စျေးအမြင့်ဆုံးပေးသူများကိုမရောင်းဘူး
Vol. 81 Ch. 1132
အခန်း (၁၁၃၂) စျေးအမြင့်ဆုံးပေးသူများကိုမရောင်းဘူး
(၁)နှစ်ဆိုသောအချိန်က လျှင်မြန်စွာပင် နီးကပ်လာခဲ့သည်။
ထိုကာလအတွင်း ထျန်းကျိခန်းမနှင့်ပတ်သက်သောသတင်းများကလည်း များစွာပျံ့နှံ့သွားသည်။
ထျန်းယိခန်းမက “ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်များ” ကိုပင် ရောင်းချမည်ဟု သတင်းထွက်ပေါ်နေပြီး ၊ ထို အင်းသင်္ကေတများက မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ရှောင်တိမ်းဂိုဏ်းမှ ထူးခြားသော ရတနာပစ္စည်းဖြစ်သည်။
ကောင်းကင်ရှောင်တိမ်းဂိုဏ်းမှ သိုင်းပညာအမွေအနှစ်များက အလယ်ဆင့်နှင့် အဆင့်နိမ့်သိုင်းပညာရပ်များထက် များစွာသာလွန်သည်။ သို့သော် တူညီသောအဆင့်ရှိသည့် အင်အားစုများနှင့် နှိုင်းယှဉ်ပါက တိုက်စစ်နှင့် ခံစစ်စွမ်းရည်နှစ်မျိုးလုံး သာမန်သာ ဖြစ်သည်။
သို့သော် ကောင်းကင်ရှောင်တိမ်းဂိုဏ်းတွင် အလွန်ထူးခြားသည့် သိုင်းပညာတစ်ရပ်ရှိပြီး ထိုသိုင်းပညာကြောင့်ပင် မဟာကပ်ဘေးကြီးမတိုင်ခင်ကာလတွင် အလွန်တရာ နာမည်ကျော်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုသိုင်းပညာမှာ လှုပ်ရှားမှုသိုင်းပညာတစ်ရပ်ဖြစ်ပြီး အန္တရယ်မှလွတ်မြောက်အောင်ထွက်ပြေးရာတွင် အလွန်မှ ပြိုင်ဘက်ကင်းသည်။
ထိုသိုင်းပညာကိုအခြေခံပြီး သူတို့က ရှားပါးရတနာပစ္စည်းတစ်ခု ဖန်တီးခဲ့ကြသည်။ ထိုရတနာပစ္စည်းက ဗလာနယ်ကို လှည့်ပြောင်းနိုင်စွမ်းရှိပြီး အန္တရယ်ရှိသောအခြေအနေများကို ရှောင်တိမ်းထွက်ပြေးနိုင်သည်။
ထိုပစ္စည်းသည်ကား ‘ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်’ မှလွဲပြီး အခြားမဟုတ်ပေ။
အင်းချပ်တစ်ခုလျှင် (၇)ကြိမ်တိုင်တိုင် အသုံးပြုနိုင်၏။
လိုအပ်ပါက သက်ရောက်မှု လုံးဝလျော့နည်းသွားခြင်းမရှိဘဲ (၇)ကြိမ်လုံးကို အားကောင်းစွာဖြင့် ဆက်တိုက်ဆိုသလို အသုံးပြုနိုင်သည်။
မည်သည့်အခြေအနေမျိုးတွင်မဆို အောင်မြင်စွာ လွတ်မြောက်အောင်ထွက်ပြေးနိုင်မည်ဟု မဆိုသာသော်လည်း ဤရတနာပစ္စည်းပိုင်ဆိုင်ထားပါက အရေးပေါ်အခြေအနေများတွင် အန္တရယ်ကင်းအောင် စွမ်းဆောင်နိုင်မည်ကတော့ ငြင်းမရသည့်ကိစ္စပင်။
သင့်လျော်စွာအသုံးပြုမည်ဆိုပါက အသက်အပိုပါရှိသကဲ့သို့ အသုံးဝင်မည်ဖြစ်လေရာ ၊ ထိုသို့သောပစ္စည်းမျိုးကို အဘယ်မှာ မလိုချင်သူ ရှိပါမည်နည်း။
တစ္ဆေနတ်ဘုရားဆေးရည်နှင့် ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်သည်ပင် အထက်ဘုံကမ္ဘာမှလူများကို အလွန်တရာ ဆွဲဆောင်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။
သို့သော် မကြာမီမှာပင် ထျန်းကျိခန်းမက ‘အုံ့ဆိုင်းမိုးချပ်ပြား’ များရောင်းချပေးမည်ဆိုသော သတင်းထွက်ပေါ်လာပြန်၏။
ထိုနာမည်က သိပ်ပြီးမထင်ရှားသောနာမည်ဖြစ်သဖြင့် လူအများစု ဘာမှန်းမသိဖြစ်သွားကြသည်။
သို့ပေသိ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် မြောက်ပိုင်းဒေသ ၊ ကျားခုန်တောင်ထွတ်ရှိ ‘လော့’ အိမ်တော်မှ အကြီးဆုံးသားလည်းဖြစ် ၊ ဒုတိယမျိုးဆက် ခေါင်းဆောင်လည်းဖြစ်သော ‘လော့ပေ’ ကတော့ ထိုသတင်းကြားသည်နှင့် ထျန်းကျိခန်းမသို့ အလျှင်အမြန် ရောက်ရှိလာခဲ့သည်။
လော့ပေက ထျန်းကျိခန်းမသို့လာရောက်သည့်ကိစ္စကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်လုပ်ဆောင်ခဲ့သော်လည်း အချို့သော သတင်းစုံစမ်းနေသူများကြောင့် သူ၏လုပ်ရပ်မှာ သတင်းပေါက်ကြားသွားခဲ့သည်။
နောက်ဆုံးမှာတော့ ဘာဖြစ်သည်ကို လူအများ တဖြည်းဖြည်း နားလည်လာကြသည်။
ကျားခုန်တောင်မှ ‘လော့’ အိမ်တော်က အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်တွင်သာမက အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် အစီအရင်ပညာ အောင်မြင်မှုဖြင့် အလွန်ကျော်ကြားသည်။
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု အရှင်သခင်များပြီးလျှင် ကျားခုန်တောင်မှ ‘လော့’ အိမ်တော်က အစီအရင်ပညာရပ်တွင် အထက်ဘုံကမ္ဘာတစ်ခွင် ထိပ်တန်းအဆင့် ရပ်တည်ကြောင်း လူသိရှင်ကြား အသိအမှတ်ပြု ခံထားရသည်။
လော့ပေ၏ဖခင် ၊ လော့အိမ်တော်သခင် ‘လော့ပိုင်ယွမ်’ က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များအလယ်တွင် လောကပထမအစီအရင်ပညာရှင်အဖြစ် ယခင်က ဂုဏ်ပြုခံခဲ့ရဖူးသည်။
ရန်ကျောက်ကဲက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တွင် မြစ်ဝါကိုးကွေ့အစီအရင်ကို အသုံးပြုပြီး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၃)ယောက်ကို မြှုပ်နှံပစ်လိုက်တော့မှ ဤဂုဏ်သတင်းက အနည်းငယ် မှေးမှိန်လျော့ပါးသွားခဲ့ခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ အစီအရင်ပညာနှင့်ပတ်သက်ပြီး ကျားခုန်တောင်ထွတ်မှ ‘လော့’ အိမ်တော်၏စွမ်းရည်ကို မည်သူမှ သံသယရှိကြမည် မဟုတ်ပေ။
လော့ပေက ဒုတိယမျိုးဆက် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူ၏ဖခင်က သူ့အပေါ် များစွာမျှော်မှန်းထားသလို ကျင့်ကြံခြင်းတွင်လည်း ထူးချွန်သူ ဖြစ်သည်။
ယခင်က ဝါဒတောင်တွင် သေဆုံးသွားခဲ့သော တာအိုဆရာ’ရှီ’ ဆိုလျှင် ရှန်လင်ကျီထက် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော်လည်း သူ၏ဂုဏ်သတင်းကတော့ ရှန်လင်ကျီထက် နိမ့်ကျခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူ၏အစီအရင်ပညာက အထက်ဘုံကမ္ဘာရှိ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များအလယ်တွင် ထိပ်တန်းအဆင့် ရှိနေသောကြောင့် ဖြစ်၏။
သို့ပေသိ တူညီသောကျင့်ကြံခြင်းအဆင့်တွင် အမတကူးပြောင်းခြင်း ကနဦးအဆင့်ရှိသော ‘လော့ပေ’ သည် တာအိုဆရာ’ရှီ’ ထက်ပင် ပိုတော်သည်ဟု ကောလဟလများ ထွက်ပေါ်ခဲ့သည်။
လော့ပေကဲ့သို့သောလူတစ်ယောက်က အုံ့ဆိုင်းမိုးချပ်ပြားနှင့်ပတ်သက်သည့်သတင်းစကားကြားရသည့်အခါ ထျန်းကျိခန်းမသို့ အလောတကြီးရောက်လာသည်ဆိုသော သတင်းကြားသိရသည့်အခါ လူအများစုက အာရုံစိုက်လာကြသည်။
မကြာမီ သတင်းများပျံ့နှံ့သွားပြီး ‘အုံ့ဆိုင်းမိုးချပ်ပြား’ ၏ အသုံးဝင်မှုကို လူတိုင်းနီးပါး သိရှိသွားကြတော့သည်။
“အုံ့ဆိုင်းမိုးချပ်ပြား” ဆိုသည့် အမည်က ‘မိုးရွာမည့်အချိန်အတွက် ကြိုတင်ပြင်ဆင်ခြင်း’ ဆိုသော စကားစုမှ ဆင်းသက်လာခြင်း ဖြစ်သည်။
အစီအရင်ပညာဆိုသည်က မိုးနှင့်မြေမှ တန်ခိုးစွမ်းအားကို ချေးယူပြီး စွမ်းအားကြီးမားအောင် စီရင်ပြုလုပ်ခြင်း ဖြစ်လေရာ အားကောင်းသောအစီအရင်တစ်ခု ပြလုပ်နိုင်ရန်အတွက် အခြေအနေများစွာ ၊ ကန့်သတ်ချက်များစွာရှိကြောင်း လူတိုင်း သိရှိကြသည်။
စွမ်းအားကြီးမားသော အစီအရင်များစွာအတွက် အချိန် ၊ တည်နေရာနှင့် သင့်လျော်သောလူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ပြီး ၎င်းတို့အားလုံး၏ သက်ရောက်မှုအား အပြည့်အဝ အသုံးချနိုင်ရန် လိုအပ်သည်။
ဥပမာဆိုရသော် အရင်က ရန်ကျောက်ကဲ တည်ဆောက်ခဲ့သော မြစ်ဝါကိုးကွေ့ အစီအရင် ဖြစ်သည်။ ထိုအစီအရင် တည်ဆောက်ရန်အတွက် မင်းဆက်မြစ်ကဲ့သို့ ကြီးမားသော ရေပြင်သွေးကြောကြီးတစ်ခု လိုအပ်သည်။
ဤ ‘ရေပြင်သွေးကြော’ က အမှန်တကယ် တင်းကျပ်သော လိုအပ်ချက်တစ်ခု ဖြစ်ပြီး ထိုအရာမရှိဘဲ အစီအရင်တည်ဆောက်နိုင်မည် မဟုတ်ပေ။ ထို ရေပြင်သွေးကြောဖြစ်သည့် မင်းဆက်မြစ်နှင့်နှိုင်းယှဉ်နိုင်သော အခြားမြစ်များ အထက်ဘုံကမ္ဘာတွင် အနည်းငယ်သာ ရှိသည်။
သတ်မှတ်ထားသည့်အခြေအနေများနှင့် မကိုက်ညီသည့်တိုင် စွမ်းအားမြင့်မားစွာ တည်ဆောက်နိုင်သော အစီအရင်များလည်းရှိပေသည်။ သို့သော် ထင်သလောက် အစွမ်းထက်မည် မဟုတ်ပေ။
ပတ်ဝန်းကျင်အနေအထားနှင့်ကင်းကွာပြီး အစီအရင်တစ်ခုတည်ဆောက်ရန်မှာ လွယ်ကူသည် မဟုတ်ပေ။
အစီအရင်များက ယေဘူယျအားဖြင့် ပတ်ဝန်းကျင်အနေအထားအပေါ် မှီခိုကြပြီး ၎င်းတို့ကိုတည်ဆောက်ရန် လိုအပ်သောအချိန်အတိုင်းအတာကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးသည်။
လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် အစီအရင်တည်ဆောက်နိုင်မည်ဆိုလျှင်တော့ အကောင်းဆုံး ဖြစ်သည်။
အစီအရင်တစ်ခုတည်ဆောက်ရန် ကြာမြင့်သောအချိန်ကာလ လိုအပ်မည်ဆိုပါက အစီအရင်တည်ဆောက်နေစဉ် အချိန်အတွင်း အလစ်ချောင်းတိုက်ခိုက်ခံရခြင်း ၊ ပြင်ပအန္တရယ်များကျရောက်ခြင်း စသည့် ဖြစ်နိုင်ခြေများစွာ ထွက်ပေါ်လာခြင်း ရှိ မရှိ ပြောရခက်သည်။
တိုက်ပွဲတစ်ခု ရင်ဆိုင်မည်ဆိုလျှင်လည်း ခန့်မှန်းမရသော အပြောင်းအလဲများကြားတွင် အစီအရင်တစ်ခုကို မည်သို့ တည်ဆောက်အသုံးပြုမည်လဲ စဉ်းစားရပေမည်။
အစွမ်းထက် အစီအရင်များကို ပေါ့ပါးလျှင်မြန်စွာ တည်ဆောက်နိုင်သူများမှာ တာအိုဆရာ’ရှီ’ ၊ ‘လော့ပေ’ တို့အဆင့်ရှိသော အစီအရင်ပညာ အထွတ်ထိပ်ကျွမ်းကျင်သူများသာလျှင် ရှိသည်။
ကျားခုန်တောင်ထွတ်မှ ‘လော့’ အိမ်တော်သည် အစီအရင်ပညာအောင်မြင်မှုတွင် အလွန်နာမည်ကျော်ကြားသော်လည်း တကယ်တမ်း အစီအရင်ပညာ အထွတ်ထိပ်ရောက်ရှိသူ အနည်းငယ်မျှသာ ရှိသည်။
ထိုသို့ပင် ကမ္ဘာတစ်ခွင်လုံးတွင်လည်း အစီအရင်ပညာ အထွတ်ထိပ်အဆင့်ရှိသူ အနည်းငယ်သာရှိလေသည်။ ထို့ကြောင့် ‘အုံ့ဆိုင်းမိုးချပ်ပြား’ ဆိုသည့်အရာ ထွက်ပေါ်လာခြင်း ဖြစ်၏။
ဤပစ္စည်းက မဟာကပ်ဘေးကြီးမတိုင်ခင်က တီထွင်မှုတစ်ခုဖြစ်ပြီး မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ပျောက်ကွယ်သွားခဲ့သည်။
ထိုပစ္စည်းက သူ၏အမည်အတိုင်းပင် မိုးမရွာမီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အသုံးပြုနိုင်သ်ည။
ဤ အဖိုးတန်ရတနာပစ္စည်းက လူတစ်ယောက်၏ ကြိုတင်ပြင်ဆင်မှုများကို ပြီးပြည့်စုံစေသည်။ ချပ်ပြားထဲတွင် အစီအရင်ပြုလုပ်ရန် လျှို့ဝှက်ပညာရပ်များအားလုံးကို သိမ်းဆည်းထားနိုင်ပြီး လိုအပ်သည့်အချိန်တွင် အချိန်မရွေး အစီအရင်တစ်ခုကို ချဲ့ထွင် ပြုလုပ်နိုင်ပေမည်။
တိုက်ပွဲတစ်ခုတွင် ရုတ်တရက် ပြောင်းလဲမှုရှိလာပါက ထိုချပ်ပြားကိုအသုံးပြုကာ အစီအရင်တစ်ခု ချက်ချင်းတည်ဆောက်နိုင်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဟုတ်ပေ၏။
အစီအရင်အားလုံးကိုတော့ ထိုချပ်ပြားထဲတွင် သိမ်းဆည်းထား၍ မရနိုင်ပေ။
ဤရတနာပစ္စည်း၏ အကြီးမားဆုံး အားနည်းချက်မှာ တစ်ကြိမ်သာအသုံးပြုနိုင်ခြင်း ဖြစ်သည်။ သို့တိုင် ၎င်း၏တန်ဖိုးကိုတော့ လျှော့တွက်၍ မရနိုင်ပေ။
ယခု ဤပစ္စည်းက ‘လော့’ အိမ်တော်အတွက် အလွန်အမင်း အသုံးဝင်ကြောင်း အပြည့်အဝ နားလည်နိုင်ပေပြီ။
‘လော့’ အိမ်တော်က အစီအရင်ပညာ အောင်မြင်မှုမြင့်မားသည်ဆိုသော်လည်း တစ်ဖက်မှာတော့ သူတို့၏တပည့်များအားလုံးက ရန်သူကိုရင်ဆိုင်ရန် အချိန်တိုအတွင်း အစီအရင်တည်ဆောက်နိုင်ခြင်း မရှိကြပေ။ သို့ဖြစ်ရာ ဤရတနာပစ္စည်းက သူတို့အတွက် တိုက်ပွဲတွင် အထောက်အကူ ဖြစ်နိုင်ပေသည်။
နောက်တစ်ချက်မှာ ‘လော့’ အိမ်တော်၏ပြိုင်ဘက်များ ဤပစ္စည်းကို ရရှိသွားပါက ‘လော့’ အိမ်တော်အနေဖြင့် အစီအရင်ပညာ အားသာချက်မှာ မေးခွန်းထုတ်စရာပင်မလိုဘဲ အားနည်းသွားမည် ဖြစ်သည်။
စီးဆင်းနေသော မြစ်ရေစီးကြောင်းကို ဆန့်ကျင်ဘက်သို့ တွန်းလှန်ရန် ကြိုးစားခြင်းမှာ မဖြစ်နိုင်ပေ။
သူတို့အနေဖြင့် လက်ရှိအနေအထားကို ထိန်းသိမ်းထားနိုင်သည့်တိုင် ပြိုင်ဘက်များက တိုးတက်လာပါက အခြေအနေ ဆုတ်ယုတ်သွားခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ‘လော့’ အိမ်တော်အနေဖြင့် မည်သို့မှ အေးအေးဆေးဆေး နေနိုင်မည် မဟုတ်ပေ။
သတင်းရရှိသူအားလုံးမှာ စိတ်လှုပ်ရှားရင်ခုန်သွားကြသည်။
သို့သော် မေးခွန်းထုတ်ရမည့်အချက်မှာ ပစ္စည်းများက မည်သည့်နေရာတွင်ရှိမှန်း မသိရသေးသလို ကြိုတင်မှာယူခွင့်လည်း မရှိပေ။
တစ္ဆေနတ်ဘုရားဆေးရည်နှင့် ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်တို့သည်လည်း ဤအတိုင်းပင် ဖြစ်သည်။
ထို့ပြင် တစ်နှစ်တာကာလ နီးကပ်လာသည်နှင့်အမျှ ထျန်းကျိခန်းမက ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ များကို အမြောက်အမြားရောင်ချမည်ဟု ထပ်မံ သတင်းထုတ်လွှင့်ခဲ့ပြန်သည်။
ထိုသို့ဖြင့် လူတိုင်းပို၍ပင် ရူးသွပ်မက်မောလာကြရတော့သည်။
ကုန်ကြမ်းပစ္စည်း အလုံအလောက် မရှိသူများအတွက် မလွှဲမရှောင်သာ ဘာမှမတတ်နိုင်သော်ငြား ကုန်ကြမ်းရှိသူများအတွက်တော့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ဝယ်ယူခြင်းက သူတို့ပြုလုပ်မည့် လက်နက်ပစ္စည်းများကို မူလမျှော်မှန်းထားသည်ထက် များစွာပိုမိုပြီး အချိန်ကုန်သက်သာစေပေလိမ့်မည်။
ဤနေရာတွင် တွေးတောရမည်မှာ -
မြင့်မားသောအဆင့်တစ်ခုသို့ရောက်ရှိရန် ကြိုးစားနေသည့် မည်သည့်သိုင်းဂိုဏ်းမဆို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို လျစ်လျူရှုနိုင်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော ၎င်းတို့၏ပြိုင်ဘက်က မီးပြင်းဖိုတစ်လုံးရယူသွားပါက သူတို့အနေဖြင့် နောက်ကောက်ကျ ကျန်ရစ်ခဲ့မည် ဖြစ်၏။
ထျန်းကျိခန်းမ မဖွင့်ရသေးသည့်တိုင် ပတ်ဝန်းကျင်တစ်ခွင် စောင့်ဆိုင်းနေသူများနှင့် ပြည့်နက်နေပြီး စျေးတစ်ခုပမာ စည်ကားသိုက်မြိုက်နေတော့သည်။
သို့သော် ထျန်းကျိခန်းမက ရောင်းချမည့်ကုန်ပစ္စည်းများမှာ အရေအတွက် အကန့်အသတ်ရှိနေသဖြင့် ကြိုတင်မှာယူမှုများကို ယာယီအားဖြင့် လက်ခံမည်မဟုတ်သေးကြောင်း ကြေငြာခဲ့သည်။
ကုန်ပစ္စည်းအကန့်အသတ်ရှိခြင်းနှင့် ကုန်ပစ္စည်းများ ကြိုတင်မှာယူနိုင်ခြင်းမရှိဆိုသော ထုတ်ပြန်ချက် (၂)ခုက လူအများကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။
ထို့ပြင် သူတို့ကို စိတ်အနှောက်အယှက်ပိုပြီးဖြစ်စေသည်မှာ ‘ထျန်းကျိခန်းမ’ တရားဝင်ဖွင့်လှစ်ပြီး ပစ္စည်းများရောင်းချသည့်အခါ ‘အမြင့်ဆုံးစျေးပေးနိုင်သူ’ က ပစ္စည်းများကို ဝယ်ယူနိုင်မည်မဟုတ်ဘဲ ‘အရင်ရောက်သူက အရင်ဝယ်ယူခွင့်ရှိမည်’ ဟု ဆိုထားခြင်း ဖြစ်သည်။
သို့ပေသိ မိမိတို့လိုချင်သောပစ္စည်းများကို “ယာယီအားဖြင့် ကြိုတင်မှာယူနိုင်ခြင်းမရှိ” ဟု ဆိုထားသဖြင့် နောက်ပိုင်းမှာတော့ ပစ္စည်းများမှာကြားနိုင်မည်ဆိုသော အလားအလာကို လမ်းဖွင့်ပေးထားသည်။
ရှောင်အိုက်က စိတ်ဝင်တစားဖြင့်....
“အမြင့်ဆုံးစျေးနှုန်းပေးတဲ့သူတွေကို ဘာလို့မရောင်းတာလဲ သခင်လေး”
ထျန်းကျိခန်းမ တရားဝင်ဖွင့်လှစ်မည့်ရက် နီးကပ်သည့်အခါ ရန်ကျောက်ကဲက နဂါးလိပ်ပြာတောင်ကြားမှ ထွက်ခွာလာပြီး ယွမ်ကျိုးမြို့တွင် တည်ဆောက်ထားသော ထျန်းကျိခန်းမသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရန်ကျောက်ကဲက သစ်သားကုလားထိုင်တစ်လုံးထက်တွင် အေးအေးဆေးဆေးထိုင်ရင်း ခြေထောက်များကို ဆန့်တန်းလိုက်ပြီး...
“မင်းက ပိုက်ဆံကိုပဲမြင်တာကိုး...”
“နောက်ပိုင်းမှာ သူတို့ယှဉ်ပြိုင်ရမှာက ဘာလဲဆိုတော့... ရတနာပစ္စည်းလိုဟာမျိုးတွေမဟုတ်ဘူး... အဲဒီအစား...”
ရန်ကျောက်ကဲက လက်ညှိုးတစ်ချောင်းထောင်လိုက်ပြီး...
“အဲဒီအစား... အဲဒါက အရည်အချင်းလိုဟာမျိုး ဖြစ်လိမ့်မယ်”