စိတ်မပျက်စေမယ့် အမျိုးသား
Vol. 47 Ch. 697
“ အာ… ကျွန်တော်က သွားရမယ်…” လင်းရီ ပြောလိုက်ပြီး “ သိပ်မကောင်းဘူးထင်တယ်နော…”
“ ဘာလဲဖြစ်လို့… မင်းက ကြောက်နေတာလား…”
“ ဒါက ကြောက်ခြင်း မကြောက်ခြင်းနဲ့ ဘာမှမဆိုင်ဘူး… တစ်စုံတစ်ယောက်ကို ထိခိုက်အောင် လုပ်မိရင် ဘယ်ကောင်းမှာ….”
“ အဆင်ပြေပါတယ်…. ငါသူတို့ကို ထိန်းထားဖို့ ပြောလိုက်မယ်… မင်းကို မနာကျင်စေရဘူး….”
“ အာ… အကြီးအကဲက နားလည်မှု လွဲနေပါပြီ….” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော်ဆိုလိုတာ အကြီးအကဲရဲ့ လူတွေ ထိခိုက်သွားရင် မကောင်းဘူးလို့ ပြောတာ….”
ရန်စီ သူမခေါင်းလေးအား ငဲ့စောင်းပြီး လင်းရီကို ကြည့်လိုက်၏။
ဒီလူက သေချာလေ့ကျင့်ထားတဲ့ စစ်သားတွေကို အဲ့လိုမျိုး ပြောဝံ့တယ်ပေါ့လေ….
သူ အခု ဘယ်ရောက်နေလဲဆိုတာကို သဘောမပေါက်သေးတာလား…
“ ကောင်လေး … မင်း အဲ့ကိစ္စ စိုးရိမ်နေစရာမလိုဘူး…” ရန်ကွမ်းရှ ပြောလိုက်ပြီး “ တကယ်လို့ မင်းမှာ ယုံကြည်ချက်ရှိရင် ဝင်သွားလိုက်… တကယ်လို့ ငါ့ လူတွေကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုရင် မင်းစွမ်းတယ်လို့ပဲ သတ်မှတ်လိုက်မယ်…”
“ အာ… အဲ့တာဆိုလည်း စမ်းကြည့်မယ်လေ….”
“ အစ်ကိုရီ…. ရှင့်ဟာက ဖြစ်ပါ့မလားနော်..” ကျန်းရှောင်ယွီ တီးတိုးပြောလိုက်ပြီး “ ဒီလိုအချိန်မျိုးမှာ နည်းနည်းလေး သူရဲဘောကြောင်လိုက်လည်း အဆင်ပြေနေတာကိုပဲ…”
“ ငါကကော အဲ့လိုမျိုး လုပ်ချင်တယ်လို့ ထင်နေတာလား…. သူများက အတင်းတိုက်တွန်းနေမှတော့ ထွက်ပြေးလို့လည်း မကောင်းဘူးလေ…”
လင်းရီ နှုတ်ခမ်း ထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့၏။
အဘိုးကြီးရန်က ဘာလဲဖြစ်ချင်နေတာ…
ဖြစ်နိုင်တာ သူက ရည်မွန်ပြီး ဂုဏ်သိက္ခာကြီးတာကို မြင်သွားတော့ သူ့ရဲ့ စကေးတွေကို စမ်းသပ်ချင်နေတာများလား…
ဒါပေမယ့် ခုလက်ရှိ သူ့ခန္ဓာကိုယ် အခြေအနေအရဆိုရင် လေ့ကျင့်ရေး ကွင်းပြင်က စစ်သားတွေက ဘယ်လိုလုပ်ပြီး သူ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ…ဟုတ်တယ်မလား...
မိုဟုန်ရှန်း လင်းရီကို စူးစိုက်ကြည့်လိုက်၏။
စောနလေးတင် ရရှိလိုက်သည့် ခံစားချက်က ထင်ယောင်ထင်မှားလား ဆိုတာကို သူ မပြောတတ်၊ သို့သော်လည်း တခဏအကြာတွင်တော့ အစစ်အမှန်လား ထင်ယောင်ထင်မှားလားဆိုတာကို ပြောပြနိုင်ပေတော့မည်။
လင်းရီ လမ်းလျှောက်လာသည်ကို မြင်တော့ ကျန်းရွှီနှင့် တပ်ကြပ်မှာ ၎င်းတို့ လုပ်နေသည့် အလုပ်ကို ရပ်တန့်လိုက်ကြ၏။
“ မင်းက ဒီဘာလာလုပ်တာ…” ကျန်းရွှီ၏ လေသံမှ တစ်ဆင့် သူ လင်းရီ ယခုလို ရောက်လာသည်အား သဘောမတွေ့သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
ထို့်ပြင် စိတ်မရှည်မှု တစ်စွန်းတစ်စပါ ရောယှက်နေသေး၏။
လင်းရီ ပခုံးတွန့်လိုက်ပြီး “ အကြီးအကဲရန်က ငါ့ကို လာပြီး လက်ရည်စမ်းခိုင်းတာ… ငါလည်း ငြင်းလို့ ဘယ်ကောင်းမှာ…”
“ မင်းက လက်ရည်စမ်းမယ်…” ကျန်းရွှီ အထင်မြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ ဟမ့်...ငါက အရင်တုန်းက တပ်မှာ လေးနှစ်တာဝန်ထမ်းခဲ့ဖူးတဲ့ စစ်သားကွ… အပြင်လောက ရောက်လာခဲ့တာတောင် ငါ့ရဲ့ အခြေခံစကေးတွေကတော့ မယုတ်လျော့သေးဘူး… မင်းက ဒီတိုင်း စထွင်မာလေးကိုများ…သွားစမ်း.... ဒီမှာလာပြီး ယောင်ဝါး လာလုပ်မနေနဲ့…….”
“ စထွင်မာဖြစ်နေတော့ကော ဘာအရေးလဲ… မင်းက ငါ့ကို အထင်သေးနေတာလား….”
“ ကြားရမှာ နားခါးတယ်ဆိုပေမယ့် မင်းပုံစံနဲ့ဆိုရင် ဘေးမှာ အေးဆေးရပ်ကြည့်တာက အကောင်းဆုံးပဲ… ကိုယ့်ကိုယ်ကို လာပြီး အရှက်လာခွဲမနေနဲ့….”
“ ငါ မသိလို့ မေးပါဦးမယ်… ငါတို့ စထွင်မာတွေက မင်းရဲ့ အိမ်ပြတင်းပေါက်မှန်ကို ရိုက်ခွဲဖူးလို့လား… ဒါမှမဟုတ် မင်း အဘေးတွေရဲ့ အုတ်ဂူကို တူးဖူးလို့လား… ဘာလို့ ငါတို့ကို အဲ့လောက်ထိ နိမ့်ချ စော်ကားနေတာ…”
ကျန်းရွှီ စိတ်မတိုသွားခဲ့ချေ။ ထိုအစား သူ့အဝတ်အစားပေါ်ရှိ ဖုန်များကို ခါခပ်လိုက်ပြီး “ မင်းမထွက်သွားချင်လည်း ရတယ်…. အဲ့တာဆို ငါနဲ့ လက်ရည်ချင်း လာယှဉ်….ပရိုဂရမ်အတွက် သိုင်းပြိုင်ပွဲအဖြစ် သုံးလို့ရတယ်… “
“ မင်းနဲ့ မဖြစ်ဘူး…” လင်းရီ ခေါင်းခါရမ်းလိုက်၏။
“ ဘာလဲ… မင်းက ကြောက်နေတာလား…. “
“ ကြောက်နေတာ မဟုတ်ဘူး…. မင်းက ငါနဲ့ လက်ရည်စမ်းဖို့ အဆင့်မမှီလို့….. ငါ့ရဲ့ အချိန်တွေက မင်းနဲ့ ဖြုန်းတီးဖို့ မတန်ဘူး…”
“ ဟစ်…”
၎င်းကိုကြားတော့ ကျန်းရွှီနှင့် တပ်ကြပ်မှာ ကြက်သေသေသွားခဲ့သည်။
အသားညိုညိုနှင့် တပ်ခွဲမှူးမှလည်း လင်းရီအား တစ်ချက်ကြည့်လိုက်၏။
သူ ကျန်းရွှီ၏ ခွန်အား အကြောင်း ကောင်းမွန်စွာ နားလည်ပေသည်။ သူ၏ အခြေခံ အုတ်မြစ်က အတော်လေး ခိုင်ခံ့ပြီး သာမန်လူတို့ထက်လည်း အများကြီး သန်မာ၏။
သို့သော် သာမန်ဆန်ပြီး အထင်ကြီးလောက်စရာ ကြွက်သားများလည်း ရှိမနေသည့် စထွင်မာက ကျန်းရွှီမှာ သူ့ပြိုင်ဘက် မဟုတ်ဟု ပြောလိုက်သည်လော။ ဤသည်က မောက်မာလွန်းလှ၏။
အခြားတစ်ဖက်တွင်တော့ ကျန်းရွှီမှာ ထိုသို့ အပြောခံလိုက်ရသည့် အတွက် ဒေါသ ထောင်းကနဲ ထွက်သွားသော်လည်း အလျင်အမြန်ပဲ ပြန်တည်ငြိမ်သွားခဲ့ကာ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေး ပေါ်ပေါက်လာခဲ့လေသည်။
“ ပြဿနာ မရှိဘူး…. ငါ့ရဲ့ အကြီးဆုံး ခွန်အားက ကျိုးကြောင်း ဆီလျော်မှုရှိတာပဲ… တကယ်လို့ မင်းငါ့ကို အနိုင်ယူနိုင်ခဲ့ရင် ရှုံးနိမ့်ကြောင်း ဝန်ခံပေးမယ်…”
“ ဟင်း…. မင်း ဒီလိုမျိုး လုပ်မှ ဖြစ်မှာလားကွာ… မင်းရဲ့ သူဌေးမကလည်း ဒီမှာ ရှိသေးတာကို.. သူ့အရှေ့မှာ အမှောက်သိပ်ခံလိုက်ရရင် အရှက်ရစရာကြီးနော…”
“ ပြဿနာ မရှိဘူး… မင်းသာ မထိန်းချုပ်ထားနဲ့…. မင်း ငါ့ကို ဒဏ်ရာရအောင် ဘယ်လိုလုပ်မလဲဆိုတာကို ကြည့်စမ်းမယ်…”
လင်းရီ သူ၏ နှုတ်ခမ်းထောင့်စွန်းများအား ကွေးညွှတ်လိုက်ပြီး စိတ်ထဲတွင်တော့ ' ဒီကောင်က တအား နာချင်နေတာလား...'
“ အဲ့တာဆိုလည်း ........ကောင်းပြီလေ..."
မလှမ်းမကမ်းတွင် ရပ်နေသည့် ရန်ကွမ်းရှနှင့် လျန်ရူရွှယ်တို့မှ ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် “ လျန်… ဘယ်သူက ပိုသာမယ်လို့ ထင်လဲ…”
ရန်စီ ရှိနေသောကြောင့် ရန်ကွမ်းရှမှ လေသံအား တစ်မျိုး ပြောင်းပြောလိုက်သည်။
“ ပြောဖို့ခက်တယ်…”
သာမန်လူများနှင့် ယှဉ်မည်ဆိုလျှင်တော့ လင်းရီမှာ အမှန်ပင် စကေးကောင်းမွန် လှသည်။
သို့သော်လည်း ကျန်းရွှီဆိုသည့် လူက ကောင်းမွန်စွာ လေ့ကျင့်ထားသည့် စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်၏။ ယခုအခြေအနေတွင် လင်းရီဘက်မှ အားသာချက်မရှိသည်မှာ အသေအချာပင်။
သူက ဝမ်မာဇီ၏ လက်အောက်ငယ်သားများအား ချေမှုန်းနိုင်ခဲ့သော်လည်း သာမန်လှုပ်ရှားကွက်များဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်၏။ ဂျူဒို၊ ကရာတေး၊ ဂျူဂျစ်ဆု အစရှိသဖြင့် တိုက်ခိုက်ရေး နည်းပညာများကို သေချာ လေ့ကျင့်ထားသည့် စစ်သားများနှင့် နှိုင်းယှဉ်မည်ဆိုပါက အနည်းငယ် ဝေးကွာနေသေးသည်။
ထို့ကြောင့် ကျန်းရွှီ၏ ပြိုင်ဘက် ဟုတ်မဟုတ် ကောက်ချက်ချရန် ခက်ခဲလှလေသည်။
ရန်စီကတော့ တိတ်ဆိတ်စွာ ခေါင်းခါရမ်းလိုက်၏။
ကျန်းရွှီက သူ့ကို သဘောမတွေ့မှန်း သိရဲ့သားနဲ့ ဘာလို့ ရန်သွားစနေတာ….
သူက အသားနာမှ သက်တောင့်သက်သာ ရှိတဲ့ လူစားမျိုးလား..
ကွင်းပြင်တွင်တော့ ကျန်းရွှီမှာ တိုက်ခိုက်ရန် အသင့် အနေအထား ဖြစ်နေပြီး လျန်ရှန့်ဟိုင်ဘက်သို့ လှည့်ကာ “ ကင်မရာ အဆင်သင့်ပဲလား… ခနနေကျရင် ဖြစ်စဉ်တစ်ခုလုံးကို သေချာမှတ်တမ်းတင်ထားနော်…”
“ ဟုတ်... နားလည်ပါပြီ အစ်ကိုကျန်း…”
ကျန်းရွှီ ခေါင်းညိမ့်လိုက်ပြီး လင်းရီကို အပြုံးလေးဖြင့် လက်ဟန်ပြကာ “ ဘယ်လိုလဲ...အဆင်သင့်ဖြစ်ပြီလား… အသင့်ဖြစ်ရင် စတော့မယ်….”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ မွေးကတည်းက အဆင်သင့်ပဲ… မင်းဘက်က အသင့်ဖြစ်ရင်သာ စလိုက်တော့….”
“ မပူနဲ့…. မင်းရဲ့ အဲ့ဒီမျက်နှာလေးကိုတော့ မပျက်စီးစေရဘူး … ကတိပေးတယ်….”
“ မင်းက စကားပဲ ပြောနေတော့မှာလား…..”
ကျန်းရွှီ ရင်ထဲတွင် ရှုတ်ချလိုက်ပြီး သူ့ကိုယ်သူ တွေးတောလိုက်၏။ “ ဟမ့်… ငါ့ဘက်က သက်ညှာပေးရမယ်ဆိုရင်တောင် မင်းကိုတော့ အမှောက်သိပ်နိုင်သေးတုန်းပဲကွ….”
ထိုအကြောင်းတွေးတောရင်း ကျန်းရွှီမှ ရုတ်ချည်း တိုက်ခိုက်လာခဲ့၏။ သူ လင်းရီထံသို့ ပြေးဝင်လာခဲ့ပြီး မျက်နှာအား လက်သီးဖြင့် ထိုးလိုက်သည်။
လင်းရီ သူ့ ခန္ဓာကိုယ်အောက်ပိုင်းအား အနည်းငယ် နိမ့်လိုက်ပြီး ကျန်းရွှီ၏ လက်သီးအား ရှောင်ရှားလိုက်ကာ ဝမ်းဗိုက်အား ပင့်လက်သီးတစ်လုံး ကျွေးလိုက်၏။
ပေါက်ကွဲထွက်လာသည့် ခွန်အားက ကျန်းရွှီ၏ ၀မ်းဗိုက်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံသွားခဲ့ပြီး ဦးနှောက်သို့ ရောက်ရှိသွားကာ ခန္ဓာကိုယ်၏ အလိုအလျောက် ကာကွယ်သည့် စနစ်က အသက်၀င်လာပြီး ပိတ်ချလုနီးနီး ဖြစ်သွားခဲ့သည်။ သူ၏ မျက်လုံးတို့ ပြူးကျယ်နေပြီး ပါးစပ်လည်း ပွင့်အာနေကာ ရုတ်ချည်း အေးခဲသွားလေတော့သည်။
ထို့နောက် ဒူးထောက်လျက်သား ကျသွားခဲ့ပြီး ဝမ်းဗိုက်အား နာကျင်စွာ ဖိနှိပ်ရင်း မြေပြင်တွင် လဲလျောင်းနေလေသည်။
“ ဒါကြောင့်မို့ ပြောပါတယ်… ငါမတိုက်ခိုက်ချင်ဘူးလို့… နားမှ မထောင်ချင်တာကိုး….” လင်းရီ လက်ကို ခါခပ်ရင်း အေးဆေးလေသံဖြင့် ပြောလိုက်၏။
အဆိုပါ မြင်ကွင်းကို မြင်တော့ ကြည့်နေကြသည့် လူတိုင်း ကြက်သေသေသွားကြလေသည်။
ဖက်ခ်.... သာမန်လက်သီးထိုးချက်တစ်ခုက သေချာ လေ့ကျင့်ထားတဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်ကို အမှောက်သိပ်သွားစေတယ်တဲ့လား....
အစောပိုင်းတုန်းက မည်သူကမျှ ယခုလို ရလဒ်မျိုး ထွက်လာလိမ့်မည်လို့ မျှော်လင့်မထားကြချေ။
ရန်စီ လင်းရီကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်၏။
ဒီရဲ့ စထွင်မာက ဘယ်လိုလူစားမျိုးလဲ…ကျန်းရွှီတောင် သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတော့ သူလည်း အရင်က လေ့ကျင့်ဖူးတာလား…
လျန်ရူရွှယ်ကတော့ ဂုဏ်ယူနေသည့် မျက်နှာထားဖြင့် ဖြစ်နေလေသည်။ လင်းရီမှာ ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်သည့် လူစားမျိုးပင်။
ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ရန်ကွမ်းရှ လျန်ရူရွှယ်ကို ကြည့်ကာ အပြုံးလေးဖြင့် “ ဒီကလေးက တကယ်ကြီး မဆိုးဘူးပဲ… ငါ့ခန့်မှန်းထားတာထက်တောင် ကျော်လွန်နေတယ်…”
“ ဘယ်လိုလဲ အကြီးအကဲရန်… ကျွန်တော့်ရဲ့ performance တွေကို သဘောတွေ့ရဲ့လား….”
“ မဆိုးပါဘူး… ဒါပေမယ့် အဲ့မှာပဲ နေဦး… ငါမင်းနဲ့ လက်ရည်စမ်းဖို့ တခြားသူတွေ ထပ်လွှတ်ပေးမယ်…”
“ အာ.... ထပ်ပြီးတော့လား.....”
“ ဒါပေါ့ကွ.... အဲ့ဒီ အစီအစဉ်မှူးရဲ့ စွမ်းရည်က ငါတို့ လူတွေနဲ့ ဘယ်ယှဉ်နိုင်မှာ… ဘာပဲ ဖြစ်ဖြစ် ငါတို့ဘက်က လူတစ်ယောက်နဲ့တော့ လက်ရည်စမ်းကြည့်ရမယ်… မဟုတ်ရင် မင်း ဘယ်အဆင့်မှာ ရှိနေလဲဆိုတာ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာ….”
ထိုသို့ ပြောပြီးနောက် ရန်ကွမ်းရှ အသားညိုညိုနှင့် တပ်ခွဲမှူးအား ကြည့်လိုက်ပြီး “ ရှောင်ဝမ်…. မင်းသွားလိုက်ကွာ..”
အဆိုပါ တပ်ခွဲမှူး၏ နာမည်မှာ ဝမ်ဟူဖြစ်ပြီး တပ်ဒေသ လေ့ကျင့်ရေးမှူးများကြား၌ နာမည် အတန်အသင့် ရှိသူတစ်ယောက်ပင်။
“ နားလည်ပါပြီ ခေါင်းဆောင်…”
၎င်းတို့၏ တပ်ခွဲမှူးမှ အခြားသူများနှင့် လက်ရည်စမ်းတော့မည်ကို မြင်တော့ လေ့ကျင့်နေကြသည့် စစ်သားများအားလုံး ၎င်းတို့၏ လုပ်လတ္တံ့ အလုပ်များကို ရပ်တန့်လိုက်ကြပြီး ကွင်းဝိုင်းအနားသို့ စုဝေးလာကြလေသည်။
၎င်းကို ရန်ကွမ်းရှ မြင်သော်လည်း ဘာမျှ မပြောချေ။ ၎င်းတို့အတွက် နားချိန် အနည်းငယ် ပေးလိုက်သည်ကလည်း အဆင်ပြေလေသည်။ မည်သို့ပင်ဆိုစေ တပ်အတွင်း၌ ယခုလို ပွဲမျိုး လုပ်ပေးပြီး အပမ်းဖြေရသည်ကလည်း စိတ်ဝင်စားဖို့ ကောင်း၏။
“ ခေါင်းဆောင်… ကြိုးစားထား… အဲ့ကောင်ကြည့်ရတာ ခေတဲ့ပုံတော့ မပေါ်ဘူး…”
"ကြိုးစားထား.... ဖိုက်တင်း ...."
ဝမ်ဟူ ရိုးသားသည့် ရွာသားကြီး အပြုံးဖြင့် ပြုံးလိုက်ပြီး ဘာမျှ မပြောချေ။
သို့သော် စိတ်ထဲတွင်တော့ အေးဆေးသက်သာနေသည်။ သူက တပ်ထဲတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးဖြစ်ပြီး စထွင်မာတစ်ယောက်အား ရှုံးရန် အကြောင်းပြချက်မရှိပေ။ မဟုတ်ပါက တပ်ထဲတွင် သူ ဆက်လက် မျက်နှာပြရန် ခက်ခဲသွားပေမည်။
ထိုအတွေးက ရင်ထဲတွင် ရှိနေသော်လည်း အပေါ်ယံတွင်တော့ နိမ့်ချဟန် ပြုထား၏။
“ ညီကို .. ရယ်ဒီပဲလား….”
“ ခင်များကော ရယ်ဒီပဲလား….”
“ အင်း….” ဝမ်ဟူ ခေါင်းညိမ့်လိုက်၏။
ထိုစဉ် ရုတ်တရက် လင်းရီ သူ၏ ခါးအောက်ပိုင်းသို့ အတွင်းသို့ အတွင်းအား လောင်းထည့်လိုက်ကာ အဟုန်ပြင်းသည့် မြားတစ်စင်းကဲ့သို့ ပြေးထွက်လာခဲ့၏။ အရှိန်မှာ လျင်မြန်လွန်းလှပြီး ဝမ်ဟူ တုံ့ပြန်ရန်ပင် မမှီလိုက်ချေ။ လင်းရီ အဆိုပါ အခွင့်အရေးကို အရယူပြီး ဝမ်ဟူ၏ လက်မောင်းအား ချုပ်ကိုင်ကာ ပခုံးအပေါ်မှတစ်ဆင့် ကိုင်ပေါက်လိုက်၏။ ထို့နောက် သူ၏ ဒူးအား ဝမ်ဟူ၏ လည်မျိုသို့ ဖိကပ်ထားလိုက်သည်။
ရလဒ်ကား ထွက်ပေါ်လာခဲ့ချေပြီ။
မည်သူက ပိုမိုသန်မာနေလဲ ဆိုတာ သိသာနေတော့၏။