နာ့ရှင်းရီ၏ ရွေးချယ်မှု
Vol. 11 Ch. 151
ဝေ့ဝူယင်မှာ မည်သူနည်း။ လုံချန်မှာ မည်သူနည်း။
ထိုမေးခွန်း နှစ်ခုမှာ ယနေ့ လူအုပ်ကြီး၏ စိတ်ထဲတွင် စွဲနေခဲ့ပြီး အထူးသဖြင့် နာ့ရှင်းရီ သေချာစွာ စဥ်းစားရမည့် မေးခွန်းများ ဖြစ်သည်။ မျက်ဝန်းများ၊ ရီဝေဝေ မျက်ဝန်းများက သူမ၏ စိတ်ထဲတွင် မည်မျှ ရှုပ်ထွေးပွေလီ နေကြောင်း ဖော်ပြနေ၏။
လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် ကာလ အတွင်း၌ သူမသည် သတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် ကျွန်ပြုခံရခြင်းတို့ ကြီးစိုးနေသည့် ကမ္ဘာကြီး၌ ကျင်လည်ခဲ့ရသည်။ မရေမတွက်နိုင်သည့် သူမ၏ စီနီယာ၊ ဂျူနီယာများ၊ အကြီးအကဲများမှာ ထိုဝဲဂယက်များ အတွင်း၌ တဝဲလည်လည် နစ်မြုပ်ခဲ့ရသည်။
ဂိုဏ်းတစ်ခုလုံး လဲပြိုသွားချိန်၌ သူမ ယူကြုံးမရ ဖြစ်ခဲ့ရ၏။ သွေးမြေကျသည် အထိ လက်စားချေမည်ဟု အကြိမ်ကြိမ် အခါခါ ကျိန်ဆိုနေခဲ့သော်လည်း သူမကား အားနည်းလွန်းခဲ့သည်။ အကြီးအကဲများ၏ လမ်းညွှန်မှုနှင့် အတူ သူမတို့ ထွက်ပြေးခဲ့သည်။ သို့သော်လည်း မည်မျှ ကြာရှည်ခဲ့သနည်း။
အရာအားလုံးကား ဝေ့ဝူယင်ကြောင့်ပင်။ သူ၏ မျက်လုံးတွေက သိမ်းငှက်တစ်ကောင်လို စူးရှကာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ထို့အတူပင် သူ၏ လက်သည်းများမှာလည်း ရက်စက်ကာ မြဲမြံလွန်းလှသည်။ သူတို့ အဖမ်းခံခဲ့ရသည်။ အချို့မှာ အသတ်ခံခဲ့ရသည်။ မခန့်မှန်းနိုင်သော နည်းလမ်းများဖြင့် နှိပ်စက်ညှင်းပန်းခြင်းကို ခံခဲ့ရသည်။ ထိုအရာက ကံကြမ္မာ ဖြစ်လာလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။
သူမသည် ဝေ့ဝူယင်ကို အနက်ရှိုင်းဆုံးသော စိတ်ထဲမှ မုန်းတီးခဲ့သည်။ ညစ်ညမ်းသော စကားလုံးများနှင့် စိတ်ထဲမှ အကြိမ်ကြိမ် ကျိန်ဆဲခဲ့သည်။ သူ့အား ရက်စက် ကြမ်းကြုတ်ကာ သွေးစွန်းနေသည့် အာဏာပါးကွက်သား တစ်ဦး အဖြစ် ပုံဖော်ခဲ့ဖူးသည်။
သို့သော်လည်း ထိုအရာအားလုံးကား သူ့ကို မမြင်တွေ့ခင် အချိန်အထိသာ။
သူကား ရည်မွန်ကာ အလွန် ချောမောလွန်သော လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ ငွေရောင် မျက်ဝန်းများက အသိဉာဏ်ပညာ အလင်းတန်းများဖြင့် တလက်လက် တောက်ပနေ၏။ သူ ပြုံးလိုက်တိုင်း၌ သူမမှာ ညှိ့ငင်ခံရသည့် သားကောင်တစ်ကောင် အလား ကြွေဆင်းခဲ့ရသည်။ သူ့အား ပထမဆုံး တွေ့ဆုံခဲ့ရချိန်က ခံစားချက်အား သူမ ယနေ့အထိ မမေ့နိုင်သေးချေ။
သို့သော်လည်း သူမသည် ထိုအတွေးများအား ခပ်မြန်မြန်ပင် ရုပ်သိမ်းကာ ဝေ့ဝူယင်ကို မိစ္ဆာတစ်ကောင် လိုသာ ကြည့်ခဲ့သည်။ သူမ၏ သူငယ်ချင်းများ၊ အကြီးအကဲများ၊ ညီမငယ်လေးများ၏ ကံကြမ္မာဆိုးများအား ယူဆောင်လာသည့် တရားခံက ထိုလူငယ် ဖြစ်သည် မဟုတ်ပါလား။
မှုန်ဝါးဝါး မျက်ရည်များ အကြားမှ နေ၍ သူမအား စိတ်ဝင်တစား ကြည့်နေသည့် ထိုငွေရောင် မျက်လုံးများကို သူမ မြင်တွေ့ခဲ့ရ၏။ ထို့နောက်တွင် ရှင်သန်ရာ လမ်းစတစ်ခုကို သူမ တွေ့ရှိခဲ့ရသည်။
မှတ်မိသလောက်ဆိုလျှင် သူမသည် သာမန် မိန်းကလေး တစ်ယောက် အဖြစ်သာ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပါရမီ၊ ကျင့်ကြံခြင်း အခြေခံ၊ နောက်ခံအင်အား၊ ရုပ်ရှည်... အရာအားလုံးမှာ သာမန်သာ ဖြစ်ခဲ့သည်။ သူမသည် အချိန်အများစုကို ကျင့်ကြံခြင်း၊ တိတ်တဆိတ် အနားယူခြင်း သို့မဟုတ် စိတ်ဝင်စားစရာ မြင်ကွင်းများကို လှည့်ပတ် ကြည့်ရှုခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။
သူမသည် တစ်နေ့တွင် သေမျိုး နတ်ဘုရားများ ကဲ့သို့ ကောင်းကင်တွင် ပျံဝဲနိုင်မည်လော၊ သို့မဟုတ် သွားလေရာ နေရာတိုင်း၌ လူအများ၏ ဦးညွှတ်မှုကို ရရှိနိုင်မည်လောဟု အမြဲတမ်း စိတ်ကူးယဥ်ခဲ့ဖူးသည်။ ပျင်းရိစွာ အချောင်ခိုရင်းပင် သူမသည် လောက၏ ဧကရီ တစ်ပါး ဖြစ်လာရန် တွေးတောခဲ့သည်။ သို့သော်လည်း ထိုအရာများက လက်တွေ့မကျသော နေ့ခင်းအိပ်မက်များသာ ဖြစ်နေခဲ့သည်။
ထို့နောက် ဝေ့ဝူယင်သည် သူမကို ခေါ်ဆောင်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ် တစ်လျှောက် များစွာသော သင်္ကေတများကို ရေးခြယ်ကာ အကြိမ်ကြိမ် လေ့လာ ဆန်းစစ်ခဲ့သည်။ ပထမ၌ သူမသည် ဝေ့ဝူယင် မိစ္ဆာဆန်သော နည်းလမ်းများဖြင့် သူမ၏ ခန္ဓာကိုယ်ကို စားသုံးတော့မည်ဟု တွေးမိခဲ့သေးသည်။ သူမ အလွန် ကြောက်ရွံ့ နေခဲ့သော်လည်း လက်ခံရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။
ထိုငွေရောင် မျက်လုံးများ ပိုင်ရှင်က သူမထံတွင် ထူးခြားသော ခန္ဓာကိုယ် ရှိကြောင်း ပြောပြခဲ့ချိန်၌ သူမမှာ မယုံကြည်နိုင်လောက်အောင်ပင်။ သို့သော်လည်း သူသည် သူမအား ရွေးချယ်စရာ အခွင့်အရေး တစ်ခု ပေးအပ်ခဲ့၏။
သူနှင့်အတူ အိပ်ယာထက်၌ နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံပါက ထာဝရ လွတ်လပ်ခွင့် ပေးမည်။ အကယ်၍ လက်ခံရန် ငြင်းဆိုပါက...
သူက အခြားတစ်ခုကို နားပင် မထောင်ခဲ့ပဲ ပထမ တစ်ခုကို ချက်ချင်း ရွေးချယ်ခဲ့သည်။ သူမ ထိုရာကို ရွေးချယ် ရပေမည်။ သူမ အသက်ရှင်ချင်ခဲ့သည်။
သူမသည် သတိမထားမိခင်မှာပင် လွတ်မြောက်လာခဲ့သည်။ သို့သော်လည်း သူမ၏ နှလုံးသားမှာမူ အကျဥ်းကျ သွားခဲ့သည့် အလား...။
သူမ၏ ဂိုဏ်း၊ သူမ သွားခိုစရာ နေရာ၊ သူမ၏ အပေါင်းအသင်းများ... သူမ နေရာတွင်ပင် ထိုင်ကာ ငိုနေမိခဲ့၏။ တွေးလေလေ နာကျင်ရလေလေပင်။ သူမတွင် ဘာကျန်ရစ်သနည်း။ နောက်ဆုံး သူမ၏ သန့်စင်သော မူလယင်ကို ပင်လျှင် လူယုတ်မာက စားသုံးသွားခဲ့လေပြီ။
ထိုနေ့၌ သူမ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့၏။ ဘဝကို သာမန်အတိုင်း ဆက်၍ လျှောက်လှမ်းမည်လော။ အမြင့်ဆုံး ရောက်အောင် ကြိုးစားကာ လက်စားချေမည်လော။ ထိုအမုန်းတရားက ပင်လျှင် လောင်စာ တစ်ခု အနေဖြင့် တွန်းအားပေးကာ သူမကို ယနေ့ အခြေအနေ အထိ ရောက်ရှိစေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့နောက် သူမ လုံချန်နှင့် တွေ့ဆုံခဲ့သည်။ သူတို့ နှစ်ယောက်သည် လက်ချင်းတွဲလျှက် တိုက်ပွဲဝင်ခဲ့ကာ အန္တရာယ် အမျိုးမျိုးကို ဖြတ်ကျော်ခဲ့သည်။ သူမ၏ ယင်ဆုံမှတ် သုံးခု ခန္ဓာ အတားအဆီး ကင်းမဲ့စွာ တိုးတက်လာခြင်းနှင့် အတူ သူတို့ နှစ်ယောက်၏ ခင်မင် ရင်းနှီးမှုမှာလည်း တိုးတက်လာခဲ့သည်။
အတူတကွ ဖြတ်ကျော်ခဲ့ရသော အချိန်များ၌ သူမသည် လုံချန်အကြောင်းကို ပိုမို သိရှိလာခဲ့သည်။ သူသည် အမြဲတမ်း လိုလို အထင်ကြီးစရာ ကောင်းကာ ဆုံးဖြတ်ပြီးတိုင်း ပန်းတိုင်ကို ရောက်အောင် သွားတတ်သူ တစ်ယောက် ဖြစ်သည်။ သူ၏ ကံကြမ္မာကို သူကိုယ်တိုင် စီမံကာ အမှိုက်ဟု အခေါ်ခံရသော ဘဝမှ နေ၍ အတားအဆီးပေါင်း မြောက်များစွာကို ဖြတ်ကျော်ခဲ့သည်။ သူ၏ အနာဂတ်ကား အကန့်အသတ် မရှိသလိုပင်။ တစ်နေ့တွင် သူသည် တိုက်ကြီးများကို အုပ်စိုးကာ... ကြယ်တာရာ ကောင်းကင်၏ ဧကရာဇ်ပင်လျှင် ဖြစ်ကောင်း ဖြစ်လာနိုင်ပေသည်။
သူမ လုံချန်နှင့် ဝေ့ဝူယင်တို့ကို စိတ်ထဲမှ နှိုင်းယှဥ်ကြည့်လိုက်မိ၏။ လုံချန်သည် အစွမ်းထက်သော်လည်း လက်ရှိတွင် ဝေ့ဝူယင်က ပိုမို သာလွန်နေသည်။ လုံချန်သည် ချောမောသည် ဆိုသော်လည်း ဝေ့ဝူယင်မှာ မိန်းမတိုင်း၏ နှလုံးသားကို အကြည့်တစ်ချက်ဖြင့်ပင် သိမ်းပိုက်နိုင်သူ ဖြစ်သည်။ လုံချန်မှာ ပါရမီရှင် တစ်ယောက် ဖြစ်နိုင်သော်လည်း ဝေ့ဝူယင်မှာ အသက် ၃၇ နှစ်ဖြင့်ပင် ဝိညာဥ် ဆက်သွယ်ခြင်း အဆင့် အဂ္ဂိရတ် အရှင်တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူမက နောက်သို့ လှည့်ကြည့်လိုက်ရာ ယုံကြည်မှုအားကောင်းသော မျက်ဝန်းတို့ဖြင့် ခိုင်ကျည်စွာ ရပ်တည်နေသည့် လုံချန်ကို တွေ့မြင်လိုက်ရသည်။ တဖန် သူမ၏ အကြည့်များက ဝေ့ဝူယင်ထံ ရွေ့လျား သွားသည်။ သူ၏ အမူအရာက သူမ မည်ကဲ့သို့ ဆုံးဖြတ်စေကာမူ ဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးပင် ပြုံးနေခဲ့၏။
နာ့ရှင်းရီ ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“ငါ...”
သူမ၏ နှလုံးသားမှာ မည်ကဲ့သို့ ပြောရမည်ကို သိသွားဟန် ရသည်။ သို့သော်လည်း သူမ မပြောရသေးခင်မှာပင် ဝေ့ဝူယင်က သူမကို ဖြတ်ကာ ပြောလိုက်၏။
"နင် ခုရွေးချယ်စရာ မလိုပါဘူး... နင် ဘာကိုပဲ ဆုံးဖြတ် ဆုံးဖြတ် ငါ ဘာမှ ပြောမှာ မဟုတ်ဘူး... နင် အခြား ယောက်ျားတစ်ယောက်ကို မရွေးချယ်ရသေးသမျှ ကာလပတ်လုံး ငါ နင့်ကို လက်ထပ်ယူမယ်”
စကားအဆုံးက သူက လုံချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဤအမှိုက်များကား အမှန်တကယ် အလုပ်ရှုပ်လွန်းသည်။ သူ၏ အချိန်တစ်ချို့ ပေးရခြင်းကပင်လျှင် အတော်လေး လွန်လွန်း နေခဲ့ပြီ ဖြစ်သည်။
“ငါ...”
နာ့ရှင်းရီမှာ ပြန်လည် တွေဝေသွားခဲ့၏။
ထိုမြင်ကွင်းကို ကြည့်ရင်း လုံချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွား၏။ နာ့ရှင်းရီ နောက်ပြန် လှည့်ကြည့်သော အခိုက်၌ သူသည် သူမ မျက်လုံးများထဲမှ အတွေးကို ရှင်းလင်းစွာပင် မြင်တွေ့ခဲ့ရသည်။ သူမက သူ့အား ရွေးလုဆဲဆဲမှာပင် ဝေ့ဝူယင်၏ စကားလုံးများက နှောက်ယှက်သွားခဲ့သည်။
ဝေ့ဝူယင်က သူတို့ နှစ်ယောက်၏ ရှုပ်ထွေးနေသော မျက်ဝန်းများအား လျစ်လျူကာ တစ်ဖက်သို့ လှည့်လိုက်သည်။ ထိုအချိန်တွင်ပင် လုံချန်၏ အုပ်စုထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။
“ရှင် သူ့ကို တကယ် တာဝန်ယူချင်တယ် ဆိုရင် ရိုးသားမှု အချို့ကို အရင်ဆုံး ပြသင့်တာပေါ့”
ပြောလိုက်သူကား ဝူပိုင်ကျိုးပင်။
သူမသည် လှပကာ ဉာဏ်ရည်ထက်မြက်လှသည့် မျက်ဝန်းများဖြင့် ဝေ့ဝူယင်ကို ကြည့်ရင်း ရှေ့သို့ လျှောက်လာခဲ့၏။ ဝေ့ဝူယင်သည် အစောပိုင်း၌ နာ့ရှင်းရီ၏ ပျော်ရွှင်မှုနှင့် အိပ်မက်များကို ဆောင်ကျည်းကာ ဇနီးမယား အဖြစ် တာဝန်ယူပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူမသည် ထိုချက်ကောင်းကို ကိုင်ကာ နာ့ရှင်းရီအတွက် အကျိုးအမြတ် အချို့ ရှာဖွေပေးရန် ကြံစည်ထားသည်။
ဝေ့ဝူယင်က မျက်ခုံးကို ပင့်လိုက်ရင်း ဝူပိုင်ကျိုးကို ကြည့်လိုက်၏။
“ရိုးသားမှု... ဟုတ်လား”
ဝူပိုင်ကျိုးက ခေါင်းညိတ်လိုက်သည်။
“ရှင်သူ့ဆီက ယူပြီး ဘာမှ ပြန်မပေးရသေးဘူးလေ”
ဝေ့ဝူယင်မှာ စိတ်ရှုပ်သွားသည်။ သူမအား ထိုက်တန်သော “လွတ်လပ်ခွင့်” ပြန်ပေးခဲ့ကြောင်း သူ အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်သည်။ ထိုစကားလုံးအား သူ ထပ်မသုံးချင်တော့ပေ။
သူ တစ်ဖက်သို့ လှည့်ကာ ဝိညာဥ် နတ်မိမယ် ဝင်ခွင့် စစ်ဆေးပွဲ စတင်ကြောင်း ကြေညာမည့် အချိန်ကိုသာ စောင့်နေလိုက်၏။
ဝူပိုင်ကျိုးမှာ ဝေ့ဝူယင်၏ လျစ်လျူသော အမူအရာကို ကြည့်ကာမျက်မှောင်ကြုတ် လိုက်သည်။
“တကယ်လို့ ရှင်သာ တာဝန်ယူဖို့ ဆန္ဒရှိရင် သူ့ကို လိုလားကြောင်း ပြရမှာပေါ့... တာဝန်ကျေ ပြီးရော သဘောနဲ့ ပြောလို့တော့ ဘယ်ရမလဲ”
“ ... “ နာ့ရှင်းရီမှာ ထူးထူးခြားခြား တိတ်ဆိတ်နေ၏။
“ကောင်းပြီလေ...”
ဝေ့ဝူယင်မှာ ထပ်မံ စိတ်ရှုပ် မခံလိုတော့ချေ။ သူ နာ့ရှင်းရီဘက်သို့ လှည့်လိုက်ရင်း မေးလိုက်သည်။
“နင် ဘာလိုချင်လဲ...”
“ ... “
နာ့ရှင်းရီမှာ ဘာပြောရမည်မှန်း မသိချေ။
ဝူပိုင်ကျိုးက သူမ အနားသို့ ချည်းကပ်လာကာ စကားလုံး အချို့ကို တီးတိုးပြောလိုက်၏။ ထိုအချိန်မှာသာလျှင် သူမသည် ဝေ့ဝူယင်၏ ဆိုလိုရင်းကို နားလည်သွားသည်။
အတန်ကြာ တိတ်တဆိတ် စဥ်းစားပြီးနောက်၌...
“ငါ ဝိညာဥ် ကုသခြင်း ဆေးရည် သုံးပုလင်း လိုချင်တယ်”
သူမက လက်သုံးချောင်း ထောင်ပြလိုက်သည်။
ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။
“ဒါပဲလား...”
“အမ်... ဘာလဲ”
နာ့ရှင်းရီမှာ ဝေ့ဝူယင်၏ တုန့်ပြန်မှုကြောင့် အံ့သြသွားသည်။ သူမ၏ တောင်းဆိုမှုက အရမ်းနည်းနေ သလော။ သို့မဟုတ် အရမ်းများသွားသောကြောင့် သူ ရွဲ့နေသလော။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း ခေါင်းအား ခါလိုက်သည်။
“နင် ဝိညာဥ် ကုသခြင်း ဆေးရည် သုံးပုလင်းပဲ လိုချင်တာလား... အဲဒါပဲလားလို့”
နာ့ရှင်းရီတို့၏ ယောင်ချာချာ အမူအရာများကို ကြည့်ရင်း စုမေ့မှာ စိတ်ထဲမှ နေ၍ လှောင်ရယ်လိုက်မိသည်။ ဝေ့ဝူယင်မှာ အဂ္ဂိရတ် ဧကရာဇ် တစ်ပါးပင် ဖြစ်ကြောင်း သူမ သိရှိထားသည်။ သူကား အဆင့်ခုနစ် မှော်ဆေးလုံးများကိုပင် ဖောဖောသီသီ ဖော်စပ်နိုင်သူ ဖြစ်သည်။ အဆင့်ခြောက် ဆေးရည် သုံးပုလင်းမှာ သူ့အတွက် မုန့်ဖိုးပဲဖိုးစာသာ ရှိသည်။
နာ့ရှင်းရီမှာ ဝေ့ဝူယင်ကို ကြည့်ကာ တိတ်ဆိတ်နေ၏။ သူမ၏ ပါးစပ်မှ မည်သည့် အဖြေစကားမှ ထွက်ကျ မလာသေးချေ။ ဝေ့ဝူယင်မှာ ဆက်လက် စောင့်ဆိုင်းရန် စိတ်မရှည်တော့ချေ။
“ငါ နင့်ကို ဝိညာဥ် ကုသခြင်း ဆေးရည် သုံးပုလင်း အပြင် မြင့်မြတ်သောနေ မှော်ဆေးနှစ်လုံး၊ ယင်မြှင့်တင်ခြင်း မှော်ဆေးနှစ်လုံးနဲ့ ကြယ်တာရာ တူးဖော်ခြင်း အခြေခံ ဆေးလုံးတစ်လုံးပါ ပေးမယ်... အဲဒါက ငါ့ရဲ့ ရိုးသားမှုကို ဖော်ပြဖို့ လုံလောက်တယ် မလား”
***