အရူးမလေး ကျန်းရှောင်ယွီ
Vol. 47 Ch. 694
လျန်ရူရွှယ်၏ ဦးဆောင်မှုအောက်တွင် အုပ်စုမှာ ကျိုးဟိုင် တပ်နယ်မြေဒေသထဲသို့ ရောက်ရှိလာလေသည်။
ဂိတ်ကို ဖြတ်ကျော်လာခဲ့ပြီးသည့်နောက် ကျယ်ဝန်းပြီး သပ်ရပ်နေသည့် ကွန်ကရစ်လမ်းကြီးအား မြင်တွေ့လိုက်ရသည်။အထဲသို့ ခြေထောက်လှမ်းလိုက်သည်နှင့် မတူညီသည့် လောက တစ်ခုထဲသို့ ရောက်ရှိသွားသည့်နှယ် အပြင်ဘက်နှင့် မတူညီသည့် ခံစားချက်မျိုး ရရှိလိုက်၏။
လမ်းနှစ်ဖက်စလုံးတွင် သုံးထပ်မြင့် အဆောက်အဦးများ ရှိနေပြီး အပန်းဖြေအနားယူရန်အတွက် ဘတ်စကက်ဘောကွင်းကလည်း နေရာတစ်ရာ ယူထားပြန်သည်။ ၎င်းတို့ ဝင်လာလာချင်းပဲ ယူနီဖောင်းနှင့် တပ်သားများက ညီညာသည့် ခြေလှမ်းတို့နှင့်အတူ ဖြတ်လျှောက်သွားသည်ကို မြင်တွေ့လိုက်ရ၏။ ထိုသူတို့၏ မျက်နှာထားမှာ မရယ်မပြုံးနှင့် အလွန်အမင်း တည်ကြည်လေးနက်နေသည်။
ဝင်ရောက်ပြီးနောက် ကျန်းရှောင်ယွီ ပတ်ဝန်းကျင်ကို ဟိုငေးဒီကြည့် လုပ်လိုက်၏။ အထဲရှိ အဆောက်အအုံများမှာ သာမန်ဆန်နေသော်လည်း ကြည့်ရှူသူတို့မှ အထင်မြင်သေးရန်ဝေးစွ၊ ကြည့်နေရင်းဖြင့် အလိုအလျောက် ရိုသေလေးစားစိတ်တို့သာ ပေါ်ဖွားလာစေသည်။
မိနစ်အနည်းငယ်ကြာအောင် ဆက်လက် လမ်းလျှောက်လာပြီးနောက် အဆောက်အဦး တစ်ခု၏ ရှေ့၌ ရန်ကွမ်းရှ စောင့်ကြိုနေသည်ကို မြင်တွေ့လိုက်ရ၏။၎င်းက ဝီးချဲပေါ်တွင် ထိုင်နေပြီး လမ်းလျှောက်တုတ်ကို လက်၌ကိုင်ထားကာ သူ့ဘေးတွင်တော့ လူနှစ်ယောက်နှင့် အနောက်တွင် လူနှစ်ယောက် ရပ်နေလေသည်။
သို့သော်လည်း လင်းရီကတော့ သူ ဆေးရုံတွင် ဆုံဖူးသည့် ကောင်းချုံနှင့် မိုဟုန်ရှန်းတို့ကိုသာ သိ၏။
“မစ္စတာရန်…”
ရန်ကွမ်းရှကို မြင်တော့ လျန်ရူရွှယ် အပြုံးဖြင့် လျှောက်သွားခဲ့၏။
ထိုမြင်ကွင်းက လင်းရီထင်ထားသည်နှင့် ကပ်ကပ်စင်အောင် လွဲချော်နေကာ သူမ၏ ခံစားချက်တို့က ချဲ့ကားမနေချေ။လျန်ရူရွှယ်၏ အဘိုးမှာ ရန်ကွမ်းရှနှင့် ပခုံးချင်း ဖက်ပေါင်းလာသည့် ရဲဘော်ရဲဘက်များ ဖြစ်သောကြောင့် ရန်ကွမ်းရှနှင့် လျန်ရူရွှယ်တို့၏ ဆက်ဆံရေးမှာ မြေးအဘိုးပမာ အင်မတန် နီးကပ်သည်ဟု ဆို၍ရသည်။
သို့သော်လည်း ယခုမြင်ကွင်းမှ ပေးစွမ်းနေသည့် ခံစားချက်ကတော့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ခံစားရစေသည်။ မသိသည့် အပြင်လူတို့၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက သူမတို့နှစ်ဦးမှာ ရာထူး ကြီးငယ်များ တွေ့ဆုံနေကဲ့သို့ပင်။
ထိုသု့်ပြုလုပ်ရသည့်အကြောင်းပြချက်မှာလည်း လျန်ရူရွှယ်မှ မလိုလားအပ်သည့် မေးခွန်းများကို ရှောင်ကြဉ်ရန်ပင်။ ယခုလို အပြင်လူ၊ အထူးသဖြင့် ဂျာနယ်လစ်များရှေ့တွင် မြို့တော်ဝန်ဖြစ်သည့် သူမက စစ်တပ်ပိုင်း အကြီးအကဲတစ်ယောက်နှင့် အင်မတန်ရင်းနှီးနေသည့် မြင်ကွင်းကို ပြသလိုက်မည်ဆိုပါက သူမ၏ ရာထူးမှာ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သလို အတင်းအဖျင်းများလည်း ထွက်ပေါ်လာနိုင်သည်။
ထို့ကြောင့်သာ ယခုလို ပြုမူရခြင်း ဖြစ်၏။
ထို အကြောင်းတရားကို ရန်ကွမ်းရှကလည်း နားလည်သဘောပေါက်သည်။သူ ဒီတိုင်း ရယ်မောလိုက်ပြီး “ ငါစောင့်နေတာတောင် နည်းနည်းကြာနေပြီ.... နောက်ဆုံးတော့ ရောက်လာကြပြီပေါ့….”
“ ဒီတိုင်း လမ်းနည်းနည်း ပိတ်နေလို့လေ… မဟုတ်ရင် အစောကြီးကတည်းက ရောက်နှင့်နေပြီ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ကျိုးဟိုင်က ယာဉ်လမ်းကြောင်းနဲ့ ပတ်သက်ပြီး မွမ်းမံဆန်းသစ်မှုတွေ လိုအပ်နေပြီပဲ… ကျွန်မ ပြန်ရောက်ရင်တော့ အာဏာအလုံးအရင်းနဲ့ ဒီကိစ္စကို ကိုင်တွယ်မှ ရတော့မယ်… ဒီတိုင်း ဆက်လွှတ်ထားလို့တော့ မဖြစ်တော့ဘူး….”
ရန်စီ ဘေးတွင် ရပ်နေရင်း သူမနာရီကို မသိမသာ တစ်ချက်ကြည့်လိုက်၏။
အချိန်မှာ 8: 58 မျှသာ ရှိသေးပြီး ချိန်းဆိုထားသည့် အချိန်ကို မရောက်ရှိသေးချေ။
' မြို့တော်ဝန်လျန်ကတော့ တကယ့်ကို သာမန်လူ မဟုတ်ဘူးပဲ… ခေါင်းဆောင်ရှက အစောကြီး ရောက်လာမှန်း သိရဲ့သားနဲ့ သူမ အပြစ်ဖြစ်သလိုမျိုး ဖန်တီးလိုက်တယ်… '
' ဒီလိုမျိုး အသေးစိတ်ကို တွေးတတ် ကြိုမြင်တတ်တော့လည်း ရာထူးမြင့်မြင့် ရထားတာ မထူးဆန်းတော့ပါဘူး…'
“ ငါက ဒီတိုင်း ပြောလိုက်တာပါကွာ… အလေးအနက် ထားနေစရာ မလိုပါဘူး… အဲ့လိုမျိုး ပြဿနာတွေဆိုတာ ဖြည်းဖြည်းချင်း ကိုင်တွယ်သွားရမယ့် ကိစ္စတွေလေ…”
လျန်ရူရွှယ် ပြုံးလျက် ခေါင်းညိမ့်လိုက်ပြီး အုပ်စုအား မိတ်ဆက်ပေးလိုက်၏။
“ မစ္စတာရန်ကို မိတ်ဆက်ပေးရဦးမယ်… ဒါက ရန်စီ… ကျိုးဟိုင် ပညာရေးနဲ့ သိပ္ပံချာနယ်က ဒါရိုက်တာလေ…”
“ သူကတော့ အစီအစဉ်မှူး.. ကျန်းရွှီ…”
“ သူကျတော့ ကင်မရာမန်း .. လျန်ရှန့်ဟိုင်….”
လျန်ရူရွှယ် သုံးယောက်လုံးကို နာမည်နှင့်တကွ အတူမိတ်ဆက်သွားပေးပြီး ရာထူးအဆင့်အတန်းကြောင့် ခွဲခြားခြင်းမျိုးလည်း မပြုလုပ်ခဲ့ချေ။
ရန်ကွမ်းရှ လမ်းလျောက်တုတ်ကို ကိုင်ထားရင်း ပြုံးလိုက်ပြီး သုံးယောက်လုံးကို ခေါင်းညိမ့် နှုတ်ဆက်လိုက်သည်။
သုံးယောက်လုံးမှ လျင်မြန်စွာ တုံ့ပြန်လိုက်ကာ ရန်ကွမ်းရှကို ဦးညွှတ် အရိုအသေပေးလိုက်ကြလေသည်။
“ ကျန်တဲ့ နှစ်ယောက်ကကျတော့ အွန်လိုင်း ပလတ်ဖောင်းက စထွင်မာတွေပေါ့… သူတို့က ဒီရဲ့ စထွင်းကနေ တစ်ဆင့် စစ်တပ်ရဲ့ အသိပညာ ဗဟုသုတွေကို မျှဝေပေးသွားမှာလေ…”
လျန်ရူရွှယ်၏ မိတ်ဆက်ပုံကို မြင်တော့ ကျန်းရွှီ၏ နှုတ်ခမ်းထောင့်စွန်းတို့ မသိမသာ တွန့်ကွေးတက်သွားခဲ့သည်။
သူတို့ကို မိတ်ဆက်ပေးစဉ်က မြို့တော်ဝန်လျန်မှာ ကင်မရာမန်းကိုပင် နာမည်နှင့် တကွ ပြောပြသွားခဲ့၏။ သို့သော်လည်း အဆိုပါ စထွင်မာများ အလှည့် ရောက်သည့် အချိန်တွင်တော့ သာမန် အပေါ်ယံမျှသာ မိတ်ဆက်ပေးသွားခဲ့လေသည်။
' ဟီးဟီး.. အဆင့်အတန်းခြင်း ခြားနားမှုဆိုတာ ဒါကို ခေါ်တာလေ…'
' မင်းတို့ဘာမင်းတို့ ပလတ်ဖောင်းမှာ ဘယ်လိုပဲ နာမည်ကြီးနေပါစေ၊ ငါတို့လို ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်တွေနဲ့ လာယှဉ်လို့ မရဘူး…'
သို့သော်လည်း ကျန်းရှောင်ယွီကတော့ ကျန်းရွှီ၏ အတွေးများကို သိလည်း မသိသလို သတိလည်း မမူမိပေ။
ရန်ကွမ်းရှလို ရာထူးကြီးမားသူတစ်ယောက်ကို မြင်တော့ သူမ ခန္ဓာကိုယ်မှာ သူမ၏ အမိန့်များကို ဆက်လက် မနာခံတော့ချေ။ ကွန်ကရစ် လောင်းပြီး ပုံသွင်းထားသကဲ့သို့ တောင့်တင်းနေလေသည်။
သူမ၏ ဦးနှောက် တုံ့ပြန်နိုင်စွမ်းမှာ ပိတ်ခံလုနီးနီး ဖြစ်သွားခဲ့တော့၏။
လင်းရီ ငူငူငိုင်ငိုင်ဖြစ်နေသည့် ကျန်းရှောင်ယွီအား တံတောင်ဖြင့် တွတ်လိုက်၏။
“ ဘာတွေ စောင့်နေတာ… မင်္ဂလာပါ နှုတ်ဆက်လိုက်လေ….”
“ မင် .... မင်္ဂလာပါ အဘိုး…” ကျန်းရှောင်ယွီ ပြောပြီး ဦးညွှတ်လိုက်၏။
လင်းရီ “ ….. “
လျန်ရူရွှယ် “ ….. “
“ ကလေးမလေး… မင်းငါ့ကို အဲ့လိုမျိုး မခေါ်လို့ မရဘူးလေ… အဘိုးလို့ ခေါ်နေတယ်ဆိုတော့ ငါ့ဆီ ဟုန်ပေါင်း လာတောင်းနေတာလား….”
“ ဒါ… ဒါဆို ကျွန်မက ဘယ်လိုခေါ်ရမှာ… ကျွန်မက စစ်သားလည်း မဟုတ်ဘူးလေ… ပြီးတာ့ ‘ အန်ကယ် ‘ လို့ ခေါ်ပြန်ရင်လည်း ရိုင်းပြရာ ကျသွားမှာပေါ့….”
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် နားထင်ကို ပွတ်သပ်လိုက်ပြီး “ ဒီတိုင်း မစ္စတာရန်လို့ပဲ ခေါ်လိုက်လေ…” လင်းရီ စောဒက တက်လိုက်ပြီး
“ တကယ်လို့ မင်းမှာသာ အဲ့လို အဘိုးရှိလို့ကတော့ တစ်ဘဝလုံး ပူပန်နေစရာတောင် လိုမှာ မဟုတ်တော့ဘူး…”
“ မင်း စကားကို ဆင်ခြင်ပြောစမ်း… မင်း အခု ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ နားမလည်ဘူးလား…” ကျန်းရွှီ ဘေးမှ သတိပေးလိုက်၏။
သူ အနှီ ဗရုတ်ကျသည့် စထွင်မာများအား အတော်လေး ကူကယ်ရာမဲ့နေလေသည်။
သူတကယ်ကြီး အဲ့လို ပြောလိုက်တယ်လား…
ဒါကြီးက မစ္စတာရန်ကို အာဏာအလွဲသုံးစား လုပ်တယ်ဆိုပြီး သွယ်ဝိုက်လှောင်ပြောင်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား….
ဒီ စထွင်မာရဲ့ ရှေ့ရေးကတော့ ရင်လေးစရာပဲ….
“ ရတယ် ရတယ်…. လူငယ်တွေကိုပဲ….”
အကယ်၍ အခြားသူတစ်ဦးသာ ထိုသို့ ပြောလာမည်ဆိုပါက ရန်ကွမ်းရှ သေချာပေါက် မပျော်မရွှင်ဖြစ်ပေလိမ့်မည်။
သို့သော်လည်း လင်းရီဆိုလျှင်တော့ ခြားနား၏။ ထိုကလေးက အမြဲတမ်း စိတ်လွတ်ကိုယ်လွတ် ပြုမူတတ်သည့် စရိုက်ရှိသည့်အပြင် သူ၏ အသက်ကိုလည်း သေမင်း တံခါးဝမှ ဆွဲခေါ်ထားပေးသောကြောင့် ယခုလို ပြောဆိုလိုက်ရုံမျှနှင့် စိတ်တိုစရာ အကြောင်းမရှိချေ။ ထို့ထက်ပိုသည်ကား ထိုကလေးမှာ လင်းကျင်ကျန့်၏ သားဖြစ်နေသည်။
ထို့ကြောင့်ပဲ ပို၍ပင် စိတ်ရှိနေရန် မလိုချေ။
“ ဟယ်လို မစ္စတာရန်…”
ကျန်းရှောင်ယွီ ၉၀ ဒီဂရီခန့် ကွေးညွတ်၍ အရိုအသေပေးလိုက်၏။ မြင်းမြီးပုံစံ ချည်နှောင်ထားသည့် ဆံပင်မှာ အောက်သို့ ကျသွားခဲ့ပြီး သူမအား ငယ်ရွယ် တက်ကြွ ၊ လျှပ်ပြာ နိုင်သည့် အသွင် ပေါက်နေစေသည်။
“ အဲ့လောက်ထိ လုပ်စရာ မလိုပါဘူးကွာ… ဘယ်လိုပဲခေါ်ခေါ်ပါ…. အဘိုးရန်လို့ခေါ်လည်း ရပါတယ်….”
အနှီ အပြစ်ကင်းစင်သည့် မိန်းမငယ်လေးအား ကြည့်ရင်း ရန်ကွမ်းရှ တစ်ဖန်ငယ်ရွယ်နုပျိုလာသလို ခံစားလိုက်ရ၏။
“ ဟုတ်…ဟုတ်ကဲ့ရှင့်….”
ရိုးရှင်းစွာ မိတ်ဆက်ပေးပြီးနောက် လျန်ရူရွှယ် ဘေးဘီအားကြည့်ကာ ညင်သာသည့် လေသံဖြင့် “ မစ္စတာရန် … သူတို့ဘက်က အဆင်သင့်ဖြစ်နေပြီ.. အင်တာဗျူးလုပ်ဖို့ ဘယ်အချိန်လောက် အဆင်ပြေမလဲ မသိဘူး…”
“ ငါတို့ဘက်လည်း အဆင်သင့်ပဲ… ဒီနေ့တော့ ငါလည်း မင်းတို့နဲ့ လိုက်ခဲ့လိုက်မယ်…ဒီတစ်ခေါက် အခွင့်အရေးက အသစ်အသစ်တွေ ကြည့်ရှုဖို့ အခွင့်ကောင်းပဲလေ…”
ထိုသတင်းကို ကြားတော့ ရန်စီနှင့် ကျန်းရွှီတို့ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြ၏။
'လျန်ရူရွှယ်ရဲ့ အကူအညီနဲ့ ဒီလိုမျိုး အင်တာဗျူးခွင့် ရဖို့တောင် အတော်လေး ခက်ခဲနေပြီကို ခု စစ်ခရိုင် ဒေသရဲ့ နံပါတ်တစ် အကြီးအကဲက သူမတို့နဲ့ ပူးပေါင်းချင်နေတယ်တဲ့လား….'
ဒါကြီးက လုံးဝ အံ့အားသင့်စရာပဲ…
ကျန်းရွှီကတော့ ယုံကြည်မှုတို့ ပေါက်ကွဲမတတ် ပြည့်လျှံနေသည်။
'ထင်ထားတဲ့အတိုင်း ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်တွေက တကယ်ကို ကွဲပြားတာပဲ.. ကွဲပြားတဲ့သူတွေက ကွဲပြားသလို ဆက်ဆံခံရတယ်…'
'အကြီးအကဲနှစ်ယောက်က ဒီအင်တာဗျူးကို အရမ်းတန်ဖိုးထားနေတယ်ဆိုတော့ အင်တာဗျူးပြီးရင် သူတို့နဲ့ ဓာတ်ပုံရိုက်ရမယ်…. အဲ့တာဆို ငါလည်း CV form ကောင်းကောင်းရပြီ…'
'အနာဂတ်ကျ လစာတိုးဖို့ အခွင့်အရေးတောင် များလောက်တယ် ဟီးဟီး….'
“ မစ္စတာရန်ရဲ့ ကျန်းမာရေးက အဆင်ပြေပါ့မလား….”
“ မပူနဲ့… ခုက အတော်လေး သက်သာနေပြီ… ဆိုတော့ အဆင်ပြေတယ်…”
ရန်ကွမ်းရှ ကိုယ်တိုင် ပြောလာပြီဆိုမှတော့ လျန်ရူရွှယ်လည်း များများ ပြောမနေတော့ပဲ အဘိုးရန်၏ ဆန္ဒကို လိုက်လျောပေးလိုက်သည်။
“ ဒါဆိုလည်း အခုပဲ စလိုက်ကြတာပေါ့..” လျန်ရူရွှယ်ပြောလိုက်၏။
ရန်ကွမ်းရှ ခေါင်းညိမ့်လိုက်ပြီး သူ့အနောက်ရှိ စစ်ဝတ် ယူနီဖောင်းနှင့် တပ်သားနှစ်ယောက်အား ယခုလို ပြောလိုက်၏။
“ မင်းတို့နှစ်ယောက်… ဒီရဲ့ TV ဌာနက ရဲဘော်တွေနဲ့ အင်တာဗျူးလုပ်လိုက်… စည်းကမ်းတွေကို သိပြီးသားမလား.. စည်းကမ်းတွေကို မဆန့်ကျင်သရွေ့ သူတို့နဲ့ ပူးပေါင်းပေးလိုက်….”
“ နားလည်ပါပြီ အကြီးအကဲ…”
“ ဟမ်…”
ကျန်းရွှီ အနည်းငယ် ကြက်သေသေသွားပြီး နှုတ်မှ လွှတ်ခနဲ ထွက်သွားခဲ့၏။
“ မစ္စတာရန်က ကျွန်တော်တို့နဲ့ အင်တာဗျူး လုပ်ချင်နေတာ မဟုတ်ဘူးလား….”
ရန်ကွန်းရှ ပြုံးလိုက်ပြီး “ သူတို့ရဲ့ live stream က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမယ်ထင်တယ်… သူတို့နဲ့ လိုက်သွားပြီးတော့မှ မင်းတို့ဆီ လာခဲ့တော့မယ်… နှစ်ဖွဲ့လုံးကို တန်းတူ ဆက်ဆံပေးမှာဆိုတော့ မစိုးရိမ်နဲ့… သူတို့လုပ်ခွင့်ရှိတာကို မင်းတို့လည်း လုပ်ခွင့်ရှိတယ်… အတွေးမလွန်နဲ့…”
“ မဝံ့ရဲပါဘူးဗျ... မဝံ့ရဲပါဘူး…”
ရန်စီနှင့် ကျန်းရွှီတို့ စိတ်ထဲ၌ ပဟေဠိဖြစ်နေကြလေသည်။
သူက တကယ်ကြီး အဲ့ဒီ စထွင်မာ နှစ်ယောက်နောက် လိုက်သွားချင်နေတယ်လား…
ဘယ်လိုပဲကြည့်ကြည့် အဲ့တာကြီးကတော့ မသင့်လျော်ဘူးလေ…
“ ကောင်းပြီ… အင်တာဗျူး စလိုက်ကြတာပေါ့…”
ရန်ကွမ်းရှ လက်ဝှေ့ယမ်းလိုက်ပြီး သူ့အနောက်ရှိ လူများအား ထွက်ခွာရန် အချက်ပြလိုက်လေသည်။
ရန်စီနှင့် ကျန်သူများလည်း ထိုတပ်သား နှစ်ယောက်နောက်သို့ နာနာခံခံနှင့် လိုက်ပါသွားခဲ့ကြပြီး လင်းရီနှင့် လျန်ရူရွှယ်တို့ကတော့ အဆောက်အဦးရှေ့တွင် ကျန်ရစ်ခဲ့လေသည်။
“ ကဲ..ခု အပြင်လူတွေလည်း မရှိတော့ဘူးဆိုတော့ မင်းရဲ့ မျက်နှာဖုံးတွေ၊ အဲ့ဒီ မျက်မှန်တွေ ချွတ်လိုက်တော့... မင်းရဲ့ ပုံစံကြီးက ငါ့ကို တော်တော်လေး ကသိကအောက် ဖြစ်စေတယ်ကွ….” ရန်ကွမ်းရှ ရယ်မောရင်း ပြောလိုက်၏။