ငါက မိုးကောင်းကင်တာအို
Vol. 84 Ch. 1158
ဤကိစ္စကြီးမှာ ယခုလောက် မရိုးရှင်းလောက်ပေ။
ဂိုဏ်းတူအစ်ကိုကြီးချန်ရှင်းမှာ ယခုလောက်အထိ ပေါ့ဆနေစရာအကြောင်း မရှိပေ။
သူ၏ အစီအစဉ်မှာ ယခုလို အလွယ်တကူ ပျက်ပြားသွားစရာ အကြောင်းမရှိပေ။
အကယ်၍ ၎င်းမှာ ချန်ရှင်းတစ်ယောက် ကောက်ကာငင်ကာ ရေးဆွဲခဲ့ရသည့် အစီအစဉ်တစ်ခုသာဆိုပါက ကိစ္စမရှိပါသော်လည်း သူသည် ၎င်းအတွက် အချိန်အကြာကြီးပေး၍ ပြင်ဆင်ထားခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အဆုံးမဲ့မျိုးနွယ်စု ဝင်ရောက်နှောင့်ယှက်နိုင်သည့် ဖြစ်နိုင်ခြေအား ထည့်မတွက်ထားစရာအကြောင်း မရှိပေ။
သူသည် နတ်ဧကရာဇ်တစ်ပါးတည်း ရောက်ရှိလာမည်မဟုတ်ကြောင်း ကြိုသိထားပြီးသား ဖြစ်ရပေမည်။
ထို့ကြောင့် ယခုလို အခြေအနေသို့ ရောက်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ တစ်ခုခုလွဲ နေသည်ဟု ခံစားနေရဆဲပင်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ အတွေးများယောက်ယက်ခတ်နေစဉ် မီးဖိုကြီး၏ အပြင်ဘက်တွင် ရှိနေသည့် ချန်ရှင်းမှာ စိုးရိမ်စိတ်များ ကြီးထွားလာနေပြီ ဖြစ်သည်။ သူသည် မီးဖိုထဲသို့ ပြေးဝင်သွားချင်ပါသော်လည်း နတ်ဧကရာဇ်ရွှမ်ဟွားမှာ သူ့အား တားဆီးထား၏။ တစ်ချိန်တည်းမှာပင် အာကာသကောင်းကင်ကြီးထဲရှိ အလင်းရောင်များ ဖုံးလွှမ်းနေသော အဆုံးမဲ့မျိုးနွယ်စုဝင် လူရိပ်ကြီးမှာလည်း သူ၏ ညာဘက်လက်ကို မြှောက်ကာ ချန်ရှင်းအား ဖိနှိပ်ချုပ်တည်းထားသေးသည်။
ထို့ကြောင့် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ချန်ရှင်းကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိပေ။ ထို ဖိနှိပ်ချုပ်တည်းမှုများကြောင့် သူသည် ဤတိုက်ပွဲထဲ၌ ပထမဆုံးအကြိမ်အဖြစ် သွေးတစ်ပွက် အန်ထွက်လာရတော့သည်။
သူ ထိုကဲ့သို့ သွေးတစ်ပွက် အန်ထွက်လာသည်နှင့် အဆုံးမဲ့မိုးကောင်းကင်တာအိုကြောင့် ပေါ်ပေါက်လာသည့် ရွှေရောင်နွားချေးပိုးကြီးမှာ လခြမ်းဧကရာဇ်ကြီး၏ အနီးသို့ ရက်စက်ကြမ်းကြုတ်ကာ လောဘတက်နေပြီး စိတ်လှုပ်တရှားဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ရောက်ရှိလာ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားတော့သည်။
" မဖြစ်ဘူး " ခပ်လှမ်းလှမ်းရှိ အာကာသကောင်းကင်ကြီးထဲတွင်မူ ချန်ရှင်းမှာ အသံကုန်အော်ဟစ်လိုက်၏။ သူ၏ ဆံပင်မှာ ရှုပ်ပွနေပြီး သူသည် မီးဖိုကြီး၏ အနီးသို့ ပြေးလာနိုင်ရန် ထပ်၍ ကြိုးစားလိုက်၏။ သို့သော် အလင်းနတ်ဧကရာဇ်နှင့် နတ်ဧကရာဇ်ရွှမ်ဟွားတို့မှာ အတူတကွတိုက်ခိုက်လိုက်ကြသည်ဖြစ်ရာ ချန်ရှင်း၏ ပါးစပ်ထဲမှ နောက်ထပ် သွေးတစ်ပွက် အန်ထွက်လာရပြန်သည်။
အဆုံးမဲ့မိုးကောင်းကင်တာအို လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်နှင့် တစ်ချိန်လုံး သတိဝီရိယအပြည့် ရှိနေခဲ့သည့် နတ်ဧကရာဇ်တိရှန်းမှာ စိတ်အေးသွားသည့် အမူအရာဖြင့် သက်ပြင်းချလိုက်၏။ သူသည် ချန်ရှင်း၏ တိုက်ပွဲကြီးထဲ၌ ဝင်ပါခဲ့ခြင်း မရှိပေ။ သူ၏ တာဝန်မှာ မျှော်လင့်မထားသည့် မတော်တဆမှုများ ပေါ်ပေါက်မလာအောင် တားဆီးရန်ဖြစ်သည်။
ယခုတွင် အရာအားလုံးမှာ ချောချောမွေ့မွေ့ ပြီးဆုံးသွားပြီဖြစ်ရာ နတ်ဧကရာဇ်တိရှန်းမှာ အေးစက်စက် ပြုံးလိုက်ပြီးနောက် မီးဖိုထဲသို့ဝင်ရောက်လာ၏။ သူသည် လခြမ်းဧကရာဇ်ကြီးဆီသို့ လျှောက်လှမ်းလာနေပြီဖြစ်သည်။ ထို့အပြင် သူသည် အဆုံးမဲ့မိုးကောင်းကင်တာအို လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်နှင့် ကျန်ရှိနေသေးသည့် သေမင်းအငွေ့အသက် ဆယ်ရာခိုင်နှုန်း အလျင်အမြန် လွင့်ပါးပျောက်ကွယ်သွားနေသည်ကိုလည်း မြင်နေရသေးသည်။
၎င်းအား ပျောက်ကွယ်မသွားအောင် တားဆီးနိုင်ရန်မှာ မဖြစ်နိုင်ပေ။ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုမှာ အဆက်မပြတ် ဖိနှိပ်ချုပ်တည်းခံထားရသည် မဟုတ်ပါလော။ ထိုသို့ဖြင့် ၎င်း လုံးဝပျောက်ကွယ်သွားတော့မည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အချက်တစ်ချက်အား သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် မီးဖိုကြီး၏ အပြင်ဘက်၌ ဆံပင်များရှုပ်ပွနေသည့် ချန်ရှင်းအား လှမ်းကြည့်လိုက်ပြီးနောက် သူ၏ရှေ့တွင် ရှိနေသည့် လခြမ်းဧကရာဇ်ကြီးအား မကြည့်မိစေရန် သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော သူ၏ နှလုံးသားထဲ၌ မသေချာမရေရာသည့် ခန့်မှန်းချက်တစ်ခု ပေါ်ပေါက်လာသောကြောင့်ပင်။ အကယ်၍ ထိုခန့်မှန်းချက်သာ မှန်ကန်နေမည်ဆိုပါက မကြာသေးမီတုန်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအတွက် ဖြေရှင်းချက်တစ်ခု ပေါ်လာမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ ထိုခန့်မှန်းချက် ပေါ်ပေါက်လာစဉ်မှာပင် လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ သေမင်းအငွေ့အသက်များမှာ အဆုံးအထိ ဖိနှိပ်ချုပ်တည်းခံလိုက်ရသဖြင့် အနည်းငယ်မျှသာ ကျန်ရှိတော့၏။ သူ၏ မျက်ခွံများမှာလည်း တဆတ်ဆတ် တုန်ရီနေရာမှ ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း ပြန်ပွင့်လာတော့သည်။
သူ ထိုသို့ မျက်လုံးများပြန်ပွင့်လာသည်နှင့် သူ့ဆီသို့ လျှောက်လှမ်းလာနေသည့် နတ်ဧကရာဇ်တိရှန်းမှာ ရုတ်တရက်ဆိုသလို မျက်လုံးများ မှေးသွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာရန် ပြင်လိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။
ထိုအချိန်တွင် လခြမ်းဧကရာဇ်ကြီးမှာ သက်ပြင်းချကာ ဆိုလိုက်၏။
" စိတ်မကောင်းစရာပဲ။ ဘာလို့ အဆုံးမဲ့ခေါင်းဆောင်ကြီးက ရောက်မလာရတာလဲ။ တိရှန်း။ မင်းကရော ဘာလို့ မင်းရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ရောက်မလာရခဲ့ရတာလဲ " လခြမ်းဧကရာဇ်ကြီး ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ သူနှင့် ဝေးရာသို့ ထွက်ပြေးသွားနေသည့် နတ်ဧကရာဇ်တိရှန်းအား လှမ်းခုတ်လိုက်သည်။
ထို ဓားအလင်းတန်းကြီးမှာ အလွန်အင်မတန်မှ စူးရှတောက်ပနေ၏။ ၎င်းမှာ အာကာသကောင်းကင်ကြီးထဲရှိ အလင်းရောင်အားလုံးကို အစားထိုးနိုင်စွမ်းရှိပြီး စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော တာအိုအငွေ့အသက်များနှင့် သဘာဝစည်းမျဥ်းဥပဒေသများကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။ သို့ဖြစ်ရာ ၎င်းထဲ၌ စကြဝဠာကြီးတစ်ခုလုံး၏ စွမ်းအားများ ကိန်းအောင်းနေသကဲ့သို့ ဖြစ်နေ၏။
ပို၍ တိတိကျကျဆိုရလျှင် ၎င်းထဲ၌ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို စွမ်းအားများ ကိန်းအောင်းနေခြင်းဖြစ်သည်။
ထို ဓားအလင်းတန်းမှာ ရှေ့သို့ ထိုးထွက်သွားသည်နှင့် အာကာသကောင်းကင်ကြီးတစ်ခုလုံးအား တုန်ရီသွားစေ၏။ နတ်ဧကရာဇ်တိရှန်းမှာမူ လခြမ်းဧကရာဇ်ကြီးအား စိုက်ကြည့်နေရင်း တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားသည်။
" မင်း... " ထို့နောက် သူ စကားမဆုံးခင်မှာပင် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားတော့သည်။
နတ်ဧကရာဇ်တိရှန်း သေဆုံးသွားပြီဖြစ်သည်။
သို့သော် ထိုသို့ သေဆုံးသွားခဲ့သည့်အရာမှာ သူ၏ ခန္ဓာကိုယ်အစစ်မဟုတ်ဘဲ သူ၏ တာအိုကိုခန္ဓာကိုယ်သာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ နတ်ဧကရာဇ်တိရှန်းမှာ အမြောက်အမြား နစ်နာဆုံးရှုံးလိုက်ရမည်သာ ဖြစ်သည်။ သူ၏ တာအိုခန္ဓာကိုယ် ပျက်စီးသွားသည်နှင့် သဘာဝစည်းမျဉ်းဥပဒေသ အမြောက်အမြားမှာ အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့မှာမူ စိတ်လှုပ်ရှားလွန်းနေသောကြောင့် အသက်ရှူသံများပင် မြန်ဆန်လာပြီး မျက်ဝန်းများ ဝင်းလက်တောက်ပလာတော့သည်။
သူ၏ မျက်ဝန်းများထဲတွင် အနည်းငယ်မျှသာ ကျန်တော့သည့်အထိ ဖိနှိပ်ချုပ်တည်းခံခဲ့ရသော လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ သေမင်းအငွေ့အသက်များမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားခြင်းဖြစ်သည်။ ထို့ကြောင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အဆုံးမဲ့မိုးကောင်းကင်တာအိုမှာ ဖိနှိပ်ချုပ်တည်းခံလိုက်ရသည်။ ထို အဆုံးမဲ့မိုးကောင်းကင်တာအိုမှာ အော်ဟစ်မြည်တမ်းကာ လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားခဲ့ပါသော်လည်း အရာမထင်ခဲ့ပေ။
ပြင်ပကမ္ဘာထဲတွင်ဆိုလျှင် အဆုံးမဲ့မိုးကောင်းကင်တာအိုမှာ အသုံးဝင်နေမည်ဖြစ်ပါသော်လည်း လခြမ်းဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲတွင်မူ ၎င်းမှာ ၎င်းမှာ အသုံးမဝင်တော့ပေ။ ထို့ကြောင့် ယခုတွင် လခြမ်းဧကရာဇ်ကြီး ထို အဆုံးမဲ့မိုးကောင်းကင်တာအိုအား စုပ်ယူနေသည်ကိုပင် မြင်နေရပြီဖြစ်သည်။
ပို၍ တိတိကျကျဆိုရပါက ၎င်းမှာ ဝါးမျိုးခံနေရခြင်းဖြစ်ပေသည်။
" ငါ နားလည်သွားပြီ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေပြီး နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေ၏။ မီးဖိုကြီး၏ အပြင်ဘက်ရှိ အလင်းနတ်ဧကရာဇ်နှင့် နတ်ဧကရာဇ်ရွှမ်ဟွားတို့မှာလည်း အံ့သြတုန်လှုပ်သွားရသည်သာ ဖြစ်သည်။ သူတို့မှာ တုန်လှုပ်ချောက်ချားနေသည့် မျက်ဝန်းများဖြင့် နောက်သို့ အလျင်အမြန် ထွက်ပြေးဆုတ်ခွာသွားကြ၏။ သို့သော် ခဏအကြာတွင် သူတို့မှာ လက်ရှိအခြေအနေအား ရိပ်မိသွားကြသဖြင့် မျက်စိမျက်နှာ ပျက်သွားကြတော့သည်။ သူတို့မှာ သူတို့နှစ်ယောက်ပေါင်း၍ ဖိနှိပ်ချုပ်တည်းထားသည့် ချန်ရှင်းနှင့် မီးဖိုထဲမှ လခြမ်းဧကရာဇ်ကြီးတို့အား လှမ်းကြည့်လိုက်ကြ၏။
" မင်းက လခြမ်းဧကရာဇ်ကြီး မဟုတ်ဘူး "
" ဟုတ်တယ်။ ငါက လခြမ်းဧကရာဇ်ကြီး မဟုတ်ဘူး။ ငါက ချန်ရှင်းပဲ " လခြမ်းဧကရာဇ်ကြီးမှာ မီးဖိုထဲမှနေ၍ အာကာသကောင်းကင်ကြီးထဲသို့ ထွက်လာပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ချန်ရှင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အလင်းနတ်ဧကရာဇ်နှင့် နတ်ဧကရာဇ်ရွှမ်ဟွားတို့၏ ဖိနှိပ်ချုပ်တည်းခြင်းကို ခံထားရသော ချန်ရှင်း၏ ပုံပန်းသွင်ပြင်မှာလည်း ပြောင်းလဲသွား၏။ သူသည် တစ်ကိုယ်လုံး ခြောက်ကပ်သွားပြီး လခြမ်းဧကရာဇ်ကြီးအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။
သို့သော် သူ၏ မျက်ဝန်းများမှာ အသက်မဲ့နေသလို သူ၏ ခန္ဓာကိုယ်ထဲတွင်လည်း သေမင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
" ပြီးတော့ ငါက... မိုးကောင်းကင်တာအိုပဲ " ချန်ရှင်းတစ်ယောက် စကားဆက်ပြောလိုက်သောအခါ သူ၏ အငွေ့အသက်များမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါက်ကွဲထွက်ပေါ်လာသည်။ ထို့နောက် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး သူ၏ အငွေ့အသက်များမှာ အာကာသကောင်းကင်ကြီး တစ်ခုလုံးထဲ၌ ပျံ့နှံ့သွားကာ အရပ်မျက်နှာအနှံ့ရှိ အရာအားလုံးကို ဖိနှိပ်ချုပ်တည်းလိုက်တော့သည်။ ထို့အပြင် သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် အနက်ရောင်ငါးတစ်ကောင်ပုံစံ အမှတ်အသားတစ်ခု ပေါ်ပေါက်လာသည်။
ထိုအခိုက်အတန့်တွင် နတ်ဧကရာဇ်ရွှမ်ဟွားနှင့် အလင်းနတ်ဧကရာဇ်တို့၏ မျက်နှာအမူအရာများမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ပြောင်းလဲသွားကြပြန်သည်။
" ဒါတွေအကုန်လုံးက အတုအယောင်တွေပဲ... ငါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လခြမ်းဧကရာဇ်ကြီးကို အနိုင်ယူခဲ့ပြီးတော့ သူ့ကို အမှောင်ဂိုဏ်းသား တစ်ယောက်ဖြစ်အောင် ပြောင်းလဲပစ်ခဲ့တာ။ ဒါတွေ အကုန်လုံးက... မင်းတို့ သူ့ကိုလာကယ်အောင် မျှားခေါ်နိုင်ဖို့ပဲ၊ အဆုံးမဲ့မိုးကောင်းကင်တာအို ဆင်းသက်လာအောင် မျှားခေါ်နိုင်ဖို့ပဲကွ "
" ငါ အသက်ပြန်သွင်းခဲ့တဲ့ မိုးကောင်းကင်တာကိုက မင်းတို့တွေ ထင်ထားသလိုမဟုတ်ဘူး။ အဲတာ ငါ ခွဲထုတ်ခဲ့တဲ့ ဝိညာဉ်မဲ့ စိတ်ဆန္ဒအမျှင်အတန်းတစ်ခုထက် ဘာမှမပိုဘူးကွ။ တကယ့် မိုးကောင်းကင်တာအိုအစစ်က ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်နိုးထလာခဲ့တာ။ ငါက အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုဆိုရင်လည်း ဟုတ်သလို အဆုံးမဲ့မျိုးနွယ်စု လက်ရှိမျိုးဆက်နဲ့ ကျောက်ပြားကမ္ဘာရဲ့ တမန်တော်ဆိုရင်လည်း ဟုတ်တယ် "
" လော့က သေသွားပြီဆိုပေမယ့် အမှောင်ဂိုဏ်းရဲ့ တာဝန်က ပျောက်ပျက်မသွားဘဲ ရှိနေတုန်းပဲ။ ကျောက်ပြားကမ္ဘာကို ဆက်ပြီးတော့ ဖိနှိပ်ချုပ်တည်းထားဖို့လိုတယ် "
" အစတုန်းက ငါက အဆုံးမဲ့မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးကိုပါ ဒီနေရာအထိ မျှားခေါ်ဖို့စီစဉ်ထားတာ။ သူက နတ်ဝိဇ္ဇာလား ဒါမှမဟုတ် ဧကရာဇ်ကြီးလို့ တခြားလူတွေ ခေါ်ကြတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးရဲ့ ကိုယ်ပွားတစ်ခုလားဆိုတာ ငါ သိချင်နေတာ။ စိတ်မကောင်းစရာက သူ ဒီနေရာကို ရောက်မလာတာပဲ " ချန်ရှင်းမှာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ သူ၏စကားများကြောင့် အလင်းနတ်ဧကရာဇ်ကြီးနှင့် နတ်ဧကရာဇ်ရွှမ်ဟွားတို့၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
ဝမ်ပေါင်လဲ့မှာလည်း ရင်ခုန်နှုန်းများ မြန်ဆန်နေပြီ ဖြစ်သည်။ ထို့နောက် သူသည် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး အကြည့်လွှဲလိုက်၏။ သူသည် အာကာသကောင်းကင်ကြီးထဲရှိ တိုက်ပွဲကြီးအား အာရုံစိုက်နေခြင်းမရှိတော့ဘဲ နတ်ဧကရာဇ်တိရှန်း၏ တာအိုကိုယ်ပွား သေဆုံးသွားပြီးနောက် အလုံးအရင်း ထွက်ပေါ်လာသည့် တာအိုအငွေ့အသက်များကိုသာ အငမ်းမရ စုပ်ယူနေလိုက်တော့သည်။
ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အလျင်အမြန် တိုးတက်သွား၏။ သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း စွမ်းအားများ စုဆောင်းနေသလို သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း အဆက်မပြတ် တိုးတက်လာနေသည်။
အရင်ဆုံး ဖောက်ထွက်သွားခဲ့သည့် အရာမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ဖြစ်ပေသည်။ သူ၏ အပြင်ခန္ဓာကိုယ်နှင့် နတ်ဘုရားဝိညာဉ်နှစ်ခုစလုံး အစွမ်းထက်လာသည်ဖြစ်ရာ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန်မှာ မခက်တော့ပေ။ သူ၏ နောက်တွင်ရှိနေသည့် မရေမတွက်နိုင်လောက်အောင် များပြားသော အထူးဂြိုဟ်များအားလုံး ထာဝရကြယ်များအဖြစ် ပြောင်းလဲသွားချိန်တွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ ထစ်ချုန်းသံများနှင့်အတူ အလယ်အလတ် ထာဝရကြယ်အဆင့်မှ နှောင်းပိုင်း ထာဝရကြယ်အဆင့်သို့ ဖောက်ထွက်သွားတော့သည်။
ထို့နောက် သူ၏ နတ်ဘုရားဝိညာဉ်အလှည့်သို့ ရောက်လာ၏။ သူသည် တာအိုအငွေ့အသက်များအား အဆက်မပြတ်စုပ်ယူနေသဖြင့် ၎င်းမှာ နှောင်းပိုင်း ထာဝရကြယ်အဆင့်မှ ထာဝရကြယ်ထိပ်ဆုံးအဆင့်အထိ တိုးတက်သွား၏။ လက်ရှိတွင် ၎င်းမှာ နှစ်ဆင့်၊ သုံးဆင့်မျှသာ တက်လှမ်းရသေးပါသော်လည်း ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ရောက်သွားပြီဖြစ်သည်။
နောက်ဆုံးတွင် သူ၏ အပြင်ခန္ဓာကိုယ်မှာ ဖောက်ထွက်သွား၏။ ၎င်းမှာ စွမ်းအားအလုံအလောက် စုစည်းပြီးသွားသောကြောင့် သူ၏ နှလုံးသားထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် စကားလုံးဖြင့်ဖော်ပြ၍ မရနိုင်သည့် စွမ်းအားတစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
သူ၏ အပြင်ခန္ဓာကိုယ်မှာ ကြယ်နယ်မြေအဆင့်သို့ ဖောက်ထွက်သွားပြီဖြစ်သည်။
ထို့ကြောင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော စွမ်းအင်လှိုင်းများထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာတော့သည်။