ငါသူ့ကို ထိုးလိုက်တဲ့အချိန် သံမဏိပြားကြီး ထိုးမိလိုက်သလိုပဲ
Vol. 47 Ch. 699
လင်းရီကို တုံ့ပြန်ရန် အချိန်မပေးပဲ မိုဟုန်ရှန်း၏ လှုပ်ရှားမှုများက ယခင်ကထက် မြန်ဆန်သည်ထက် မြန်ဆန်လာသည်။
ခွန်အားပိုင်းတွင်လည်း များစွာ တိုးပွားလာခဲ့၏။
အကယ်၍ စနစ်မှ ချီးမြင့်ထားသည့် ကြွက်သား သိပ်သည်းဆေးကြောင့်သာ မဟုတ်ပါက လင်းရီ ယခုလောက်ဆို လက်သီးချက်များကြောင့် ခွေကျနေလောက်ချေပြီ။
ဘန်း ...
မိုဟုန်ရှန်း အားပြင်းစွာ ကန်လိုက်ပြီး လင်းရီမှ လက်နှစ်ဖက်ဖြင့် ကာလိုက်၏။ သူ နောက်သို့ ခြေလေးငါးလှမ်းခန့် ဆုတ်ပြီးသည့် အခါမှ ပြန်တည်ငြိမ်လိုက်နိုင်သည်။
၎င်း မြင်ကွင်းကို မြင်တော့ တပ်နယ်မြေရှိ စစ်သားများအားလုံး စိတ်အားတက်ကြွစွာဖြင့် အားပေးလိုက်ကြ၏။
"အစ်ကိုရှန်း .. ကြိုးစားထား..."
"အစ်ကိုရှန်း .. ကြိုးစားထား..."
"အစ်ကိုရှန်း .. ကြိုးစားထား..."
ထိုအခိုက်အတန့်တွင်တော့ လင်းရီမှာ အခြား ပြင်ပ အသံများအား နားထောင်နေရန် အာရုံရှိမနေတော့ချေ။ မိုဟုန်ရှန်းက ယခင်ကထက် သိသိသာသာ သန်မာလာချေသည်။ ထိုသူက အတွင်းအား လှည့်ပတ်သည့် အခြားနည်းလမ်းတစ်ခုအား ကျွမ်းကျင်တတ်မြောက်ထားကြောင်း လင်းရီ တပ်အပ်ပြောနိုင်၏။ မဟုတ်ပါက ယခုလို ရုတ်တရက်ကြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတို့ တိုးတက်လာရန် မည်သို့မျှ မဖြစ်နိုင်ချေ။
"ဒီတစ်ခေါက်ကော ဘယ်လိုနေလဲ... တော်တော်လေး အထိနာသွားတယ်မို့လား..."မိုဟုန်ရှန်းမှ ပြုံးလျက် မေးလိုက်၏။
"အဆင်ပြေပါတယ်...."
"အဆင်ပြေတယ်လား..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ခင်များက အရင်ကထက် ပိုပြီး သန်မာလာတာတော့ မှန်တယ်... ဒါပေမယ့် လိုအပ်ချက်တွေတော့ ရှိနေသေးတုန်းပဲ... "
"ဒါဆိုလည်း ဆက်ပြီး တိုက်ခိုက်ကြတာပေါ့... ဒီလိုမျိုး မလှုပ်ရှားဖြစ်တာတောင် တော်တော်လေး ကြာနေပြီ.... "
"ခင်များလည်း ကျုပ်ကို ဒုတိယအကွက် ထုတ်သုံးရအောင် လုပ်နိုင်တဲ့ ပထမဆုံးသူပဲ... "
မိုဟုန်ရှန်း မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရ၏။ လင်းရီမှာ လက်ဦးတည့်ရာ လျှောက်လုပ်နေတတ်သည့် လူစားမျိုး မဟုတ်ချေ။ ထို့ကြောင့် သူ့ထံတွင် အရန် အစီအစဉ်တစ်ခု ရှိရပေမည်။
သို့သော်လည်း သူတို့မှာ ယခုအတိုင်းအတာအထိ တိုက်ခိုက်ကြပြီး ဖြစ်၏။
' ဒါဆို သူက ဘယ်အချိန်ကို စောင့်နေတာ ... '
လင်းရီ ရုတ်ချည်း လှုပ်ရှားလာခဲ့၏။ ထိုအချိန်တွင်တော့ ၀မ်းဗိုက်အောက်ရှိ ချီစီးဆင်းမှုမှာ စတင်လည်ပတ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။ သူ၏ အရှိန်အဝါများကလည်း အဆင့်တစ်ခုသို့ မြင့်တက်လာခဲ့၏။
ထူးဆန်းသည့် အပြုံးတစ်ခုက လင်းရီမျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
ဒီခံစားချက်က မဆိုးဘူးပဲ..
လင်းရီ မြေပြင်ကို တစ်ချက် ပေါက်လိုက်ပြီး မိုဟုန်ရှန်းထံသို့ အဟုန်ပြင်းစွာဖြင့် ပြေး၀င်လာခဲ့၏။
ဘန်း ...
ရိုးရှင်းသည့် ခြေကန်ချက်တစ်ခုက မိုဟုန်ရှန်းအား လွင့်ပျံသွားစေလု နီးပါးပင်။
" ဒါ ... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာပဲ... "
ရန်ကွမ်းရှ စိတ်လှုပ်ရှားစွာဖြင့် ထရပ်မိလိုက်၏။ ယင်းမြင်ကွင်းက ရန်ကွမ်းရှနှင့် ကောင်းချုံတို့၏ မျက်လုံးအား ပြူးကျယ်သွားစေခဲ့သည်။
သူတို့အားလုံး မိုဟုန်ရှန်း၏ အခြေအနေနှင့် ခွန်အား အကြောင်း ကောင်းမွန်စွာ နားလည်ထားသည့်တိုင်အောင် ၎င်းက အရေးမသာသည့် အနေအထားသို့ ကျရောက်နေလေသည်။ ယင်းက မိုဟုန်ရှန်းမှ အားနည်းနေသောကြောင့် မဟုတ်ပဲ လင်းရီကသာ အင်အား ကြီးမားနေလွန်းသောကြောင့်ပင်။
သူ ဘယ်လိုမျိုး လုပ်လိုက်တာတဲ့လဲ..
ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားမှု မရှိပဲနဲ့ ဒီလိုမျိုး အင်အားကြီးမားလာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ....
ရန်ကွမ်းရှ၏ မျက်ခုံးနှစ်ဖက်မှာ ထိကပ်လုနီးပါး ဖြစ်နေသည်။
ဖြစ်နိုင်တာ လင်းကျင်ကျန့်က ပုန်းလျှိုးကွယ်လျှိုးနဲ့ ပြန်ရောက်လာပြီး အဲ့ကောင်စုတ်လေးကို လမ်းညွှန်ပေးနေတာများလား..
' အဲ့တာလည်း မဖြစ်နိုင်ဘူး...'
ရန်ကွမ်းရှ လင်းရီ၏ ခွန်အားကြောင့် အကြီးအကျယ် ရှော့ခ်ရပြီး အတွေးနက်နေစဉ် ယှဉ်ပြိုင်သူ နှစ်ယောက်မှာ အသေအကြေ ဆက်လက်တိုက်ခိုက်နေတော့၏။
သို့သော်လည်း အခြေအနေကတော့ သူတို့ စိတ်ကူးယဉ်ထားသည်နှင့် ခြားနားနေသည်။
မိုဟုန်ရှားအား ကန်ကျောက်ပြီးနောက် လင်းရီ ဟန်ရေးပြ အချက်အနည်းငယ် တိုက်ခိုက်ကာ "တော်ပြီ.. ဆက်မတိုက်တော့ဘူး..."လင်းရီ ပြောလိုက်ပြီး "ကျွန်တော်က ခင်များရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးဘူး... ဒီမှာပဲ ရပ်လိုက်ကြတာပေါ့..."
မိုဟုန်ရှန်း မှင်တက်သွားခဲ့၏။ သူ၏ အင်္ကျီ အ၀တ်အစားတို့မှာ ချွေးကြောင့် စိုရွှဲနေပြီး အတော်လေးလည်း မောဟိုက်နေသည်။ သို့သော်လည်း လင်းရီ ဘက်မှ ယခုလို ပြောလာလိမ့်မည်လို့တော့ မျှော်လင့် မထားခဲ့ချေ။ အကယ်၍ သူတို့နှစ်ဦး နောက်ထပ် ဆယ်ကွက်ခန့် ဆက်လက် ဖလှယ်မည်ဆိုပါက သူ သေချာပေါက် ရှုံးသွားနိုင်လေသည်။
မိုဟုန်ရှန်း သူ၏ ခေါင်းကို တစ်ဖက်သို့ လှည့်ကြည့်လိုက်တော့ ရန်စီမှာ မနီးမဝေးတွင် ရပ်ကြည့်နေပြီး ကင်မရာမန်းမှလည်း ယခု ဖြစ်ရပ်ကို မှတ်တမ်းတင်ထားလျက်ရှိ၏။
သူငါ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့ လုပ်နေတာလား...
"ဒီကောင်လေးကတော့..."မိုဟုန်ရှန်း ခါးသက်စွာ ပြုံးလိုက်ပြီး "အရမ်း ဉာဏ်ကောင်းတယ်..."
"အစ်ကိုရီ... ရှင်က အရမ်း တော်တာပဲ.... "
ကျန်းရှောင်ယွီ ပုဝါ တစ်ထည်နှင့်အတူ သူ့ဆီ သောသော့လေး ပြေးလာပြောရင်း နဖူးထက်ရှိ ချွေးပေါက်များအား သန့်ရှင်းပေးလိုက်လေသည်။
" ဒီတိုင်း ကံကောင်းသွားရုံတင်ပါ.."လင်းရီ ပြောပြီးနောက် ရန်ကွမ်းရှ ရှေ့သို့ ရောက်လာခဲ့ကာ "ဒီလောက်ဆို ရလောက်ပြီ ထင်တာပဲ အကြီးအကဲ..."
" မင်းအဲ့ဒီ စွမ်းရည်ကို ဘယ်ကနေ သင်ယူခဲ့တာ... "ရန်ကွမ်းရှ စူးရှသည့် မျက်၀န်းတစ်စုံဖြင့် မေးလိုက်၏။
"ရှေ့သုံးလေးရက်လောက်ကထင်တာပဲ... ကျွန်တော် ညဈေးတန်းမှာ ဈေး၀ယ်ထွက်နေတုန်း အဘိုးကြီး တစ်ယောက်က သန့်စင်ယန်ကိုးပါး ကျင့်စဉ် ရောင်းနေတာကို တွေ့လိုက်တယ်... အဲ့တာနဲ့ ကျွန်တော်လည်း တစ်အုပ် ၀ယ်လာခဲ့ပြီး လေ့ကျင့်လိုက်တာ ဒီလို ဖြစ်လာတော့တာပဲ... "
လျန်ရူရွှယ် လင်းရီအား မျက်လုံးလှိမ့်လိုက်၏။
ဒီအကောင်ကတော့ .. အဘိုးရန်ရဲ့ ရှေ့မှာတောင် ပေါက်တတ်ကရတွေ လျှောက်ပြောနေတယ်... ပိုပြီးတော့ အလေးအနက် မထားတတ်ဘူးလား ဟဲ့ အကောင်ရဲ့....
"မင်း ဒီအဘိုးကြီးကို လာစားနေတာလား...."
"သေချာပေါက် ဘယ်ဟုတ်မှာ ..."လင်းရီ ကျန်းရှောင်ယွီအား တံတောင် ဖြင့် တွတ်လိုက်ပြီး"ကျွန်တော်သွားတုန်းက သူလည်း ပါတယ်... မယုံရင် သူ့ကို မေးကြည့်လိုက်....
"အာ....."
ကျန်းရှောင်ယွီ ကြက်သေသေသွားခဲ့၏။
ဘာ.. ဘာဖြစ်လို့ သူမကို ဆွဲထည့်နေရတာလဲ...
"ဟုတ်... ဟုတ်ပါတယ် အဘိုး... "ကျန်းရှောင်ယွီ တုန်လှုပ်စွာဖြင့် ဖြေလိုက်၏။ ရန်ကွမ်းရှ၏ ရှေ့မောက်တွင် သူမ၏ တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်သေးချေ။
"အစ်ကိုရီက ယန်ကိုးပါး ကျင့်စဉ်တင် မကသေးဘူး.. နေကြာပန်းသိုင်းနဲ့ နတ်ဆိုးနှိမ်နင်းခြင်း ဓားသိုင်းတွေပါ ၀ယ်ခဲ့သေးတယ်... "
လင်းရီ "......"
' မင်း တခြား အဆင်ပြေတဲ့ဟာလေးတွေ ပြောလို့ မရဘူးလား... ဘာလို့ အဲ့ဒီ အသုံးမ၀င်တဲ့ သိုင်းကျမ်း နှစ်ခုတဲ့လဲ....'
လျန်ရူရွှယ် လင်းရီအား အဓိပ္ပာယ် ပါပါ ကြည့်လိုက်၏။ အရူး တစ်ယောက်ပင် ထိုအကောင် ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ ခန့်မှန်းနိုင်လေသည်။
"ကောင်းပြီ ကောင်းပြီ... အဲ့အကြောင်း ထားလိုက်တော့... "ရန်ကွမ်းရှ ပြောလိုက်ပြီး "ဒါဆို ငါ့ကို ပြောပြ .. မင်း မသိတာ တခြား ဘာရှိသေးလဲ.... "
" ဟားဟား... ကျွန်တော်က သိပ်ပြီး မနိမ့်ချတတ်ဘူးဗျ... အကုန်လုံး ဟိုစပ်စပ် ဒီစပ်စပ် နည်းနည်း ဆီ သိတယ်... ကလေးယူတာကလွဲရင်ပေါ့...."
" မင်းဟာက လုံး၀ကို မနိမ့်ချတာပဲ... "
" မင်း သေနတ်ကော ပစ်တတ်လား... "
"နည်းနည်းပေါ့...."
"ဒါဆို ငါ့နောက်ကလိုက်ခဲ့.. အခု ပစ်ကွင်းကို သွားကြမယ်.. ဒီနေ့ မင်း ဘယ်လောက်ထိ စွမ်းလဲဆိုတာ ငါကြည့်စမ်းမယ်...."
"အာ....ဘာလို့တုန်းဗျ... တကယ်လို့ အကြီးအကဲမှာ အချိန်ရှိတယ်ဆိုရင်လည်း နည်းနည်းပါးပါ သောက်ကြမယ်လေ... အဲ့တာကြီးက သေနတ်ပစ်တာထက် ပိုကောင်းတယ် မဟုတ်ဘူးလား..."
" မင်း ရှောင်မိုနဲ့ ဘယ်လိုတွေ ယှဉ်ချလဲဆိုတာတော့ ငါများများ မပြောချင်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ မင်းကို ဖိနှိပ်နိုင်မယ့်သူကို ရှာတွေ့မှရမယ်.... "
"အကြီးအကဲကတော့ လုပ်ပြီ... အသက်ကဖြင့် ကြီးနေပြီကို ကျွန်တော့်လို လူငယ်လေးနဲ့ လာပြိုင်နေတုန်းပဲလား... "
" မလုပ်တော့ ငါက အေးဆေးထိုင်နေရမှာလား... တကယ်လို့ ငါက ကဏ္ဍစုံမှာ အရေးနိမ့်နေတယ်ဆိုရင် ငါ့မျက်နှာ ဘယ်သွားထားရတော့မှာ.... "
ရန်စီ သူမဘေးရှိ လင်းရီအား တစ်ချက်ကြည့်လိုက်၏။
ခုလေးတင် မိုဟုန်ရှန်းလို့ ခေါ်တဲ့သူက အနိုင်ရသွားတာ မဟုတ်ဘူးလား... အဲ့တာကို မစ္စတာရန်က ဘာ အရေးနိမ့်တာတွေ လာပြောနေတာ....
"ဒါဆိုလည်း သွားကြစို့..."လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
သို့နှင့် လင်းရီတို့ အုပ်စုမှာ ပစ်ကွင်းသို့ ရောက်ရှိလာလေသည်။
ရန်ကွမ်းရှ ကောင်းချုံအား ပြောလိုက်၏။
"ရှောင်ကောင်း... စွန်းကျိုးကို ခေါ်ခဲ့လိုက်..."
"ဗျာ... စွန်းကျိုး..."ကောင်းချုံ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ "စွန်းကြီးက နယ်မြေထဲမှာ သေနတ်ဘုရင်လို့တောင် တင်စားရလောက်တဲ့သူလေ... သူက တခြား အရာရှိတွေကိုတောင် လက်တစ်ဖက် အကြောပေးပြီး သမခဲ့တာကို သူ့ကို ခေါ်မယ်ဆိုတော့ လင်းရီကို အနိုင်ကျင့်လွန်းရာ မကျဘူးလား ခေါင်းဆောင် .... "
"သူ ပြောတာ အကုန် လုပ်တတ်တယ်တဲ့... ငါတို့ သူနဲ့ အဆင့်တူတဲ့သူကို ရှာဖွေရမယ်... "ရန်ကွမ်းရှ သူ့လက်အား ဝှေ့ယမ်းလိုက်ပြီး "သွားတော့ ... "
"ခေါင်းဆောင် .. ကျွန်တော်လည်း ရှောင်ကောင်းနဲ့ လိုက်သွားလိုက်ဦးမယ်... မကြာခင် ပြန်လာခဲ့ပါ့မယ်ဗျ... "
"ရတယ် သွား သွား... "
ရန်ကွမ်းရှ အများကြီး စဉ်းစား မနေပဲ သူ့လက်အား ဝှေ့ယမ်းကာ အင်မတန် စိတ်ကောင်း ၀င်နေတော့သည်။
နှစ်ယောက်သား ထွက်လာခဲ့ပြီးနောက် တပ်ဖွဲ့ခြောက်ထံသို့ ဦးတည်လိုက်ကြလေသည်။
“ အစ်ကိုရှန်း… ကျွန်တော့်နောက်ကို ဘာလဲ လိုက်လုပ်မှာ… တကယ်လို့ တစ်ခုခု လိုအပ်ရင် ပြောလေ... ကျွန်တော် ကူညီပေးမှာပေါ့…” ကောင်းချုံ ပြောလိုက်ပြီး “ တပ်နယ်မြေမို့ ထွေထူး အန္တရာယ် မရှိဘူးဆိုပေမယ့် ခေါင်းဆောင်နားမှာ တစ်ယောက်ယောက်တော့ ရှိနေမှ ဖြစ်မှာ….”
“ ငါသိတယ်…” မိုဟုန်ရှန်း အံကြိတ်၍ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ တစ်နေရာရှာပြီး အနားယူဖို့လိုတယ်…. ငါဘယ်လိုမှ မရတော့ဘူး..."
“ အာ… ဘာကို မရတော့တာ….”
မိုဟုန်ရှန်း ဘေးဘီကို တစ်ချက်စစ်ဆေးလိုက်ပြီး ဘယ်သူမှ ရှိမနေကြောင်း သေချာတော့မှ သူ၏ အင်္ကျီလက်မောင်းကို လိပ်တင်ပြလိုက်လေသည်။
“ မင်း မြင်တဲ့အတိုင်းပဲ….”
“ ဘာ… ဘာတွေ ဖြစ်နေတာလဲ…”
မိုဟုန်ရှန်း၏ ခန္ဓာကိုယ်ထက်တွင် အညိုအမည်း အကွက်များ ဖြစ်ပေါ်နေပြီး ကြည့်ရသလောက်တော့ လူအုပ်ကြီးမှ ဝိုင်းရိုက်နှက်ထားသည့်နှယ်ပင်။
“ ဒါတွေအကုန်လုံးက လက်ရည်ဖလှယ်ပြီးတော့ ပေါ်လာတာပဲ…” မိုဟုန်ရှန်း နာကျင်စွာ ပြုံးလိုက်ပြီး “ အဲ့ကောင်ရဲ့ အရိုးတွေက တော်တော်လေး မာတာ… သူ့ကို ထိုးလိုက်တဲ့အချိန် သံမဏိပြားကြီး ထိုးမိလိုက်သလိုပဲ…”