← Chapters

သူ့ကို လေ့ကျင့်ပေးလိုက်

Vol. 47 Ch. 696

သူ့ကို လေ့ကျင့်ပေးလိုက်

Vol. 47 Ch. 696

“ အိုကေ အိုကေ ရောင်းရင်း နှာဘူးတို့ စိတ်လေး နည်းနည်းပြန်လျော့ကြမယ်….” လင်းရီ လက်အသာပြလိုက်၏။

“ မလျှော့နိုင်ဘူး…လုံးဝ စိတ်မလျော့နိုင်ဘူး… ငါ့ဘဝတစ်လျှောက်လုံး ဒီလောက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အစီအစဉ်ကို မကြည့်ဖူးသေးဘူး….”

“ အစ်ကိုကြီး… ဒီညီလေး ပြောတာကို နားထောင်…တကယ်လို့ မင်း တစ်သက်လုံး လက်သမားပဲ လုပ်ရမယ်ဆိုရင်တောင် ရှောင်းယွီကို အခွင့်အရေး မယူစေနဲ့.. သူမက မထိုက်တန်ဘူး…”

လင်းရီ မေးစေ့ပွတ် စဉ်းစားလိုက်ပြီး “ မင်းတို့ပြောတာလည်း မှန်သလိုတော့ ရှိသား….”

ကျန်းရှောင်ယွီ “ ??? “

ခုလေးတင် တံခါးဝမှာတုန်းက သူမ ကြိုးစားရင် သူ့မောင်းမဆောင်ထဲက ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပြောထားတယ်မဟုတ်ဘူးလား… ခုကျတော့ ဘာလို့ အခွင့် အရေး မရှိတော့တာလဲ…

အောင်မြင်စွာဖြင့် အချိန်အနည်းငယ်ကြာအောင် ဆွဲပြီးနောက် တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူ အရေအတွက်မှာ 3.8 သန်းသို့ ရောက်ရှိလာလေသည်။

ရေပန်းစားမှုမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သော်လည်း 10 မီလီယမ် ပမာဏနှင့်တော့ ဝေးကွာနေဆဲ ဖြစ်၏။

လင်းရီ သူ့ ကံကြမ္မာကို လက်ခံလိုက်တော့သည်။

ဒီနေ့ မစ်ရှင်ပြီးမြောက်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး…

ဒီတိုင်း fan စုဆောင်းတယ်လို့ပဲ သဘောထားတာပေါ့ကွာ…

နှစ်ယောက်သား သိုလှောင်ရုံထဲသို့ လမ်းလျှောက်လာခဲ့ကြပြီး မကြာမီ J7 ဖိုက်တာဂျက်ရှေ့သို့ ရောက်ရှိလာခဲ့ကြ၏။ ထိုအခါ လူအုပ်၏ အာရုံစူးစိုက်ရာမှာ ကြီးမားသည့် ဧရာမ သားရဲကြီးထံသို့ ရွေ့ပြောင်းသွားခဲ့လေသည်။

“ ဖိုက်တာဂျက် ဘယ်လိုပုံစံရှိလဲ ဆိုတာ လူတိုင်း မြင်ပြီးသွားပြီဆိုတော့ သူ့အကြောင်း နည်းနည်း ရှင်းပြပေးမယ်…ဒါက ဟွာရှက ဖန်တီးထုတ်လုပ်ထားတဲ့ အသံထက် နှစ်ဆ ပိုမြန်တဲ့ ဖိုက်တာဂျက်ပဲ… ခု ငါတို့ မြင်နေရတာကတော့ သာမန် ဒုတိယမျိုးဆက် မော်ဒယ်လ်ပေါ့… မြန်ဆန်ပေါ့ပါးပြီးတော့ အမြင့်ကြီးပျံသန်းလို့ရတယ်…ပြီးတော့ တခြား ထူးခြားတဲ့ လက္ခဏာတွေလည်း ရှိသေးတယ်… အဓိကကတော့ ထုတ်လုပ်တဲ့ ကုန်ကျစရိတ် လျော့နည်းပြီးတော့ ထိရောက်မှု ရှိတယ်… ထိန်းသိမ်းဖို့ လွယ်ကူတယ်…. “

လင်းရီ၏ စကားလုံးများကို ကြားတော့ ရန်ကွမ်းရှ အနည်းငယ် အံ့အားသင့်သွားလေသည်။ “ ရှောင်မီ… နင် ဒီနေ့ J7 ဖိုက်တာဂျက် ပြမယ်ဆိုတာကို ပြောပြထားသေးလား…”

“ သမီး မပြောပြပါဘူး….” လျန်ရူရွှယ် သူမ ခေါင်းကို ခါရမ်းလိုက်ပြီး “ သမီးလည်း ဒီရောက်မှ သိတာ….”

“ အဲ့တာဆို သူက ဘာလို့ အဲ့လောက်ထိ သိနေရတာ…”

“ သမီးလည်း အဲ့တာကိုပဲ သိချင်နေတာ… “ လျန်ရူရွှယ် အပြုံးလေးဖြင့် ပြောလိုက်သည်။

ရန်ကွမ်းရှ သူ၏ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ပြီး “ စကားမစပ် သူ့မှာ လင်းယွမ် အုပ်စုလို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခု ရှိတယ်မလား…”

“ အဘိုးရန်လည်း အဲ့အကြောင်း သိတာပဲလား….”

“ အင်း.... ငါနည်းနည်းပါးပါး ကြားမိတာပါကွာ… အဲ့ကောင် ရန်ကျင်းက ကောင်စုတ်လေးတွေကို သင်ခန်းစာပေးထားတယ်ဆိုပဲ….”

“ အမှန်ပဲ…”

“ ဒါဆို အဲ့လောက် ကောင်းတဲ့ စီးပွားရေးလုပ်ငန်းကြီး ရှိနေရဲ့သားနဲ့ ဘာလို့ စထွင်မာလုပ်ပြီး ဒုက္ခခံနေတာ…” ရန်ကွမ်းရှ မေးမြန်းလိုက်ပြီး “ သူ့ရဲ့ အစွမ်းအစတွေကို အဓိက အလုပ်မှာ အာရုံစိုက်တာကပဲ ပိုမကောင်းဘူးလား…”

လျန်ရူရွှယ် သူမ ပါးစပ်ကို အုပ်လျက် ခိုးခိုးခစ်ခစ် ရယ်မောလိုက်ပြီး “ ဒါက ဘာမှ မဟုတ်သေးဘူး…. တကယ်လို့ သူ အရင်တုန်းက ဘာတွေလုပ်ခဲ့လဲဆိုတာ အဘိုးသာသိရင် ဒီလို အတွေးမျိုး ရှိမှာ မဟုတ်တော့ဘူး…”

“ ဟေ… အဲ့ကောင်စုတ်က ဘာတွေ လုပ်ခဲ့တာ…”

“ သူက DIDI လည်း မောင်းဖူးတယ်.. ကျောင်းမှာ စာလည်းသင်ဖူးတယ်.. အီရန်ဘွိုင်းလည်း လုပ်ဖူးတယ်…. ပြီးတော့ ဆရာဝန်ကောပဲ… တလောတုန်းကတောင် တက္ကသိုလ်ဝန်းနားမှာ စားသောက်ဆိုင်တစ်ဆိုင်တောင် ဖွင့်လိုက်သေးတယ်….ခုလည်း စထွင်မာလုပ်နေပြန်ပြီ….”

“ တကယ်.. ဒါဆို အဲ့ကောင် တော်တော်များများ လုပ်ခဲ့တာပဲဟ….”

“ အမှန်ပဲ… သူ့လေသံ အတိုင်း ပြန်ပြောပြရမယ်ဆိုရင် ပိုက်ဆံတွေက သုံးစရာ နေရာမရှိအောင် ပေါလွန်းလို အပြင်ထွက်ပြီး ဘဝအတွေ့အကြုံခံစားနေတာတဲ့လေ… “

အဆိုပါ စကားကိုကြားတော့ ရန်ကွမ်းရှသာမက ဘေးတွင် ရပ်နေသည့် မိုဟုန်ရှန်းနှင့် ကောင်းချုံတို့ပါ လင်းရီကို ပြန်လည် အကဲဖြတ်သွားကြ၏။

ဒီကောင့်ဦးနှောက်က သာမန်လူတွေနဲ့ ကွဲထွက်နေတာပဲဟ…

“ ဒါပေမယ့် အဲ့လိုလုပ်တာလည်း တစ်မျိုးတော့ ကောင်းပါတယ်….” ရန်ကွမ်းရှ ပြောလိုက်ပြီး “ သူ့ကြောင့်တာမဟုတ်ရင် အဲ့ဒီ ဟွာရှန်းဆေးရုံက ဒေါက်တာတွေ ငါ့ကို အခေါင်းထဲ ပို့နေလောက်ပြီ…”

လျန်ရူရွှယ် အလုပ်ရှုပ်နေသည့် လင်းရီအား အပြုံးလေးဖြင့် ကြည့်လိုက်ပြီး “ အဲ့တာတင် ဘယ်ကမှာ… ကျိုးဟိုင် ပင်းချန် တက္ကသိုလ်ရဲ့ ဂုဏ်သရေဆောင် ဒုကျောင်းအုပ်ကြီးကလည်း သူပဲလေ… မရေမတွက်နိုင်တဲ့ မိဘမဲ့ ဂေဟာတွေနဲ့ ပရဟိတ အဖွဲ့အစည်းတွေကိုလည်း တိတ်တဆိတ် လှူဒါန်းထားပေးသေးတယ်…သူက ပေါ့ပြက်ပြက်နဲ့ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ ပုံစံပေါက်ပေမယ့် တကယ်တမ်း လက်တွေ့ကျတော့ အရမ်းကို ပါရမီရှိတာ…”

“ အို…”

ရန်ကွမ်းရှ လှည့်ကြည့်လာခဲ့ပြီး “ မီလိလေးက ကောင်လေးတစ်ယောက်ကို အဲ့လိုမျိုး အကဲဖြတ်ပေးလိုက်တာကို အဘိုး ပထမဆုံးအကြိမ် ကြားဖူးတာပဲ…”

လျန်ရူရွှယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပြီး “ မဟုတ်ပါဘူး.. သမီးက ဒီတိုင်း အမှန်တွေ ပြောပြနေတာကို… လင်းရီက သူ့ရဲ့ ရွယ်သူတွေထက်ကို သာလွန်တယ်…”

ရန်ကွမ်းရှ ကျေနပ်အားရမှုအပြည့်ဖြင့် ခေါင်းညိမ့်လိုက်ပြီး “ ဒါက နတ်ဘုရားတွေနဲ့ အလိုတော်ပဲလေ….”

“ အွန်း… သမီးလည်း အဲ့လိုထင်တယ်…”

ရန်ကွမ်းရှ လင်းရီကို ကြည့်ရင်း သူ့ကိုယ်သူ တွေးတောလိုက်၏။ “ သူ့သား တစ်ယောက်အနေနဲ့ သာမန်ထက် ထူးခြားနေတာ သဘာဝပဲလေ…”

“ ရှောင်ကောင်း…” ရန်ကွမ်းရှ ရုတ်ချည်း ဆိုလာခဲ့ပြီး

“ ခေါင်းဆောင်.. အမိန့်ရှိပါ..”

“ သူတို့ live stream ပြီးရင် သူ့ကို ထရိန်နင်ပေးတဲ့ နေရာခေါ်သွားပြီး လေ့ကျင့်ပေးလိုက်…”

“ ဗျာ…”

ကောင်းချုံ ကြက်သေသေသွားခဲ့ပြီး “ ခေါင်းဆောင် သိပ်မကောင်းဘူး ထင်တယ်နော.. သူ့ကို ကျေးဇူးတင်ကြောင်းပြသမယ်ဆိုရင်တောင် နောက်ကျနေပြီကို ခုက သူ့ကို လေ့ကျင့်ပေးမယ်ဆိုတော့…. သေချာရဲ့လားဗျာ…..”

“ အဆင်ပြေတယ်… ငါ ရှောင်မိုဆီက ကြားပြီးသွားပြီ… ဒီကလေးက တိုက်တာခိုက်တာ တော်တော်ကောင်းတယ်… သူ့အရိုးတွေထဲမှ မိုက်ရူးရဲဆန်မှုတွေက ပြည့်နှက်နေတာဆိုတော့ သူ့ပါရမီ ဘယ်လောက်ပါလဲ ကြည့်ကြတာပေါ့….”

မိုဟုန်ရှန်း ယခင်က ကျောက်ကျိန်းရန်နှင့် ဝမ်မာဇီတို့အား လင်းရီ စကေဘာနှင့် ထိုးသည့် မြင်ကွင်းကို မြင်ဖူးသောကြောင့် ပြန်ရောက်သည့်အချိန်တွင် ရန်ကွမ်းရှအား ထိုအကြောင်း ပြန်ပြောပြလေသည်။ ထို့ကြောင့် သူ မှတ်မိနေခြင်း ဖြစ်၏။

“ ကောင်းပါပြီ..”

ကောင်းချုံ သဘောတူလိုက်၏။ ထို့နောက် လျန်ရူရွှယ်အား တစ်ချက်ကြည့်လိုက်ပြီး ‘ ဒါငါနဲ့ ဘာမှမဆိုင်ဘူးနော်… ခေါင်းဆောင် အမိန့်ပေးလို့ လုပ်ရတာ ‘ ဟု အကြည့်ဖြင့် စကားပြောလိုက်သည်။

လျန်ရူရွှယ် ဘေးတွင်ရပ်နေရင်း အဘိုးရန်မှ လင်းရီ၏ အစွမ်းအစကို ကြည့်ရှုရန် ဆုံးဖြတ်ထားကြောင်း ပြောနိုင်လေသည်။

သို့သော်လည်း လင်းရီကို စမ်းသပ်ဖို့ တကယ်ကော လို့အပ်လို့လားဆိုတာကိုတော့ သူမ နားမလည်နိုင်ချေ။

ရန်ကွမ်းရှတွင်လည်း ထိုသို့ ပြုလုပ်ရခြင်း အတွက် အကြောင်းပြချက်ရှိ၏။လင်းကျင်ကျန့်၏ သားတစ်ယောက်အနေဖြင့် စည်းလွတ်ဝါးလွတ် လမ်းဘေးလူမိုက်သဖွယ် တိုက်ခိုက်နေသည်က အင်မတန်ရှက်ဖို့ကောင်းလှသည်။ထို့ကြောင့် ကြုံတုန်း သေချာလေး လေ့ကျင့်ပေးရပေမည်။

နာရီဝက် ကြာပြီးနောက် လင်းရီနှင့် ကျန်းရှောင်ယွီတို့၏ တိုက်ရိုက်ထုတ်လွင့်မှုမှာ ပြီးဆုံးသွားခဲ့၏။ စထွင်း တစ်ခုလုံးမှာ အချိန်တစ်နာရီမျှ ကြာမြင့်သော်လည်း outdoor streaming တွင်တော့ ထိုမျှ အချိန်ကာလလေးကို ကြာသည်ဟု မခေါ်ပေ။ သို့သော်လည်း စထွင်းတစ်ခုလုံး ချောချောမွေ့မွေ့ဖြင့် အဆုံးသတ်သွားခဲ့ကာ မည်သည့် ပြဿနာတို့မျှ မပေါ်လာခဲ့ချေ။ ရလဒ်အနေဖြင့် လင်းရီမှာ ပလတ်ဖောင်းပေါ်တွင် ကတိအတည်ဆုံး စထွင်မာအဖြစ် ကြည့်ရှုသူ အမြောက်အများ၏ ချီးမွမ်းခြင်းကို ခံရလေသည်။

သူ၏ တိုက်ရိုက်ထုတ်လွင့်သည့် ကိရိယာများကို အဝေးသို့ ပို့ပြီးနောက် လင်းရီနှင့် ကျန်းရှောင်ယွီတို့ လျန်ရူရွှယ်နှင့် ရန်ကွမ်းရှတို့ထံ ရောက်လာခဲ့ကြသည်။

လမ်းလျှောက်လာရင်းဖြင့် လင်းရီ သူ၏ mask အား ပြန်ချွတ်လိုက်သည်။

“ မင်းက ဘာလို့ mask ပြန်တပ်လိုက်တာ….” ရန်ကွမ်းရှ မေးလိုက်၏။

“ ဒါက ကျွန်တော် စထွင်းတဲ့ စတိုင်ပဲလေ…. တခြားသူတွေကို ကျွန်တော့်မျက်နှာ ပေးမမြင်ဘူး…”

“ မင်းတို့ လူငယ်တွေကတော့ အမြဲကို တစ်မူထူးနေတော့တာပဲကွာ…” ရန်ကွမ်းရှ အပြုံးလေးဖြင့် ပြောလိုက်၏။

“ အဲ့အကြောင်းတွေ နောက်မှ…. ကျွန်တော့်ကို တစ်ခွက်တစ်ဖလား ဧည့်ခံမယ်လို့ ပြောထားတာ မဟုတ်ဘူးလား….” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ မောက်ထိုင် အရက် နှစ်လုံးလောက်မှ မထုတ်လာဘူးဆိုရင် အကြီးအကဲရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘူးနော…”

“ မောက်ထိုင်က ဘာမှ မဟုတ်သေးဘူး… ငါမင်းကို စစ်ဒေသရဲ့ ထူးရှယ် အရသာကို ခံစားကြည့်ခိုင်းမယ်…”

“ ဒီရောက်လာကတည်းက ပစ္စည်းကောင်းလေးတွေ တွေ့ရတော့မယ်ဆိုတာ သိသားပဲ….”

ရန်ကွမ်းရှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လင်းရီ၏ အမူအကျင့်က သူနှင့် အတော်လေး လိုက်လျောညီထွေ ရှိသည်ဟု ခံစားနေရ၏။

“ဖိုက်တာဂျက်ပဲလား... မင်းတခြား ကြည့်ချင်တာကော ရှိသေးလား….”

“ တခြားဟာတွေတော့ မေ့လိုက်တော့…” လင်းရီ ပြောလိုက်ပြီး “ကြည့်ရှုသူတွေက ဖိုက်တာဂျက်ပဲ ကြည့်ချင်တယ်ပြောတော့ ဖိုက်တာဂျက်ပဲ ပြမယ်…. ကျန်တာတွေကိုတော့ မဖော်ထုတ်တာ အကောင်းဆုံးပဲ…”

“ မင်းက‌ တော်တော်လေး အသေးစိတ်ကျတဲ့ ကောင်ပဲ….”

ရန်ကွမ်းရှ ကောင်းကင်ပေါ်ရှိ နေကို မော့ကြည့်လိုက်ပြီး “ သွားစို့.. နေ့လည်စာ အချိန်မရောက်သေးဘူးဆိုတော့ မင်းတို့ကို လေ့ကျင့်ရေး ကွင်းပြင်စီ ခေါ်သွားပေးမယ်…”

“ ဒါဆိုလည်း အကြီးအကဲရဲ့ သဘောဆန္ဒအတိုင်းပေါ့….”

လင်းရီ များများ မစဉ်းစားချေ။ သူ ဤနေရာသို့ ရောက်လာပြီးမှတော့ အခွင့်အရေး ရှိသည့် နေရာတိုင်းကို လျှောက်သွားကြည့်ရပေမည်။ မည်သို့ပင်ဆိုစေ လူတိုင်းက ဤနေရာသို့ ဝင်ထွက်သွားလာခွင့် ရှိသည် မဟုတ်ချေ။

မကြာမီ အုပ်စုမှာ လေ့ကျင့်ရေး ကွင်းပြင်သို့ ရောက်ရှိလာပြီး တပ်နယ်မြေဒေသရှိ စစ်သားများက အထဲတွင် လေ့ကျင့်ရင်းဖြင့် အလုပ်ရှုပ်နေသည်။ လင်းရီ live stream လုပ်စဉ်က ကြားရသည့် ကြွေးကြော်သံတို့မှာ ဤနေရာမှ မြစ်ဖျားခံလာခဲ့ခြင်းဖြစ်၏။

ရန်ကွမ်းရှနှင့် လျန်ရူရွှယ်တို့ ရောက်လာသည်ကို မြင်တော့ ရန်စီမှ လက်ဦးမှု ရယူ၍ နှုတ်ဆက်လိုက်လေသည်။

“ ဟယ်လို မစ္စတာရန်…. မြို့တော်ဝန်လျန်…”

နှစ်ယောက်သား ပြုံးလိုက်ပြီး ပြိုင်တူ ခေါင်းညိမ့်ကာ အသိအမှတ်ပြုလိုက်ကြသည်။

“ ဘယ်လိုရှိလဲ…. အင်တာဗျူးရတာ အဆင်ပြေတယ်မို့လား…” ရန်ကွမ်းရှ မေးမြန်းလိုက်၏။

“ ဟုတ်ကဲ့… အရမ်း အဆင်ပြေပါတယ်…” ရန်စီ ပြောလိုက်ပြီး “ ကျွန်မတို့ကို ဒီလိုမျိုး အခွင့်အရေးပေးတဲ့အတွက် မစ္စတာရန်ကို ကျေးဇူးတင်ပါတယ်ရှင့်….”

“ မိန်းမငယ်လေး… မင်းအရမ်း ယဉ်ကျေးလွန်းနေပြီ… ဒါက ငါတို့ လုပ်သင့်လုပ်ထိုက်တာပဲလေ… ငါတို့ဘက်က ပြည်သူတွေကို အသိပေးမှ ဖြစ်မယ့် ကိစ္စတွေလည်း ရှိတယ်…. မဟုတ်ရင် စစ်တပ်နဲ့ ပြည်သူက ဘယ်လိုလုပ်ပြီး ခိုင်မာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားနိုင်တော့မှာ…..”

ရန်စီ သူမဆံပင်ကို ညင်သာစွာ သပ်လိုက်ပြီး “ မစ္စတာရန် ပြောတာ မှန်ပါတယ်….”

ထိုစဉ် ရန်ကွမ်းရှ‌ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်ပြီး “ မင်းရဲ့ အစီအစဉ်မှူးက ဘာမှားနေတာ… သူက ငါတို့ လူတွေနဲ့ ဘာလို့ လက်ရည်စမ်းနေတာ….”

“ ဒါကလည်း ကျွန်မတို့ ပရိုဂရမ်ရဲ့ တစ်စိတ်တစ်ဒေသလေ…ဒီလိုမျိုး တိုက်ရိုက် လက်ရည်ဖလှယ်ပြီးတော့ ထရိန်နင် ရလဒ်ကို ပြသရာရောက်တာပေါ့…”

“ အတော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ…” ရန်ကွမ်းရှ ပြောလိုက်ပြီး “ ရှောင်ကောင်း .. သူတို့ကို ညင်သာဖို့ သွားပြောလိုက်…. TV ဌာနက ရဲဘော်ကို မနာကျင်စေနဲ့….”

“ နားလည်ပါပြီ….”

ကောင်းချုံ ခပ်သွပ်သွပ် ပြေးသွားပြီး တပ်ကြပ်၏ နားထဲသို့ စကားတစ်ချို့ တီးတိုး‌ပြောလိုက်၏။ ထို့နောက် ပြန်ရောက်လာကာ ပွဲကို ဆက်ကြည့်လေသည်။

“ မိန်းကလေး .. မင်းရဲ့ လုပ်ဖော်ကိုင်ဖက်က မဆိုးဘူးပဲ… သူ့ကြည့်ရတာ အရင်က လေ့ကျင့်ဖူးတယ်နဲ့ တူတယ်….” ရန်ကွမ်းရှ မေးမြန်းလိုက်၏။

ရန်စီ ပြုံးပြီး ခေါင်းညိမ့်လိုက်ကာ “ သူ အရင်တုန်းက လေးနှစ် စစ်မှုထမ်းဖူးတယ်ဆိုတော့ အဲ့တုန်းက လေ့ကျင့်ဖူးတာလေ… ပြီးတော့ ဒီအလုပ် ဝင်ပြီးတော့လည်း မကြာခဏ လေ့ကျင့်ဖြစ်တယ်ဆိုတော့ သူ့ရဲ့ စကေးတွေက မဆိုးဘူး… မဟုတ်ရင် ဘယ်လို လုပ်ပြီး ဒီလိုမျိုး လက်ရည်စမ်းရဲမှာ… ဘာပဲဆိုဆို စွမ်းရည်ချင်း ကွာဟမှုက ကြီးမားတယ်လေ…”

ရန်စီ မှာလည်း စကားပေါသည့် အမျိုးအစားဖြစ်သောကြောင့် ကျန်းရွှယ်ကို ပွင့်ပွင့်လင်းလင်း ချီးကျူးလိုက်လေသည်။

“ မဆိုးဘူးပဲ…” ရန်ကွမ်းရှ ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်ပြီး “ လင်းရီကို ကြည့်ကာ “ သူများတောင် အထဲဝင်သွားနေပြီ….. မင်းက ဒီမှာ ဘာရပ်လုပ်နေတာ…. သွား… သွားပြီးတော့ လက်ရည်စမ်းချည်…”

All Chapters