နဂါးကိုးကောင်
Vol. 11 Ch. 148
“ဘုန်း... ဘုန်း... ဘုန်း...”
ချက်ချင်းပင် နေရာအနှံ့မှ မီးတောက် မီးလျှံများ ထွက်ပေါ်လာကာ ရေခဲလှိုင်း တစ်ခုမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ မြေကြီးမှာလည်း အလိပ်လိုက်၊ အလိပ်လိုက်ဖြင့် တောင်ကုန်းငယ် တစ်ခု မွေးဖွားလာသကဲ့သို့ ကြွတက်လာသည်။ လေဆင်နှာမောင်းများက အရပ်မျက်နှာ ပေါင်းစုံမှ တိုးဝှေ့ တိုက်ခတ်လာကာ မိုးကြိုးများမှာ ကြုံရာကျပန်း ပစ်ချလာ၏။ ချော်ရည်ပူများသည်လည်း မြေပက်ကြားများမှ တစ်ဆင့် လျှံထွက်ကာ ကောင်းကင်တိုင် စီးဆင်းလာလေ၏။
ဒြပ်စင်ကိုးခု မွေးဖွားလာခြင်းနှင့် အတူ ကမ္ဘာလောကကြီးမှာ စတင်ကာ ပြောင်းလဲလာ၏။ မေ့မေ့သည် မထိမခိုက် တည်ရှိနေဆဲ ဖြစ်သော်လည်း နေရာတိုင်းမှာမူ ဖရိုဖရဲ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ပိုင်လင်သည် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် စုမေ့ကို သယ်ဆောင်ကာ ကောင်းကင်ဆီ ပျံတက်သွား၏။ သူမ၏ ရွှေရောင် မျက်လုံးများမှာမူ ဝေ့ဝူယင်ကို ကြည့်ကာ အတော်လေး ထိတ်လန့် ကြောက်ရွံ့နေဟန် ရသည်။
ဒြပ်စင်ကိုးခုသည် လောကကြီးနှင့် နက်နဲစွာ ဆက်စပ်နေရာ ကမ္ဘာပေါ်ရှိ မည်သည့် အရာကို မဆို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ လုံချန်ပင်လျှင် ပြောင်းလဲလာသော ကမ္ဘာကြီးကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
သူသည် တိုးဝင်လာသည့် ရေစက်များနှင့် လေဆင်နှာမောင်းတို့ကို ဓားဖြင့် ခုတ်ဖြတ်လိုက်ကာ ဝါးမျိုရန် ကြိုးစားလာသည့် မီးတောက် မီးလျှံများကို ခုန်ကျော်လိုက်သည်။ ကြံရာကျပန်း လျှပ်စီး မိုးကြိုးများသည် သူ၏ ခေါင်းထက်၌ ပေါ်လာကာ ပစ်ချလိုက်၏။
ထိုအခိုက်၌ လောကကြီး တစ်ခုလုံးကား သူ့အား မဟာရန်သူ သဖွယ် သဘောထား နေကြပုံ ရလေသည်။ လုံချန်၏ နှလုံးသားမှာ တုန်ရီနေ၏။
လူအုပ်ကြီးမှာ နာ့ရှင်းရီနှင့် စုမေ့တို့၏ တိုက်ပွဲ ကဲ့သို့ ပေါ့ပေါ့တန်တန် မလုပ်ရဲတော့ချေ။ ချက်ချင်းပင် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူကြီးများသည် သူတို့၏ ဂျူနီယာများကို ဘေးကင်းလွတ်ရာ နေရာများသို့ ခေါ်ဆောင်သွားကြ၏။ နတ်ဘုရား ဧကရာဇ် အဆင့်များပင်လျှင် ဦးယားဖားယားဖြင့် နောက်သို့ ဆုတ်ကာ အကာအကွယ် အလွှာများကို ဆင့်ခေါ်လိုက်ကြသည်။
လုံချန်က သူ၏ ဓားကို မြှောက်လိုက်ရင်း ဝေ့ဝူယင်ထံ ဦးတည်ကာ လွှဲခုတ်လိုက်၏။
အစစ်အမှန် သတ်ဖြတ်သူဓား...
သူသည် ဧကရာဇ်ဝူကို အနိုင်ယူခဲ့သည့် ဓားချက်ကိုပင် ထပ်မံ ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်မှာ ပထမ တစ်ကြိမ်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်နေ၏။ အကယ်၍ ဝေ့ဝူယင် နေရာတွင် ဧကရာဇ်ဝူသာ ဆိုပါက ခုခံရန် အချိန်ပင် မရပဲ တစ်ခါတည်း သေဆုံး သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း...
“ဟမ့်...”
ဝေ့ဝူယင်က အေးစက်စက် နှာခေါင်းရှုံ့ကာ ခြေဖနှောင့်အား တစ်ချက် ပေါက်လိုက်သည်။ ထိုအခါ လောကတွင် ဖြစ်တည်နေသည့် ဒြပ်စင်များမှာ မိုးကြိုးထစ်ခြုန်းသံများအား ထုတ်လွှတ်ကာ ပြင်းထန်စွာ ပေါက်ကွဲ သွားကြတော့၏။ အလင်းတန်းများမှ စူးရှတောက်ပြောင်လွန်းလေရာ လူများမှာ တဒင်္ဂမျှ မျက်လုံးများ ကွယ်သွားကြ၏။
အမြင်အာရုံကို ပြန်လည် ရရှိကြသော အခိုက်၌ သူတို့၏ နှလုံးသားများက ဝန်ရိုးစွန်း ဒေသသို့ ရောက်ရှိသွားသည့် အလား အေးခဲသွားကြတော့သည်.
“ဂါး... ဂါး... ဂါး...”
ဝေ့ဝူယင်ကို ဗဟိုပြုလျှက် နဂါးကြီး ကိုးကောင်မှာ ပျံဝဲနေ၏။ မတူကွဲပြားသော အရောင်အဆင်းနှင့် ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ တစ်ကောင်ချင်းစီကို မည်သည့် ဒြပ်စင်များဖြင့် ဖွဲ့စည်းထားကြောင်း တွေ့မြင်နိုင်သည်။ ၎င်းတို့ကား မီးတောက် နဂါး၊ ချော်ရည်ပူ နဂါး၊ ရေခဲနဂါး၊ ရေနဂါး၊ သစ်သားနဂါး၊ မိုးကြိုးနဂါး၊ ကမ္ဘာနဂါး၊ သံမဏိ နဂါးနှင့် လေနဂါးတို့ပင် ဖြစ်လေ၏။
ထိုနဂါးတစ်ကောင်ချင်းစီမှာ မီတာတစ်ရာခန့်စီ ရှည်လျားကြကာ အလွန် ကြီးမားသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထား၏။ သန့်စင်ပြင်းထန်သည့် နဂါး အရှိန်အဝါများမှာ သူတို့၏ ခန္ဓာကိုယ်များကို ဗဟိုပြုလျှက် ထွက်ပေါ်နေသည်။ ၎င်းတို့သည် အလွန်တရာ လှပလှသလို အကန့်အသတ် မရှိလောက်အောင်လည်း အစွမ်း ထက်လွန်းလှသည်။
“ဂါး... ဂါး...”
မြေကြီး၊ သံမဏိနှင့် သစ်သား နဂါးများသည် အော်ဟစ် ဟိန်းဟောက်ရင်း လုံချန်၏ အစစ်အမှန် သတ်ဖြတ်သူဓားထံသို့ တိုးဝင်သွား၏။ ရုတ်ရင်း ကြမ်းတမ်းစွာပင် ၎င်းတို့သည် အစွယ်များ၊ လက်သည်းများကို အသုံးပြုကာ ထိုဓားရောင်ခြည် အလင်းကို ဖျက်ဆီးပစ်လိုက်သည်။ ၎င်းတို့၏ ပုံစံများက အကြောက်အလန့် ကင်းမဲ့ကာ မည်သည့်အရာကိုမှ ဂရုစိုက်သည့်ပုံ မရချေ။
ဝေ့ဝူယင်နှင့် မေ့မေ့တို့မှာမူ ရေနဂါးကို စီးရင်း ကောင်းကင်၌ လွင့်မြော နေသည်။ တစ်ချိန်တည်း၌ အခြား နဂါး ငါးကောင်မှာမူ လုံချန်အား စူးစူးဝါးဝါး ကြည့်ရင်း ရန်လိုစွာ ဟိန်းဟောက်နေကြလေသည်။
“မင်းကိုယ်တိုင်က အဲဒါကို တောင်းဆိုခဲ့တာ...”
ဝေ့ဝူယင်က အေးစက်စက်ပင် ရေရွတ်လိုက်၏။
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို တုန်လှုပ်စွာ ကြည့်ရှုနေကြသည်။ ဝေ့ဝူယင်နှင့် လုံချန်တို့၏ စစ်မြေပြင် ဗဟိုနှင့် မီတာထောင်ချီ ပတ်လည်မှာမူ အပျက်အစီး ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ထိုသေခြင်းတရား အားလုံးကား ဝေ့ဝူယင်၏ လက်ရာများပင် ဖြစ်သည်။
သူသည် ဒဏ္ဍာရီ စာအုပ်များထဲမှ ရုန်းထွက်လာဟန် ရသည့် နဂါးကိုးကောင်ကို စီးနင်းရင်း ကောင်းကင်၌ မြောလွင့်နေသည်။ ထိုနဂါးတစ်ကောင်ချင်းစီသည် ပတ်ဝန်းကျင်ရှိ ဒြပ်စင်စွမ်းအားများကို စုပ်ယူရင်း ပိုမို အားကောင်းလာနေဟန် ရ၏။ ထိုအခိုက်၌ ကြယ်တာရာ အမြုတေ အဆင့် ပညာရှင်များ ပင်လျှင် သူ့ကို လျှော့မတွက် ရဲကြတော့ချေ။
“ဒီလောက်တောင် ကြီးမားတဲ့ ဝိညာဥ်ချီ ဝင်္ကပါကြီးကို သူ ဘယ်လိုနည်းနဲ့ တည်ဆောက်ထားတာလဲ... နောက်ပြီး အဲဒီ ဝင်္ကပါကြီးကို တစ်ကိုယ်တည်း ထိန်းချုပ်နိုင်တဲ့ အထိ သူ့စိတ်စွမ်းအားက ဘယ်လောက်တောင် မြင့်မားနေတာလဲ”
ရေနဂါး၏ ဦးခေါင်းထက်၌ ဝင့်ကြွားစွာ စီးနင်းနေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း နတ်ဘုရား ဧကရာဇ် တစ်ပါးက ရေရွတ်လိုက်သည်။ ချီပျစ်ခဲခြင်း အဆင့်ကိုးကို လွန်ခဲ့သော နှစ်ရာချီ ကတည်းက ရောက်ရှိနေခဲ့သည့် သူကိုယ်တိုင် ပင်လျှင် ထိုကဲ့သို့ ပြုလုပ်နိုင်ရန် ယုံကြည်ချက် မရှိချေ။ ပါရမီရှင် ဆိုသော စကားလုံးက ထိုလူငယ်အား ရည်ညွှန်းရန် အတွက် မွေးဖွားလာသည်ဟုပင် သူ ကြိတ်ကာ မှတ်ချက်ချ လိုက်မိ၏။
တစ်ချိန်တည်း၌ မေ့မေ့၏ နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်နေ၏။ အရာအားလုံးကား အလွန် လျှင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်လေရာ သူမတွင် တုန့်ပြန်ရန် အခွင့်အရေးပင် မရှိခဲ့ချေ။ သို့သော်လည်း ဝေ့ဝူယင်၏ ကျယ်ပြန့်သော ကျောပြင်ကြီးကို တွေ့မြင်ရသည့် အခိုက်၌ သူမ၏ စိတ်မှာ လုံခြုံသွားသလို ခံစားလိုက်ရ၏။
လုံချန်က နှုတ်ခမ်းမှ စီးကျလာဆေသာ သွေးများကို သုတ်လိုက်၏။ သူ၏ အမူအရာက ပိုမို တည်ငြိမ်လာကာ သူ၏ မျက်လုံးများမှာ ရှင်းလင်းသွား၏။ သူ့ထက် အဆပေါင်းများစွာ ရန်သူများကို ရင်ဆိုင်ရတိုင်း သူ၏ စိတ်ဆန္ဒက မယုံကြည်နိုင်လောက်သည် အထိ ကြည်လင်သွားတတ်ကာ အနိုင်မခံ အရှုံးမပေးလိုသော စိတ်မှာလည်း အကန့်အသတ် မရှိ မြင့်တက်လာတတ်သည်။ ထို့နောက် ဘာဖြစ်သွားသနည်း။ အဖြေကား ရှင်းလင်း တိုတောင်းလှသည်။ အကြိမ်တိုင်း အကြိမ်တိုင်း၌ မကျော်ဖြတ်နိုင်ဟု ထင်ရသည့် ထိုရန်သူအားလုံးကို သူ ချေမှုန်း အနိုင်ယူနိုင်ခဲ့ စမြဲ ဖြစ်သည်။
ဓားကို လက်ဖြင့် တင်းတင်း ဆုပ်ကိုင်ရင်း သူ ဝေ့ဝူယင်ကို ချိန်ရွယ်လိုက်၏။ ငွေရောင် တလက်လက် တောက်ပနေသည့် ဓားချီ အလင်းတန်းများက ဓားဦး တစ်လျှောက်နေရာယူလာကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝေ့ဝူယင်သည် ရေနဂါး၏ ဦးခေါင်းထက်၌ ရပ်နေပြီး သူ၏ မျက်လုံးများက ပြင်းထန်သော စွမ်းအားများဖြင့် တောက်ပနေသည်။ ထိုအရာက ပထမဆုံး အကြိမ်အဖြစ် ဒြပ်စင်ချီ ဆန်းကြယ် ဝိညာဥ်၏ စွမ်းအားအပြည့်ကို သူ ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရပါက သူ ကိုယ်တိုင်သည်ပင်လျှင် ၎င်း၏ စွမ်းအားကြောင့် အံ့အားသင့် ခဲ့ရသည်။ ကြည့်ရသည်က တိုက်ပွဲတွင် အခြား ဇာတိဝိညာဥ်လေးခုကို ထုတ်သုံးရန် လိုအပ်တော့မည် မထင်ချေ။
“သွားစမ်း...”
ဝေ့ဝူယင်က အမိန့်ပေးကာ လက်တစ်ဖက်ကို ခါယမ်းလိုက်၏။ သူကား ဘဝင်ရူးရူးနေသည့် ဧကရာဇ်ဝူ မဟုတ်ရာ လုံချန် အဆင်သင့်ဖြစ်ချိန်ထိ စောင့်ဆိုင်းရန် စိတ်မရှည်ချေ။
“ဂါး...”
ချက်ချင်းပင် မိုးကြိုးနဂါးမှာ ကမ္ဘာပျက်လောက်သည့် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်ကာ အရှိန်အဟုန်နှင့် လုံချန်ထံ ပျံသန်းသွား၏။ ထို့နောက် ၎င်းက ပစ်မှတ်သို့ မရောက်ခင်မှာပင် လျှပ်စီးများကို ပစ်ချ တိုက်ခိုက် လိုက်လေတော့သည်။
လုံချန်၏ နှလုံးသားမှာ တဒိန်းဒိန်း အသံမြည်သွား၏။ သူက မိုးကြိုးများကို ရှောင်တိမ်းလိုက်ရင်း မိုးကြိုး နဂါးဆီ တိုးဝင်ကာ ခုတ်ထစ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မိုးကြိုးနဂါးက လုံချန်၏ ဓားချက်များကို ရှောင်တိမ်းရန် မကြိုးစားပဲ တိုက်ရိုက်ပင် တိုးဝင်ကာ ဝါးမျိုရန် ကြိုးစားလိုက်လေ၏။
“လုံချန်...”
စိုးရိမ်တကြီး အော်ဟစ်သံများမှာ အောက်မှ တစ်ပြိုင်နက်တည်း လိုလို ထွက်ပေါ်လာ၏။ ထိုအသံများကား နာ့ရှင်းရှီ၊ လင်းကျိရန်၊ ဝူပိုင်ကျိုးနှင့် လျဲ့ယုတို့ထံမှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ဘေးကင်းရာ နေရာတစ်ခု၌ ရှိနေသည့်တိုင် သူတို့၏ မျက်လုံးမှာ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းများနှင့် ပြည့်နှက်နေ၏။
လင်းကျိရန်၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်သွားကာ ဓားကို ဆွဲထုတ်လျှက် ကောင်းကင်ဆီ ပျံတက်ရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း မင်ရှုဖုန်းက သူမ၏ ပခုံးကို လှမ်းဆွဲတာ ဟန့်တားလိုက်သည်။
“နင် ဝင်သွားရင် သူ့အတွက် ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်သွားလိမ့်မယ်”
လင်းကျိရန်မှာ မင်ရှုဖုန်း၏ စကားကြောင့် ပြန်လည် ငြိမ်ကျသွားသည်။ သူမ၏ နှလုံးသားတွင် အသုံးမကျခြင်းနှင့် ယူကြုံးမရသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ ချစ်သူ အန္တရာယ် ကျရောက်နေသည့် အချိန်တွင်ပင် သူမက ဝန်ထုပ်ဝန်ပိုး တစ်ခုမျှသာလား။
ဂါး...
မိုးကြိုးနဂါးသည် လုံချန်ကို ဝါးမျိုနိုင်ခြင်း မရှိသေးသည့်တိုင် အဖက်ဖက်မှ ထွက်ပေါက် မရှိအောင် ရစ်ပတ်ထား၏။ များစွာသော ပွဲကြည့် ပရိသတ်များမှာ နဂါး၏ ခန္ဓာကိုယ် အကြား၌ လုံချန် ဖိနှိပ်ခံထားရသည်ကို ရှင်းလင်းစွာပင် တွေ့မြင်နေရသည်။ သူတို့ သက်ပြင်းချလိုက်မိကြ၏။ ကြည့်ရသည်က လုံချန်ဆိုသော လူငယ် ပြန်လည် နိုးထနိုင်တော့ပုံ မရချေ။
သို့သော်လည်း ဝေ့ဝူယင်၏ မျက်လုံးများမှာမူ ကျဥ်းမြောင်းနေ၏။ လုံချန်သည် အလွန်တရာ အစွမ်းထက်လှသည့် အကာအကွယ် ဓားကျင့်စဥ် တစ်ခုဖြင့် ခန္ဓာကိုယ်အား ကာကွယ်ထားကြောင်း သူ ခံစားနိုင်သည်။ ထိုခုခံမှုက မိုးကြိုးချီပင်လျှင် ထိုးဖောက်ရန် မတတ်နိုင်သော အရာ ဖြစ်သည်။
“ဝေ့ဝူယင်... ငါ မင်းကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တာ ယုံလား...”
လုံချန်က ဝေ့ဝူယင်ကို အေးစက်စွာ ကြည့်ရင်း မေးလိုက်၏။ တစ်ချိန်တည်းတွင် သူ၏ ကိုယ်ရောင်ကိုယ်ဝါက မည်သည့်နေရာမှ လာမှန်း မသိသော စွမ်းအားများဖြင့် ထူးခြားစွာ တောက်ပလာသည်။ သူ၏ ဓားက တဟီးဟီး အော်မြည်ကာ ဓားသံစဥ်များကို စတင် ထုတ်လွှတ်လာသည်။
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။ သူ ယုံပါသည်။ သို့သော်လည်း ထိုအရာ ဖြစ်လာသည်အောင် သူ မည်ကဲ့သို့ ခွင့်ပြုနိုင်ပါမည်နည်း။
အတွေးတစ်ချက်ဖြင့်ပင် လေနဂါးနှင့် မီးနဂါး နှစ်ကောင်မှာ ဟိန်းဟောက်ကာ လျှပ်စီးနဂါးထံ ပြေးဝင် သွားလေတော့၏။
“မဟုတ်ဘူး...”
လင်းကျိရန်က ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။ အကယ်၍ ထိုနဂါးနှစ်ကောင်သာ မိုးကြိုးနဂါးနှင့် ပူးပေါင်းပါက မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
ရလဒ် အနေဖြင့် လုံချန် အသက်ရှင်ကျန်နိုင်တော့မည် မဟုတ်ချေ။
***