နဂါးကိုးကောင် (၂)
Vol. 11 Ch. 149
မင်ရှုဖုန်းသည် သူမ၏ ကံကြမ္မာဖတ် အတတ်ပညာကို သုံးကာ တိုက်ပွဲ၏ အဆုံးသတ်ကို ခန့်မှန်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်နှင့် လုံချန် နှစ်ယောက်စလုံး၏ ကောင်းချီးခံ ဝိသေသ လက္ခဏာများကြောင့် မည်သည့် အရာကိုမှ ကောက်ချက် မချနိုင်ခဲ့ချေ။ သူမ၏ အမူအရာက အနည်းငယ် အကျည်းတန်သွား၏။
“ချီးပဲ...”
လုံချန် သေဆုံးသွားနိုင်ပေသည်။
ဝေ့ဝူယင်မှာ ထိုမိန်းမတို့၏ အတွေးများနှင့် အော်ဟစ် တားဆီးမှုများကို နည်းနည်းမျှပင် သောက်ဂရုမစိုက်ပါချေ။ သူ၏ လုပ်ဆောင်ချက် အားလုံးမှာ ဆုံးဖြတ်ချက် ပြတ်သားကာ ရှင်းလင်းနေ၏။ သူသည် လုံချန်အား သတ်ဖြတ်ရန် အတွက် အနည်းငယ်ပင် တုန့်ဆိုင်းမနေခဲ့ချေ။ မိုးကြို၊ လေနှင့် မီးနဂါး သုံးကောင် တစ်ခုတည်း အဖြစ် ပေါင်းစပ်လု ဆဲဆဲတွင်ပင် လောကအင်အား တစ်ခုသည် ရုတ်ချည်း ဖြစ်ပေါ်လာကာ မီးနှင့် လေနဂါးများ ဝန်းရံ ပိတ်ဆို့လိုက်၏။
“ရပ်စမ်း...”
ပြင်းထန်သော အာဏာစက်ဖြင့် ပြည့်ဝနေသည့် အသံတစ်ခုမှာ ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုအသံ အတွင်းတွင် တွန့်ဆုတ်ခြင်းနှင့် မကျေနပ်ခြင်းတို့ကို ကြားနိုင်သည်။ ယခုကဲ့သို့ ဝင်ရောက် စွက်ဖက်ရန် အတွက် အသံပိုင်ရှင်တွင် ဆန္ဒမရှိကြောင်း သိသာစေသည်။
ဝေ့ဝူယင်မှာ မတွန့်ဆုတ်ချေ။ သူက အဆင့်ခုနစ် မှော်ဆေး ခုနစ်လုံးကို ထုတ်ယူကာ အသံလာရာ အရပ်သို့ ပစ်ပေါက်လိုက်သည်။ ထိုအရာအားလုံးမှာ အဆင့်နိမ့် ဆေးများ ဖြစ်ကြသည့်တိုင် ကြောက်မက်ဖွယ် ပေါက်ကွဲမှု စွမ်းအားများကို ပိုင်ဆိုင်ထားကြပေသည်။
“အာ...”
အသံပိုင်ရှင်မှာ ရုတ်ချည်း ဝင်ရောက်လာသော မှော်ဆေးလုံးများကြောင့် အံ့အားသင့် သွားသော်လည်း အလျင်စလိုပင် တုန့်ပြန်လိုက်သည်။ သူသည် လောကအင်အားကို သုံးကာ ထိုမှော်ဆေးလုံးများကို လမ်းခုလတ် တွင်ပင် ရပ်တန့်ပစ်လိုက်၏။
“ပေါက်ကွဲစမ်း...”
"ဘုန်း...”
ဝေ့ဝူယင်၏ အမိန့်ပေးသံ အဆုံး၌ ဆေးလုံးများမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲ သွားကြတော့သည်။ ပြင်းထန်သော မုန်တိုင်းမှာ အဖက်ဖက်သို့ ရိုက်ခတ်သွားရာ မီတာ ထောင်ပေါင်းများစွာ အကွာအဝေး အတွင်းရှိ ကျင့်ကြံသူပေါင်း များစွာမှာ နောက်သို့ လွင့်စဥ်ကာ သွေးများကို အန်ထုတ်လိုက်ရ၏။ အချို့ဆိုလျှင် အချိန်မီ မကာကွယ်လိုက်နိုင်ကြရာ သေလုမြောပါးပင် ဖြစ်သွားကြသည်။ သူတို့ အားလုံးမှာ အဆင့်ခုနစ် မှော်ဆေးလုံးများကို ဝေ့ဝူယင် ထိုကဲ့သို့ ဆုံးဖြတ်ချက် ပြတ်သားစွာ ဖောက်ခွဲ ပစ်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ကြချေ။
ဝေ့ဝူယင် ရှေ့သို ခုန်တက်သွား၏။ သူ၏ ခန္ဓာကိုယ်က ဆေဘာနှင့် ဒြပ်စင်ချီနှင့် နဂါးသွေး စွမ်းအားတို့ ပါဝင်နေသော အလင်းတစ်ခု အဖြစ် အသွင်ပြောင်းသွားသည်။ သူ၏ လက်သည် ဒြပ်စင်ဆေဘာ ကို ဆုပ်ကိုင်ကာ ပြင်းထန်စွာ လွှဲခုတ်လိုက်လေတော့၏။
“အား...”
နာကျင်မှုနှင့် ထိတ်လန့်တကြား အော်ဟစ်သံ တစ်ခုမှာ အသံပိုင်ရှင်ထံမှ ထွက်ပေါ်လာလေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဝေ့ဝူယင်သည် ရေနဂါး၏ ခေါင်းထက်သို့ ပြန်လည် ရောက်ရှိလာသည်။ သူ၏ မျက်လုံးများမှာ အလွန်အမင်း တည်ငြိမ်နေကာ ညာဘက်လက်မှာ သွေးများဖြင့် ရွှဲနစ်နေသည့် လက်ပြတ်တစ်ခုကို ကိုင်ဆောင် ထား၏။
"နောက်တစ်ခါ ငါ့ကို အဓိပ္ပာယ်မဲ့ လာတားဖို့ ကြိုးစားရင် မင်းခေါင်းကိုပါ ယူမယ်”
ဝေ့ဝူယင်က အေးစက်စက် ပြောလိုက်၏။ တစ်ချိန်တည်း၌ သူ၏ လေနှင့် မီးနဂါး နှစ်ကောင်မှာ လောကအင်အား၏ ထိန်းချုပ်မှုမှ ပြန်လည် လွတ်ထွက်သွားခဲ့ပြီ ဖြစ်၏။ ၎င်းတို့ကား မိုးကြိုးနဂါးနှင့် ပေါင်းစည်းကာ လှပသော ပေါက်ကွဲမှုတစ်ခုကို ထုတ်ဖော်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။
ဝေ့ဝူယင် လုံချန်အပေါ် အဆင့်ခုနစ် မှော်ဆေးလုံးများ မသုံးရသည့် အကြောင်းရင်းမှာ သူ ပိုင်ဆိုင်ထားသည့် အနက်ရောင် လက်စွပ်ကြောင့် ဖြစ်သည်။ ထိုလက်စွပ်တွင် သူ နားမလည်နိုင်သည့် ဝိညာဥ် စွမ်အား အချို့ ပါဝင်နေသည်။ ထိုဝိညာဥ် တည်ရှိနေသမျှ ကာလပတ်လုံး မှော်ဆေးတစ်ရာ သုံးလျှင်ပင် လုံချန်ကို မသတ်ဖြတ်နိုင် ဟု ဝေ့ဝူယင် ခံစားနေမိသည်။
သို့သော်လည်း သူ့တွင် လုံချန်ကို သတ်ဖြတ်ရန် နည်းလမ်းပေါင်း များစွာ ရှိနေပြီး ဖြစ်သည်။ တစ်ခု အသုံးမဝင်လျှင် အခြား နည်းလမ်း ဆယ်ခုဖြင့် သတ်မည်။ ထိုဆယ်ခု အလဟသတ် ဖြစ်သွားလျှင် နောက်ထပ် နည်းလမ်းတစ်ရာကို သူ သုံးမည် ဖြစ်သည်။
“ပေါင်းစည်း...”
ဝေ့ဝူယင် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လေနှင့် ရေနဂါးနှစ်ကောင်သည် မိုးကြိုးနဂါးနှင့် စတင်ကာ ပေါင်းစည်း ကြလေတော့၏။ သို့သော်လည်း ပေါက်ကွဲမှု ဖြစ်ပေါ်ရန် စက္ကန့်ဝက်မျှ အလိုတွင်ပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဥ် အင်အားတစ်ခုမှာ ဖြစ်ပေါ်လာကာ အရာအားလုံးကို ထိန်းချုပ်သွား၏။
“ဝိညာဥ် နတ်မိမယ်...”
ဝေ့ဝူယင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူမ၏ တည်ရှိမှုကို ယခုအချိန်အထိ အာရုံမခံနိုင်သေးသော်လည်း နဂါးကိုးကောင် ဝင်္ကပါကို ထိုကဲ့သို့ တားဆီးနိုင်သူ ဟူ၍ ဤနေရာတွင် သူမ တစ်ယောက်တည်းသာ ရှိပေသည်။
ဝေ့ဝူယင် ဆက်လက် တိုက်ခိုက်ရန် မကြိုးပမ်းတော့ပဲ ရပ်တန့်လိုက်၏။ သူမကား သတိမထားမိခင်မှာပင် သူ့ကို သတ်ဖြတ်ပစ်နိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထားသည်။ သူ၏ ပိုင်ဆိုင်မှုများတွင် ဆန်းကြယ်သော ဝိညာဥ် တစ်ကောင် ကဲ့သို့ မှော်ဆန်သည့် ဝှက်ဖဲတစ်ချပ်မျှ မရှိချေ။ ဝိညာဥ် နတ်မိမယ် ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကို မည်ကဲ့သို့ အံတုနိုင်ပါမည်နည်း။
လုံချန်အတွက် သေဆုံးရပါက ထိုအရာမှာ ထိုက်တန်မှု မရှိချေ။ သေချာပေါက်ကို ထိုက်တန်မှု မရှိချေ။
ဝေ့ဝူယင် တည်ငြိမ်စွာ အသက်ကို ရှူသွင်းရင်း ချီဝင်္ကပါကို ရုတ်သိမ်းလိုက်၏။ လောက၏ ဒြပ်စင်များမှာ တည်ငြိမ်သွားကာ သဘာဝတရားနှင့် ပြန်လည် ပေါင်းစပ်သွားကြသည်။ ရင်ပြင်တစ်ခုလုံးမှာ ကြီးမားစွာ ထိခိုက် ပျက်စီးသွားသော်လည်း မည်သည့် အသက်မျှ ဆုံးရှုံးခဲ့ခြင်း မရှိချေ။
ညင်သာစွာပင် မေ့မေ့နှင့် ဝေ့ဝူယင်တို့မှာ မြေပြင်ပေါ် ဆင်းသက်လာကြ၏။
“ခွေးမသား... ငါ့လက်ပြန်ပေးစမ်...”
မခန့်မှန်းနိုင်သည့် စွမ်းအားများ ပါဝင်နေသည့် ဒေါသတကြီး အသံတစ်ခုမှာ ထွက်ပေါ်လာသည်။ ၎င်းသည် ကြယ်တာရာ အမြုတေ အဆင့် စွမ်းအားများကို သယ်ဆောင်ထားရာ လောကတစ်ခုလုံးမှာ တုန်ရီသွား၏။ ကြောက်ရွံ့မှုမှ တစ်ဆင့် ဖြစ်ပေါ်လာသော နှလုံးခုန်သံ ကဲ့သို့ ကမ္ဘာမြေကြီးမှာ အဆက်မပြတ် တုန်ဟီးသွား၏။
ဘုန်း...
ဝူကျိုးသည် ပြင်းစွာသော အဟုန်ဖြင့် မြေပြင်ပေါ် ဆင်းသက်လာသည်။ သူ၏ ဘယ်ဘက်လက်သည် ဖြတ်တောက် ခံထားရဟန် ရသည့် ညာဘက် လက်မောင်းရင်းကို ကိုင်ထား၏။ သို့တိုင်အောင် သွေးများက သူ၏ လက်ချောင်းများ ကြားမှတစ်ဆင့် အထိန်းအကွပ်မရှိ စီးထွက်နေသည်။ လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်သွားကြ၏။
ဝေ့ဝူယင်က ဝူကျိုးအား သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည့် အေးစက်စက် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။
“နောက်တစ်ကြိမ် ထပ်ပြောစမ်း...”
ဝူကျိုး၏ အသံများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွား၏။ သူသည် ရုတ်ချည်းပင် အသက်ရှူ မွမ်းကြပ်လာသလို ခံစားလိုက်ရသည်။ ဝေ့ဝူယင်၏ အဆင့် ခုနစ် မှော်ဆေး ဆယ်လုံးမှာ သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ထိုအခိုက်အတန့်တွင်ပင် ဝေ့ဝူယင်သည် သူ့အနားသို့ ရောက်ရှိလာကာ လက်မောင်း တစ်ဖက်ကို ယူသွားခဲ့သည်။
ဝူကျိုးမှာ ကိုယ့်ကိုယ်ကို ဒေါသထွက်မိသွား၏။ ဝေ့ဝူယင်မှာ သူ့အတွက် ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်သည့်တိုင် ကြောက်အောင် မခြောက်နိုင်ခဲ့ချေ။ သူသည် ခံစားချက်များ ပြင်းထန်နေသည့်တိုင် ဝေ့ဝူယင် မှော်ဆေးလုံးများဖြင့် ပစ်ပေါက်မည်ကို ကြောက်သဖြင့် ငြိမ်သက်၍သာ နေလိုက်တော့၏။
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်သွားကြသည်။ ဝေ့ဝူယင်သည် လုံချန်နှင့် ရင်ဆိုင်နေချိန်တွင်ပင် အနန္တ ကုန်းမြေတိုက်ကြီး၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ထံမှ လက်တစ်ဖက်ကို ဖြတ်ယူနိုင်ခဲ့သည်။
မည်မျှ ကြမ်းတမ်းလိုက်သနည်း။
ဝေ့ဝူယင်မှာ အခြားလူများ၏ အတွေးများကို ဂရုစိုက်ခြင်း မရှိချေ။ သူက သွေးစက်လက်နှင့် လက်ကို ဝူကျိုးထံ ပြန်လည် ပစ်ပေးလိုက်၏။
“ထွက်သွား... ဂိုဏ်းဝင်ခွင့် စစ်ဆေးပွဲပြီးတဲ့ အထိ မင်းကိုငါ မမြင်ချင်ဘူး...”
ဝူကျိုး၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ သို့သော်လည်း ဝေ့ဝူယင်ထံမှ ထွက်ပေါ်လာနိုင်သည့် မှော်ဆေးလုံးများနှင့် နှစ်ပေါင်းများစွာ အချိန်ယူ ကုသရမည့် လက်ရှိ ဒဏ်ရာတို့အား တွက်ချင့်ကာ သူ ဒေါသကို ပြန်လည် ထိန်းချုပ်လိုက်သည်။ သူ အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း လက်ကို ယူကာ ထွက်ခွာ သွားလေတော့၏။
ဝေ့ဝူယင် မေ့မေ့ဘက်သို့ လှည့်လိုက်၏။ သူ ထိုမိန်းကလေးကို စကားပြောချင်သည်။ ထိတွေ့ချင်သည်။ သူမနှင့် အချိန်များကို အတူတကွ ကျော်ဖြတ်လိုသည်။ သို့သော်လည်း သူ မလုပ်နိုင်ချေ။
သူမ၏ တာအို လက်တွဲဖော် ကျိန်စာသည် သူမအား ဆန့်ကျင်ဘက် လိင်ပိုင်ရှင်များနှင့် နီးကပ်စွာ နေထိုင်ရန် ခွင့်ပြုမထားချေ။ အကယ်၍ ထိုအရာကို ချိုးဖောက်ပါက ကောင်းကင်တာအို၏ ကပ်ဘေး ကျဆင်းလာမည် ဖြစ်ပြီး ဝိညာဥ် ပြိုကွဲသည် အထိ အပြစ်ပေးခံရလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက်ချကာ မေ့မေ့ကို ကျောခိုင်းလိုက်၏။ ယခုအချိန်၌ ထိုအရာမှာ မေ့မေ့အတွက် သူ လုပ်ပေးနိုင်သည့် အကောင်းဆုံးသော အရာ ဖြစ်ပေလိမ့်မည်။
နောက်ဆုံး၌ ပြင်းထန်သော ရုတ်ချည်း အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။ ရင်ပြင်တစ်ခုလုံးသည် ဒြပ်စင် စွမ်းအားများကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့သည့်တိုင် များစွာသော ကျင့်ကြံသူများမှာ တဖွဲဖွဲ ပြန်လည် စုစည်းလာကြသည်။ ဤနေရာ၌ စုဝေးရန်မှာ ဝိညာဥ် နတ်မိမယ်၏ အမိန့်တော် ဖြစ်သည်။ မည်ကဲ့သို့ လွန်ဆန်၍ ရနိုင်ပါမည်နည်း။
အစောပိုင်းက ကဲ့သို့ပင် ဝေ့ဝူယင်သည် စုမေ့ ပိုင်လင်တို့နှင့် အတူ ထောင့်တစ်နေရာတွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ သူ၏ စိတ်ထဲတွင် လုံချန်ကို မသတ်ဖြတ်နိုင်ခဲ့သည့် အတွက် အနည်းငယ် ကသိကအောက် ဖြစ်နေခဲ့၏။ ပထမ၌ ချင်ချူးမူကြောင့် လုံချန်အား သတ်ဖြတ်ရန် သူ့တွင် ဒွိဟအချို့ ရှိခဲ့သော်လည်း မေ့မေ့ထံ ပြေးဝင်သွားသည့် အချိန်မှ စ၍ ထိုဒွိဟ အာလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ကောင်းချီးခံတွေက သတ်ရတာ တော်တော်ခက်တာပဲ”
ထိုအရာက ငြင်းပယ်၍ မရနိုင်သော အမှန်တရား တစ်ခုဖြစ်သည်ဟု ဝေ့ဝူယင် ခံစားလိုက်ရသည်။ ထိုအရာက သူ့ကဲ့ အပြစ်သား အမွေခံ တစ်ယောက် အတွင်ပင် မှန်နေခဲ့သည်။
မည်သို့ပင် ဆိုစေ သူသည် လုံချန်အား ကောင်းကောင်း ပညာပေးနိုင်ခဲ့သည်။ မိန်းမလှလေးများသည် လုံချန်၏ ပတ်လည်၌ စုဝေးကာ ပြုစုပေးရန် ကြိုးစားနေကြ၏။ ဝေ့ဝူယင်သည် မလှမ်းမကမ်းမှ နေ၍ ထိုအရာကို လှမ်းမြင်ရသည်။ တစ်ချိန်တည်း၌ မေ့မေ့၊ စုလင်းယာနှင့် ဝူချန်းတို့မှာမူ ထောင့်တစ်နေရာ၌ ကပ်နေကြသည်။ သူတို့ အနားသို့ မည်သူမျှ မကပ်ရဲကြ။
ထိုအခိုက်၌ မည်သည့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်ကမှ ဝေ့ဝူယင်နှင့် သဘောထား ကွဲလွဲရန် ဆန္ဒ မရှိကြချေ။ သူတို့သည် မကြောက်ကြသည့်တိုင် ယခုအချိန်က ပဋိပက္ခဖြစ်ရန် အချိန်ကောင်း မဟုတ်ချေ။
အခြားတစ်ဖက်တွင်မူ မေ့ယန်သည် တောက်ပသော အပြုံးနှင့် ဝေ့ဝူယင်၏ နံဘေးတွင် ထိုင်နေခဲ့၏။ သူမသည် အခြားနေရာသို့ သွားရန် ရည်ရွယ်ချက် မရှိသည့် အလား ဝေ့ဝူယင်၏ လက်မောင်းကို ဖက်ကာ မေးစေ့ဖြင့် ပွတ်သပ်နေခဲ့သည်။
***