကို ဝင်ရှုပ်သည့် မည်သူကို မဆို သတ်ဖြတ်ခဲ့ကာ မိန်းမလှပေါင်း မြောက်များစွာ၏ ချစ်ခြင်းမေတ္တာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ လုံချန်ကို ကျင့်ကြံခြင်း လမ်းစဥ်၏ ထိပ်ဆုံးကို တက်လှမ်းရန် သီးသန့် မွေးဖွာလာသည့် လူတစ်ယောက် ဟုပင် ရည်ညွှန်း၍ ရသည်။
***