← Chapters

တစ်ခုခု လွဲနေပြီ

Vol. 84 Ch. 1157

တစ်ခုခု လွဲနေပြီ

Vol. 84 Ch. 1157

သူ၏ နတ်ဘုရားဝိညာဉ်၊ ကျင့်ကြံခြင်းအဆင့်နှင့် အပြင်ခန္ဓာကိုယ် တိုးတက်မှုများအတွက် ဝမ်ပေါင်လဲ့မှာ ဤ အခွင့်အရေးကြီးအား အမိအရ အသုံးချရန်လိုအပ်ကြောင်း နားလည်ထား၏။ ထို့အပြင် သူ့ဆီတွင် အချိန်သိပ်မကျန်တော့သည်ကိုလည်း သူက သိထားသည်။

လခြမ်းဧကရာဇ်ကြီး၏ ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ ခြောက်ဆယ်ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်သည်။ ထို လုပ်ငန်းစဉ်မှာ နှေးကွေးပါသော်လည်း သူ၏ အထက်တွင် ရှိနေသည့် ကောင်းကင်ယံကြီးမှာမူ ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်နေ၏။ အဘယ်ကြောင့်ဆိုသော ပြင်ပကမ္ဘာကြီးထဲတွင် ရှိနေသည့် အဆုံးမဲ့မိုးကောင်ကင်တာအိုမှာ အသိစိတ်ပျောက်သွားသည့်အလား သွေးရူးသွေးတန်း တိုက်ခိုက်နေသောကြောင့်ပင်။

သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း ထိုမီးဖိုအား ကြိမ်ဖန်များစွာ အားဖြည့်ပေးထားသည့် အချက်ကြောင့်သာ မဟုတ်ပါက ၎င်းမှာ အဆုံးမဲ့မိုးကောင်ကင်တာအိုကြောင့် ပေါက်ကွဲပျက်စီးသွားလောက်ပြီဖြစ်သည်။

" ဒါပေမဲ့ အဆုံးမဲ့မိုးကောင်ကင်တာအို အထဲကိုဝင်လာရင်တောင် ငါက သူ့ရဲ့ အဓိကပစ်မှတ် ဖြစ်နေမှာ မဟုတ်လောက်ပါဘူး " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး သူ၏ ဓားအိမ်လေးကို ထိန်းချုပ်ကာ သူ၏ ခန္ဓာကိုယ်ထဲမှ မိုးကောင်းကင်တာအို နှစ်မျိုးအား ဖိနှိပ်ချုပ်တည်းလိုက်၏။

သူသည် ထိုကဲ့သို့ စွမ်းအင်များကို စုပ်ယူနေရင်း အခြားကိစ္စတစ်ခုကိုလည်း စဉ်းစားတွေးတောနေ၏။ သူသည်... ဤနေရာမှ ထွက်ခွာသွားနိုင်မည့် နည်းလမ်းကို စဉ်းစားနေခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်အရဆိုလျှင် ဤနေရာသို့ ရောက်လာသည့် အဆုံးမဲ့မျိုးနွယ်စုမှ နတ်ဧကရာဇ် အရေအတွက်မှာ တစ်ယောက်တည်း မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ နောက်ထပ် ထပ်၍ ပေါ်ပေါက်လာမည့် တိုက်ပွဲကြီးများမှာ ပို၍ ပြင်းထန်နေလောက်ပေသည်။

သူသည် အထူးအခွင့်အရေးကြီးတစ်ခုအား ရရှိထားပါသော်လည်း ဤ အရှုပ်ထုပ်ကြီးတစ်ခုလုံး၏ အလယ်သို့ ရောက်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဤနေရာကြီးထဲမှ ထွက်ခွာသွားနိုင်မည့် နည်းလမ်းများကို ကြိုတင်စဉ်းစားထားရန် လိုအပ်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ စဉ်းစာတွေးတောနေစဉ်မှာပင် သူ၏ သိုလှောင်အိတ်ထဲတွင် ရှိနေသည့် စွမ်းအင်အချို့အဝက် ကုန်ဆုံးသွားပြီဖြစ်သော သစ်ရွက်လေးဆီမှ နတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်လာပြီး သူ၏ အသိစိတ်ထဲသို့ ရောက်ရှိလာတော့သည်။

" ချစ်တပည့်လေး။ ဒါ ရှားပါးအခွင့်အရေးကြီးတစ်ခုပဲ။ ရသမျှအကုန် စုပ်ယူခဲ့။ ဆရာ မင်းကို ဒီအရှုပ်ထုပ်ကြီးထဲကနေ ကယ်ထုတ်နိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားပေးထားမယ် "

" မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးက ဘာမှ အားကိုးလို့မရဘူး။ သူက အမှောင်ဂိုဏ်းကို ပြန်အသက်သွင်းဖို့ အလုပ်ရှုပ်နေတာမလို့ မင်းကို ကယ်ထုတ်ပေးနိုင်မှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဆရာရှိပါတယ် " မီးတောက်ခေါင်းဆောင်ကြီး၏ သူ့ကိုယ်သူ ကျေနပ်နေသည့် စကားသံမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ဆရာ၏ စကားသံကိုကြားလိုက်ရသောအခါ ပြုံးမိသွား၏။ သူသည် သူ၏ဆရာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူ ချန်ရှင်းအား မကျေမနပ်ဖြစ်နေသည့်အချက်ကို ဂရုစိုက်နေခြင်း မရှိပေ။ ထို့ကြောင့် သူသည် ခေါင်းညိတ်ကာ စိတ်ကို တည်ငြိမ်အောင်ထား၍ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် လခြမ်းဧကရာဇ်ကြီးဆီမှ ထွက်ပေါ်နေသည့် တာအိုစည်းမျဥ်းဥပဒေသများအား ဆက်လက်စုပ်ယူနိုင်ရန်သာ အာရုံအပြည့် စိုက်ထားလိုက်တော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် စွမ်းအင်များ စုပ်ယူနေစဉ် ထစ်ချုန်းသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ပြင်ပကမ္ဘာကြီးထဲရှိ တိုက်ပွဲကြီးမှာမူ အလွန်အင်မတန်မှ ပြင်းထန်နေပြီဖြစ်သည်။ နတ်ဧကရာဇ်ရွှမ်ဟွားမှာ အစွမ်းထက်ပါသော်လည်း ချန်ရှင်းနှင့် ယှဉ်လိုက်ပါက လိုအပ်ချက်များရှိနေဆဲပင်။

ချန်ရှင်းမှာ ရန်သူများအား သတ်ဖြတ်ရာ၌ ကျွမ်းကျင်နေသလို ဤနေရာတွင် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုလည်း ရှိနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် အမှောင်ပညာရပ်များမှာ အတိုင်းအတာတစ်ခုအထိ ပို၍ အစွမ်းထက်လာ၏။ သူတို့နှစ်ယောက် ပြင်ပကမ္ဘာကြီးထဲ၌ တိုက်ခိုက်နေကြစဉ် ထိုတိုက်ပွဲကြီးထဲမှ ပေါ်ထွက်လာသော တုန်ခါမှုလှိုင်းများ၏ ပြင်းအားများကို ခံစားနေရသည့် နေရာများမှာ တဖြည်းဖြည်းနှင့် ပို၍များပြားလာသည်။

ဘေးပတ်ပတ်လည်ရှိ အာကာသကောင်းကင်ကြီးမှာလည်း ဆက်တိုက်ဆိုသလို ကြေမွပျက်စီးနေ၏။ လခြမ်းဧကရာဇ်ကြီး၏ ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ပြီးစီးသွားပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ နတ်ဘုရားဝိညာဉ်မှာ အုန်းခနဲမြည်သံကြီးတစ်သံနှင့်အတူ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်မှ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်သွားတော့သည်။

တစ်ချိန်ထဲမှာပင် မီးဖိုကြီး၏ အကာအရံများမှာလည်း အဆုံးမဲ့မိုးကောင်ကင်တာအို၏ သွေးရူးသွေးတန်း တိုက်ခိုက်မှုများကို ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် အပေါက်တစ်ပေါက် ပွင့်သွားပြီး အက်ကွဲသံများ ပဲ့တင်ထပ်သွားသည်နှင့် ဧရာမ ရွှေရောင်နွားချေးပိုးကြီးမှာ အလင်းရောင်ပင်လယ်ကြီးတစ်စင်းအသွင် ပြောင်းလဲကာ ထို အပေါက်ထဲမှ ဖြတ်၍ အထဲသိို့ ပြေးဝင်လာရန် ပြင်လိုက်တော့သည်။

သို့သော် ထိုအချိန်တွင် ဟင်းလင်းပြင်ကြီးထဲမှ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာပြီး တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် မီးဖိုကြီး၏ အပြင်ဘက်ရှိ အာကာသကောင်းကင်ကြီးထဲတွင် လူရိပ်ခုနစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

သူတို့မှာ အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားကြပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှလည်း အားကောင်းသည့် သေမင်းအငွေ့အသက်များ ပျံ့လွင့်လာနေကြ၏။ ထို့အပြင် သူတို့မှာ အမှောင်မီးတောက်များကို ထုတ်လွှတ်ရင်း အဆုံးမဲ့မိုးကောင်ကင်တာအိုအား တားဆီးနိုင်ရန် အတူတကွ ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

ထိုအခါ အဆုံးမဲ့မိုးကောင်ကင်တာအိုမှာ အော်ဟစ်မြည်တမ်းရပြီး ၎င်း၏ နောက်ကျောမှာ ရုတ်တရက်ဆိုသလို ပွင့်သွား၏။ ထို့နောက် ရယ်မောသံများထွက်ပေါ်လာပြီး လူရိပ်တစ်ခုမှာ အပြင်ဘက်သို့ ထွက်လာသည်။ ၎င်းမှာ နန်းတွင်းအဝတ်အစားများ ဆင်မြန်းထားပြီး တော်ဝင်သရဖူတစ်ခုကို ဆောင်းထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်ပေသည်။ ထာရဝကြယ်အဆင့်နှင့် ကြယ်နယ်မြေအဆင့်တို့ထက်ပင် ပို၍အားကောင်းသည့် သူ၏ ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများမှာ မိုးကောင်းကင်ထဲအထိ တိုးတက်သွားကြ၏။ သူသည် နတ်ဧကရာဇ်ရွှမ်ဟွားထက်ပင် အနည်းငယ်ခန့် ပို၍ အစွမ်းထက်သော ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။

" နတ်ဧကရာဇ်တိရှန်း "

ထိုလူကြီး ပေါ်ပေါက်လာသည်နှင့် အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် လူခုနစ်ယောက်ဆီမှ ခပ်အောအော စကားသံများ ထွက်ပေါ်လာကြ၏။ သို့သော် သူတို့မှာ ထွက်ပြေးဆုတ်ခွာသွားခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်ကာ သူ့အား ဖိနှိပ်ချုပ်တည်းနိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်ကြဆဲပင်။

သူတို့၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ကြေမွပျက်စီးသွားသည့် မီးဖိုကြီး၏ အကာအရံကြီးမှာ အလိုအလျောက် ပြန်လည်ပြုပြင်မှုများကြောင့် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားတော့မည်ဖြစ်သည်။ ထို အကာအရံထဲရှိ အပေါက်ကြီး ပြန်ပိတ်သွားတော့မည့် အချိန်တွင် အဆုံးမဲ့မိုးကောင်ကင်တာအိုမှာ ဒေါသတကြီး အော်ဟစ်မြည်တမ်းကာ ၎င်း၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားလိုက်ပြီး အရွယ်အစားသေးငယ်သည့် ကိုယ်ပွားတစ်ခု ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ ထို့နောက် ထို ကိုယ်ပွားမှာ အရာအားလုံးကို လျစ်လျူရှူကာ ပျောက်ကွယ်သွားတော့မည့်ဆဲဆဲ ဖြစ်နေသည့် အပေါက်ထဲသို့ ခုန်ဝင်သွားလိုက်တော့သည်။

အနက်ရောင်ဝတ်ရုံနှင့် လူခုနစ်ယောက်မှာ ၎င်းအား တားဆီးရန်ပြင်လိုက်ပါသော်လည်း နတ်ဧကရာဇ်တိရှန်းမှာ သူတို့အား တားဆီးလိုက်၏။ ထို့ကြောင့် ပြင်ပကမ္ဘာကြီးထဲရှိ တိုက်ပွဲကြီးထဲတွင် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားတော့သည်။ မီးဖိုထဲရှိ ဝမ်ပေါင်လဲ့မှာမူ ရင်ခုန်နှုန်းများ ဗြောင်းဆန်နေပြီဖြစ်သည်။

သူသည် ဒုတိယ နတ်ဧကရာဇ်ကြီးတစ်ပါး ထပ်၍ ပေါ်လာလိမ့်မည်ဟု ခန့်မှန်းမိထားပြီးသား ဖြစ်ပါသော်လည်း ယခုလို မျက်ဝါးထင်ထင် မြင်လိုက်ရချိန်တွင် အံ့သြတုန်လှုပ်သွားရဆဲပင်။ တစ်ချိန်ထဲမှာပင် သူသည် အနက်ရောင်ဝတ်ရုံနှင့် လူကြီးခုနှစ်ယောက်ဆီမှ အမှောင်ဂိုဏ်း၏ ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်လာနေသည်ကို အာရုံခံမိနေသေးသည်။

" သူတို့တွေ အကုန်လုံး ရောက်လာကြပြီလား " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံနေပါသော်လည်း စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ အရွယ်အစား သေးငယ်သည့် အဆုံးမဲ့မိုးကောင်းကင်တာအို ကိုယ်ပွားမှာ ရွှေရောင် နွားချေးပိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အပေါက်ကိုဖြတ်၍ မီးဖိုထဲရှိ ကမ္ဘာကြီးထဲသို့ ရောက်ရှိလာချိန်တွင် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ဓားအိမ်လေးအား အသက်သွင်းလိုက်၏။ ထို့နောက် သူသည် အမှောင်ဂိုဏ်း မိုးကောင်းကင်တာအို၏ စည်းမျဉ်းဥပဒေသများအားလုံးကို ဖိနှိပ်ချုပ်တည်းလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်ထဲ၌ အဆုံးမဲ့မိုးကောင်းကင်တာအို တစ်ခုတည်းသာလျှင် ပြည့်နှက်သွားတော့သည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များမှာလည်း ချက်ချင်းပြောင်းလဲသွား၏။ အဆုံးမဲ့မိုးကောင်းကင်တာအိုဆီမှ ခွဲထွက်လာပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် ရွှေရောင်နွားချေးပိုးမှာမူ တွေဝေတုံ့ဆိုင်းသွားသည့်ပုံပင်။ သို့သော် ခဏအကြာတွင် ၎င်းမှာ ချက်ချင်းဆိုသလိုပင် အရှိန်မြှင့်တင်လိုက်၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား လျစ်လျူရှုကာ လခြမ်းဧကရာဇ်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။

သို့ဖြစ်ရာ ၎င်း၏ မျက်ဝန်းများထဲတွင် လခြမ်းဧကရာဇ်ကြီးမှာ နေမင်းကြီးတစ်စင်းကဲ့သို့ ထွန်းလင်းတောက်ပနေသကဲ့သို့ပင်။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ထို ရွှေရောင်နွားချေးပိုးမှာ လခြမ်းဧကရာဇ်ကြီး၏ အနီးသို့ ရောက်ရှိသွားတော့သည်။

ထို့နောက် ၎င်းမှာ လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပေါင်းစည်းဝင်ရောက်သွားသဖြင့် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုနှင့် ရိုက်ခတ်မိသွားတော့သည်။

ထို့ကြောင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများမြန်ဆန်လာ၏။ သူသည် သူ၏ နည်းလမ်း အလုပ်ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါသော်လည်း ထွက်ပေါ်လာသည့် ရလဒ်များမှာ ကောင်းမွန်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သူ၏ ဓားအိမ်လေးထဲမှ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများကို ချက်ချင်း ပြန်လည်ဖယ်ရှားလိုက်ပြီး လခြမ်းဧကရာဇ်ကြီးအား ပြန်၍ စုပ်ယူနေလိုက်တော့သည်။

လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲတွင်မူ မိုးကောင်းကင်တာအိုနှစ်မျိုး ထိပ်တိုက်ရင်ဆိုင်တွေ့နေကြသည်ဖြစ်ရာ သူ၏ အော်ဟစ်သံများမှာ ပို၍ပင် စူးရှကျယ်လောင်လာရတော့သည်။ သူ့ဆီမှ ထွက်ပေါ်လာနေသည့် တာအိုအငွေ့အသက်များနှင့် စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များမှာလည်း ပို၍များပြားလာ၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းသားတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် မျက်ဝန်းများ ဖျတ်ခနဲလက်သွားပြီး သူ၏ ဓားအိမ်လေးအား အလျင်အမြန်ထိန်းချုပ်ကာ အဆုံးမဲ့မိုးကောင်းကင်တာအိုကိုလည်း စုပ်ယူနေလိုက်ပြန်သည်။

ထိုသို့ဖြင့် ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ တိုးတက်မှုနှုန်းမှာလည်း ပို၍ မြန်ဆန်လာ၏။ သူ၏ အပြင်ခန္ဓာကိုယ်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်၏ အဆင့်တစ်ရာသို့ ရောက်နေပြီးသား ဖြစ်သည်။ ယခုတွင် သူသည် သူ၏ အပြင်ခန္ဓာကိုယ်မှာ စွမ်းအားတစ်မျိုး စုစည်းနေခြင်းဖြစ်သည်ဟု ခံစားနေရ၏။

၎င်းမှာ ထာဝရကြယ်အဆင့်မှ ဖောက်ထွက်ကာ ကြယ်နယ်မြေအဆင့်သို့ တက်လှမ်းနိုင်မည့် စွမ်းအားကို စုစည်းနေခြင်း ဖြစ်ပေသည်။

သူ၏ ကြယ်မြေပုံထဲရှိ ကြယ်များအားလုံးမှာလည်း ဝင်းလက်စွာတောက်ပနေကြပြီး စတင်ပြောင်းလဲလာနေပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူသည် လခြမ်းဧကရာဇ်ကြီးဆီမှ ထွက်ပေါ်နေသည့် တာအိုအငွေ့အသက်များ အားပျော့လာသည်ကို အာရုံခံမိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့မိုးကောင်းကင်တာအို လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားပြီးနောက် မိုးကောင်းကင်တာအိုနှစ်မျိုးမှာ သူ၏ နတ်ဘုရားဝိညာဉ်ထဲ၌ ထိပ်တိုက်ရင်ဆိုင်တွေ့ကာ တိုက်ခိုက်နေကြသောကြောင့်ပင်။ အကယ်၍ ၎င်းတို့သာ လက်ရည်တူနေမည်ဆိုပါက အနိုင်အရှုံးရလဒ်အား ခန့်မှန်းနိုင်ရန်မှာ ခဲယဉ်းနေမည်ဖြစ်ပြီး တိုက်ပွဲကြီးမှာလည်း ပြင်းထန်နေမည်ဖြစ်သည်။ ထိုသို့သာဆိုလျှင် ဝမ်ပေါင်လဲ့မှာလည်း စွမ်းအင်အများဆုံး စုပ်ယူနိုင်မည်ဖြစ်သည်။ သို့သော် ယခုတွင်မူ... အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုမှာ မကြာသေးမီကမှ ပြန်လည်နိုးထလာခဲ့သည်ဖြစ်ရာ အဆုံးမဲ့မိုးကောင်းကင်တာအိုအား ယှဉ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။

ထို့ကြောင့် ၎င်းမှာ ချက်ချင်း ဖိနှိပ်ချုပ်တည်းခံလိုက်ရသလို လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ သေမင်းအငွေ့အသက်များမှာလည်း ချက်ချင်း အားပျော့သွား၏။ ၎င်းတို့မှာ မကြာသေးမီတုန်းက သူ၏ ခန္ဓာကိုယ်၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ဖုံးလွှမ်းထားပြီး ဖြစ်ပါသော်လည်း ယခုတွင်မူ ငါးဆယ်ရာခိုင်နှုန်းအထိ ပြန်ရောက်သွားပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ ဆက်လက်လျော့ကျနေဆဲပင်။

လေးဆယ်ရာခိုင်နှုန်း... သုံးဆယ်ရာခိုင်နှုန်း.... နှစ်ဆယ်ရာခိုင်နှုန်း....

ဆယ်ရာခိုင်နှုန်းအထိ လျော့ကျသွားသည့်အချိန်တွင် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုမှာ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းပင်မရှိတော့ပေ။ လခြမ်းဧကရာဇ်ကြီးမှာလည်း ပြန်လည်နိုးထလာတော့မည့်အလား မျက်ခွံများ တဆတ်ဆတ် တုန်ရီနေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား ကြည့်နေရင်း တုန်လှုပ်ချောက်ချားသွားရ၏။ သို့သော် သူသည် တစ်ခုခုမှာ ထူးဆန်းနေသည်ဟု ခံစားနေရဆဲပင်။ သူ၏ ခန့်မှန်းချက်များအရဆိုလျှင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ဤ အစီအစဉ်အား အကောင်အထည်ဖော်နိုင်ရန် အချိန်အကြာကြီးပေး၍ ပြင်ဆင်ခဲ့သည်ဖြစ်ရာ ယခုလို ဖြစ်လာစရာအကြောင်းမရှိပေ။

သို့သော် ယခုတွင်မူ သူ၏ ရှေ့တွင် ထိုကဲ့သို့ ဖြစ်လာပြီမဟုတ်ပါလော။

ကံကောင်းစွာဖြင့် တစ်အောင်ခန့်အကြာတွင် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုမှာ နောက်ထပ်တစ်ကြိမ် ပြန်၍ ပေါက်ကွဲထွက်ပေါ်လာပြန်သည်။ ၎င်းမှာ အစွမ်းကုန်ထုတ်ကာ တန်ပြန်တိုက်စစ်တစ်ခု စတင်လိုက်သကဲ့သို့ပင်။ ထိုအချိန်တွင် မီးဖိုကြီး၏ အပြင်ဘက်၌ တိုက်ခိုက်နေသည့် ကျင့်ကြံသူများ၏ အထက်ရှိ အာကာသကောင်းကင်ကြီးထဲမှ တည်ကြည်မှုအပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာသည်။

" ချန်ရှင်း။ မင်း ရှုံးသွားပြီ "

ထို စကားသံကြီး ပဲ့တင်ထပ်သွားသည်နှင့် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပိုင်ဆိုင်ထားပြီး အလင်းရောင်များ ဖုံးလွှမ်းနေသည့် ဧရာမ လူရိပ်ကြီးတစ်ခုမှာ အာကာသကောင်းကင်ထဲမှ ဆင်းသက်လာသည်။ ၎င်း ပေါ်ပေါက်လာသည်နှင့် အားကောင်းသည့် ဖိအားတစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။

" အလင်းနတ်ဧကရာဇ် "

" မင်းတို့သုံးယောက်စလုံး ရောက်လာတာပါလား။ စိတ်ဝင်စားစရာပဲ။ အဲတာဆိုရင် အဆုံးမဲ့ခေါင်းဆောင်ကြီးလည်း ဒီနေရာမှာ ရှိနေမှာ သေချာတယ် " မီးဖိုကြီး၏ အပြင်ဘက်တွင် ချန်ရှင်းမှာ ပြုံးနေဆဲဖြစ်ပါသော်လည်း မျက်နှာအမူအရာ အနည်းငယ်ပျက်သွား၏။

" ခေါင်းဆောင်ကြီးကိုယ်တိုင် ရောက်လာစရာ မလိုပါဘူး။ ငါတို့ သုံးယောက်တည်းနဲ့ မင်းနဲ့ အမှောင်ဂိုဏ်းက အကြွင်းအကျန်ဂိုဏ်းသားတွေကို ဖိနှိပ်ချုပ်တည်းပစ်လို့ ရတယ် " အလင်းရောင်များ ဖုံးလွှမ်းနေသည့် လူရိပ်ကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် ၎င်း၏ ညာဘက်လက်ကိုမြှောက်၍ မီးဖိုကြီးဆီသို့ ဆန့်ထုတ်လိုက်၏။

ထိုအခါ အာကာသမိုးကောင်းကင်ကြီးမှာ တုန်ရီသွားပြီး လေထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွား၏။ မီးဖိုကြီး၏ အပြင်ဘက်တွင် ရှိနေကြသည့် အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသော အမှောင်ဂိုဏ်းသား ခုနစ်ယောက်မှာလည်း အပြင်းအထန် တုန်ရီသွားကြသည်။ ထို့နောက် သူတို့မှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး ပေါက်ကွဲသွားကြ၏။ တစ်ချိန်တည်းမှာပင် မီးဖိုကြီး၏ ပတ်ပတ်လည်၌ အသစ်ပြန်လည်ပေါ်ပေါက်လာသည့် အကာအရံကြီးမှာလည်း ပြင်းအားများကို တောင့်ခံနိုင်စွမ်းမရှိတော့သဖြင့် ပျက်စီးသွားတော့သည်။။

" မိုးကောင်ကင်တာအို။ လခြမ်းဧကရာဇ်ကြီးရဲ့ ခန္ဓာကိုယ်ထဲက အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုကို အခုချက်ချင်း ဝါးမျိုးပစ်ပြီးတော့ သူ့ကို ပြန်လည်နိုးထလာအောင် လုပ်လိုက်စမ်း "

ထို အကာအရံကြီး ပျက်စီးသွားသောအခါ အဆုံးမဲ့မိုးကောင်းကင်တာအိုကြောင့် ပေါ်ပေါက်လာသည့် ရွှေရောင်နွားချေးပိုးကြီးမှာ ပျော်ရွှင်မြူးထူးစွာ အော်ဟစ်မြည်တမ်းလိုက်၏။ ထို့နောက် ၎င်းမှာ တွေဝေတုံ့ဆိုင်းမနေဘဲ မျက်ခွံများ တဆတ်ဆတ်တုန်ရီနေသည့် လခြမ်းဧကရာဇ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။

ထို ပြောင်းလဲမှုများမှာ မြန်ဆန်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ပြောင်းဆန်သွားရ၏။ သို့သော် သူသည် မည်သည့်အကြောင်းကြောင့်မှန်းမသိ တစ်ခုခုမှာလွဲနေသည်ဟု ခံစားနေရဆဲပင်။

All Chapters