← Chapters

ကောင်းကင်နိုဘယ်

Vol. 11 Ch. 152

ကောင်းကင်နိုဘယ်

Vol. 11 Ch. 152

မြင့်မြတ်သောနေ မှော်ဆေးလုံးများသည် အဆင့်ခြောက် အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ ဖြစ်ပြီး များပြား‌သော အမတေ စွမ်းအင်များကို သိုလှောင်ထားသည်။ ထိုဆေးတစ်လုံးတည်းပင်လျှင် သာမန် ကျင့်ကြံသူ အများစုကို မြင့်မြတ်သောချီ အဆင့်ကို ရောက်ရှိအောင် ကူညီပေးနိုင်စွမ်း ရှိသည်။

ယင်မြှင့်တင်ခြင်း မှော်ဆေးလုံးများမှာလည်း အဆင့်ခြောက် အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များပင် ဖြစ်သည်။ ၎င်းတို့သည် ကျင့်ကြံသူများ၏ ဝိညာဥ်အာရုံကို မြှင့်တင်ပေးနိုင်စွမ်း ရှိသည့် အပြင် အသိစိတ် ပင်လယ်ကိုပါ တိုးချဲ့ပေးနိုင်သည်။ သို့သော်လည်း ယင်းတို့မှာ မိန်းကလေး ကျင့်ကြံသူများ အတွက်သာ အသုံးဝင်၏။

ကြယ်တာရာ တူးဖော်ခြင်း ဆေးလုံးများမှာမူ နတ်ဘုရား အရှင်များပင် အသည်းအသန် အလိုရှိ နေကြသည့် အဆင့် ခုနစ် မှော်ဆေးလုံးများ ဖြစ်သည်။ ပုံမှန်အားဖြင့် ဆေးတစ်လုံးသည် ချီအမတေ အမှုန် ဆယ်ခုကို ထုတ်လုပ်ပေးနိုင်စွမ်း ရှိသည်။ သင့်တွင် အဆင့်မြင့် ဇာတိ ဝိညာဥ်များနှင့် နဂါးသွေး ဝိညာဥ်များ မရှိသ၍ ထိုနှုန်းမှာ ပုံမှန် ဖြစ်ပေလိမ့်မည်။

“ ... “

အားလုံးမှာ စကားမပြောနိုင်အောင် တိတ်ဆိတ်နေကြ၏။ ဝိညာဥ် နတ်မိမယ်၏ မျက်လုံးများတွင်ပင် အံ့အားသင့်ခြင်း အရိပ်အယောင်များက နေရာယူလာခဲ့သည်။

လူအများ ဘာကိုမျှ မတွေးနိုင်ခင်မှာပင် ဝေ့ဝူယင်သည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဆေးပုလင်းများကို နာ့ရှင်းရီထံ ပစ်ပေးလိုက်၏။ သူ၏ ပုံစံကို ကြည့်ရသည်က ထိုအရာများအား အနည်းငယ်ပင် နှမြောတသ နေပုံ မရချေ။

“ဒါတွေက ငါ့ဇနီးမယား တစ်ယောက်ကို ပေးနိုင်တာနဲ့ စာရင် နည်းနည်းလေးပါပဲ”

ဝေ့ဝူယင် နာ့ရှင်းရီကို ကြည့်ရင်း ပြောလိုက်၏။ နာ့ရှင်းရီမှာ လက်ထဲရှိ ဆေးပုလင်းများကို ကြည့်ရင်း မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူက အဆင့်ခုနစ် ဆေးလုံးတစ်လုံးကိုပင် တကယ်ကြီး ပေးလိုက်သည်လား။ သို့တိုင်အောင် ထိုအရာက သူ့ ဇနီးမယား တစ်ယောက်ကို ပေးနိုင်တာနှင့် ယှဥ်လျှင် နည်းနေသေးသည်လား။

လူအုပ်ကြီးမှာ နာ့ရှင်းရီ၏ လက်ထဲ၌ ကိုင်ထားသော ပုလင်းများကို လောဘတကြီးဖြင့် ကြည့်နေခဲ့ကြ၏။ အကယ်၍ အခြား အခြေအနေ တစ်ခုတွင် ဆိုပါက သူတို့သည် လက်နက်များကို ဆွဲထုတ်ကာ အပြေးအလွှား လုယက် နေကြလောက်ပြီ ဖြစ်သည်။

“ကြည့်ရတာ ငါမှားသွားတဲ့ပုံပဲ... နင့်ရဲ့ ပါရမီက အခြား အဆင့်တစ်ခုကိုတောင် ရောက်နေပြီ... ဘယ်လောက်တောင် ယုံတမ်း ဆန်လိုက်သလဲ... အဂ္ဂိရတ် ဧကရာဇ် တစ်ပါးက ဒီလို သေးငယ်တဲ့ ကျွန်းငယ်လေး ပေါ်မှာ မွေးဖွားလာရတယ်လို့”

ညင်သာ နူးညံ့‌လှသော အသံတစ်ခုက ပတ်ဝန်းကျင်ကို ပဲ့တင်ရိုက်ကာ ပျံ့နှံ့လာ၏။ ထိုအသံထဲတွင် အံ့သြမှု အငွေ့အသက်များ ပါဝင်နေသည်။

ထို့နောက်တွင် ဘုန်းကျက်သရေ အဖြာဖြာနှင့် လှပဝေဆာနေသော ဝိညာဥ် နတ်မိမယ်သည် ဟင်းလင်းပြင်ကို ထွင်းဖောက်လာသည့် အလား လေထုထဲမှ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ သူမ၏ မျက်လုံးများမှာ နာ့ရှင်းရီ၏ လက်ထဲရှိ ပုလင်းများမှ တစ်ဆင့် ဝေ့ဝူယင်ထံသို့ ရွေ့လျားသွားသည်။

ထို့နောက်တွင် မူလ နေရာမှ ပျောက်ကွယ်သွားကာ ဝေ့ဝူယင်၏ အရှေ့တွင် ပြန်ပေါ်လာသည်။ ထိုလှပသော မိန်းမကို ဝေ့ဝူယင် အနီးကပ် လေ့လာလိုက်၏။ အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ အလှပဆုံးသော မိန်းမများနှင့် ယှဥ်လျှင်ပင် ထိုမိန်းမသည် တစ်ပြားသားမှ လျော့နည်းမှု မရှိချေ။

ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် သူမက စကားဆိုလိုက်၏။

“အဂ္ဂိရတ် ဧကရာဇ်... ဒီလို ပါရမီမျိုးနဲ့ဆိုရင် နင် ဝင်ခွင့် စာမေးပွဲကို ဝင်ဖြေဖို့ မလိုတော့ဘူး... အလိုအ‌လျောက် ဂိုဏ်းထဲကို ဝင်ခွင့် ရရှိသွားပြီ... ဒါ့အပြင် နင့် အနေနဲ့ ကောင်းကင်နိုဘယ် ရာထူးကိုတောင် တိုက်ရိုက် ရရှိနိုင်တယ်... နောက်ပြီး ဂိုဏ်းက နင့်ကို အပြည့်အဝ ပံ့ပိုးပေးမှာ သေချာတယ်”

ဝေ့ဝူယင်သည် သူမ၏ လေသံမှ တစ်ဆင့် စိတ်လှုပ်ရှားမှုနှင့် ယုံကြည်ချက် ရှိမှုတို့ကို ခံစားနိုင်သည်။

သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ကောင်းကင်နိုဘယ် ဆိုသည်က အဘယ်နည်း။ သူသည် ထိုဂိုဏ်း၏ အဆင့်ခွဲခြားပုံကို သိပ်မသိသော်လည်း သာမန်ထက်တော့ ပိုအဆင့်မြင့်ရမည် ဖြစ်ကြောင်း ရိပ်မိပေသည်။ အဆင့်ခုနစ် အဂ္ဂိရတ် ဧကရာဇ်များ နေရာတိုင်းတွင် တန်ဖိုးထားခံရမည်က သံသယ ရှိစရာ မလိုချေ။

ဝေ့ဝူယင် အနည်းငယ် စဥ်းစားဟန် ပြုကာ ဝိညာဥ် နတ်မိမယ်ကို အကဲခတ်လိုက်သည်။ သူမ၏ မျက်ဝန်းတွင် စိုးရိမ်မှု အရိပ်အယောင်များ ‌ပေါ်ထွက်လာ၏။ ကြည့်ရသည်က သူမမှာ သူ့အား တန်ဖိုးကြီး ရတနာ တစ်ခုအလား သဘောထားနေကာ ဆုံးရှုံးလိုဟန် မရချေ။ မည်မျှ စိတ်ဝင်စားဖို့ ကောင်းလိုက်သနည်း။

“ကောင်းပြီလေ...”

ဝေ့ဝူယင် တည်ငြိမ်စွာပင် ခေါင်းတစ်ချက် ညိတ်လိုက်၏။

ထိုအချိန် ကောင်းကင် တိမ်စိုင်များ အကြား၌ ဝူကျိုးသည် ပြင်းထန်စွာ တုန်လှုပ်နေ၏။ သူသည် ဝေ့ဝူယင် ထိုအဆင့်ခုနစ် မှော်ဆေးလုံးများကို ရတနာသိုက်တစ်ခုခုမှ ရရှိလာခြင်း ဖြစ်လိမ့်မည်ဟု ယူဆခဲ့သည်။ သို့သော်လည်း သူက အမှန်တကယ် ဆေးဧကရာဇ် တစ်ပါး ဖြစ်နေခဲ့ည်လား။ ဝိညာဥ် နတ်မိမယ် ကိုယ်တိုင် ပြောခြင်းကို ထောက်ရှုရပါက ထိုအရာမှာ ကျိန်းသေလောက်သည်။

သူသည် ထိုဂိုဏ်းကြီး၏ သာမန် သေမျိုး အဆင့် တပည့် တစ်ယောက်သာ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ ဆန္ဒရှိပါက သူ၏ ဘဝမှာ ခက်ခဲပေတော့မည်။ အကယ်၍ ဝေ့ဝူယင်မှာ အဂ္ဂိရတ် လမ်းစဥ်၏ ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း အစောကတည်းကသာ ကြိုတင်သိရှိခဲ့ပါက သူ ပြဿနာ မဖြစ်အောင် ရှောင်ရှားခဲ့လိမ့်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့မည် မဟုတ်သည့် အပြင် အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကိုလည်း စိုးထိတ်စရာ မလိုပဲ အုပ်စိုးနိုင်ခဲ့လိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ နာ့ရှင်းရီ၏ နှလုံးသားမှာ တဒိန်းဒိန်း တုန်ရီနေ၏။ အဂ္ဂိရတ် ဧကရာဇ် တစ်ပါး၏ အရေးပါမှုကို သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ လွန်ခဲ့သော နှစ်ပေါင်း နှစ်‌ထောင် အတွင်း အနန္တ ကုန်းမြေ တိုက်ကြီးတွင် တစ်ပါးမှပင် မပေါ်ထွန်းခဲ့ချေ။ သူမက ဆုံးဖြတ်ချက်ကို ပြင်လိုက်သင့်သလော။

ဝေ့ဝူယင် ဂိုဏ်း၏ ကောင်းကင် နိုဘယ် အဆင့်အတန်းကို လက်ခံလိုက်သည်နှင့် အကြီးအကဲရှန်းဟု သိကြသည့် ဝိညာဥ် နတ်မိမယ်မှာ စိတ်သက်သာရာ ရသွားပုံ ရသည်။ သူမ၏ မျက်လုံးများသည် ဖုံးကွယ်၍ မရနိုင်အောင် တောက်ပသည့် အရိပ်အယောင်များနှင့် ပြည့်နှက်သွား၏။ ချစ်စဖွယ် ကောင်းကာ ချိုမြိန်သည့် အပြုံး တစ်ခုက သူမ၏ နှုတ်ခမ်းများထက်၌ နေရာယူ လာခဲ့သည်။ သူမက ဝေ့ဝူယင် နံဘေးသို့ လျှောက်လာကာ လက်မောင်းကို ဆုပ်ကိုင်လိုက်၏။

လုံချန်က မျက်မှောင်ကြုတ်လိုက်သည်။ မနာလိုမှု အရိပ်အယောင်က သူ၏ မျက်ခုံးများ ကြားတွင် သယ်‌ဆောင်ထားသည်။ သို့သော်လည်း သူသည် အတွေးများကို လျှင်မြန်စွာ ပြန်လည် ရုတ်သိမ်းလိုက်၏။ ယခု အခြေအနေ၌ ဝိညာဥ် နတ်မိမယ်မှာ အလွန် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် တစ်နေ့တစ်ချိန်တွင် သူမအား ကျော်တက်ရန် သူ ယုံကြည်ချက် ရှိသည်။ ထို့အပြင် သူသည် ကောင်းကင် နိုဘယ် ဆိုသော နာမည်ကိုလည်း ဂရုမစိုက်ပါချေ။

သူသည် ဘဝတွင် ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးကို  ဖြတ်လမ်းမှ မဟုတ်ပဲ ကျားကုပ်ကျားခဲ ကြိုးစားကာ ရရှိ လာခဲ့ခြင်း ဖြစ်သည်။ ထိုအရာများကို ဖြတ်သန်းရင်း သူ၏ ဆန္ဒမှာ ပိုမို သန်မာလာကာ ခံနိုင်ရည် ရှိလာခဲ့သည်။ သူ၏ အနာဂတ်သည် သူ၏ လက်ထဲတွင် ရှိကာ မည်သည့် အရာကို မဆို ရရှိရန် ထိုက်တန်မှု ရှိကြောင်း သူ ယုံကြည်ပေသည်။

အကယ်၍ ဝေ့ဝူယင်သာ သူ၏ အတွေးများကို ကြားနိုင်ပါက သူ၏ ပါးစပ်အား အဆက်မပြတ် ဖြတ်ရိုက်မိလိမ့်မည် ဖြစ်သည်။ ဖြတ်လမ်းဆိုသည်က အဘယ်နည်း။ အဂ္ဂိရတ် တာအို လမ်းစဥ်တွင် ကျွမ်းကျင်ခြင်းက ဖြတ်လမ်းလား။ သို့မဟုတ် ထိုခွေးကောင်၏ ကောင်းချီးခံ ဘဝက ဖြတ်လမ်းလား။

“ဆရာ...”

လူတိုင်း ကိုယ့်အတွေး ကိုယ်စီဖြင့် လွင့်မြောနေကြချိန်တွင် သိမ်မွေ့သော အသံတစ်ခုက ပဲ့တင်ထပ်ကာ ပေါ်ထွက်လာသည်။ အသံပိုင်ရှင်ကား မိန်းမငယ်လေး တစ်ယောက်ပင် ဖြစ်၏။

သူမ ‌ပေါ်လာသည်နှင့် လူအုပ်၏ အကြည့်က သူမထံသို့ ရောက်ရှိသွားသည်။ ဝေ့ဝူယင်နှင့် လုံချန်တို့မှာလည်း သူမကို သတိထားမိသွားကြ၏။

သူမကား လုံချန်ကို အကိုကြီးဟု ခေါ်သည့် နတ်ဘုရား ဧကရာဇ်မလေးပင် ဖြစ်သည်။

ရှန်းလင်သည် ဘေးသို့ လှည့်ရင်း သူမ အသစ် လက်ခံထားသည့် တပည့်မလေးကို ကြည့်လိုက်သည်။

“ဘာလဲ ယုအာ...”

သူမ၏ အသံက သိမ်မွေ့ကာ ညင်သာနေ၏။ ထိုဆက်ဆံရေးကြောင့် လုံချန်နှင့် လူအုပ်ကြီးမှာ ထိတ်လန့် သွားကြသည်။ သုံးလအတွင်းမှာပင် ထိုကလေးမမှာ ဝိညာဥ် နတ်မိမယ် ကဲ့သို့ နတ်ဘုရားမ တစ်ယောက်၏ နှလုံးသားကို သိမ်းပိုက်နိုင်သွားသည်လား။

ရှန်းလင်မှာမူ အားလုံး၏ အကြည့်များကို လျစ်လျူထား၏။ လုံထျန်းယုဟု အမည်ရသည့် ထိုကလေးမလေးသည် အလွန်ပင် ပါရမီ မြင့်မားလှသည်။ ချင်ချူးမူနှင့် ယှဥ်လျှင်ပင် သူမသည် နိမ့်ကျခြင်း မရှိချေ။ တစ်ခုရှိသည်က သူမသည်လည်း လူသားမျိုးနွယ်ဝင် တစ်ယောက် မဟုတ်ချေ။

သို့သော်လည်း ထူးခြားသော ပါရမီကြောင့် သူမသည် အနာဂတ်တွင် ကြယ်တာရာ အမြုတေ အဆင့်ကို ကျိန်းသေ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။ သူမသည် ဂိုဏ်း၏ ထောက်တိုင် တစ်ခုပင် ဖြစ်လာနိုင်ဖွယ် ရှိသည်။ ထိုကဲ့သို့ ထူးခြားသည့် မိန်းကလေး တစ်ယောက်ကို တပည့် အဖြစ် လက်ခံရန် သူမ မည်ကဲ့သို့ တုန့်ဆုတ်နေမည်နည်း။

လုံချန်က လုံချန်းယုကို ကြည့်လိုက်သည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံကား ဖျက်ဆီးခံထားရပုံ ရ၏။ သူမကား သေမျိုး တစ်ယောက်နှင့်ပင် ခြားနားခြင်း မရှိတော့ချေ။ သို့သော်လည်း သူမ၏ စိတ်၊ ခန္ဓာနှင့် အမတေတို့မှာမူ မထိမခိုက် ရှိနေသေးဆဲ ဖြစ်သည်။ ဝိညာဥ်နတ်မိမယ်က သူမ၏ ကျင့်ကြံခြင်းကို အသစ်မှ တစ်ဖန် ပြန်လည် စတင် စေခဲ့သည်လား။

လုံချန်မှာ စိတ်သက်သာရာ ရသွားခဲ့၏။ လုံချန်းယုသည် သူ့အတွက် ချီပျစ်ခဲခြင်း အဆင့်ကိုးကို အတင်းအကြပ် တက်လှမ်းခဲ့ပြီးနောက် သူမ၏ အနာဂတ်မှာ ကန့်သတ်ခံခဲ့ရသည်။ ယခုဆိုလျှင် သူမတွင် ဒုတိယမြောက် အခွင့်အရေး ရှိနေခဲ့ပြီ ဖြစ်သည်။ သူ မည်ကဲ့သို့ မပျော်ရွှင်ပဲ နေနိုင်ပါမည်နည်း။

ပထမဆုံး စတင် တွေ့ဆုံသည့် အချိန်၌ ထိုကလေးမလေးသာ တောတွင်းတွင် ကျင်လည်သည့် သတ္တဝါရိုင်းလေး တစ်ယောက်သာ ဖြစ်ခဲ့သည်။ သူမသည် သူစိမ်းများ ဝင်ရောက်လာချိန်၌ ကြောက်လန့်တကြား ဖြစ်နေခဲ့၏။ လုံချန်နှင့် တွေ့ဆုံမှု အပြီးမှသာ သူမ၏ ဘဝမှာ များစွာ ပြောင်းလဲလာခဲ့သည်။ လုံချန်သည် သူမကို ညီမလေး ကဲ့သို့ သတ်မှတ်ကာ “လုံ” မျိုးရိုးပါသည့် နာမည်ကိုပင် ပေးအပ်ခဲ့သည်။

“ဆရာ... စစ်ဆေးပွဲကို ခုထိ မစသေးဘူးလား”

သူမက ချစ်စဖွယ် အမူအရာဖြင့် ဆရာဖြစ်သူကို စိုက်ကြည့်ရင်း မေးလိုက်သည်။

***

All Chapters