အခန်း (၇၁၄)
Vol. 51 Ch. 714
“ဝီ”
ဓားရှည်က ကျဆင်းလာသောအခါတွင် ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။
သူ့ကို ချည်နှောင်ထားသော ချိန်းကြိုးများသည် အစိမ်းရောင်လက်တစ်ဖက်အဖြစ် အသွင်ပြောင်းပြီး ဓားနှင့် အနက်ရောင်ပုံရိပ်ကို ဖမ်းဆုပ်လိုက်သည်။
“ဘန်း”
ဓားရှည်နှင့် ပုံရိပ်သည် ပျောက်ကွယ်သွားကြသည်။ ထို့နောက် အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲ၍ စာလိပ်ထဲသို့ ပြန်ဝင်သွားသည်။
ကျိုးပန်းယွီက ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်သည်။
“ဒီမှာရှိတဲ့ ဝင်္ကပါက အကောင်းအတိုင်း ရှိနေတာမလို့ ထိန်းချုပ်နိုင်ဖို့ အချိန်ယူလိုက်ရတယ်”
ဟန်မူယဲ့က ကျိုးပန်းယွီကို ရှင်းပြသည်။
သူက လှုပ်ရှားလိုက်ပြီး ညင်သာစွာရေရွတ်သည်။
“ဝင်္ကပါကို ထိန်းချုပ်ခြင်း”
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါ ရွှေရောင်အင်းကွက်တစ်ခုသည် လက်ဝါးထဲတွင် ပေါ်လာသည်။
ထိုအင်းကွက်သည် ရတနာတိုက်၏စွမ်းအားနှင့် ပဲ့တင်ထပ်သွားပြီး ညင်သာစွာ တုန်ခါနေသည်။
“ခင်ဗျားက နတ်ဘုရားခုံရုံး ပျက်စီးသွားတဲ့နောက်မှာ ကိုယ်ပိုင်ကျင့်ကြံခြင်းနဲ့ ယုံကြည်မှု ပြိုကွဲသွားတယ်။ ပြီးတော့ နတ်ဘုရားဝိညာဉ်ကိုလည်း ဆုံးရှုံးလိုက်ရတယ်။ အဲဒီလိုမဖြစ်ခဲ့ရင် ခင်ဗျားက စာလိပ်ရဲ့ ထိန်းချုပ်မှုကို ခံရမှာမဟုတ်ဘူး သခင်ကျိုး”
ဟန်မူယဲ့က ပြောလိုက်သည်။
သူက နောင်တရနေသော မျက်နှာထားဖြင့် သိပ်မဝေးသောနေရာတွင်ရှိသည့် စားပွဲရှည်ကို လှမ်းကြည့်သည်။
အင်မော်တယ်ချီဖြင့် လွှမ်းခြုံထားသော အရိုးစုတစ်ခုသည် စားပွဲရှည်၏နောက်တွင် ပေါ်ထွက်လာသည်။
ထိုအရိုးစုက အစိမ်းရောင်ဝတ်စုံနှင့် အနက်ရောင်အရာရှိခေါင်းဆောင်းကို ဝတ်ဆင်ထားသည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါ့ကျင့်ကြံခြင်းက အထွတ်အထိပ်ကို ရောက်နေပြီ။ ငါက ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ”
အရိုးစုက မယုံကြည်နိုင်စွာ ပြောသည်။
“မဖြစ်နိုင်ဘူး။ ငါက ကောင်းကင်အဆင့်နဲ့ လူသားအင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး ကံကြမ္မာစက်ဝိုင်းကနေ လွတ်မြောက်ခဲ့တယ်။ ငါက နတ်ဘုရားဘုရင်တစ်ပါး ဖြစ်နေခဲ့ပြီ။ ငါက မသေနိုင်ဘူး ....”
အရိုးစုက ဆက်တိုက်ရေရွတ်ပြီး အဖြစ်မှန်ကို လက်ခံရန် ငြင်းဆန်နေသည်။
ကျိုးပန်းယွီ၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်အင်မော်တယ်ချီများက စုစည်းလာပြီး လောင်ကျွမ်းနေပုံပေါ်သည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ရွှေရောင်မိုးကြိုးတစ်စင်းကို ပစ်သွင်းသည်။
“ဘုန်း”
မိုကြိုးသည် အင်မော်တယ်ချီကို ဖိနှိပ်ထားပြီး ရစ်ပတ်နေသည်။
မိုးကြိုးစွမ်းအင်ကြောင့် ကျိုးပန်းယွီ၏ အနီရောင်မျက်လုံးများက အနည်းငယ် အရောင်လျော့သွားသည်။ သူက ဝမ်းနည်းနေပုံပေါ်သည်။
“ချောင်ရီတို့က နတ်ဘုရားခုံရုံးကို သစ္စာဖောက်တော့မယ်ဆိုတာ ငါသိနေခဲ့တယ်။ မဟုတ်ရင် ငါက မြက်ရိတ်တံနဲ့ တခြားရတနာတွေကို ထုတ်ပေးလိုက်မှာမဟုတ်ဘူး”
“ဒါပေမဲ့ အင်မော်တယ်ကမ္ဘာကို တက်ရောက်နိုင်မယ့်နည်းလမ်း မရှိတော့ဘူး။ ငါတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ပြတ်တောက်သွားခဲ့ပြီ။ မျှော်လင့်ချက်က ဘယ်မှာလဲ ....”
ကျိုးပန်းယွီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။
“မင်းက စိတ်အခြေအနေကျင့်ကြံခြင်းနဲ့ နားလည်သဘောပေါက်နိုင်စွမ်းမှာ အရမ်းကောင်းတယ်”
“တစ်နေ့မှာ မင်းက အင်မော်တယ်ကမ္ဘာကို သွားနိုင်ရင် တစ်ချက်လောက်ကြည့်ဖို့ ငါ့ကို ခေါ်သွားပေးပါ”
သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး မီးခိုးရောင်စုတ်တံတစ်ချောင်းနှင့် ချိပ်ပိတ်ခံထားရသော မြက်ရိတ်တံကိုသာ ချန်ရစ်ခဲ့သည်။
အနက်ရောင်စာလိပ်သည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။
ဟန်မူယဲ့က မြက်ရိတ်တံကို သိမ်းလိုက်သည်။ သူက စုတ်တံနှင့် စာလိပ်ကိုလည်း ယူလိုက်သည်။
“တောင်းတန်းနှင့်မြစ်စုတ်တံ”
“လောကတည်ငြိမ်ခြင်းမြေပုံ”
ဟန်မူယဲ့က ဓားချီများကို ရတနာနှစ်ခုထဲသို့ ထည့်သွင်းလိုက်ပြီး ရေရွတ်သည်။
ထိုရတနာနှစ်ခုသည် မြက်ရိတ်တံနှင့် ယှဉ်နိုင်သည်။
နတ်ဘုရားခုံရုံးမှ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုလိုက်လျှင် တောင်တန်းနှင့်မြစ်စုတ်တံသည် အဆုံးမဲ့လောက၏ စိတ်ဆန္ဒကို ပိုင်ဆိုင်လိမ့်မည်။ စုတ်ချက်တိုင်းသည် တောင်တန်းနှင့်မြစ်များကို ကိုယ်စားပြုသည်။
လောကတည်ငြိမ်ခြင်းမြေပုံသည် လောက၏ သက်ရှိများအားလုံးကို ရေးဆွဲထားပြီး အရပ်မျက်နှာဆယ်ခုကို ပိတ်ဆို့နိုင်သည့်အပြင် ကြယ်များ၏စွမ်းအားကိုလည်း အသုံးချနိုင်သည်။
ရတနာတိုက်၏ အစောင့်အကြပ်များသည် တောင်တန်းနှင့်မြစ်စုတ်တံကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ လောကတည်ငြိမ်ခြင်းမြေပုံကို ရတနာတိုက်တွင် ထိန်းသိမ်းထားခဲ့သည်။
ကျိုးပန်းယွီက ရတနာတိုက်နှင့်အတူ ဤနေရာသို့ ရောက်လာသောအခါတွင် ဝိညာဉ်က ထိခိုက်နေခဲ့သည်။ သူ့ယုံကြည်မှုကလည်း ပျက်စီးသွားသည်။ သို့သော် သူက ကိုယ့်ကိုယ်ကိုယ် စတေးပြီး ရတနာတိုက်ကို ထိန်းချုပ်ရန်အတွက် မကြိုးစားခဲ့ပေ။ သူက တောင်တန်းနှင့်မြစ်စုတ်တံ၊ လောကတည်ငြိမ်ခြင်းမြေပုံတို့ကို ရွေးချယ်ခဲ့သည်။
သူက ထွက်ပြေးရန် စီစဉ်ထားပုံပေါ်သည်။
သို့သော် သူက ဝင်္ကပါစွမ်းအားကြောင့် အသတ်ခံလိုက်ရသည်။ သူက အငြိုးအတေးဝိညာဉ်ကို ချန်ထားခဲ့ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆက်ရှိနေခဲ့သည်။
ဟန်မူယဲ့က တောင်တန်းနှင့်မြစ်စုတ်တံကို သန့်စင်လိုက်လျှင် စွမ်းအားတချို့ကို အသုံးပြုနိုင်လိမ့်မည်။
သို့သော် လောကတည်ငြိမ်ခြင်းမြေပုံသည် ကျိုးပန်းယွီ၏ အငြိုးအတေးစွမ်းအားများနှင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် စွန်းထင်းနေသောကြောင့် သန့်စင်ရန် ခက်ခဲလိမ့်မည်။
လောကတည်ငြိမ်ခြင်းမြေပုံကို မိစ္ဆာရတနာတစ်ခုအဖြစ် အသုံးပြုနိုင်သည်။
ဟွမ်ခြောက်ကို ပေးလိုက်လျှင် နတ်ဘုရားဘုရင်တစ်ပါးကိုပင် လွယ်ကူစွာဖိနှိပ်နိုင်လိမ့်မည်။
ဟန်မူယဲ့က ရတနာနှစ်ခုကို သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
သူ့လက်ဝါးပေါ်တွင်ရှိသော အင်မော်တယ်အင်းကွက်သည် တုန်ခါသွားပြီး အလင်းစက်ကွင်းတစ်ခုသည် ရတနာတိုက်တစ်ခုလုံးကို ဖြာထွက်သွားသည်။ အညစ်အကြေးများအားလုံး သန့်ရှင်းသွားပြီး ကြည်လင်နေသော ချီစွမ်းအင်အလင်းနှင့် အင်မော်တယ်အလင်းများသည် အချင်းချင်းသွယ်ယှက်လျက် အသက်ဝင်လာကြသည်။
အဆုံးမရှိသော အလင်းရောင်များကြောင့် တာအိုဆရာတယန်က မျက်လုံးကျိန်းသွားသည်။
“ဒီနေရာက ကောင်းတယ်။ တကယ်ကောင်းတယ်”
တာအိုဆရာတယန်က ငေးမောနေပြီး ရေရွတ်သည်။ သူက ဤနေရာမျိူးကို မျှော်လင့်နေခဲ့သည်။
“ဝူယွမ်သဲ၊ မြစ်သုံးစင်းကျောက်စိမ်း၊ ဝိညာဉ်ကိုးပါးကြိုးကြာအော်သံသတ္တု ....”
“ဝိညာဉ်ပုလဲ၊ ကျိုးပဲ့ရွှေရည်၊ တောင်ပံဖြူကျင်းထျန်းရဲ့သွေး ....”
တာအိုဆရာတယန်က ရတနာတစ်ခုချင်းစီကို လိုက်ကြည့်နေပြီး ဤနေရာတွင် တစ်သက်လုံးနေနိုင်သည်ဟု ခံစားရသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး စားပွဲရှည်ဆီသို့ လျှောက်သွားသည်။ သူက ကျိုးပန်းယွီ၏ အရိုးစုအကြွင်းအကျန်ကို ဦးညွတ်လိုက်ပြီး လက်ဟန်တစ်ခု ပြုလုပ်သည်။ အင်မော်တယ်ချီသည် အကြွင်းအကျန်များကို ရစ်ပတ်လိုက်ပြီး အစိမ်းရောင်ပုလဲလုံးအဖြစ် ပြောင်းသွားသည်။ သူက ပုလဲလုံးကို သိမ်းထားလိုက်သည်။
ကျိုးပန်းယွီက အင်မော်တယ်ကမ္ဘာကို မြင်ချင်သည်ဟု ပြောခဲ့သည်။
ထို့နောက် ဟန်မူယဲ့က စားပွဲရှည်ပေါ်တွင်ရှိနေသော စာလိပ်နှင့်စာအုပ်များကို ကြည့်လိုက်သည်။
စာလိပ်နှင့်စာအုပ်များကို ချိပ်ပိတ်၍ ကာကွယ်ထားသောကြောင့် နှစ်ပေါင်းများစွာကြာသွားသော်လည်း ကောင်းမွန်နေဆဲဖြစ်သည်။
ထိုစာအုပ်နှင့် စာလိပ်များသည်လည်း ရတနာပင် ဖြစ်သည်။
ဟန်မူယဲ့က ရတနာတိုက်တွင် သိမ်းဆည်းထားသော ရတနာပစ္စည်းများ၏မှတ်တမ်းကို မြင်လိုက်ရသည်။
ကျိုးပန်းယွီက ရတနာတိုက်၏ စောင့်ကြပ်သူဖြစ်သောကြောင့် ရတနာပစ္စည်းများအားလုံးကို မှတ်သားထားသည်။
ရတနာတိုက်တစ်ခုလုံးကို အပိုင်း ၁၂ပိုင်း ခွဲပြီး ဝင်္ကပါများဖြင့် ကာကွယ်ထားသည်။ အရေးပေါ်အချိန်တွင် အပိုင်း ၁၂ပိုင်းသည် ခွဲထွက်သွားနိုင်သည်။
ဝင်္ကပါတစ်ခုလုံးကို အင်မော်တယ်ချီဖြင့် ထိန်းချုပ်ပြီး အသက်သွင်းရန်အတွက် မှန်ကန်သောနည်းလမ်းကိုလည်း လိုအပ်သည်။ ထိုသို့မဟုတ်လျှင် ရတနာတိုက်တွင်ရှိနေသော ရတနာများ၏ ကိုးဆယ်ရာခိုင်နှုန်းသည် ပျက်စီးသွားလိမ့်မည်။
စားပွဲပေါ်တွင်ရှိသော စာအုပ်နှင့်စာလိပ်များသည် ရတနာများကို မှတ်သားထားရုံသာမက ပြန့်ကျဲသွားသော ရတနာတိုက်များ၏ တည်နေရာမြေပုံလည်း ရှိနေသည်။
ဤရတနာတိုက်တွင် အမျိုးမျိုးသောရတနာများ သုံးသန်းကျော်ရှိနေသည်။
အနိမ့်ဆုံးအဆင့်သည် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးဖြစ်ပြီး အရေအတွက်ငါးသိန်း ရှိနေသည်။
မှတ်တမ်းများအရ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးငါးသိန်းကို ရတနာတိုက် တစ်ခုချင်းစီတွင် သိမ်းဆည်းထားသည်။
ထိုဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံရန်အတွက် လုံလောက်သည်။
ဟန်မူယဲ့က ပျော်ရွှင်သွားသည်။
“ကိုးထပ်ဓားစံအိမ်လား”
ထိပ်တန်းအဆင့်ရတနာများထက် တစ်ဆင့်သာနိမ့်သော အင်မော်တယ်ရတနာကို ဟန်မူယဲ့က မြင်လိုက်ရသည်။
သူက စာအုပ်ထဲတွင် မှတ်သားထားသော ကိုးထပ်ဓားစံအိမ်၏ပုံစံကို နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
ကိုးထပ်ဓားစံအိမ်သည် ချီစွမ်းအင်၊ ဓားစွမ်းအင်ဖြင့် တောက်ပနေသည်။ ဓားများကို ပျိုးထောင်ပေးနိုင်သော စင်မြင့်များသည် အထပ်တစ်ခုချင်းစီတွင် ရှိနေကြသည်။
‘ဒါက ကိုးထပ်ဓားစံအိမ်ပဲလေ’
ဟန်မူယဲ့က ကိုးထပ်ဓားစံအိမ်လေးခုနှင့် များပြားလှသော ခုနစ်ထပ်ဓားစံအိမ်များကို မြင်လိုက်ရသည်။ သို့သော် ယခုအချိန်တွင် ကိုးထပ်ဓားစံအိမ်တစ်ခုသာ ကျန်တော့သည်။
“စစ်သူကြီးရှောက်ယွမ်”
“နတ်ဘုရားဘုရင် သွမ်ချန်ကျီ”
တတိယမြောက်တစ်ခုကိုတော့ မှတ်တမ်းရှာမတွေ့ပေ။
တမင်သက်သက် ဖျက်ထားခြင်း သို့မဟုတ် တခြားအကြောင်းပြချက်တစ်ခု ရှိနေခြင်း ဖြစ်နိုင်သည်။
“အဲဒီတော့ အထက်ဘုံသုံးပါးရဲ့ ကိုးထပ်ဓားစံအိမ်ပိုင်ရှင်က စစ်သူကြီးရှောက်ယွမ်မဟုတ်ရင် နတ်ဘုရားဘုရင် သွမ်ချန်ကျီ ဖြစ်လိမ့်မယ်။ သူတို့နှစ်ယောက်ရဲ့ မျိုးဆက်တွေလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တတိယမြောက်လူလည်း ဖြစ်နိုင်တာပဲ”
ထိုလူကိုသိနိုင်ရန် မခက်ပေ။ ပထမလူနှစ်ယောက်သည် နတ်ဘုရားခုံရုံးနှင့် ပတ်သတ်နေခဲ့သည်။ တခြားလူများက သူတို့ကို သိနေလိမ့်မည်။
ထို့အပြင် ခုနစ်ထပ်ဓားစံအိမ်ကို ပေးအပ်လိုက်သော မှတ်တမ်းများလည်း ရှိနေကြသည်။
“စိတ်ဝင်စားစရာပဲ။ ဒီမှတ်တမ်းအရဆိုရင် တန့်ဝူယိုကို ပေးလိုက်တဲ့ ရတနာတိုက်မှာ ခုနစ်ထပ်ဓားစံအိမ်တစ်ခု ရှိနေတယ်”
ခုနစ်ထပ်ဓားစံအိမ်သည် အထွတ်အထိပ်အဆင့် ဝိညာဉ်ရတနာ ဖြစ်သည်။ ထိုစံအိမ်၏ ဓားချီစွမ်းအားသည် နတ်ဘုရားဘုရင်တစ်ပါးနှင့် ယှဉ်နိုင်သည်။
ကိုးထပ်ဓားစံအိမ်သည် အထက်ဘုံသုံးပါးတွင် ပေါ်မလာခဲ့လျှင် ခုနစ်ထပ်ဓားစံအိမ်ပိုင်ရှင်က အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဓားတာအိုကို လွှမ်းမိုးနိုင်သည်။
ဟန်မူယဲ့က စာအုပ်ကို သိမ်းလိုက်ပြီး ရှေ့သို့ကြည့်သည်။
တာအိုဆရာတယန်က ရတနာအမျိုးမျိုးကို မှတ်သားထားပြီး စိတ်လှုပ်ရှားစွာ ရှာဖွေနေသည်။
“ငါချမ်းသာပြီ။ ဒီတစ်ခါတော့ တကယ်ချမ်းသာပြီ ....”
တာအိုဆရာတယန်က ရေရွတ်လိုက်ပြီး ရတနာအမျိုးမျိုးကို ပွေ့ဖက်ထားသည်။ သူ့မျက်လုံးများက ရီဝေနေကြသည်။
ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားပြီး လှုပ်ရှားလိုက်သည်။ သူက သစ်သားစင်များကို ဖြတ်သန်းပြီး ပေသုံးဆယ်ရှိသော စင်မြင့်တစ်ခု၏ရှေ့သို့ ရောက်လာသည်။
စင်မြင့်ထက်တွင် ရွှေအလင်းသည် ငါးပေမြင့်ပြီး သုံးပေကျယ်သော ကိုးထပ်ဓားစံအိမ်ကို ထိန်းသိမ်းထားသည်။
ကိုးထပ်ဓားစံအိမ်သည် သုံးထပ်ဓားစံအိမ်၊ ခြောက်ထပ်ဓားစံအိမ်တို့နှင့် တူညီသော်လည်း ဓားအငွေ့အသက်သည် ပိုမိုသိပ်သည်းပြီး သန့်စင်နေသည်။
ဟန်မူယဲ့က ခြောက်ထပ်ဓားစံအိမ်ကို သန့်စင်နေသောအချိန်တွင် အထက်ဘုံသုံးပါးမှ မဟာကျင့်ကြံသူကြီးတစ်ယောက် ထိန်းချုပ်ထားသော ကိုးထပ်ဓားစံအိမ်ကို မြင်ခဲ့ရသည်။
သူ့ရှေ့တွင်ရှိနေသော ဓားစံအိမ်နှင့် အတိအကျ တူညီသည်။
ဓားစံအိမ်နှင့်ပတ်သတ်၍ ရှင်းပြထားသောစာပိုဒ်များသည် စင်မြင့်၏ရှေ့တွင် ရှိနေကြသည်။
ကိုးထပ်ဓားစံအိမ်သည် အင်မော်တယ်ကမ္ဘာ၏ ဓာတ်စင်ကိုးပါးဂိုဏ်းမှ ကျင့်ကြံခြင်းအမွေအနှစ်တစ်ခု ဖြစ်သည်။ ဓားစံအိမ်နှင့် နတ်ဘုရားခုံရုံး၏ တခြားအမွေအနှစ် ၃၇ခုသည် အင်မော်တယ်ကမ္ဘာသို့ တိုက်ရိုက်ရောက်သွားအောင် ကူညီပေးနိုင်သည်။
ကိုးထပ်ဓားစံအိမ်ထဲတွင် လောက၏ ဓားနည်းစနစ်အမျိုးမျိုးကို ထည့်သွင်းထားသည်။ ကျင့်ကြံခြင်း ပြီးပြည့်စုံသွားသောအခါတွင် ကိုးထပ်ဓားစံအိမ်ကို အသုံးပြု၍ အင်မော်တယ်တက်လှမ်းစင်မြင့်မှတစ်ဆင့် အင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်ပြီး အင်မော်တယ်ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာလိမ့်မည်။
နတ်ဘုရားခုံရုံးတွင် အမွေအနှစ် ၃၈ခု ရှိသည်။ နတ်ဘုရားဧကရာဇ်၏ တိုက်ရိုက်တပည့်များကိုပါ ပေါင်းထည့်လိုက်လျှင် အမွေအနှစ် ၃၉ခု ဖြစ်သည်။ ထိုအမွေအနှစ်များအားလုံးသည် အင်မော်တယ်ကမ္ဘာသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်ဟု ပြောကြသည်။
သို့သော် အင်မော်တယ်တက်လှမ်းစင်မြင့်မှ ထွက်ခွာသွားသော မဟာကျင့်ကြံသူများသည် နှစ်ပေါင်းများစွာကြာသည်အထိ ပြန်ရောက်မလာကြပေ။
စာတစ်ကြောင်းပင် မပို့နိုင်ခဲ့ပေ။
ထို့ကြောင့် အင်မော်တယ်ကမ္ဘာမှ အမွေအနှစ်များ၏ စစ်မှန်မှုကို မည်သူမှ မသိနိုင်ပေ။
ဟန်မူယဲ့က ခြေတစ်လှမ်းဖြင့် စင်မြင့်ပေါ်သို့ တက်လိုက်ပြီး အလင်းလွှာကို ထိသည်။