← Chapters

ဝေ့ဝူယင်နှင့် လုံချန်

Vol. 11 Ch. 147

ဝေ့ဝူယင်နှင့် လုံချန်

Vol. 11 Ch. 147

ရည်ရွယ်ချက် မရှိပါပဲ ဝူပိုင်ကျိုးသည် ဝေ့ဝူယင်နှင့် လုံချန်တို့ကို စိတ်ထဲမှ နှိုင်းယှဉ်လိုက်မိတော့၏။

ထိုလူငယ် နှစ်ယောက်မှာ နိမ့်ကျသော မျိုးနွယ်များမှ လာသည့်တိုင် နတ်ဘုရား အရှင်များ ဖြစ်နေကြပြီ ဖြစ်သည်။ လုံချန်သည် ငါးနှစ် ပိုမို ငယ်သည် ဆိုသော်လည်း ဝေ့ဝူယင်မှာ ပိုမို အစွမ်းထက်သည်။

သံသယ ရှိစရာ မလိုလောက်အောင်ပင် သူတို့ နှစ်ယောက် စလုံးမှာ သူ့နည်းသူ့ဟန်ဖြင့် အစွမ်းထက်သည့် ပါရမီရှင်များ ဖြစ်ကြသည်။

သို့သော်လည်း လက်ထဲရှိ ဝိညာဉ် ကုသခြင်း ဆေးရည် ပုလင်းကို ငုံ့ကြည့်မိချိန်၌ သူမ၏ အတွေးများက အနည်းငယ် ပြောင်းလဲသွား၏။

အကယ်၍ ဝေ့ဝူယင်သာ အမှန်တကယ် ထိုဆေးရည်ကို ဖန်တီးခဲ့ခြင်း ဆိုပါက အနည်းဆုံး အဆင့်ခြောက် အဂ္ဂိရတ် အရှင် အဆင့်ကို ရောက်နေရပေမည်။ အသက် သုံးဆယ်ကျော်ဖြင့် အဂ္ဂိရတ် အရှင် တစ်ပါး ဖြစ်လာခြင်း… ထိုအရာက ပါရမီ ဆိုသော စကားလုံးထက်ပင် ကျော်လွန်နေသည့် ဖြစ်တည်မှုမျိုး ဖြစ်၏။

သူမ နောက်သို့ လှည့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ် နေသော လုံချန်ကို တွေ့မြင် လိုက်ရသည်။ သူတို့ နှစ်ယောက် အတူ ကုန်ဆုံးခဲ့သည့် မှတ်ဉာဏ်များမှာ တဖျပ်ဖျပ်ဖြင့် သူမ၏ အာရုံတွင် ပြန်ပေါ် လာခဲ့၏။ သူတို့ နှစ်ယောက်မှာ ယောက်ျားနှင့် မိန်းမတို့ အကြားမှ စည်းကိုပင် ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။

သူမ အသက်ကို ပြင်းပြင်းရှူ လိုက်၏။ ထိုလက်ဆောင်ကို သူမ အလကား လက်ခံလိုက်၍ မဖြစ်ကြောင်း နားလည်လိုက်သည်။

"ကျွန်မ လက်မခံနိုင်ပါဘူး… သင့်တော်တဲ့ တန်ကြေးကို ပေးချေ ပါရစေ… ဒါပေမဲ့ လောလောဆယ် ကျွန်မမှာက"

ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်သည်။

"ကိစ္စ မရှိပါဘူး… ဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်လာတဲ့ အချိန်ကျ မင်း ပေးနိုင်လာမှာပါ… အဲဒီအချိန်အထိ ငါ စောင့်နေပါ့မယ်"

မရေမတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို မနာလိုစွာ ကြည့်ရှုနေကြ၏။ ထိုအခိုက်၌ ယောက်ျားသားများမှာ လှပသော မိန်းကလေး တစ်ယောက် ဖြစ်လိုနေကြကာ မိန်းကလေးများမှာမူ ဝူပိုင်ကျိူး ဖြစ်လို နေကြသည်။ သူမသည် တော်ဝင် မျိုးနွယ်၌ မွေးဖွားလာကာ ပြိုင်ဘက်ကင်း ရုပ်ရည်နှင့် ပါရမီတို့ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ဝိညာဉ် ကုသခြင်း ဆေးရည် တစ်ပုလင်းကို လက်ဆောင် အဖြစ် ရရှိခဲ့သေးသည်။ သူမလောက် ကံကောင်းသူ ဘယ်မှာ ရှိနိုင်ပါတော့မည်နည်း။

"ကျွန်မ…"

ဝူပိုင်ကျိုးမှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့၏။ လုံချန်မှာ ရှေ့သို့ တက်လာကာ ဝေ့ဝူယင်ကို သိုလှောင် လက်စွပ် တစ်ကွင်း ပစ်ပေးလိုက်သည်။

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ထိုအရာကို ဖမ်းယူကာ ဝိညာဉ် အာရုံဖြင့် ဆန်းစစ် ကြည့်လိုက်၏။ ထို့နောက် အေးအေးဆေးဆေးပင် ပြုံးလိုက်သည်။

"ငွေအပြည့် ချေပြီးပြီ… ဆေးရည်ကို မင်း ပိုင်သွားပါပြီ"

လုံချန် ထိုမျှ များပြားသည့် ဝိညာဉ် ကျောက်တုံးများကို မည်ကဲ့သို့ ရရှိလာမှန်း ဝေ့ဝူယင် မသိသော်လည်း စိတ်ထဲတွင် သွေးများ ယိုစီးနေမည် ဖြစ်ကြောင်းတော့ သေချာပေသည်။ ထိုပမာဏမှာ ကြယ်တာရာ အမြုတေ အဆင့်များပင် သုံးဖြုန်းရန် နှစ်ခါပြန် စဉ်းစားရမည့် ပမာဏမျိုး ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ တန်ရာတန်ကြေးကို ပေးချေလာသည့်နောက် သူက အဘယ်ကြောင့် ငြင်းရမည်နည်း။ အားလုံး၏ အကြည့်များ ရှေ့တွင်ပင် ထိုအမတေ ကျောက်တုံး အားလုံးကို သူ သုံးလွှာ လက်စွပ် အတွင်း ထည့်သွင်း၍ သိမ်းဆည်းလိုက်၏။

ထိုအချိန်တွင်ပင် ပုံရိပ်လေးခုမှာ ရင်ပြင် ရှိရာဆီသို့ ဝင်ရောက်လာခဲ့လေသည်။ သူတို့သည် မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သိပုံ မရချေ။ အနက်ရောင် ကြိုးကြာ တစ်ကောင်ကို စီးနင်းရင်း ဆင်းသက်ရမည့် နေရာလွတ် တစ်ခုကို ရှာဖွေနေ၏။

သူတို့ထဲမှ တစ်ယောက်မှာ ပတ်ပတ်လည်ကို လိုက်လံ ကြည့်ရင်း ခပ်လှမ်းလှမ်း၌ ရပ်နေသည့် ဝေ့ဝူယင်ကို တွေ့မြင်သွား၏။ ရုတ်ချည်းပင် သူမ၏ မျက်လုံးများက တောက်ပသွားကာ ငှက်တစ်ကောင် အလား ထိုနေရာဆီသို့ ပျံဝဲသွားသည်။ မကြာခင်မှာပင် သူမသည် ဝေ့ဝူယင်၏ အရှေ့သို့ ရောက်ရှိလာ၏။

"မေ့ယန်…"

ဝေ့ဝူယင်က သူမအား ထူးမခြားနားစွာပင် ကြည့်လိုက်၏။

သို့သော်လည်း မေ့ယန်မှာမူ ကာလရှည်ကြာ ကွဲကွာနေရသည့် လင်ယောက်ျားကို ပြန်တွေ့ လိုက်ရသည့် အလား အနားသို့ ကပ်လာကာ လက်မောင်းကို သိုင်းဖက်လျှက် ချွဲချွဲနွဲ့နွဲ့ မှီလိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပ ညင်သာနေကာ ချစ်ခြင်း၏ အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ သူမ၏ ပုံစံက ရက်စက် ကြမ်းကြုတ်သည်ဟု နာမည် ကျော်ကြားသည့် နေကျီးကန်း စုန်းမ မဟုတ်သည့် အလားပင်။

"ရှင့်နဲ့ ပြန်တွေ့ခွင့် ရဖို့ ကျွန်မ ဘယ်လောက်အထိ အားတင်းထားရတယ် ဆိုတာ သိရဲ့လား"

သူမအား ကြည့်ရသည်က ဒဏ်ရာများအားလုံး ပြန်ကောင်းသွားသည့်အပြင် ကျင့်ကြံခြင်းတွင်ပါ တိုးတက်မှုများ ရရှိလာခဲ့ပုံ ရသည်။

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းချလိုက်၏။ မင်္ဂလာပွဲ ကျင်းပသည့် နေ့၌ သူသည် ကိုယ်ပွားမှ တစ်ဆင့် သူမထံ သတင်းစကားပါးခဲ့သည်။ ထိုသတင်းစကားထဲတွင် သူမ၏ ဒဏ်ရာများကို ပြန်လည် ကုသပေးမည် ဟူသည့် ကတိစကား အပြင် သူတို့ နှစ်ယောက် တွေ့ဆုံနိုင်မည့် ဆုံမှတ် နေရာ အကြောင်း အသေးစိတ် အချက်အလက်များ ပါဝင်နေ၏။

သူသည် အမှန်တကယ်ပင် သူမကို ကုသပေးခဲ့သည်။ သို့သော်လည်း သူ၏ နည်းလမ်းက နည်းနည်းတော့ ရင်ခုန် လိုက်မောဖို့ ကောင်းလွန်းသည်။

ဒဏ္ဍာရီများထဲ၌ နဂါးများမှာ အချစ်တတ်ဆုံး မျိုးစိတ်များ ဖြစ်သည်ဟု မှတ်တမ်းတင် ထားကြသည်။ သူတို့သည် အဆုံးမဲ့ ကောင်းမွန်‌‌သော သက်လုံကို ပိုင်ဆိုင်ကြကာ ရုပ်ခန္ဓာ ကြံ့ခိုင်မှုတွင်လည်း အမြင့်ဆုံး အဆင့်တွင် ရှိကြသည်။ ဝေ့ဝူယင်ကား နဂါးသွေးမျိုးဆက်နှင့် နဂါးသွေး ဝိညာဥ်ကို ပိုင်ဆိုင်ထားရာ သူ၏ စွမ်းဆောင်ရည်မှာ သာမန် ယောက်ျားများထက် အဆပေါင်းများစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် ရက်အတန်ကြာ ကိုယ်ဖိရင်ဖိ ကုသမှု အပြီး၌ ထိုမိန်းမလှသည် ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာရုံသာ မကပဲ သူ့ကိုပါ တန်းတန်းစွဲ ဖြစ်သွားခဲ့သည်။

ဝေ့ဝူယင် မေ့ယန်ထံမှ ရုန်းထွက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူမက သူ၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ကာ နည်းနည်းမျှပင် မလွတ်ပေးတော့ချေ။

“ ... “

ဝေ့ဝူယင် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထိုမိန်းမကို သူ မည်ကဲ့သို့ ခွာထုတ်ရပါမည်နည်း။

“ဝေ့ဝူယင်...”

ထိုအချိန်တွင်ပင် အဝေးမှ ခေါ်သံတစ်ခုကို သူကြားလိုက်ရသည်။ ထိုအရပ်သို့ လှမ်းကြည့်လိုက်သော အခိုက်၌ ရင်းနှီးခဲ့ဖူးသော ပုံရိပ်လေး တစ်ခုကို သူ တွေ့လိုက်ရ၏။ ဝေ့ဝူယင်၏ စိတ်အစဥ်က လွန်ခဲ့သော ဆယ့်နှစ်ကျော် နေ့ရက်များဆီသို့ ပြန်လည် ရွေ့လျားသွားသည်။ အကယ်၍ “အချစ်” ဆိုသော စကားလုံးသာ သူ၏ နှလုံးသား အတွင်း တည်ရှိခဲ့ပါက သူမမှာ အနီးကပ်ဆုံး တည်ရှိခဲ့ဖူးပေလိ့မ်မည်။

ယခုအခါ၌ သူမသည် အိုမင်းရင့်ရော်မှုကို ဖုံးကွယ်ရန် အတွက် အထူး နည်းလမ်းများ မလိုအပ်တော့ချေ။ ကျင့်ကြံခြင်း အဆင့် တိုးတက်လာခြင်း၏ အကျိုးဆက် တစ်ခု အနေဖြင့် သူမ၏ အသားအရေမှာ တင်းမာပြီး ချောမွေ့နေခဲ့ပြီ ဖြစ်သည်။ သူမ၏ အသွင်အပြင်သည် အသက်လတ်ပိုင်း မိန်းမတစ်ဦး အဖြစ်မှ အသက်နှစ်ဆယ်ကျော် မိန်းမပျိုလေး အဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူမတွင် ပြီးပြည့်စုံသည့် မျက်နှာ ဖွဲ့စည်းပုံနှင့် ပြစ်မျိုးမှဲ့မထင် ကောက်ကြောင်းများ မရှိပါချေ။ သူမအား ရိုးရှင်းပြီး ချစ်စဖွယ် ကောင်းသည့် မိန်းမ တစ်ယောက်ဟုသာ သတ်မှတ်နိုင်သည်။ သူမတွင် ပခုံးထိရုံသာ ရှည်သည့် အညိုရောင် ဆံပင်များ ရှိ၏။ သူမ မျက်နှာရှိ သဘာဝ အစက်အပျောက်များကမူ ဘေးနားအိမ်က ကောင်မလေး ဆိုသော ခံစားချက်ကို ပေးစွမ်းနိုင်စွမ်း ရှိသည်။

ခြုံငုံ၍ ပြောရပါက သူမနှင့် ပတ်သက်၍ မည်သည့် ထူးခြားချက်မျှ မရှိသလောက်ပင် ဖြစ်သည်။ သို့သော်လည်း ထိုအရာများက ဝေ့ဝူယင် အတွက် အရေးမကြီးချေ။

သူ အပြင်စည်းဂိုဏ်းသား ဘဝတည်းက ထိုမိန်းမက သူ့အား ကူညီခဲ့သည်။ သူ့ဘက်တွင် အစဥ်အမြဲ ရပ်တည်ကာ အခက်ခဲဆုံး အချိန်များတွင်ပင် အတူရှိပေးခဲ့သည်။ ကြယ်တာရာတို့ စုံလင်သော ညတစ်ည၌ သူတို့ နှစ်ယောက်သည် ယောက်ျားနှင့် မိန်းမတို့ အကြားမှ စည်းကိုပင် ကျော်ဖြတ်ခဲ့ကြသည်။

မေ့မေ့...

သူမကား ဝေ့ဝူယင်၏ နှလုံးသားထဲတွင် တစ်ချိန်က နေရာယူခဲ့ဖူးသော မေ့မေ့ပင် ဖြစ်လေတော့သည်။

မေ့မေ့သည် စုလင်းယု၊ ဝူချန်းတို့နှင့် အတူ ဝေ့ဝူယင်နှင့် မေ့ယန်တို့ ရှိရာ နေရာဆီသို့ ချည်းကပ်လာ၏။

ဝူချန်း၏ အမူအရာက ဝေ့ဝူယင်ကို ကြည့်ကာ အနည်းငယ် ဆိုးရွားသွားသည်။ သူသည် သေမျိုး နတ်ဘုရား ပင်လျှင် မဖြစ်သေးချေ။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ယခုမှ ချီပျစ်ခဲခြင်း အဆင့်လေးတွင်သာ ရှိနေသေးသည်။ တစ်နှစ်ကျော် ကာလအတွင်း၌ သူ၏ ကျင့်ကြံခြင်းမှာ အနည်းငယ်ပင် တိုးတက်လာခြင်း မရှိခဲ့ချေ။ သူ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာလည်း မေ့မေ့အား အားပေးရန် သက်သက်သာ ဖြစ်သည်။ မေ့မေ့သည် ထိုလျှို့ဝှက်ဂိုဏ်းကြီး၏ ဝင်ခွင့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုရန် အရည်အချင်း မှီပေသည်။

အရှေ့၌ ရပ်နေသူက အစစ်အမှန်ပင် ဝေ့ဝူယင် ဖြစ်ကြောင်း သိလိုက်ရသော အခိုက်၌ မေ့မေ့၏ မျက်လုံးများမှာ တောက်ပသွား၏။ အရှိန်အဝါ၊ အငွေ့အသက်တို့ ပြောင်းလဲသွားသည့်တိုင် ထိုမျက်လုံးများကို သူမ ဘယ်တော့မှ မေ့သွားလိမ့်မည် မဟုတ်ချေ။

လုံချန်၊ မင်ရှုဖုန်း၊ လင်းကျိရန်နှင့် နာ့ရှင်းရီတို့သည် ဝေ့ဝူယင်ထံ ဦးတည် လျှောက်လာနေသည့် ထိုအုပ်စုကို လှမ်းကြည့်လိုက်ကြသည်။ ထိုအခိုက်တွင်ပင် ရုတ်တရက်... ပတ်ဝန်းကျင် လေထုမှာ တင်းမာသွားကာ ဖိအားများဖြင့် ပြည့်နှက်သွားသည်။

ဝေ့ဝူယင်မှာ ထိုအရာကို ခံစားမိသည်။  ထို့ကြောင့်ပင် သူ၏ မျက်လုံးများက လျှပ်စီးလက်သလို ရွေ့လျားသွားကာ ရင်းမြစ်ကို ရှာဖွေလိုက်၏။

လုံချန်...

လုံချန်၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်လာကာ လက်သီးများမှာ တင်းကြပ်စွာ ဆုပ်သွား၏။ သူသည် ရုတ်ချည်းပင် ဓားကို ဆွဲထုတ်လိုက်ကာ သတ်ဖြတ်လိုစိတ်မှာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

နောက်ဆက်တွဲ ဖြစ်ရပ်ကား စကားလုံးများဖြင့်ပင် ဖော်ပြရန် ခက်ခဲလှ၏။ လုံချန်သည် ပစ်လွှတ်လိုက်သော မြှားတစ်စင်း အလား မေ့ယန်၊ ဝူချန်းနှင့် စုလင်းယာတို့ထံ တိုးဝင်သွားတော့သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။

“ရပ်စမ်း...”

သူ၏ အော်ဟစ်သံတွင် အစစ်အမှန် နဂါးတို့၏ စွမ်းအားများ ပါဝင်နေလေရာ ကမ္ဘာကြီးမှာ မိုးကြိုးစက်ကွင်း ထိသည့် အလား တဟုန်းဟုန်း တုန်လှုပ်သွားသည်။ သူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ မီတာပေါင်း ထောင်ချီအောင် အက်ကွဲသွားကာ သူ၏ ခန္ဓာကိုယ် ကြွက်သားများမှာ ထင်းခနဲ ပေါ်ထွက်လာလေ၏။

ဘုန်း...

ထို့နောက် ရုတ်ချည်းပင် သူ၏ ခန္ဓာကိုယ်က မေ့ယန်၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်ကာ အရှေ့ကို ပြင်းစွာသော အဟုန်ဖြင့် ရွေ့လျားသွားလေတော့၏။

ဝေ့ဝူယင်ကား အလွန်ပင် လျှင်မြန်လွန်းသည်။ အဘယ်မျှ လျှင်မြန်သနည်း ဆိုသော် မြေငလျင်၊ လျှပ်စစ် မိုးကြိုးနှင့် ဆူနာမီတို့ ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ မွေးဖွားလာခြင်းတို့နှင့် နှိုင်းယှဥ်လျှင်ပင် လွန်မည် မထင်ချေ။

လုံချန်ထက် နောက်ကျမှ လှုပ်ရှားသည့်တိုင် ဝေ့ဝူယင်သည် မေ့မေ့ အနားသို့ လုံချန်ထက် အလျင် ရောက်ရှိသွား၏။ ရောက်ရှိလာသော အချိန်၌ သူ၏ လှုပ်ရှားမှုသည် သဘာဝ တရား၏ ဖြစ်တည်မှုများကို ကျော်လွန်နေသည့် အလား မေ့မေ့၏ ဝတ်ရုံကို တစ်ချက်ပင် လှုပ်ခါစေခဲ့ခြင်း မရှိခဲ့ချေ။

ဝေ့ဝူယင် မေ့မေ့ကို နောက်ကျောသို့ ပို့လိုက်ကာ မရဏပြည်၏ အရှင်တစ်ယောက်၏ မျက်လုံးများဖြင့် လုံချန်ကို ကြည့်လိုက်သည်။

“နောက်ခြေတစ်လှမ်း ရှေ့ဆက်တိုးမယ် ဆိုရင် ငါ့ကို အဆိုးမဆိုနဲ့”

သူ၏ လေသံက အကြောက်အလန့် ကင်းမဲ့နေကာ ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်း သားရဲ တစ်ကောင်၏ ပဲ့တင်သံမျိုး ပါရှိနေ၏။

လုံချန်က အရှိန်သတ်ရင်း ဝေ့ဝူယင်နှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ သူ၏ မျက်လုံးများက တဝင်းဝင်း တောက်လောင်နေကာ ဝေ့ဝူယင်ကို သားရဲတစ်ကောင် အလား စိုက်ကြည့်လိုက်သည်။ သူ၏ နှလုံးသားမှာ ဒေါသတရားများနှင့် ပြည့်နှက်နေ၏။

သူ သတ်ချင်သည့် လူကို မည်သူက တားရဲသနည်း။ အညစ်အကြေးများကို ကာကွယ်ရန် ကြိုးစားပါက ထိုသူကိုပါ သူသတ်ပစ်မည် ဖြစ်သည်။

ဓားနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်တို့သည် သူ၏ ဝိညာဥ် အတွင်းပိုင်းမှ ရုန်းကြွလာကာ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွား၏။ ဓားအား လက်၌ ဆွဲကိုင်ရင်း တိုက်ခိုက်ရန် အဆင်သင့် အနေအထားသို့ သူ ရောက်ရှိသွားသည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ တည်ငြိမ်နေသည်။ ကြောက်စရာ ကောင်းလောက်အောင် တည်ငြိမ်နေသည်။ သတ်ဖြတ်လိုသည့် ဆန္ဒသည် သူ၏ စိတ်တစ်ခုလုံးကို လွှမ်းခြုံထား၏။ အကယ်၍ ချင်ချူးမူကြောင့်သာ မဟုတ်ပါက ပထမဆုံး စတင်တွေ့သည့် နေ့ကတည်းက သူ လုံချန်ကို သတ်ဖြတ်ခဲ့လောက်ပြီ ဖြစ်သည်။ အကယ်၍ ကောင်းကင်က ကာကွယ်နေလျှင်ရော ဘာအရေးနည်း။ သူကား ကောင်းကင်၏ ဆန္ဒကို ဆန့်ကျင်ကာ ကျင့်ကြံနေသည့် အပြစ်သား တစ်ဦး ဖြစ်သည်။ နောက်ထပ် အပြစ်တစ်ခု ထပ်လုပ်ရခြင်းက သူ့အတွက် မပြောပလောက်ချေ။

“သွားစမ်း...”

ဝေ့ဝူယင် လက်သီးကို ဆုပ်ကာ ထိုးနှက်လိုက်တော့၏။

***

All Chapters