← Chapters

အခန်း (၇၁၁)

Vol. 51 Ch. 711

အခန်း (၇၁၁)

Vol. 51 Ch. 711

မိစ္ဆာချီသည် မိုင်‌ထောင်ချီပတ်ဝန်းကျင်ကို ချုပ်နှောင်ထားသော်လည်း နတ်အာရုံများကို မတားဆီးခဲ့ပေ။

ချက်ချင်းဆိုသလိုပင် လူတိုင်းက မိစ္ဆာချီများ၏ကြားတွင် ရှိနေသော မိုင်တစ်ရာနယ်မြေကို အာရုံခံမိကြသည်။ ထိုနယ်မြေသည် မိစ္ဆာချီများဖြင့် ကင်းစင်နေသည်။

မိုင်တစ်ရာနယ်မြေသည် မိစ္ဆာချီမရှိသော တခြားကမ္ဘာတစ်ခုနှင့် တူသည်။

ထိုနယ်မြေတွင် ရှိနေသော လူများက ပိတ်လှောင်ခံလိုက်ရသော ပြင်ပလောကကို သတိမထားမိကြပေ။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ သင်္ဘောပျံ။ အဲဒါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဟွမ်ကျစ်ဟူပဲ”

လူတစ်ယောက်က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သင်္ကေတကို မှတ်မိသွားပြီး တီးတိုးပြောလိုက်သည်။

“အဲဒီဓားနည်းစနစ်က တကယ်ကောင်းတာပဲ။ ကံကြမ္မာစွမ်းအားနဲ့ ဝိညာဉ်စွမ်းအားကို ပေါင်းစပ်ထားနိုင်တယ်”

ဓားကျင့်ကြံသူတစ်ယောက်က လေးစားနေသော အကြည့်များဖြင့် ပြောလိုက်သည်။

“အဲဒါက ဘယ်သူလဲ။ ဝိညာဉ်ဖွဲ့စည်းခြင်း ဆဌမအဆင့်ကို ရောက်နေတာတောင် ဟွမ်ကျစ်ဟူရဲ့ ဓားတစ်ချက်ကို မခုခံနိုင်ဘူးလား”

လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး မလှုပ်ရှားနိုင်သော တုယွီမင်ကို ကြည့်သည်။

“ခုခံရမှာလား”

လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။

“သူခုခံနိုင်ရင် သူတော်စင်တစ်ဝက်အဆင့် ဓားကျင့်ကြံသူတွေက သိက္ခာကျသွားမှာပေါ့”

“အဲဒီအမျိုးသမီးရဲ့ ဓားချက်က မရိုးရှင်းဘူး”

လူတစ်ယောက်က မှတ်ချက်ချသည်။

“ဒါနဲ့ မိစ္ဆာကျင့်ကြံသူက ဘာဖြစ်လို့ မိုင်တစ်သောင်းပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်တာလဲ”

ဟွမ်ကျစ်ဟူက တုယွီမင်ဆီသို့ ဦးတည်ထားသော ဓားချက်ကို ဆွဲယူပြီး တစ်ဖက်သို့လှည့်၍ ခုတ်ချသည်။

ထိုဓားချက်သည် လျင်မြန်ပြီး သာမန်ဆန်သည်။

ဓားသွားသည် အလင်းတစ်ခုကို ဖန်တီးပြီး ခုတ်ချလာသောဓားချက်ကို တားဆီးလိုက်သည်။

သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူက လေးနက်သောမျက်နှာထားဖြင့် ဟွမ်ကျစ်ဟူနှင့် ပေတစ်ရာအကွာတွင် ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် မလှုပ်ရှားနိုင်ခဲ့သော တုယွီမင်က ရူးသွပ်သွားသည်။ သူက လက်ထဲတွင်ရှိသော ချိပ်တံဆိပ်ကို ဟွမ်ကျစ်ဟူဆီသို့ ပစ်လွှတ်လိုက်သည်။

သူက ဟွမ်ကျစ်ဟူ၏ဓားချက်ကြောင့် ဖိနှိပ်ခံရပြီး မလှုပ်ရှားနိုင်ခဲ့ပေ။

ဟွမ်ကျစ်ဟူက တစ်ဖက်သို့လှည့်ပြီး တိုက်ခိုက်လိုက်သောအခါတွင် ကံကြမ္မာစွမ်းအားက လျော့နည်းသွားသည်။ ထိုမှသာ တုယွီမင်က ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။

သူ၏ တိုက်ခိုက်မှုသည် ဟွမ်ကျစ်ဟူ၏ ဓားချက်ကြောင့် ကံကြမ္မာစွမ်းအားတချို့ကို သယ်ဆောင်ထားပုံရသည်။

“သူမက ကောင်းကင်အဆင့်ကို မကျော်လွန်ခင်မှာ ကံကြမ္မာစွမ်းအားကို နားလည်ထားတာပဲ။ မဆိုးဘူး”

လူတစ်ယောက်က ချီးကျူးသည်။

“တော်တယ်။ ‌တော်တယ်။ ဒီကလေးကို သေချာလမ်းညွှန်ပေးရင် အနာဂတ်မှာ မဟာကျင့်ကြံသူကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်”

လူတစ်ယောက်၏ မျက်လုံးများက တောက်ပသွားသည်။

ချိပ်တံဆိပ်က ချီစွမ်းအင်များကို သယ်ဆောင်၍ ဟွမ်ကျစ်ဟူကို ရိုက်ချလိုက်သည်။ အာကာသထဲတွင် ရပ်တန့်နေသော ဓားပုံရိပ်များအားလုံးသည် ကွဲကြေသွားကြသည်။

သို့သော် ထိုဓားပုံရိပ်များသည် ဓားအလင်းအဖြစ် ပြောင်းလဲလိုက်ပြီး ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်း၍ ချိပ်တံဆိပ်ကို ဖျက်ဆီးပစ်လိုက်သည်။

ကံကြမ္မာစွမ်းအား ....

ဟွမ်ကျစ်ဟူက တိုက်ပွဲတစ်လျှောက်တွင် ကံကြမ္မာစွမ်းအားကို အသုံးပြုခဲ့သည်။ သူမ၏ ဓားချက်ထဲတွင်ရှိနေသော စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်နေပြီး လျော့ကျသွားမည်မဟုတ်ပေ။

အကယ်၍ တုယွီမင်က မလှုပ်ရှားခဲ့လျှင် ဓားပုံရိပ်များအားလုံးသည် ပျောက်ကွယ်သွားပြီး ကံကြမ္မာစွမ်းအားကလည်း ပြေလျော့သွားလိမ့်မည်။

သို့သော် တုယွီမင်က လှုပ်ရှားခဲ့သည်။

ဓားချက်ထဲတွင် စုစည်းထားသော စွမ်းအားများအားလုံးသည် နိုးထလာပြီး မှော်ရတနာကို တစ်ခါတည်း ဖျက်ဆီးပစ်ခဲ့သည်။

အသက်မှော်ရတနာက ပျက်စီးသွားသောကြောင့် တုယွီမင်၏မျက်နှာက ဖြူဖျော့သွားသည်။ သူက သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး ဝိညာဉ်က တုန်ခါသွားသည်။ သူ၏ မူလဝိညာဉ်သည် အက်ကွဲရာများဖြင့် ပြည့်နှက်လာသည်။

ထိုဓားချက်သည် သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်သွားစေသည်။

ထိုဓားချက်ကြောင့် မိုင်ထောင်ချီပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားခဲ့သည်။

‘အကဲဖြတ်လို့မရဘဲ အရမ်းကောင်းမွန်နေတဲ့ ဓားနည်းစနစ်ကို ဘယ်လိုပြောရမလဲ’

“ငါ့ဓားချက်က ဘယ်လိုလဲ”

ဟွမ်ကျစ်ဟူက တည်ငြိမ်နေသည်။ သူမက ဓားကိုင်ထားပြီး ပြောလိုက်သည်။

‘ဒါက အနာကို ဆားပက်နေတာမဟုတ်လား’

မရေမတွက်နိုင်သော ကျင့်ကြံသူများက တွေးကြည့်နေကြသည်။ သူတို့အားလုံးက ဖြူဖျော့သွားကြသည်။

သူတော်စင်တစ်ပါး မဟုတ်ခဲ့လျှင် ထိုဓားချက်ကို တားဆီးနိုင်မည်မဟုတ်ပေ။

“ကောင်းတယ်။ ကောင်းတယ်။ ဒါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဟွမ်ကျစ်ဟူ ဖြစ်သင့်တယ်”

ပျော်ရွှင်နေသောအသံတစ်သံကို ကြားနိုင်သည်။

ဟွမ်ခြောက်နှင့် လုချန်းဖျင်သည် ဟွမ်ကျစ်ဟူ၏ရှေ့တွင် စုံတွဲလိုက် ပေါ်လာကြသည်။ လုချန်းဖျင်က ရှေ့တက်သွားပြီး ဟွမ်ကျစ်ဟူကို စစ်ဆေးကြည့်ချင်မိသည်။ သို့သော် သူမက ရပ်တန့်လိုက်သည်။

ဟွမ်ခြောက်က မိစ္ဆာသူတော်စင်တစ်ပါး၏ အေးစက်ပြီး တင်းမာသော မျက်နှာထားကို ဆုံးရှုံးသွားသည်။ သူက ပြုံးနေပြီး မျက်လုံးထဲတွင် နူးညံ့မှုများဖြင့် ပြည့်နေသည်။ သူက လက်သီးဆုပ်လိုက် လက်ဝါးဖြန့်လိုက် ဖြစ်နေသည်။

သူ့ပုံစံသည် ယခင်က အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်ကို စောင့်ကြပ်ခဲ့သော ဟွမ်ခြောက်၏ပုံစံနှင့် တူနေသည်။

ကောင်းရှောင်ရွှမ်က တိတ်ဆိတ်စွာ ဆင်းသက်လာသည်။

သိပ်မဝေးသောနေရာတွင် ယွင်သွမ့်က ဟွမ်ခြောက်ကို လှမ်းကြည့်နေသည်။

ဟွမ်ကျစ်ဟူက ခေါင်းမော့လိုက်ပြီး ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

“ကျစ်ဟူ၊ မြန်မြန်။ ဒါက သမီးရဲ့အဖေပဲ”

လုချန်းဖျင်က ဟွမ်ကျစ်ဟူ၏ အင်္ကျီလက်ကို ဆွဲသည်။

ယခုအချိန်တွင် သမီးနှင့်အဖေက ဆုံတွေ့နေပြီး တစ်ဦးနှင့်တစ်ဦး မမှတ်မိသောကြောင့် သူမက စိတ်မသက်မသာ ဖြစ်နေရသည်။

သူမ၏သမီးသည် ဆုံးဖြတ်ချက်ပြတ်သားသည်။ သူမက ဟွမ်ခြောက်အပေါ်တွင် အငြိုးမထားသော်လည်း ယခုအချိန်တွင် အဆင်ပြေနေလိမ့်မည်ဟု သေချာမပြောနိုင်ပေ။

“အဖေ၊ သမီးက စိတ်မပျက်စေခဲ့ဘူးမဟုတ်လား”

ဟွမ်ကျစ်ဟူက ဓားကို သိမ်းလိုက်ပြီး ဟွမ်ခြောက်ကို ကြည့်သည်။

ဟွမ်ခြောက်၏နှလုံးသားက တုန်ခါသွားသည်။

သူမသည် သူ၏သမီး ဖြစ်သည်။

သူမ၏ နှလုံးသားထဲတွင် သူက သူရဲကောင်းတစ်ယောက် ဖြစ်သည်။

ဟွမ်ကျစ်ဟူက ကလေးဘဝတွင် ကျင့်ကြံဆင့်မြင့်လာသောအချိန်၌ ပြင်ပဘုံသို့ ထွက်ခွာပြီး သူ့ကို ရှာဖွေမည်ဟု ပြောလေ့ရှိသည်။ လုချန်းဖျင်က ထိုအကြောင်းကို ပြောပြခဲ့သည်။

သူက အသက်ရှင်နေပြီး ပြန်လာမည်ဟု သိလိုက်ရသောအခါတွင် သူမက သူနှင့် ဟန်မူယဲ့ကို အရှက်မရစေရန် အလွန်ကြိုးစားနေခဲ့သည်။

သူမက ဖိအားများကို သယ်ဆောင်ထားရသည်။ သို့သော် သူက ဆည်ပြင်ပတွင် ရှိနေပြီး မှော်ရတနာ၊ ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများကို ပေးအပ်ရုံမှလွဲ၍ မည်သည့်အရာမှ လုပ်မပေးနိုင်ပေ။

“သမီးက တော်ပါတယ်”

ဟွမ်ခြောက်က ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

“အားလုံးပဲ မိတ်ဆက်ပေးပါရစေ။ ဒါက ငါ့သမီး ဟွမ်ကျစ်ဟူပါ”

“သူမကို ဂရုစိုက်ပေးကြပါအုံး”

“ငါ ဟွမ်ခြောက်နဲ့ စကားပြောဖို့ လွယ်ပါတယ်”

သူက မည်သူ့ကို ပြောနေသနည်း။

သို့သော် ပိတ်လှောင်ထားသော မိုင်တစ်သောင်းအတွင်း၌ ရှိနေကြသော ကျင့်ကြံသူများ၊ အဝေးတစ်နေရာတွင် ရှိနေသော ကျွမ်းကျင်သူများနှင့် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေကြသော တာအိုဘိုးဘေးများက အနားကပ်၍ ပြောလိုက်သည်ဟု ခံစားရသည်။

“တည်နေရာစွမ်းအားပဲ”

လူတစ်ယောက်က ထိတ်လန့်စွာအော်ဟစ်သည်။

တည်နေရာစွမ်းအားကို ထိန်းချုပ်ထားသောလူသည် အကွာအဝေးကို လျစ်လျူရှုနိုင်လိမ့်မည်။

ထိုစွမ်းအားသည် သူတော်စင်အဆင့်ကို ကျော်လွန်နေသည်။

“နောက်ထပ် ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ”

အာကာသထဲတွင် နတ်အာရုံတစ်ခုက တီးတိုးပြောသည်။

ကျင့်ကြံသူများနှင့် သာမန်လူများကြားတွင် ကွာခြားမှု သိပ်မရှိပေ။ ဟွမ်ခြောက်က အလွန်အားကောင်းသည်။ သူ့စကားကို မတုံ့ပြန်လျှင် မျက်နှာသာမပေးသလို ဖြစ်သွားလိမ့်မည်။

တည်နေရာစွမ်းအားကို ထိန်းချုပ်ထားသော ကျွမ်းကျင်သူတစ်ယောက်ကို လေးစားသင့်သည်။

ဟွမ်ခြောက်က တာအိုပြိုင်ပွဲတွင် ကျဆုံးမသွားခဲ့လျှင် ဟွမ်ကျစ်ဟူကို မည်သူမှ ထိရဲတော့မည်မဟုတ်ပေ။

“ဟားဟား၊ ငါ့ရဲ့ အဖိုးတန်သမီးလေးကို ဘယ်သူက အကွက်ချရဲတာလဲ ကြည့်ရအောင်”

ဟွမ်ခြောက်၏အပြုံးက ပျောက်ကွယ်သွားသည်။ သူ့မျက်နှာထားက အေးစက်လာသည်။

“ဘုန်း”

မိုင်ထောင်ချီပတ်ဝန်းကျင်တွင် ရှိနေသော မိစ္ဆာချီများသည် လှုပ်ရှားလိုက်ကြပြီး မိစ္ဆာနဂါးတစ်ကောင်အဖြစ် စုစည်းသွားသည်။

မိစ္ဆာနဂါး၏ ဟိန်းဟောက်သံသည် အာကာသကို တုန်ခါသွားစေသည်။ တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသော တုယွီမင်နှင့် တခြားလူများက သွေးအန်ထုတ်လိုက်ရသည်။ သူတို့က အားနည်းသွားပြီး တစ်ကိုယ်လုံး ခွေကျသွားသည်။

ဟန်မူယဲ့ကို ဓားဖြင့်ခုတ်ခဲ့သော သူတော်စင်တစ်ဝက်အဆင့် ဓားကျင့်ကြံသူသည် တစ်ကိုယ်လုံး တုန်ခါနေသည်။ သူက ဓားကို ကိုင်မထားနိုင်တော့ဘဲ လွှတ်ချလိုက်ရသည်။

ဓားကျင့်ကြံသူနှင့် ပခုံးချင်းယှဉ်၍ ရပ်နေသော တာအိုတန်ခိုးရှင်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ သူက ထွက်ပြေးသည်။

သို့သော် သူလှုပ်ရှားလိုက်သောအချိန်တွင် တစ်ကိုယ်လုံး တုန်ခါသွားပြီး သွေးမြူအဖြစ် ပြောင်းလဲသွားခဲ့သည်။

ချီစွမ်းအင်အလင်းသည် အာကာသထဲတွင် ပေါ်ထွက်လာသည်။

သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူသည် ထိုသို့ပင် ကျဆုံးသွားရသည်။

သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူများသည် လောကတွင် မည်မျှ ရှိနိုင်သနည်း။

အာကာသသည် တိတ်ဆိတ်သွားခဲ့သည်။

ဟွမ်ခြောက်၏ ရက်စက်သောအပြုအမူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

သူ၏ အပြုံးနှင့် သမီးဖြစ်သူကို ဂရုစိုက်ပေးရန်အတွက် ဖော်ရွေသောတောင်းဆိုမှုသည် မိစ္ဆာကျင့်ကြံသူဟူသော အထောက်အထားကို မဖုံးကွယ်နိုင်ပေ။

မိစ္ဆာသည် မိစ္ဆာပင်ဖြစ်သည်။

ထိုလူများထဲတွင် မထိတ်လန့်ဘဲ ပျော်ရွှင်သွားသောလူသည် လုချန်းဖျင်တစ်ယောက်သာ ရှိသည်။

ဟွမ်ခြောက်က သမီးဖြစ်သူကို ကာကွယ်ပေးနေသောကြောင့် သူမက စိတ်သက်သာသွားသည်။

ဟွမ်ခြောက် သူတော်စင်တစ်ဝက်အဆင့် တာအိုတန်ခိုးရှင်ကို သတ်ဖြတ်လိုက်ပြီး ဓားကျင့်ကြံသူနှင့် တုယွီမင်ကို ကြည့်သည်။

“မင်းတို့ကို ခိုင်းလိုက်တာ ဘယ်သူလဲ”

“မပြောချင်ရင်လည်း ရတယ်”

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သင်္ဘောပျံကို တိုက်ခိုက်ရန်အတွက် မည်သူက ညွှန်ကြားခဲ့သနည်း။

ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများက သိချင်နေကြသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာလား ဒါမှမဟုတ် နောက်ကွယ်မှာရှိနေတဲ့ အင်အားစုလား’

သူတို့က တွေးမိကြသည်။

ဖြူဖျော့နေသော တုယွီမင်က ကြောက်ရွံ့နေသော မျက်လုံးများနှင့် ဓားကျင့်ကြံသူကို ကြည့်သည်။

ဓားကျင့်ကြံသူက သူ့ကို စိုက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ထားသည်။

ထိုအချိန်တွင် တုယွီမင်က ရုတ်တရက် အော်ပြောသည်။

“အဲဒါက ....”

သူစကားပြေလိုက်သောအချိန်တွင် မျက်လုံးမှိတ်ထားသော ဓားကျင့်ကြံသူက ဓားဖြင့် ထိုးချသည်။

ဓားသည် လေဟာနယ်ကို ထိုးခွဲသွားပြီး တုယွီမင်၏ဦးခေါင်းကို ချက်ချင်းဖြတ်လိုက်သည်။

ထို့အပြင် တုန်ခါမှုတစ်ခု ထွက်လာပြီး ဝိညာဉ်စွမ်းအားကို ထုတ်ဖော်သည်။

တုယွီမင်၏ဝိညာဉ်က ပျက်စီးသွားခဲ့သည်။

ဓားကျင့်ကြံသူက တည်ငြိမ်နေသောမျက်နှာထားဖြင့် ဟွမ်ခြောက်ကို လှည့်ကြည့်သည်။

“ကောင်းပြီ။ မင်းက အခု လှုပ်ရှားလို့ရပြီ။ မိစ္ဆာလမ်းစဉ်ရဲ့ မဟာသူတော်စင်တစ်ယောက်က ဘယ်လိုစွမ်းရည်တွေရှိနေလဲ ကြည့်ရတာပေါ့”

သူက လက်မြှောက်လိုက်ပြီး ဟွမ်ခြောက်ကို ဓားဖြင့်ညွှန်ပြသည်။

“ငါ့ကိုသတ်ပြီးရင် ငါ့ဝိညာဉ်ကို အကျဉ်းချပြီး အညံ့ခံမလား စမ်းကြည့်လိုက်လေ”

ဓားကျင့်ကြံသူသည် ဓားကျင့်ကြံသူတစ်ယောက်၏ မာနကို ပိုင်ဆိုင်ထားသည်။

သူ့စကားသည် အလွန်မောက်မာသည်။

ထိုရန်စမှုမျိုးသည် သေလမ်းရှာနေခြင်းပင် ဖြစ်သည်။

ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများက ခေါင်းခါလိုက်ကြသည်။

ဟွမ်ခြောက်၏အပေါ်တွင် မူတည်နေသည်။

သို့သော် မိစ္ဆာသူတော်စင်၏ရှေ့တွင် ရုန်းကန်မှုများအားလုံးသည် အသုံးမဝင်ပေ။

All Chapters