ဝိညာဥ် ကုသခြင်း ဆေးရည်
Vol. 11 Ch. 146
အလားတူပင် ဝေ့ဝူယင်မှာလည်း နိမ့်ကျသော မျိုးနွယ်တစ်ခုတွင် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူသည် မျိုးနွယ်စု၏ သည်းသည်းလှုပ် ချစ်ခြင်းကို ခံခဲ့ရသော်လည်း နောက်ပိုင်း ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာကမူ ဆိုးရွားလွန်းခဲ့သည်။ သူ၏ မျိုးနွယ်စုသည် ရန်သူများ၏ မျိုးတုံးသတ်ဖြတ်ခြင်းနှင့် ရင်ဆိုင်ခဲ့ရကာ သူ ကိုယ်တိုင်မှာလည်း အသက်လု ထွက်ပြေးခဲ့ရသည်။
ထို့နောက် သူ နေသွေးနီနီဂိုဏ်းကို ဂုဏ်ထူးဆောင် တပည့် တစ်ယောက် အနေဖြင့် ဝင်ရောက်သည်။ ကျင့်ကြံခြင်း အဆင့်များကို ချိုးဖျက်ခဲ့သည်။ ရန်သူများကို လူမဆန်လောက်အောင် ရက်ရက်စက်စက် လက်စားချေခဲ့သည်။ အမြင့်ဆုံး အဆင့်ထိ ရောက်အောင် တက်လှမ်းခဲ့သည်။
သူမသည် သူတို့ နှစ်ယောက်စလုံး၏ ကံကြမ္မာများကို မဆုံးဖြတ် တတ်သော်လည်း လုံချန်ကိုမူ ဝေ့ဝူယင်ထက် ပိုမို နှစ်သက်သည်။ လင်းကျိရန်မှာ သူမ၏ သူငယ်ချင်း ဖြစ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ကံကြမ္မာ ဟောပြောသူ တစ်ယောက် အနေဖြင့် တောက်ပရန် အကောင်းဆုံး နည်းလမ်းမှာ ကံကြမ္မာ သားတော်များ၏ ကျောထက်သို့ တွယ်ကာ အရိပ်ခို၍ လမ်းပြများ အဖြစ် ဆောင်ယူခြင်းပင် ဖြစ်သည်။
အကယ်၍ ရွေးချယ်ရမည် ဆိုလျှင်တော့ သူမ မည်သူ့ကိုမှ မရွေးချင်ပေ။ ဝေ့ဝူယင်မှာ အရူး တစ်ယောက် ဖြစ်သည်။ သူသည် ဆန်းကြယ်သော နည်းလမ်းများဖြင့် သူမအား နေ့စဥ်ရက်ဆက် နှိပ်စက်လိမ့်မည် ဖြစ်သည်။ သူနှင့် တစ်ရက် အတူ နေခြင်းကပင် သူမအား ရူးသွပ်စေမလို ဖြစ်စေခဲ့သည်။ အခြား တစ်ဖက်၌ လုံချန်မှာမူ ဆန့်ကျင်ဘက် လိင်များကို ဆွဲဆောင်နိုင်သည့် ထူးခြားသော စွမ်းရည် တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ သူမပင်လျှင် သူ့အပေါ် ကြွေလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သွေးသားဆန္ဒရှိသည့် မိန်းမသား တစ်ဦး အနေဖြင့် ထိုဆွဲဆောင်မှု အပေါ် သူမ မလွန်ဆန်နိုင်ချေ။
ထိုအရာက ဝေ့ဝူယင် နီးနီး ကြောက်ဖို့ကောင်းလွန်းသည်။ ထို့ကြောင့်ပင် သူမသည် နောက်ထပ် ကောင်းကင် သားတော်တစ်ဦး ရှာဖွေရန် စဥ်းစားထား၏။
သူမ၏ ရည်ရွယ်ချက်က ကြယ်တာရာ အမြုတေ အဆင့် ဖြစ်သည်။ ထိုကျင့်ကြံခြင်း အဆင့်ကို ရောက်သည်နှင့် သူမ၏ ကံကြမ္မာ ခန့်မှန်းနိုင်စွမ်းများမှာ ပိုမို ရှင်းလင်းလာပေလိမ့်မည်။ ထိုအခါ သူမ ရရှိနိုင်မည့် အခွင့်အလမ်းများပါ တိုးတက်လာလိမ့်မည် ဖြစ်၏။
“ငါ့မှာသာ ဝိညာဥ် ကုသခြင်း ဆေးရည် ရှိရင်...”
ဝူပိုင်ကျိုးက နှုတ်ခမ်းများကို ညင်သာစွာ ကိုက်လိုက်၏။ ဝိညာဥ် ကုသခြင်း ဆေးရည်သည် သူမ၏ ကျင့်ကြံခြင်း အဆင့်ကို တိုးတက်စေလိမ့်မည် ဖြစ်ရာ ဂိုဏ်းဝင်ခွင့် စာမေးပွဲကို ကျော်ဖြတ်ရန် အခွင့်အရေးများ တိုးလာလိမ့်မည် ဖြစ်သည်။ အကယ်၍ သူမသာ အဆင့်ချိုးဖျက်ကာ နတ်ဘုရား အရှင် တစ်ပါး ဖြစ်လာပါက မည်သည့် အတားအဆီးကို မဆို ရင်ဆိုင်ကျော်ဖြတ်နိုင်လိမ့်မည်ဟု ခံစားနေရသည်။
လျဲ့ယုတွင်လည်း ဝူပိုင်ကျိုးနှင့် တူညီသော အတွေး ရှိ၏။ သူတို့ နှစ်ယောက်စလုံးသည် ချီပျစ်ခဲခြင်း အဆင့် ခုနစ် မြင့်မြတ်သောချီ အဆင့်တွင် ဖြစ်ပြီး ထူးခြားသော ပါရမီများကို ပိုင်ဆိုင်ထားကြသည်။ အကယ်၍ ဝိညာဥ် ကုသခြင်း ဆေးရည် တစ်ပုလင်းကိုသာ ရရှိပါက အဆင့်ချိုးဖျက်နိုင်ရန် အောင်မြင်နိုင်ချေမှာ ကိုးဆယ် ရာခိုင်နှုန်း အထိ တိုးတက်သွားပေလိမ့်မည်။
ပေါ့ပေါ့တန်တန် ပုံစံဖြင့် တင်ပျဥ်ချိတ်ထိုင်ကာ ဒဏ်ရာ ကုသနေသည့် စုမေ့ကို ကြည့်ရင်း သူတို့ နှစ်ယောက်၏ ခံစားချက်များမှာ ခါးသီးသွား၏။
ဝူပိုင်ကျိုးက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူမ၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့နှင့် တောက်ပနေသည်။ လုံချန်၊ နာ့ရှင်းရီတို့နှင့် မတူညီစွာပင် သူမတွင် ဝေ့ဝူယင်နှင့် ပတ်သက်သော အမုန်းတရား မရှိချေ။ ပြောရလျှင် ဝေ့ဝူယင်မှာ သူမ၏ အကိုကိုပင် အသက် အန္တရာယ်မှ ကာကွယ်ပေးခဲ့ဖူးသည်။ ထို့အပြင် အကြီးကြီးကျန်း (မင်းသားကျန်း) ထံမှ ဝေ့ဝူယင် အလွန် အစွမ်းထက်သည့် အကြောင်းများကို သူမ ကြားခဲ့ရသည်။ ထိုချောမောသည့် လူငယ်သည် ဆေဘာဓား တစ်ချက်တည်းဖြင့်ပင် သေမျိုး နတ်ဘုရား ဧကရာဇ် တစ်ပါးဖြစ်သည့် ဟူကျိဝေ့ကို သတ်ဖြတ်နိုင်ခဲ့သည် ဟု ဆိုသည်။
ထိုကဲ့သို့သော စွမ်းဆောင်မှုကား နတ်ဘုရား အရှင်တစ်ပါး အတွက်ပင် မယုံနိုင်လောက်အောင် ထူးချွန်လွန်းသည်။ အနာဂတ်တွင် ကြယ်တာရာ အမြုတေ အဆင့် ဖြစ်လာနိုင်သည့် လူတစ်ယောက်ကို သူမ အနေဖြင့် အဘယ်ကြောင့် အလာကားနေရင်း မုန်းတီးရမည်နည်း။
ဝူပိုင်ကျိုးသည် ဝေ့ဝူယင်ဆီသို့ တဖြည်းဖြည်း ချဥ်းကပ်သွား၏။ လျဲ့ယု၊ နာ့ရှင်းရီနှင့် လင်းကျိရန်တို့မှာ သူမ၏ အပြုအမူကြောင့် ဆွံ့အသွားကြသည်။ လုံချန်က သူကို တားဆီးရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် ကိုယ်ရှိန်သတ်လိုက်သည်။ ဝူပိုင်ကျိုးသည် ဉာဏ်ရည် နိမ့်ကျသူ တစ်ယောက် မဟုတ်ချေ။ သူမ၏ လုပ်ရပ်တိုင်းတွင် ရည်ရွယ်ချက် တစ်ခုမဟုတ် တစ်ခု ရှိရပေမည်။
ဝူပိုင်ကျိုးသည် ဝေ့ဝူယင်၏ အနားသို့ ရောက်ရှိလာ၏။ သူမ၏ မျက်လုံးများက ရွှေရောင် နှုတ်သီး၊ အဖြူရောင် နှင်းသားမွေးများနှင့် ကြိုးကြာသားရဲထံသို့ ရောက်ရှိသွားသည်။ ထိုသားရဲကား အလွန် လှပလွန်း၏။ သူမ ဆံပင်ကို နားရွက်နောက်သို့ သပ်တင်လိုက်ရင်း ဝေ့ဝူယင်အား နှုတ်ဆက်လိုက်၏။
“တွေ့ရပါ ဝမ်းသာပါတယ် အရှင်ဝေ့... ကျွန်မက ဝူတိုင်းပြည်ရဲ့ တတိယ မင်းသမီး ဝူပိုင်ကျိုးပါ”
ဝေ့ဝူယင်က သူမကို ကြည့်ရင်း ပြုံးလိုက်သည်။ ထို့နောက် သူက လုံချန်တို့ အဖွဲ့အား တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်သည်။
“မင်းမိတ်ဆွေတွေကို ကြည့်ရတာ မင်း ငါ့ဆီ လာတာကို သဘောကျပုံ မရဘူး... သူတို့က မင်း ဘက်ပြောင်းသွားပြီ လို့တောင် တွေးချင် တွေးနေလောက်ပြီ”
ဝူပိုင်ကျိုးက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“အရှင်ဝေ့က သူတို့ကို အထင်သေးနေပြန်ပါပြီ... သူတို့က အဲဒီလောက် စိတ်ဓာတ် မသေးသိမ်ကြပါဘူး... နောက်ပြီး ကျွန်မရဲ့ လုပ်ဆောင်ချက်တိုင်းကို သူတို့ အနေနဲ့ ဝင်စွက်ဖက်ခွင့် မရှိပါဘူး”
“အိုး...”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူ ဘာမှ ဆက်မပြောတော့သည်ကို တွေ့သော အခါ ဝူပိုင်ကျိုးက စကားဆက်လိုက်၏။
“အမှန်အတိုင်း ပြောရရင် ဝိညာဥ် ကုသခြင်း ဆေးရည်ကို ရှင် ဘယ်ကရလဲ ကျွန်မ သိချင်လို့ လာမေးတာပါ... တကယ်လို့ စိတ်မရှိရင် ပြောပြနိုင်မလား”
ဝေ့ဝူယင် အနည်းငယ် ပြုံးရင်း သူမအား ကြည့်လိုက်သည်။
“တကယ်လို့ ငါ ကိုယ်တိုင် လုပ်ထားတယ် ပြောရင် မင်း ယုံမှာလား...”
သူ၏ စကားကို နားထောင်ရင်း များစွာသော လူများ၏ မျက်လုံးများမှာ တောက်ပသွားကြ၏။ ဝေ့ဝူယင်မှာ အဆင့်ခြောက် အဂ္ဂိရတ် အရှင် တစ်ယောက် ဖြစ်သည်ဆိုသော ကောလဟာလများစွာကို ကြားဖူး၏။ သို့သော်လည်း ဝေ့ဝူယင်မှာ အသက် လေးဆယ်ပင် မပြည့်သေးသူ တစ်ယောက် ဖြစ်သည်။
ထိုအသက်အရွယ်ဖြင့် နတ်ဘုရား အရှင် အဆင့် တစ်ယောက် ဖြစ်လာခြင်းက ပင်လျှင် အလွန်အမင်း အံ့သြဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ အဂ္ဂိရတ် အရှင်ပါ ထပ်ဖြစ်နေသည် ဆိုပါက သူ၏ ပါရမီကို အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင်ပင် နံပါတ်တစ် အဖြစ် သတ်မှတ်ရတော့မည် ဖြစ်သည်။
လုံချန်သည် ဝေ့ဝူယင်ထက် ငါးနှစ်ခန့် ပိုမိုငယ်သည့်တိုင် နတ်ဘုရား အရှင် အဆင့်ကို တက်လှမ်း ထားနိုင်ခဲ့သည်။ အသက်ဆယ်နှစ် အရွယ် နတ်ဘုရား ဧကရာဇ်မလေး ဆိုလျှင် သူတို့ နှစ်ဦးစလုံးထက်ပင် ပိုမို ငယ်ရွယ်သေးသည်။ ကျင့်ကြံခြင်းမှာ ပါရမီ အလိုက် တဟုန်ထိုး တိုးတက်နိုင်စွမ်း ရှိသော်လည်း အဂ္ဂိရတ် တာအိုကမူ ခြားနားလှသည်။
များစွာသော ကြယ်တာရာ အမြုတေ အဆင့် ပုဂ္ဂိုလ်ကြီးများ ပင်လျှင် အဂ္ဂိရတ် တာအိုကို လိုက်စားရာ၌ လက်လျှော့ ကြရသည်။ အဂ္ဂိရတ် တာအိုသည် အလွန် ကျယ်ပြန့်လှကာ မရေမတွက်နိုင်သော နည်းလမ်းများနှင့် ကိုင်းခွဲများ ပါဝင်နေသည်။ ၎င်းမှာ မိစ္ဆာဆန်လောက်အောင်ပင် ခက်ခဲလွန်းသည်။ အဂ္ဂိရတ် ဇာတိ ဝိညာဥ် တစ်ခုတည်းသာလျှင် ထိုအခက်အခဲများကို ကျော်ဖြတ်နိုင်စွမ်း ရှိသည်။
ဝိညာဥ်က နတ်မိမယ်က ဝေ့ဝူယင်တွင် ဇာတိ ဝိညာဥ် နှစ်ခု ရှိသည်ဟု ပြောခဲ့ဖူးသည်။ ထိုအထဲမှ တစ်ခုမှာ အဂ္ဂိရတ် ဇာတိ ဝိညာဥ် ဖြစ်နေသည်လား။
ဝူပိုင်ကျိုးက ပြုံးလိုက်၏။ သူမ၏ စိတ်ထဲတွင် သံသယ များစွာ ဖြစ်ပေါ်နေသော်လည်း ထိုအရာကို မျက်နှာပေါ်တွင် မပေါ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းထားသည်။
“တကယ်လို့ အရှင်ဝေ့က ပြောရင်တော့ ကျွန်မကလည်း ယုံရမှာပေါ့”
“ဒါဆိုလည်း ပြောရတော့မှာပေါ... အဲဒီ ဝိညာဥ် ကုသခြင်း ငါကိုယ်တိုင် လုပ်ထားတာ”
ဝေ့ဝူယင်က ပေါ့ပေါ့တန်တန်ပင် ပြောလိုက်သည်။
“ ... “
တစ်ယောက်သော သူမှ လွဲ၍ လူအုပ်ကြီးမှာ တိတ်ဆိတ်သွား၏။ ချင်ဖန်းသည် သူ၏ ဂိုဏ်းမှ ထိပ်တန်း ပါရမီရှင်များကို ခေါ်ဆောင်ကာ ထောင့်တစ်ထောင့်၌ ရောက်ရှိနေခဲ့သည်။ သူသည် ဝူကျိုး၏ ရန်ကို ကြောက်သဖြင့် တစ်ချိန်လုံး ဘာမှ ဝင်မပြောပဲ တိတ်တဆိတ်ပင် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ဝေ့ဝူယင်မှာ အဂ္ဂိရတ် အရှင်တစ်ပါး ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ ထို့အပြင် ဝေ့ဝူယင်တွင် အဂ္ဂိရတ် ဇာတိဝိညာဥ် ရှိလိမ့်မည် ဟုပင် သူ ယူဆထားသည်။
ဝူပိုင်ကျိုးက တိုက်ရိုက်ပင် ဆက်မေးလိုက်၏။
“ဒါဆိုရင် အရှင်ဝေ့မှာ ရောင်းဖို့ ဆေးရည် အပိုများ ပါလာသေးလား”
“မင်းလို မိန်းမလှလေး တစ်ယောက် အတွက်ဆို ရှိတာပေါ့... ဒါပေမဲ့ မင်းသားကျန်း မျက်နှာနဲ့ ဆိုတော့ ရောင်းဖို့ ဆိုတာက အားနာစရာကြီး... ဘာပဲဖြစ်ဖြစ် ဝိညာဥ် ကုသခြင်း ဆေးရည် တစ်ခုပုလင်း ဆိုတာကလည်း ဝိညာဥ် ကျောက်တုံး သန်းနဲ့ချီ တန်တယ်လေ... သေးငယ်တဲ့ ပမာဏ မဟုတ်ဘူး”
ဝေ့ဝူယင်၏ စကားအဆုံး၌ လူအုပ်တွင် နှစ်မျိုးနှစ်စား ကွဲပြားသွား၏။ ပထမ တစ်မျိုးမှာ ဝိညာဥ် ကုသခြင်း ဆေးရည်ကို အလကား ပေးပစ်မည့် ပုံစံရှိသည့် ဝေ့ဝူယင်ကြောင့် အံ့အားသင့်သွားကြသည့် လူစုဖြစ်ပြီး ဒုတိယ တစ်မျိုးမှာမူ ဝိညာဥ် ကုသခြင်း ဆေးရည်၏ တန်ဖိုးကြောင့် အံ့အားသင့်သွားသည့် လူစုဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင် ပြောသည့် စျေးမှာ အမှန်တကယ်ပင် မမှားချေ။ ဝိညာဥ် ကုသခြင်း ဆေးရည် တစ်ပုလင်းမှာ အမတေ ကျောက်တုံး သိန်းနှင့်ချီ တန်ကြေးရှိသည်။ ထို့ကြောင့်ပင် အဂ္ဂိရတ် ပညာရှင်များမှာ အောင်မြင်မှုနှုန်း မည်မျှပင် လျော့နည်းစေကာမူ လက်ထဲတွင် ပိုက်ဆံ မပြတ်လတ်ကြခြင်း ဖြစ်သည်။ ထုတ်လုပ်မှုအား နည်းပြီး ဝယ်လိုအား များသည့် ထုတ်ကုန်များမှာ မည်ကဲ့သို့ စျေးမမြင့်ပဲ နေပါမည်နည်း။
အားလုံး၏ အကြည့်များ ရှေ့တွင်ပင် ဝေ့ဝူယင်သည် အရည်အသွေးနိမ့် ဝိညာဥ် ကုသခြင်း ဆေးရည် ထည့်သွင်းထားသည့် ပုလင်းငယ် တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ဝူပိုင်ကျိုး၏ လက်တစ်ဖက်ကို ညင်သာစွာ ဆွဲယူကာ ပုလင်းကို ထည့်ပေးလိုက်၏။
“မင်းအတွက် ငါ့ရဲ့ လက်ဆောင်...”
ဝူပိုင်ကျိုးမှာ မျက်လှည့်ပြသလို သူမ လက်ထဲသို့ ရောက်ရှိလာသည့် ဆေးရည် ပုလင်းအား ကြောင်ကာ ငေးကြည့်နေမိ၏။ တကယ်ကြီး ဝေ့ဝူယင်က သူမကို လက်ဆောင်ပေးသည်လား။ ထိုအရာက အမှန်တကယ် မင်းသားကျန်း မျက်နှာကြောင့်လား။
သို့မဟုတ်... သူ ရုတ်ချည်း ဖြစ်ပေါ်လာသော အတွေးတစ်ခုကြောင့် သူမ၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။
လုံချန်မှာ ထိုမြင်ကွင်းကို အဝေးမှ လှမ်းကြည့်ရင်း ရင်ထဲ၌ အောင့်သက်သက် ခံစားလိုက်ရသည်။
“ဒါ.. ဒါက တကယ်ပဲ ဝိညာဥ် ကုသခြင်း ဆေးရည်လား...”
ဝူပိုင်ကျိုးက ဝေ့ဝူယင်ကို ကြည့်ရင်း မဝံ့မရဲ မေးလိုက်၏။ သို့သော်လည်း ထိုဆေးရည်များက အစစ်ဖြစ်ကြောင် သူမ သိရှိပြီး ဖြစ်သည်။ မလိုအပ်သည့် ထိုမေးခွန်းအား အဘယ်ကြောင့် မေးမိသည်ကို သူမ မသိချေ။ သူမ၏ နှလုံးသားမှာ အနည်းငယ် ခုန်သွားခဲ့၏။
***