ငါက လာရမှာလား၊ မလာရဘူးလား
Vol. 47 Ch. 693
“ မင်းက….”
ကျန်းရှောင်ယွီ၏ စကားလုံးများကို ကြားတော့ ရန်စီနှင့် ကျန်းရွှီတို့ သူမကို ကြည့်လိုက်ကြပြီး ချက်ချင်းလက်ငင်း ဘယ်သူဆိုတာကို မှန်းဆနိုင်လိုက်ကြသည်။
“ မင်းက ဒီနေ့ လာမယ်ဆိုတဲ့ စထွင်မာလား….”
“ ဟုတ်တယ်…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ဒါပေမယ့် ခုနက ရှင်ပြောလိုက်တဲ့ စကားလုံးတွေက အရမ်းရိုင်းတာပဲ….”
ကျန်းရွှီ နှာခေါင်းရှုံ့လိုက်ပြီး ပခုံးတွန့်ကာ “ ငါတော့ မှားတယ် မထင်ပေါင်… ငါက ဒီတိုင်း ချက်ကျလက်ကျ ပြောပြနေတာ… မင်းတို့ စထွင်မာတွေက ထိုက်သင့်တဲ့ ဘာလေ့လာသင်ယူမှု ၊ ဘာ ထရိန်နင်မှလည်း မရပဲနဲ့…. ပြီးတော့ မင်းတို့ စထွင်းတယ်ဆိုတဲ့ဟာတွေကလည်း အောက်ဆုံးစည်းတောင် မရှိဘူး…. ငါပြောတာ မှားလား…”
“ ကျွန်မတို့က ဘယ်လိုလုပ်ပြီး အောက်ဆုံးစည်း မရှိရမှာ….” ကျန်းရှောင်ယွီ စိတ်တိုသွားခဲ့ပြီး ကျန်းရွှီနှင့် စတင် အချေအတင် ဖြစ်တော့၏။ “ ကျွန်မတို့ စထွင်းတယ်ဆိုတဲ့ ဟာတွေကလည်း အကုန်လုံးက positive ဖြစ်တဲ့ဟာတွေချည်းပဲ… ကျွန်မတို့က ဘယ်မှာ အောက်စည်းလွတ်နေလို့….”
“မင်းတို့က တည့်ပြောမှ သိမှာလား…” ကျန်းရွှီ ပြောလိုက်ပြီး “ တစ်လောတုန်းက ငါမှတ်မိပါသေးတယ်… ဟွာရှန်းဆေးရုံမှာ SMA ဝေဒနာရှင်ကလေး ရှိတယ်ကြားတော့ မင်းတို့ စထွင်မာတွေ ကျားလိုက်ခံရတဲ့ သမင်လို အလောတကြီးနဲ့ ရောက်လာပြီး ဒေါက်တာတွေကို စွပ်စွပ်စွဲစွဲ လုပ်နေကြတယ်လေ… အဲ့တာက အရှက်မရှိတာ မဟုတ်ဘူးလား…”
“ အဲ့တာက လူနည်းစုတွေထဲက တစ်ယောက်လေ… သူကလည်း ကျွန်မတို့ ကွန်မြူနတီက လူတိုင်းကို ကိုယ်စားပြုနေတာမဟုတ်ဘူး…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ရှင်တို့ ဂျာနယ်လစ် သမားတွေမှာကော မကောင်းတဲ့သူ မရှိဘူးလို့ အာမခံနိုင်လို့လား….”
“ အရမ်း အာမခံနိုင်တာပေါ့…” ကျန်းရွှီ ပြောလိုက်ပြီး “ ငါတို့ ဂျာနယ်လစ် သမားတွေရဲ့ အရည်အသွေးက အရမ်းမြင့်မားတယ်.. ပြီးတော့ သင့်တင့်တဲ့ ထရိန်နင်တွေနဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ရှိပြီးသား… လူတိုင်းက ဂျာနယ်လစ် ဖြစ်လာနိုင်တာ မဟုတ်ဘူး… အဲ့တော့ ဟုတ်တယ်.. အာမခံနိုင်တယ်… မင်း တခြား ဘာဆက်ပြောချင်သေးလဲ….”
“ရှင်…!”
“ တော်လောက်ပြီ…” ရန်စီ ပြောလိုက်ပြီး “ နင်တို့စကားတွေကို စည်းလွတ်ဝါးလွတ် ပြောမနေကြစမ်းနဲ့…. ဘာလို့ ဒီမှာလာပြီးတော့ စကားများနေကြတာ… လူအားလုံးဆုံတာနဲ့ အထဲဝင်ကြမယ်…”
“ ကောင်းပြီ…” ကျန်းရွှီ ရန်စီကို အပြုံးလေးဖြင့် ပြောလိုက်၏။ ကျန်းရှောင်ယွီနှင့် စကားပြောတုန်းက မျက်နှာထားနှင့် လားလားမျှ မသက်ဆိုင်တော့ချေ။
ခရိတ်ခ် …
ကား ဘရိတ်သံနှင့်အတူ လင်းရီ ကားကို ကျန်းရှောင်ယွီ ဘေးတွင် ရပ်တန့်လိုက်၏။
ရန်စီနှင့် ကျန်းရွှီတို့ လှည့်ကြည့်လိုက်တော့ နေကာမျက်မှန်နှင့် မျက်နှာဖုံးတပ်ထားသည့် အမျိုးသား တစ်ဦးအား မြင်တွေ့လိုက်ရလေသည်။ ထိုသူက ၎င်း၏ မျက်နှာကို အပြီးတိုင် ဖုံးကွယ်ထားပြီး ထူးဆန်းသည့် အော်ရာ(အရှိန်အဝါ)များအား လွှတ်ထုတ်နေသည်။
“ ဘာဖြစ်နေတာ… မင်းကြည့်ရတာ ကျွဲမြီးတိုနေတဲ့ ရုပ်တဲ့… အန်တီ လာနေပြန်ပြီလား….”
“ မဟုတ်ပါဘူး….”
“ မလာဘူးလား…” လင်းရီ ပြောလိုက်ပြီး “ ဒါဆို မင်း ဆေးရုံ သွားပြီး မြန်မြန် စမ်းသပ်ကြည့်သင့်တယ်နော…”
မိန်းမတို့မည်သည် ထူးဆန်းသည့် သက်ရှိများ ဖြစ်ကြ၏။ အန်တီ လာသည့် အချိန်၌ သေလောက်အောင် စိတ်ရှုပ်လေ့ရှိပြီး မလာပြန်သည့် အချိန်၌လည်း သေမတတ် ကြောက်ရွံ့တတ်ကြလေသည်။
သူမ၏ အန်တီ “ ငါက လာရမှာလား ၊ မလာရဘူးလားဟဲ့…”
“ အန်တီနဲ့ ဘာမှမဆိုင်ဘူး….” ကျန်းရှောင်ယွီ ကျန်းရွှီအား ကြည့်လိုက်ပြီး “ သူ ပြောတာ ကျွန်မတို့ စထွင်မာတွေက ဘာ အမူအကျင့်မှ မရှိတဲ့ အောက်စည်းလွတ်တဲ့ လူတွေတဲ့… သူ့ကို မဟုတ်ဘူးပြောပြီး ပြန်တောင်းပန်ခိုင်းတော့ သူက မတောင်းပန်ဘူး….”
“ ဒီလူတွေက ဘယ်သူတွေလဲ…”
“ TV ဌာနက အစီအစဉ်မှူးတွေနေမှာပေါ့… ဘာ အစီအစဉ် ဆိုတာလည်းတော့ ကျွန်မလည်း သေချာမသိဘူး…” ကျန်းရှောင်ယွီ စိတ်တိုစွာ ပြောလိုက်သည်။
“ ဘာလို့ သူတို့နဲ့ စိတ်ရှုပ်ခံနေမှာ….” လင်းရီ ပြောလိုက်ပြီး “ ငါဆို ဘော့စ်မားကို နေ့တိုင်း ဆဲဆိုနေတာပဲ… သူ ငါဆဲနေတာကို ဂရုစိုက်မယ်လို့ ထင်လား….”
"ဟင့်အင်း…”
“ အမှန်ပဲလေ…. သူ့ဘာသူ ပြောချင်တာ ပြောပလေ့စေ… ကိုယ်ပိုက်ဆံကိုယ် ရှာကြမယ်… အဲ့ကောင်ကို သောက်ဂရုစိုက်မနေနဲ့… “
“ ကောင်လေး… မင်း စကားကို ဆင်ဆင်ခြင်ခြင်ပြော….”
“ လစ်စမ်း သောက်ရူး… ရှူး ရှူး ...”
“ မင်း… မြေနူးလေး…..”
“ တော်လောက်ပြီ….! “ ရန်စီ ခြေထောက်ဆောင့် လိုက်ပြီး “ ငါတို့က ဒီကို အလုပ်လုပ်ဖို့ လာခဲ့တာနော်… ရန်ဖြစ်ဖို့ မဟုတ်ဘူး.. သူတို့က သူတို့ live stream လုပ်… ငါတို့က ငါတို့ရဲ့ ပရိုဂရမ်ကို ရိုက်ကူးကြမယ်… ဘယ်သူကမှ ဘယ်သူ့လမ်းကို ပိတ်ရပ် မနေသလို ဘာမှလည်း အငြင်းပွားစရာ အကြောင်း မရှိဘူး…”
“ အဲ့ဒီ ယဉ်ကျေးမှု မရှိတဲ့သူတွေနဲ့ ငါလည်း စိတ်ရှုပ်ခံမနေပါဘူး…”
ထိုအခိုက်အတန့်တွင် လျန်ရူရွှယ်၏ အော်ဒီ A6မှာ ဂိတ်ပေါက်ဝတည့်တည့်တွင် ထိုးရပ်လိုက်၏။
၎င်းမှတစ်ဆင့် လျန်ရူရွှယ်မှာ မည်မျှ ဩဇာကြီးမားလှကြောင်း မြင်တွေ့နိုင်လေသည်။
ထိုသို့ ရပ်လိုက်သည်ကို မည်သူကမျှ ဘာမျှ မပြောရဲချေ။
အကယ်၍ သူသာ မရောက်လာပါက သူမ အထဲသို့ တိုက်ရိုက် မောင်းဝင်သွားလောက်ပြီဟု လင်းရီ ခံစားမိလိုက်၏။
တံခါးကိုဖွင့်ပြီး လျန်ရူရွှယ် ကားထဲမှ ဆင်းသက်လာသည်။
သူမ၏ ဝတ်စားဆင်ယင်မှု ပုံစံမှာတော့ သာမန် အလုပ်လုပ်နေကြအတိုင်း မီးခိုးရောင် ဝတ်စုံနှင့် အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို စီးနင်ထားကာ မိတ်ကပ်၏ ဆောင်မမှုက သူမ၏ သွင်ပြင်အား ပို၍ ရင့်ကျက်လှပသွားစေသည်။
လျန်ရူရွှယ် ထွက်လာသည်ကို မြင်တော့ ရန်စီ အပြေးအလွှား ရောက်ရှိလာပြီး “ ဟယ်လို မြို့တော်ဝန်လျန်… ကျွန်မတို့ကို ခုလို ရိုက်ကူးခွင့်ရအောင် ကူညီပေးတဲ့အတွက် ကျေးဇူးပါနော်….”
ရန်စီတို့ ယခုလို အစီအစဉ် ရိုက်ကူးခွင့်ရခြင်းမှာ လျန်ရူရွှယ်၏ ကူညီပေးမှုကြောင့်ဟု TV ဌာန ခေါင်းဆောင်မှ ပြောကြားထားလေသည်။ ထို့ကြောင့်လည်း သူမ အရမ်း ယဉ်ကျေးနေရခြင်းဖြစ်၏။
လင်းရီ၏ အခြေအနေနှင့် နှိုင်းယှဉ်မည်ဆိုပါက ၎င်းတို့အတွက် ဤတပ်နယ်မြေသို့ ရောက်လာပြီး အင်တာဗျူးရန်မှာ အင်မတန် ခက်ခဲလှသည်။
အဓိက အကြောင်းပြချက်ကတော့ လင်းရီမှာ ရန်ကွမ်းရှ၏ ကယ်တင်ရှင် ဖြစ်နေပြီး အကယ်၍ လျန်ရူရွှယ် မပြောပေးလျှင်တောင်မှ သူ ရန်ကွမ်းရှကို ဆက်သွယ်လိုက်သည်နှင့် ဤနေရာသို့ လာရောက်ရန် ပြဿနာ မရှိချေ။
“ ဟယ်လို ဒါရိုက်တာရန်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒီနေရာက စကားပြောလို့ သိပ်မကောင်းဘူးဆိုတော့ အရင်ဆုံး အထဲဝင်သွားကြတာပေါ့…”
သူမပြောရင်းဖြင့် နောက်တွင် ရပ်နေသည့် လင်းရီအား မသိမသာ တစ်ချက်ရှိုးလိုက်သည်။
မျက်နှာတစ်ခုလုံး တင်းကြပ်စွာ ဖုံးကွယ်ထားသည့် လင်းရီ၏ သွင်ပြင်မှာ အလွန်အမင်း ရယ်ရွှင်ဖွယ်ကောင်းနေလေသည်။
ထိုဝတ်စုံအား ကျီချင်းရန်မှ ဆင်မြန်းပေးလိုက်သည်ဟု လျန်ရူရွှယ်ခန့်မှန်းကြည့်လိုက်၏။ ထိုအမျိုးသမီးကတော့ တခြားအမျိုးသမီးများ လင်းရီမျက်နှာ ကြည့်မည်ကို အလိုမရှိသည့်ပုံပင်။
“ ဟုတ်ကဲ့ပါ.. မြို့တော်ဝန်လျန်ကို အလုပ်ရှုပ်စေမိပြီ…”
လျန်ရူရွှယ်နှင့် ရန်စီတို့ ဦးစွာ အထဲဝင်သွားကြပြီး ကျန်းရွှီနှင့် ကင်မရာမန်းမှာတော့ နောက်မှ လိုက်လာခဲ့ကြလေသည်။
မလိုလားအပ်သည့် သံသယများကို ရှောင်ရှားရန်အတွက် လင်းရီလည်း ကပြက်ကချော်တွေ လျှောက်လုပ်မနေပဲ ကျန်းရှောင်ယွီဘေးမှ အေးဆေးသက်သာစွာ လိုက်လာခဲ့၏။
လမ်းတွင် လင်းရီ သူမအား live stream ပိတ်ထားခိုင်းလိုက်သည်။
လုံခြုံရေး နယ်မြေမှာ ထူးခြားသည့် ဒေသတစ်ခုဖြစ်ပြီး ခွင့်ပြုချက်မရှိပဲ မြက်တစ်ပင်၊ သစ်ရွက်တစ်ရွက်ကိုမျှ အပြင်လူများအား ဖော်ပြရန် မဖြစ်နိုင်ချေ။
အကယ်၍ သူသာ အနောက်တံခါးမှ ဝင်လာပြီး အဆိုပါစည်းမျဉ်းများအား ချိုးဖောက်ချင်ပါက ဖြစ်နိုင်သော်လည်း လင်းရီ မလုပ်ခဲ့။ ယင်းက သူကိုယ်တိုင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများပင်။
“ အစ်ကိုရီ… ကျွန်မ ခုနက ကြားလိုက်တာ အော်ဒီ A6ထဲက အမျိုးသမီးက ကျိုးဟိုင်ရဲ့ မြို့တော်ဝန်တဲ့….” ကျန်းရှောင်ယွီ စိတ်လှုပ်ရှားနေဟန်ဖြင့် မသိမသာ အသံတုန်ခါနေလျက် ပြောလိုက်သည်။
“ ဒီတိုင်း မြို့တော်ဝန်လေးပဲ မဟုတ်ဘူးလား… မင်းက အဲ့တာကို ဘာတွေ စိတ်လှုပ်ရှားနေတာ….”
“ အဲ့တာက မြို့တော်ဝန်လေ… လူတိုင်း မြင်တွေ့နိုင်တဲ့ ပုဂ္ဂိုလ်မှ မဟုတ်တာ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ကျွန်မ အသက်ရှင်လာတာ အနှစ်နှစ်ဆယ်ကျော်နေပြီ… ကျွန်မ တွေ့ဖူးတဲ့ ရာထူး အမြင့်ဆုံး ပုဂ္ဂိုလ်ဆိုတာ ရပ်ကွက်ရေးမှူးပဲရှိတယ်…. “
“ မရင့်ကျက်လိုက်တာ… နောင်ကျရင် ငါ့နောက် များများလိုက်ခဲ့… ကြားလား…”
“ အွန်း...ကောင်းသားပဲ…” ကျန်းရှောင်ယွီ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ပြီး “ အစ်ကိုရီ.. ကျွန်မအထင်တော့ ရှင်က စထွင်မာလုပ်ဖို့ မွေးဖွားလာတဲ့သူလို့ ထင်တယ်…. စထွင်းတာ နှစ်ရက် သုံးရက်ပဲ ရှိသေးတာကို ရေပန်းစားမှုက ကျွန်မကိုတောင် ကျော်တက်သွားခဲ့ပြီ…ဆရာထက် တပည့် လက်စောင်းထက် ဆိုသလိုမျိုး အရင်က ကျွန်မ ရှင့်ကို ဒီနယ်ပယ်ထဲ ခေါ်လာခဲ့ပေးတယ်… ခုတော့ ရှင့်ရဲ့ ကျော်ကြားမှုတွေက ကျွန်မကို အောက်မှာ အေးဆေးဖိထားလို့ ရနေပြီ….”
“ မင်းကို အောက်မှာ ဖိထားမယ်…” လင်းရီ မေးစေ့ပွတ်လိုက်ရင်း “ အဲ့စကားနှစ်ခွန်းက တော်တော်လေးကို ထင်သာမြင်သာ ရှိနေတာပဲ…”
“ အိုက်ယား အစ်ကိုရီကလည်း… ကျွန်မကို လာပြီး စမနေနဲ့… ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆိုရင် အစ်ကို့ရဲ့ အမြင်ကို ဘယ်လိုလုပ်ပြီး ဖမ်းစားနိုင်မှာလဲ…” ကျန်းရှောင်ယွီ အပြစ်ကင်းစင်စွာဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
“ ကြိုးစားပေါ့… လူတိုင်းမှာ အခွင့်အရေးရှိတာပဲလေ….တစ်နေ့ ငါ့မောင်းမဆောင်ထဲက တစ်ယောက် မဖြစ်လာနိုင်ဘူးလို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာ….”
“ဟီးဟီး.. ဟုတ်တယ်နော…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်မကတော့ အဲ့လို ပုဂ္ဂိုလ်ကြီးနဲ့ တွေ့နိုင်တာနဲ့တင် အရမ်းတွေ ဂုဏ်ယူနေပါပြီ… ဒီနေ့တော့ မျက်စိပွင့် နားပွင့်ပေါ့….”
လင်းရီ ဘာမျှပြန်မပြောတော့ပဲ ပြုံးရုံမျှသာ ပြုံးလိုက်၏။ သူ ကျန်းရှောင်ယွီ၏ ခံစားချက်များကို နားလည်နိုင်သည်။
မည်သို့ပင်ဆိုစေ လျန်ရူရွှယ်နှင့် သာမန်လူများကြားတွင် သိသိသာသာ ကွာခြားမှု တစ်ခုတော့ ရှိ၏။
နှစ်ယောက်သား စကားပြောနေစဉ် ကျန်းရွှီမှ သူတို့ဘက်လှည့်လာပြီး အထင်သေးစွာ ပြုံး၍ သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ တကယ်လို့ ငါတို့သာ ဒီနေ့ ရောက်မလာခဲ့ဘူးဆိုရင် မင်းတို့က မြို့တော်ဝန်လို ပုဂ္ဂိုလ်မျိုးကို တွေ့နိုင်မှာတဲ့လား….”
“ ဟမ့်…. အိပ်မက်မက်နေလိုက်….”