သူလည်း အဲ့တာကို သိနေတာများလား
Vol. 47 Ch. 698
အချိန်က ရပ်တန့်သွားသည့်နှယ်ပင်။ လက်ရည်စမ်းပွဲ၏ ရလဒ်မှာ ထိုသို့ ဖြစ်ပေါ်လာလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
' လင်းရီက ဝမ်ဟူကို တစ်ကွက်တည်းနဲ့ အမှောက်သိပ်လိုက်တယ် ဆိုတော့ ဒါနဲ့တင် လင်းရီရဲ့ တိုက်ပွဲစွမ်းရည်က ထိပ်တန်းရှိနေပြီဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ…'
လင်းရီ မတ်တပ်ရပ်လိုက်ပြီး ဝမ်ဟူအား ဆွဲထူပေးရင်း “ အနိုင်ပေးလို့ ကျေးဇူးပဲ ကိုယ့်လူ….”
“ ဟားဟား ငါတော့ အနိုင်ပိုင်းခံလိုက်ရတာပဲ…”ဝမ်ဟူ ခါးသီးစွာ ပြုံးလိုက်ပြီး “ မင်းရဲ့ အမြန်နှုန်းနဲ့ ပေါက်ကွဲအားက အရမ်းကို ကောင်းမွန်လွန်းတယ်… အမှန်အတိုင်းဝန်ခံရရင် ငါ ဘယ်လိုဖြစ်သွားမှန်းတောင် မသိလိုက်ဘူး….”
“ ဒီတိုင်း အလစ်ချောင်းတိုက်လိုက်တာကို အောင်မြင်သွားရုံလေးတင်ပါ…”
ဝမ်ဟူ ရယ်မောလိုက်၏။
ဒီကလေးက အတော်လေး သဘောကောင်းတာပဲ… သူ့ကို မျက်နှာမပျက်ရအောင် ကယ်တင်ပေးလိုက်တယ်…
“ ခေါင်းဆောင်…. ကျွန်တော်တို့တော့ သူ့ကို မှားယွင်းပြီး အကဲဖြတ်မိပြီနဲ့တူတယ်…”ကောင်းချုံ ပြောလိုက်ပြီး “ သူက ကျုပ်တို့ ထင်ထားတာထက်ကို ပိုသန်မာတယ်….”
“ အင်း…. ငါလည်း ဒီလိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့် မထားဘူး…..”
မိုဟုန်ရှန်း ရန်ကွမ်းရှဘေးတွင် တစ်ခွန်းမျှ မပြောပဲ တိတ်ဆိတ်စွာ ရပ်နေသည်။ ယခုတော့ သူ တွေ့တွေ့ချင်း ရရှိလိုက်သည့် ခံစားချက်များက ထင်ယောင်ထင်မှား မဟုတ်ကြောင်း အတည်ပြုနိုင်လိုက်၏။
' လင်းရီက အရမ်း သန်မာတယ်… ဒါပေမယ့် သူက အဲ့တာကို ပိပိရိရိနဲ့ ဖုံးကွယ်ထားတာပဲ… သာမန်လူဆိုရင် သိမှာ မဟုတ်ဘူး….'
“ ရှောင်ကောင်း … မင်းသွားပြီး စမ်းကြည့်ကြည့်လိုက်…”
“ ဟုတ်ကဲ့..”
လင်းရီ ဝမ်ဟူကို ချေမှုန်းလိုက်သည်အား မြင်ပြီးသည့်နောက် ကောင်းချုံမှာ လင်းရီနှင့် တိုက်ခိုက်ရန် စိတ်အားထက်သန်နေလေသည်။
ယခုတော့ ခေါင်းဆောင်မှ အမိန့်ပေးလာပြီးဖြစ်သောကြောင့် သူ့တွင် အခွင့်အရေး ရှိလာချေပြီ။
“ ခဏနေဦး… မင်း အနောက် ပြန်ဆုတ်လိုက်…. ရှောင်မိုကို သွားခိုင်းလိုက်…”
"ဟမ်....." ကောင်းချုံ မျက်နှာညှိုးငယ် သွားပြီး "ခေါင်းဆောင်က ကျွန်တော့်ကို မယုံလို့လား.... ကျွန်တော် စမ်းကြည့်ပါရစေဗျာ...."
“ ငါမင်းကို မယုံလို့ မသွားခိုင်းတာ မဟုတ်ဘူး… သေချာအောင် လုပ်နေတာ… တကယ်လို့ တစ်ခုခု မှားယွင်းခဲ့မယ်ဆိုရင် ငါဘယ်လိုလုပ်ပြီး မျက်နှာပြနိုင်တော့မှာ….”
“ ဘာမှားသွားနိုင်မို့လို့လဲ ခေါင်းဆောင်ရဲ့….” ကောင်းချုံ လက်မလျော့ချင်သေးပဲ “ ဒီရဲ့ ကျိုးဟိုင် တပ်ဒေသ တစ်ခုလုံးမှာ ကျွန်တော့်ကို အနိုင်ယူနိုင်တဲ့ သူတွေဆိုတာ လက်ချိုးရေလို့ရတယ်…. ရှုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး….”
“ မင်းရှုံးမှာကို ကြောက်နေလို့ မဟုတ်ဘူး… အဲ့ကောင်လေးကို တစ်ကွက်အတွင်း အနိုင်ယူခံလိုက်ရမှာကို မြင်ချင်နေတာ.. မဟုတ်ရင် အဓိပ္ပာယ် မရှိတော့ဘူး…”
“ အဲ့တာများ....ကျွန်တော်လည်း လုပ်နိုင်တာကိုပဲ…” ကောင်းချုံပြောလိုက်ပြီး “ ထရိန်နင်တုန်းက အားဟူ ဘယ်လောက်သောင်းကြမ်းလဲ ခေါင်းဆောင်လည်း သိသားနဲ့… ကျွန်တော် ရောက်သွားတော့ သူ့ကို လက်တစ်ဖက်တည်းနဲ့ ပညာပြခဲ့တာလေ…. သူ့ကိုလည်း ပညာပြပေးဖို့ ပြဿနာ မရှိဘူး….”
“ မရဘူး… ရှောင်မို… မင်းသွားလိုက်….”
“ ဟုတ် ခေါင်းဆောင်…”
ကောင်းချုံ မျက်နှာငယ်လေး ဖြစ်သွားခဲ့၏။
လျန်ရူရွှယ် သူ့အား တံတောင်ဖြင့် တွတ်ရင်း “ အစ်ကိုချောင်ကလည်း ဘာလို့ ဒီလိုကြီး လုပ်နေတာ… ဒီတိုင်း လက်ရည်စမ်းတာလေးပဲကို ဘာတွေများ ကြီးကျယ်နေလို့….”
လျန်ရူရွှယ် အနှီ ယောက်ျားလေးများ၏ အတွေးကို နားမလည်နိုင် ဖြစ်နေလေသည်။
ဒီလောက်လေးနဲ့ ဝမ်းနည်းစရာလိုလို့လားလို့…
“ ဒါက ယောက်ျားသားတွေရဲ့ ကိစ္စ… မင်း နားမလည်ပါဘူးကွာ….” ကောင်းချုံ စိတ်အားငယ်နေသည့် လေသံဖြင့် ပြောလိုက်၏။
ထိုအခိုက်အတန့်တွင်တော့ မိုဟုန်ရှန်းမှာ ကွင်းထဲသို့ ရောက်ရှိနေချေပြီ။
ထိုသူကိုမြင်တော့ လင်းရီ၏ အမူအရာမှာ ရုတ်ချည်း လေးနက်သွားခဲ့တော့၏။
' ဒီလူကလည်း ကျွမ်းကျင်သူတစ်ယောက်ပဲ.. လျှော့တွက်လို့တော့ မရဘူး…'
မိုဟုန်ရှန်းက လင်းရီကို အနည်းငယ် ခက်ခဲသည်ဟု ခံစားရစေသည့် ပထမဆုံး လူပုဂ္ဂိုလ်ပင်။
အကယ်၍ သူနှင့်သာ အမှန်တကယ် တိုက်ခိုက်မည်ဆိုပါက ဘယ်သူနိုင်မလဲဆိုတာကို ပြောပြရန် ခက်ခဲ၏။
“ မင်းငါ့ကို မှတ်မိသေးတယ်မလား…” မိုဟုန်ရှန်း အပြုံးလေးဖြင့် ပြောလိုက်၏။
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ဒါပေါ့ … မှတ်မိတာပေါ့….”
“ ဒါဆိုလည်း လက်ရည်စမ်းကြစို့…” မိုဟုန်ရှန်း ပြောလိုက်ပြီး “ ခေါင်းဆောင်ရဲ့ အမိန့်ဆိုတော့ ငါလည်း ဘာမှ လုပ်လို့မရဘူး…”
“ အဆင်ပြေပါတယ်… ဒီတိုင်း လက်ရည်စမ်းရုံလေးပဲ မဟုတ်လား…”
မိုဟုန်ရှန်း သူ၏ ရှပ်အား ကြယ်သီးဖြတ်လိုက်ပြီး ဝမ်ဟူထံ ပစ်ပေးလိုက်၏။ ထို့နောက် သူ၏ ကိုယ်နေဟန်ထားကို အသင့်ပြင်လိုက်ကာ “ တက်လာခဲ့….”
“ မဖြစ်နိုင်လိုက်တာ … အစ်ကိုရှန်းက သူ့အင်္ကျီကို ချွတ်လိုက်တယ်လား…” ကောင်းချုံ မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။
“ အဲ့တာက ထူးဆန်းနေလို့လား….” လျန်ရူရွှယ် မေးမြန်းလိုက်၏။
“ ငါနဲ့ လက်ရည်စမ်းတုန်းကတောင် အစ်ကိုရှန်းက ဒီလောက်ထိ အလေးအနက်မထားခဲ့ဘူး…”
လျန်ရူရွှယ်၏ အကြည့်များက လင်းရီထံ ရောက်သွားခဲ့၏။
သူမ၏ အမူအရာမှာလည်း လေးနက်လာခဲ့လေသည်။
ထိုစဥ် သူမအဘိုးမှ မိုဟုန်ရှန်းမှာ ဟွာရှရှိ ထိပ်တန်းဖိုက်တာများထဲမှ တစ်ယောက်ဟု ချီးမွမ်းခဲ့ဖူးသည်အား သတိရလိုက်၏။ သူမအဘိုးပင် ထိုသို့ မှတ်ကျောက်တင်ရသည့် မိုဟုန်ရှန်း၏ ခွန်အားအား မေးခွန်းထုတ်နေရန် မလိုချေ။
သို့သော်လည်း ထိုသို့သော အင်အားကြီးမားသည့် လူတစ်ယောက်က လင်းရီနှင့် ရင်ဆိုင်ရာတွင် အတည်ကြီး အလေးအနက် ထားနေသည်လော။
တစ်နည်းအားဖြင့် ဆိုသော် ၎င်းက လင်းရီအား သူနှင့် တန်းတူ ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်ခြင်းပင်။
မဟုတ်ပါက ယခုလိုမျိုး ပြုမူလိမ့်မည် မဟုတ်ချေ။
လျန်ရူရွှယ်မှ တောင်စဉ်ရေမရ အတွေးများ ဖြစ်ပေါ်နေစဉ် မိုဟုန်ရှန်း ဦးစွာ တိုက်ခိုက်လာခဲ့၏။
သူ၏ တိုက်ခိုက်ပုံကို တစ်ချက်ကြည့်လိုက်သည်နှင့် သိုင်းပညာလှုပ်ရှားကွက်များ ပါဝင်နေကြောင်း လင်းရီ တပ်အပ်ပြောနိုင်လေသည်။
လင်းရီ ထိုလှုပ်ရှားကွက်ကို တန်ပြန်တိုက်ခိုက်ရန်အတွက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး မိုဟုန်ရှန်း၏ လက်သီးအား လက်ဖဝါးဖြင့် ကာလိုက်သည်။ ထို့နောက် ဘယ်ဘက်လက်သီးဖြင့် ပြန်လည်တိုက်ခိုက်လိုက်လေသည်။
မိုဟုန်ရှန်း ဘေးသို့ ရွေ့လျားလိုက်ပြီး လင်းရီ၏ လက်သီးချက်အား လက်မောင်းဖြင့် လမ်းကြောင်းလွဲလိုက်သည်။ တစ်ချိန်တည်းတွင် လက်သီး၏ ပြန်ကန်အားကြောင့် နောက်သို့ တစ်လှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်ရလေသည်။
မိုဟုန်ရှန်း မျက်လုံးတို့ ပြူးကျယ်သွားခဲ့၏။ လင်းရီ ထိုမျှသန်မာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။ အထူးသဖြင့် ပေါက်ကွဲထွက်လာသည့် ခွန်အားပင်။ ကာလိုက်သည့် သူ၏ လက်မောင်းပင် ထုံကျဉ်သွားခဲ့လေသည်။
“ အရမ်းကောင်းတယ်..” မိုဟုန်ရှန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး တစ်ဖန် ပြန်တိုက်ခိုက်လိုက်၏။
ဘန်း ဘန်း ဘန်း
စက္ကန့်အနည်းငယ်အတွင်း နှစ်ယောက်မှာ ဆယ်ကွက်မျှ ဖလှယ်ထားပြီး သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေကြလေသည်။ ထိုအခိုက်အတန့်တွင်တော့ မည်သည့်ဘက်က အသာစီးရနေလဲဆိုတာ မည်သူကမျှ မပြောပြနိုင်သေးချေ။
လျန်ရူရွှယ်နှင့် ကောင်းချုံမှာ မလှမ်းမကမ်းတွင် ရပ်ကြည့်နေရင်း မျက်ဝန်းတို့ ပြူးကျယ်နေခဲ့ကြ၏။
သူတို့အားလုံး မိုဟုန်ရှန်း၏ ခွန်အားကို ကောင်းစွာ နားလည်သဘောပေါက်ထားသည်။ ပွဲမစခင်တုန်းက လက်ရည်စမ်းပွဲမှာ ယခုလို အတိုင်းအတာအထိ ရောက်ရှိလာလိမ့်မည်လို့ မျှော်လင့်မထားချေ။ အထူးသဖြင့်တော့ မျက်မှာ အမူအရာ ဆက်တိုက်ပြောင်းလဲနေသည့် ကောင်းချုံပင်။ ကံကောင်းစွာဖြင့် သူ အမိန့်နာခံပြီး မသွားလိုက်သောကြောင့်ပင်။ မဟုတ်ပါက ယခုအချိန်လောက်ဆို မြေကြီးကို ကုန်းနမ်းနေရလောက်ပြီး ဖြစ်၏။
သို့တိုင်အောင် အနှီ လင်းရီက မည်သူနည်း။ ဆရာဝန်လော။ ထိုသူက အဘယ်ကြောင့် ဤမျှ သန်မာနေရသနည်း။
တပ်သားများလည်း မြင်ရခဲလှသည့် လက်ရည်စမ်းပွဲကို စိတ်ဓာတ်တက်ကြွစွာဖြင့် လက်သီးလက်မောင်း သမ်းရင်းအားပေးနေကြလေသည်။
ဘေးတွင် ထိုင်နေသည့် ရန်ကွမ်းရှကတော့ ခေါင်းတဆတ်ဆတ် ငြိမ့်နေရင်း လင်းရီ၏ စွမ်းဆောင်မှုအား အကျေနပ်ကြီး ကျေနပ်နေတော့၏။
ယခုလို ငယ်ရွယ်သည့် ကာလတွင် မိုဟုန်ရှန်းနှင့် ထိုမျှ အချိန်ကြာအောင် လက်ရည်ဖလှယ်နိုင်သည်က လင်းမိသားစု မျိုးဆက်မှာ ထူးကဲသာလွန်ကြောင်း သက်သေပြရာ ရောက်လေသည်။
ကံကောင်းစွာဖြင့် သူ ရှောင်ကောင်းအား လူစားလဲခိုင်းလိုက်သောကြောင့်ပင်။ မဟုတ်ပါက ထိုကလေးအား ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း လက်ရှိအခြေအနေကို သုံးသပ်ကြည့်ရသလောက်တော့ ရှောင်မိုမှ အလေးအနက် မထားသရွေ့တော့ လင်းရီအား အနိုင်ယူနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
ထိုအခိုက်အတန့်တွင် လင်းရီနှင့် မိုဟုန်ရှန်းမှာ အကွက်ချင်း ဖလှယ်နေဆဲ ဖြစ်သည်။ လင်းရီ၏ ဘေးကန်ချက်က လေထဲတွင် ပြီးပြည့်စုံသည့် အနုပညာ လက်ရာတစ်ခုအား ဖန်းတီးသွားခဲ့၏။ လင်းရီ၏ ကန်တော့မည်ကို ကြိုသိနေသည့် မိုဟုန်ရှန်းမှာ နောက်သို့ လျှင်မြန်စွာ ဆုတ်လိုက်လေသည်။
လင်းရီ၏ ပေါက်ကွဲအားနှင့် အမြန်နှုန်းမှာ ထိုအခိုက်အတန့်တွင် သိသာထင်ရှားစွာ ပေါ်လွင်နေပြီး မိုဟုန်ရှန်း၏ တိုက်ပွဲစွမ်းရည်ဖြင့် အချိန်မှီ နောက်ဆုတ်နိုင်လိုက်သော်လည်း အနည်းငယ်ခန့် နောက်ကျသွားကာ အင်္ကျီကော်လာအား ရှပ်ထိ ထိသွားခဲ့၏။
ကံကောင်းစွာဖြင့် ထိုအကွက်အား တိုက်ရိုက် မခံယူလိုက်သောကြောင့်ပင်။ မဟုတ်ပါက ရလဒ်မှာ ယခုနေရာတွင် ချက်ချင်း ထွက်ပေါ်လာနိုင်သည်။
မိုဟုန်ရှန်း ထိုအခွင့်အရေးကို အရယူ၍ လင်းရီနှင့် နှစ်မီတာခန့်ကွာအောင် ကန့်သတ်ထားလိုက်ပြီး ပြုံးလိုက်ကာ “ မဆိုးဘူးပဲ… ငါဒီလိုမျိုး စိတ်လွတ်ကိုယ်လွတ် မတိုက်ခိုက်ခဲ့ရတာတောင် အတော်လေး ကြာနေပြီ….”
“ ကျုပ်တို့ ဆက်တိုက်ဦးမှာလား…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ဒီအတိုင်း ဆက်တိုက်ဦးနေမယ်ဆိုရင် ညအထိ ရောက်သွားလောက်တယ်….”
“ အဲ့လောက်ထိ သွားစရာ မလိုပါဘူး… မကြာခင် ဘယ်သူအနိုင်ရလဲ ဆိုတာ ပေါ်လာတော့မှာ…”
လင်းရီအနည်းငယ် ပဟေဠိ ဖြစ်သွားခဲ့၏။ မိုဟုန်ရှန်း ဘာပြောချင်နေလဲဆိုတာ နားမလည်နိုင် ဖြစ်နေလေသည်။
အကယ်၍ သူ ယခုလို ဆက်လက်တိုက်ခိုက်နေမည် ဆိုပါက မိုဟုန်ရှန်းအား သက်လုံကျအောင် လုပ်ပြီး အနိုင်ယူနိုင်လိမ့်မည် ဖြစ်ကြောင်း သေချာသည်။ သို့သော်လည်း ပြဿနာက အချိန်တိုအတွင်း အနိုင်ရသူကို ဆုံးဖြတ်ရန် မဖြစ်နိုင်ခြင်းပင်။
“ အစ်ကိုရှန်းက ပိုပိုပြီးတော့ အလေးအနက် ဖြစ်လာပြီပဲ…” ကောင်းချုံ ပြောလိုက်၏။
“ ဟင်… ဒါဆို ခုနက သူ့ရဲ့ ခွန်အား အပြည့် မဟုတ်သေးဘူးပေါ့….” လျန်ရူရွှယ် ကြောင်အမ်းသွားခဲ့၏။
“ ခွန်းအားက အပြည့်တော့ အပြည့်ပဲ… ဒါပေမယ့် သဘောတရားခြင်းတော့ ကွဲပြားတယ်… တကယ်လို့ အစ်ကိုရှန်း အလေးအနက် ဖြစ်လာပြီဆိုရင် သူ့ရဲ့ တိုက်ပွဲဝင်ခွန်အားက အဆင့်တစ်ခုထိ ထိုးတက်သွားတာ… လင်းရီတော့ ရှုံးပြီ….”
ကောင်းချုံ ဘာကို ဆိုလိုချင်နေလဲဆိုတာကို လျန်ရူရွှယ် လုံးဝ နားမလည်နိုင်တော့ချေ။ သို့သော်လည်း သူမ လင်းရီအတွက် အနည်းငယ် စိတ်ပူသွားခဲ့၏။
ကွင်းပြင်တွင်တော့ မိုဟုန်ရှန်း သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လင်းရီထံသို့ နောက်တစ်ကြိမ် ပြေးဝင်လာသည်။
သို့သော်လည်း ယခု တစ်ကြိမ်တွင်တော့ မိုဟုန်ရှန်းမှာ ကွဲပြားသည့် လူတစ်ယောက် ဖြစ်သွားသကဲ့သို့ လင်းရီ ခံစားနေရ၏။
ထိုသူက တောင်အောက်ဆင်းလာသည့် အမျက်ထွက်နေသော ကျားရဲကဲ့သို့ လုံးဝရပ်တန့်၍ မရချေ။
လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုယ်သူ တွေးတောလိုက်၏။
“ ဖြစ်နိုင်တာ သူလည်း အဲ့တာကို သိနေတာများလား….”