အခန်း (၇၁၃)
Vol. 51 Ch. 713
အင်မော်တယ်ဝင်္ကပါ ဖြစ်သည်။
အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသော ဝင်္ကပါတစ်ခု ဖြစ်သည်။
ဟန်မူယဲ့က အင်မော်တယ်ချီစွမ်းအင်ကို ထုတ်လွှတ်၍ ကျောက်နံရံ၏ရှေ့တွင် ရပ်နေသည်။
တာအိုဆရာတယန်က သူ့ဘေးသို့ရောက်လာပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်နေသည်။
ဟန်မူယဲ့က ဝင်္ကပါကို တွက်ချက်ကြည့်နေပြီး အနှောင့်အယှက်မခံနိုင်ပေ။
လွန်ခဲ့သောနှစ်များတွင် ဟန်မူယဲ့၏ ပါရမီနှင့် နားလည်နိုင်စွမ်းကို တာအိုဆရာတယန်က လက်ခံသွားခဲ့သည်။
ဟန်မူယဲ့၏နောက်သို့ လိုက်ပါခဲ့သော နေ့ရက်များသည် လွတ်လပ်ပြီး ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ခံစားမိသည်။
အထူးသဖြင့် ရတနာရှာဖွေခြင်းသည် သူ့ကို မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများအား ပေးစွမ်းနေသည်။
အင်မော်တယ်အင်းကွက် ....
ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေကြသည်။
သူက အင်မော်တယ်အင်းကွက်များကို မြင်ဖူးသည်။
နတ်ဘုရားဧကရာဇ်ဓားကို သန့်စင်နေသောအချိန်တွင် သူက အင်မော်တယ်အင်းကွက် အများအပြားကို မြင်ခဲ့ရသည်။
သူ့ရှေ့တွင်ရှိနေသော အင်မော်တယ်ဝင်္ကပါသည် အင်မော်တယ်အင်းကွက်များအပေါ်တွင် အခြေခံထားသည်။
‘လွယ်သွားတာပေါ့’
သူက တွေးမိသည်။
သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး ဖြည်းဖြည်းချင်း တွက်ချက်ကြည့်နေသည်။
သူက နားလည်နိုင်စွမ်းကောင်းသောကြောင့် အင်မော်တယ်အင်းကွက်များကို တစ်ကြိမ်မြင်ရုံဖြင့် တွက်ချက်ကြည့်နိုင်သည်။
သူက မျက်လုံးမှိတ်ထားပြီး တင်ပျဉ်ခွေထိုင်နေသည်။ သူက မကြာခဏဆိုသလိုပင် လက်မြှောက်၍ ကျောက်နံရံပေါ်တွင် ညင်သာစွာ ရေးဆွဲနေသည်။
အပြာဖျော့ရောင် အင်မော်တယ်အင်းကွက်တစ်ခု ပေါ်ထွက်လာသည်။
အစပိုင်းတွင် ကလေးတစ်ယောက် ရေးဆွဲထားသော မျဉ်းကြောင်းများနှင့် တူနေသည်။ သို့သော် အင်မော်တယ်အလင်းရောင်သည် ထိုအင်းကွက်များပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။
အစပိုင်းတွင် အင်မော်တယ်အင်းကွက်များက ကျောက်နံရံပေါ်တွင် ပျောက်ကွယ်သွားကြသည်။
ထို့နောက် အင်မော်တယ်အင်းကွက်များက ပျောက်ကွယ်သွားရန်အတွက် အချိန်ပိုကြာလာသည်။ ထို့အပြင် ကျောက်နံရံ၏ စွမ်းအားတစ်မျိုးနှင့် ဆက်သွယ်နေပြီး ဆက်တိုက်လှုပ်ရှားနေကြသည်။
ခုနစ်ရက်အကြာတွင် အင်မော်တယ်အင်းကွက်များက ဟန်မူယဲ့ကို လွှမ်းခြုံထားကြသည်။
ဟန်မူယဲ့က တည်ငြိမ်စွာမျက်လုံးဖွင့်လိုက်ပြီး ဖြည်းဖြည်းချင်းထရပ်သည်။ ထို့နောက် ကျောက်နံရံပေါ်တွင် လက်ဝါးတင်သည်။
“သွားကြစို့”
ဟန်မူယဲ့က ကျောက်နံရံထဲသို့ ဝင်သွားသည်။
တာအိုဆရာတယန်က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ဟန်မူယဲ့၏နောက်မှ လျင်မြန်စွာလိုက်သွားသည်။
နတ်ဘုရားခုံရုံး၏ရတနာတိုက် ဖြစ်သည်။
သူတို့က တောက်ပနေသော ဂိတ်တံခါးကို ဖြတ်သန်းခဲ့ကြသည်။ သူတို့က အဆုံးမရှိသောကမ္ဘာများကြားတွင် ခရီးသွားနေသကဲ့သို့ အလင်းတန်းများက သွယ်ယှက်နေကြသည်။
“ဒီရတနာတိုက်က ဒီကမ္ဘာမှာ မဟုတ်ဘူးမလား”
တာအိုဆရာတယန်က စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသော မျက်လုံးများနှင့် တီးတိုးမေးသည်။
“ဒါက ဗလာနယ်မြေနဲ့ နီးကပ်တယ်။ ဒါပေမဲ့ လေဟာနယ်ထဲမှာလို့ ပြောလို့မရဘူး။ ဒီလောကနဲ့ အင်မော်တယ်လောကရဲ့ တွန့်ခေါက်လေဟာနယ်ကြားမှာ ရှိနေလိမ့်မယ်လို့ ထင်တယ်”
အင်မော်တယ်ကမ္ဘာ၏ စွမ်းအားက ဤလောကကို ဖိနှိပ်နိုင်သည်။
အင်မော်တယ်ကမ္ဘာ၏ စွမ်းအားက ရတနာတိုက်ကို တခြားလူများရှာမတွေ့အောင် ဖုံးကွယ်ထားနိုင်သည်။
လေဟာနယ်သည် တုန်ခါသွားသည်။ ဟန်မူယဲ့နှင့် တာအိုဆရာတယန်က နေရာတစ်ခုသို့ ရောက်လာကြသည်။
သူတို့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါတွင် စင်မြင့်ပေါ်တွင်ရှိသော တောက်ပနေသည့် ပစ္စည်းများကို သေသပ်စွာ မြင်ရသည်။
နတ်ဘုရားခုံရုံး၏ ပုံစံ ဖြစ်သည်။
အကယ်၍ လူတစ်ယောက်က အားသုံးပြီး ဝင်္ကပါကို ဖျက်ဆီးမည်ဆိုလျှင် ရတနာအများစုက ပျက်စီးသွားလိမ့်မည်။ တန်ဖိုးအရှိဆုံး ရတနာအချို့က အာကာသထဲတွင် ပြန့်ကျဲသွားလိမ့်မည်။
ယခင်တစ်ခေါက်က ဖွင့်လှစ်ခဲ့သော နတ်ဘုရားခုံရုံး၏ ရတနာတိုက်သည် ထိုသို့ပင် ဖြစ်သည်။ ပထမဆုံးဝင်္ကပါသည် ပျက်စီးသွားပြီး စံအိမ်အသေး၏ ဝင်္ကပါကသာ အကောင်းအတိုင်း ရှိနေခဲ့သည်။
ထိုရတနာတိုက်နှင့် ယှဉ်ကြည့်လိုက်လျှင် ဤရတနာတိုက်သည် ဝင်္ကပါဖြင့် ဖုံးကွယ်ထားပြီး မထိခိုက်ဘဲ ရှိနေသည်။
တာအိုဆရာတယန်က သစ်သားစင်တစ်ခု၏ရှေ့သို့ ပြေးသွားပြီး သွားရည်ကျနေသည်။
“ကျောက်စိမ်းရွှေ။ ဟားဟား၊ ဒီပစ္စည်းက ကျင့်ကြံခြင်းလောကထဲမှာ ပျောက်ဆုံးသွားတာ ကြာနေပြီ။ ဒီအစိတ်အပိုင်းက အနည်းဆုံး ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးသုံးထောင် တန်လိမ့်မယ်”
ထိုရှေးခေတ်ရတနာများသည် အလွန်အဖိုးတန်ပြီး ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးအောက် အဆင့်နိမ့်သော ပစ္စည်းများနှင့် မတိုင်းတာနိုင်ပေ။
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးကို အသုံးပြုလျှင်ပင် ဝယ်ယူ၍ မရနိုင်ပေ။
ကျင့်ကြံသူများသည် အဖိုးတန်ရတနာများကို တခြားရတနာများဖြင့်သာ လဲလှယ်ကြသည်။
ကျင့်ကြံသူအများစုသည် ရတနာများကို အခြေခံအုတ်မြစ်အဖြစ် ထိန်းသိမ်းထားပြီး အရေးကြီးသောအချိန်တွင် အသုံးပြုကြသည်။
တာအိုဆရာတယန်က ကျောက်စိမ်းရွှေ၏ အပြင်ဘက်တွင်ရှိနေသော ချီစွမ်းအင်အလင်းကို ထိတွေ့လိုက်သောအခါတွင် လွင့်ထွက်သွားခဲ့သည်။
ရွှေရောင်ဓားသွားတစ်ခုသည် တာအိုဆရာတယန်၏ လက်ချောင်းထိပ်ကို အက်ကွဲသွားစေသည်။
“ရတနာကိုရဖို့ မလွယ်ဘူးဆိုတာ ငါသိနေတယ်”
တာအိုဆရာတယန်က တီးတိုးရေရွတ်လိုက်ပြီး ဆေဘာဓားကို မော့ကြည့်သည်။
ရွှေရောင်ချပ်ဝတ်နှင့် နတ်ဘုရားစစ်သူကြီးသည် ရွှေရောင်ဆေဘာဓားကို ကိုင်ဆောင်ထားသည်။
သူက ရှေးဆန်သောအငွေ့အသက်များကို ထုတ်လွှတ်နေပြီး အနည်းငယ် ပုံရိပ်ယောင်ဆန်သည်။
“နတ်ဘုရားခုံရုံးရဲ့ ရွှေရောင်ချပ်ဝတ် စစ်သူကြီး။ ငါက တကယ်ပဲ သိချင်မိတယ်။ နတ်ဘုရားခုံရုံးရဲ့ မဟာခန်းဆောင်ကို စောင့်ကြပ်နေတဲ့ နတ်ဘုရားစစ်သူကြီးက ဘာဖြစ်လို့ ဒီရတနာတိုက်မှာ ရှိနေတာလဲ”
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာကြသည်။
ရွှေရောင်ချပ်ဝတ်နှင့် နတ်ဘုရားစစ်သူကြီးက ဆေဘာဓားကိုမြှောက်၍ ဟန်မူယဲ့၏ဦးခေါင်းကို ခုတ်ချသည်။
ထိုဓားချက်သည် လျင်မြန်ပြီး ကြမ်းတမ်းသည်။ ပြင်းထန်သော စွမ်းအင်များကိုလည်း သယ်ဆောင်ထားသည်။
တာအိုဆရာတယန်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
ဓားချက်ကျဆင်းလာသောအချိန်တွင် ပတ်ဝန်းကျင်၏ပြောင်းလဲမှုကို အာရုံခံကြည့်နိုင်သည်။
ရတနာတိုက်၏ ဝင်္ကပါစွမ်းအားသည် ချက်ချင်းစုဝေးလာပြီး အဆုံးမရှိသောစွမ်းအားများအဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်သည်။
ရတနာတိုက်မှ ဝင်္ကပါ၏စွမ်းအားသည် အလွန်အားကောင်းသည်။
ဟန်မူယဲ့က ဖိနှိပ်ခံထားရပြီး တစ်ကိုယ်လုံးတုန်ခါနေသည်။ သူက အချိန်မရွေး လဲကျသွားတော့မည်။
သူက နတ်ဘုရားသားရဲ၏စွမ်းအားကို ပိုင်ဆိုင်မထားခဲ့လျှင် ဝင်္ကပါ၏ဖိအားကြောင့် အမှုန့်ဖြစ်သွားလိမ့်မည်။
ဟန်မူယဲ့က ဖိနှိပ်ခံထားရပြီး ဓားရှည်က ဆက်လက်ကျဆင်းလာသည်။
တာအိုဆရာတယန်က စိုးရိမ်နေသည်။ သို့သော် သူ၏စွမ်းရည်က ဟန်မူယဲ့ကို ကူညီမပေးနိုင်ပေ။
ယခုအချိန်တွင် နတ်ဘုရားဘုရင်တစ်ပါးကပင် ဟန်မူယဲ့ကို ကယ်တင်ပေးနိုင်မည်မဟုတ်ပေ။
“ဘန်း”
ဟန်မူယဲ့ကို ထိသွားသော ဆေဘာဓားချက်၏အသံ မဟုတ်ပေ။ နတ်ဘုရားစစ်သူကြီး၏ ရင်ဘတ်ကို ထိသွားသော မြက်ရိတ်တံ၏အသံ ဖြစ်သည်။
မြက်ရိတ်တံသည် ဟန်မူယဲ့နှင့် နတ်ဘုရားစစ်သူကြီး၏ကြားတွင် ရုတ်တရက်ပေါ်လာပြီး နတ်ဘုရားစစ်သူကြီးကို ရိုက်ချလိုက်သည်။
နတ်ဘုရားစစ်သူကြီး၏ ရွှေရောင်ချပ်ဝတ်က ကွဲကြေသွားသည်။
ထို့နောက် မြက်ရိတ်တံက ဆက်ရိုက်ပြန်သည်။
“ဘန်း”
နတ်ဘုရားစစ်သူကြီးက ခြေသုံးလှမ်း ဆုတ်ပေးလိုက်ရသည်။ သူ့ကိုယ်ပေါ်တွင်ရှိသော ချီစွမ်းအင်အလင်းက အနည်းငယ် မှိန်ဖျော့သွားသည်။
“ဘန်း”
“ဘန်း”
.....
တာအိုဆရာတယန်၏အမြင်တွင် မြက်ရိတ်တံ၏ ရိုက်ချက်တိုင်းသည် နတ်ဘုရားစစ်သူကြီး၏ ပုံရိပ်ကို ဖြည်းဖြည်းချင်း မှိန်ဖျော့သွားစေခဲ့သည်။
ဆယ်ချက်ရိုက်ပြီးသောအခါတွင် နတ်ဘုရားစစ်သူကြီးက ပျောက်ကွယ်သွားပြီး ဆေဘာဓားကိုသာ ချန်ရစ်ခဲ့သည်။
တာအိုဆရာတယန်က ပျော်ရွှင်မှုကို ဖော်ပြတော့မည့်အချိန်တွင် အစိမ်းပုပ်ရောင် ပုံရိပ်တစ်ခုက ပေါ်လာပြီး မြက်ရိတ်တံကို ဆုပ်ကိုင်လိုက်သည်။
“ဟားဟား၊ ဒီရတနာလား”
အနက်ရောင်အရာရှိခေါင်းဆောင်းနှင့် အစိမ်းပုပ်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ပျော်ရွှင်သွားပုံပေါ်သည်။
မြက်ရိတ်တံက တုန်ခါနေသော်လည်း ထိုလူ၏လက်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ရွှေအလင်းတစ်ခုသည် သူ့လက်ထဲတွင် တောက်ပလာပြီး ဖိနှိပ်ခြင်းစာလုံးအဖြစ် အသွင်ပြောင်းသွားသည်။ ထို့နောက် မြက်ရိတ်တံကို ချက်ချင်း ချိပ်ပိတ်လိုက်သည်။
ထို့နောက် သူက ဟန်မူယဲ့ကို ကြည့်သည်။
“မင်းက နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်ထဲကို ကျူးကျော်လာခဲ့တယ်။ ငါက မင်းကို သတ်ပစ်လို့ရတယ်”
သူက တာအိုဆရာတယန်ကို လှည့်ကြည့်သည်။
“ပြီးတော့ ရတနာရှာကြွက်ကို တော်ဝင်သားရဲဌာနဆီ ပို့လိုက်မယ်”
သူက လက်မြှောက်လိုက်သောအခါတွင် ဝင်္ကပါစွမ်းအားသည် ချိန်းကြိုးများအဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့ကို ချုပ်နှောင်သည်။
“မင်းရဲ့ဆရာက ဘယ်မှာလဲ။ မင်းက ဒီရတနာကို ယူလာပြီး သောင်းကျန်းနေတယ်ပေါ့လေ”
“ချောင်ရီလား။ ဒါမှမဟုတ် မှူးမတ်ကျန့်ယွမ်ဖြစ်တဲ့ တုချွမ်လား”
“ငါ့ကို မလိမ်နဲ့။ ငါက ဒီမြက်ရိတ်တံကို ချောင်ရီဆီ ကိုယ်တိုင်ပေးလိုက်တာ”
“ဒီရတနာက ချောင်မိသားစုနဲ့ တုမိသားစုရဲ့ လက်ထပ်ပွဲအတွက် သင်္ကေတတစ်ခုပဲလို့ ပြောတယ်”
လူအိုကြီးက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ငါက ရတနာတိုက်ရဲ့ စောင့်ရှောက်သူ ကျိုးပန်းယွီပဲ။ မင်းက ငါ့နာမည်ကို ကြားဖူးမှာပါ”
ထိုအချိန်တွင် တာအိုဆရာတယန်က ကြောင်အနေသည်။
ချိန်းကြိုးများဖြင့် ချည်နှောင်ထားခံရသော ဟန်မူယဲ့က ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်သည်။
“သခင်ကျိုး၊ နတ်ဘုရားခုံရုံးက ပျက်စီးသွားခဲ့ပါပြီ”
နတ်ဘုရားခုံရုံးသည် ပျက်စီးသွားခဲ့သည်။
ဟန်မူယဲ့၏စကားအဆုံးတွင် တာအိုဆရာတယန်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရတနာတိုက်တစ်ခုလုံးသည် အရိုးအေးလောက်သော ဖိနှိပ်မှုကို ထုတ်လွှတ်နေသည်။
ကျိုးပန်းယွီ၏အပြုံးက ပျောက်ကွယ်သွားပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များကို ဖော်ပြသည်။
“လူငယ်လေး၊ နတ်ဘုရားခုံရုံးရဲ့ဂုဏ်သိက္ခာကို မစော်ကားသင့်ဘူး။ မင်းက တော်ဝင်မိသားစုမှာ မွေးဖွားလာပြီး နောက်ခံကောင်းတယ်ဆိုရင်တောင် ပြောချင်တိုင်း ပြောလို့မရဘူး။ ငါက အရာရှိတစ်ယောက်အနေနဲ့ ....”
ဟန်မူယဲ့က ဖြတ်ပြောလိုက်သည်။
“နတ်ဘုရားခုံရုံးက မရှိတော့ဘူး”
ဤတစ်ကြိမ်တွင် ကျိုးပန်းယွီ၏ လက်သီးဆုပ်နှင့် တစ်ကိုယ်လုံးက သိသိသာသာ တုန်ခါလာသည်။
သူ့မျက်လုံးများက နီရဲနေပြီး ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။ သူ့နောက်တွင်ရှိသော အနက်ရောင်စာလိပ်တစ်ခုသည် ဖြည်းဖြည်းချင်း ဆန့်ထွက်လာသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းလေးသိန်းကျော်မှာ နတ်ဘုရားဧကရာဇ် ကျဆုံးသွားခဲ့တယ်။ နတ်ဘုရားခုံရုံးက ပျက်စီးသွားခဲ့တယ်။ ငါစောင့်ကြပ်နေတဲ့ ရတနာတိုက်က တစ်ပိုင်းတစ်စစီ ဖြစ်သွားတယ်”
“နတ်ဘုရားခုံရုံးက ဆက်မရှိတော့ဘူး”
ကျိုးပန်းယွီ၏မျက်လုံးများက သွေးနီရောင်သန်းနေသည်။ သွေးအငွေ့အသက်များသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် လှုပ်ရှားနေကြသည်။
သူ့နောက်တွင်ရှိသော အနက်ရောင်စာလိပ်သည် အားကောင်းသောလူများ၊ မြင့်မားသော တောင်တန်းများနှင့် ထူးခြားသော သားရဲများကို ပြသနေသည်။
ထိုစာလိပ်သည် သီးသန့်ကမ္ဘာတစ်ခုကို သရုပ်ဖော်နေပုံပေါ်သည်။
သို့သော် စာလိပ်၏အငွေ့အသက်သည် မည်းမှောင်နေပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ပေးနေသည်။
“မင်းက ချောင်မိသားစုဝင်ပါလို့ ပြောလိုက်လေ”
“ချောင်ရီက သေဆုံးသွားတာမဟုတ်ဘဲ တံခါးပိတ်ကျင့်ကြံနေတာလို့ ပြောလိုက်လေ”
“မင်းက မြက်ရိတ်တံကို ယူလာပေမဲ့ နတ်ဘုရားခုံရုံးကို မလေးစားဘူးပဲ”
ကျိုးပန်းယွီ၏ နောက်တွင်ရှိသော အနက်ရောင်စာလိပ်သည် အပြည့်အဝပွင့်လာသည်။ အနက်ရောင်ဓားတစ်လက်ကို ကိုင်ထားသော အနက်ရောင်ပုံရိပ်တစ်ခုက အပြင်သို့ထွက်လာသည်။ ထိုပုံရိပ်က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာပြီး ဓားဖြင့် ခုတ်ချသည်။
ဓားချက်က အလွန်သန်မာသည်။
ထိုဓားချက်၏ရှေ့တွင် လောက၏ တောင်တန်းနှင့်မြစ်များသည် ပျောက်ကွယ်သွားရလိမ့်မည်။
‘ငါ့သခင်က လူအိုကြီးကို နှစ်သိမ့်ပေးဖို့အတွက် စကားပြောလိုက်ရင် ဖြစ်နေတာပဲမဟုတ်လား။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ’
တာအိုဆရာတယန်က တွေးမိသည်။
‘အဲဒီလူအိုကြီးက ခေါင်းမကောင်းဘူးဖြစ်နေတာလေ။ ငါ့သခင်ကလည်း ခေါင်းမကောင်းဘူးလား ....’
‘စိတ်တိုစရာပဲ’