ရှင့်ရဲ့ ဖုန်းနံပါတ်လေး ပေးလို့ ရလား
Vol. 47 Ch. 702
ကျယ်လောင်သည့် ပစ်ခွင်းသံမှာ အတွဲလိုက် ထွက်ပေါ်လာခဲ့လေသည်။
ကျန်းရှောင်ယွီနှင့် ရန်စီတို့မှာ ထိတ်လန့်စွာဖြင့် ၎င်းတို့၏ နားများအား အုပ်ထားကြ၏။ သေနတ်ပစ်ခတ်သံကို မကြားဖူးသူများအဖို့တော့ အတော်လေး နားအူလောက်စရာပင်။
“ မင်းအမှတ်က ဘယ်လောက်လဲတဲ့…” ကောင်းချုံ မေးလိုက်၏။
“ ကိုးကွင်း လေးချက်… ဆယ်ကွင်း ခြောက်ချက်.. စုစုပေါင်း 96 မှတ်….”
“ အင်း… မဆိုးဘူးပဲ…” ရန်ကွမ်းရှ ပြောလိုက်၏။
စွန်းကျိုး ရယ်သွမ်းလိုက်သည်။ သူလည်း သူ၏ ရလဒ်က မဆိုးဟု ခံစားနေရလေသည်။
ထရိန်နင် ကာလအတွင်း သူ၏ အကောင်းဆုံး ရလဒ်မှာ 96 မှတ်ဖြစ်၏။ သို့သော်လည်း သူ၏ လက်စွဲတော် သေနတ်အား အသုံးမပြုပါပဲနင့် ယခုလို ရလဒ်မျိုး ထွက်လာသည်မှာ အတော်လေး စိတ်ကျေနပ်ဖို့ ကောင်းလှလေသည်။
“ ညီကို.. ငါ ပြီးပြီ… ခု မင်းအလှည့်ပဲ…”
“ အိုကေ….”
ထိုစဉ် လျန်ရူရွှယ် လင်းရီ နံဘေးသို့ ရောက်လာခဲ့ပြီး “ နင် ဖြစ်လို့လား… အရင်က ဒါမျိုး ကိုင်ဖူးလို့လား….”
“ သေနတ်ကိုင်တာလား… တကယ့် တိုက်ပွဲတွေမှာတော့ မပစ်ဖူးသေးဘူး… ဒါပေမယ့် ငါ့ညီရဲ့ လက်နက်နဲ့တော့ မိန်းကလေးတစ်ချို့ကို ပစ်ဖူးတယ်….”
“ ကောင်စုတ်.. နင် ခု ရောက်နေတဲ့ အခြေအနေနဲ့ အချိန်အခါကို တစ်ချက်ကြည့်ဦးဟဲ့… ခုက ပေါက်တတ်ကရ လျှောက်ပြောရမယ့် အချိန်လား..” လျန်ရူရွှယ် မျက်လုံး လှိမ့်လိုက်ပြီး
“ နင် စွန်းကျိုးလိုမျိုး တစ်ဆက်တည်း ပစ်သွားစရာ မလိုဘူး… ဒါပေမယ့် သေနတ်ရဲ့ ဒင်ကို ပခုံးနဲ့ထောက်မထားနဲ့… အပေါ်မှာပဲထား… type 95 ရဲ့ ပြန်ကန်အား သိပ်မပြင်းဘူးဆိုပေမယ့် သာမန်လူတွေ တောင့်မခံနိုင်ဘူး… ဒဏ်ရာ မရစေနဲ့… ကြားလား…”
“ အေးပါ… စိတ်မပူနဲ့… သွား...ပြန်ထိုင်ပြီး အေးဆေး စောင့်ကြည့်နေလိုက်.....”
“ နင့်အတွက် ပြောပြနေတာကို… တကယ်တည်း… သူကောင်းဖို့ ပြောပြနေမှန်းလည်း မသိ….”
လျန်ရူရွှယ် အနိုင်ကျင့်ခံထားရသည့် ကောင်မလေးကဲ့သို့ ရန်ကွမ်းရှဘေးသို့ သွားပြီး မကျေမနပ်ဖြစ်စွာ ဖြင့် မတ်တပ်ရပ်နေလေသည်။
သူမ လင်းရီနှင့် စကားမပြောချင်တော့ပေ။ သို့သော်လည်း လင်းရီ တစ်ခုခု ထိခိုက်သွားမည်ကိုလည်း အတော်လေး စိုးရွံ့နေမိကာ ခံစားချက်တို့ ဝေခွဲမရ ဖြစ်နေသည်။
လင်းရီ type 95 အား ကောက်ယူလိုက်ပြီး သေနတ်နောက်ပိုင်းကို လက်မောင်းနှင့် ထောက်ထားလိုက်၏။ မျက်နှာဖုံးနှင့် သူ၏ ဟန်ပန်မှာ အထူးတပ်သားအလား ကြည့်ကောင်းနေသော်လည်း ကျွမ်းကျင်သူများ၏ မျက်လုံးများထဲတွင်တော့ ၎င်း၏ ကိုယ်နေဟန်ထားက စံထားလို့ မလောက်သေးချေ။ ယခုလို ပုံစံမျိုးနှင့်ဆိုလျှင်တော့ အမှတ်ကောင်းရရန် ခက်ခဲလေသည်။
အကယ်၍ ပစ်မှတ်အား မလွဲချော်ခဲ့လျှင်တောင်မှ အတော်လေး ကောင်းနေပြီဟု သတ်မှတ်၍ ရ၏။
လင်းရီ အသက်ကို တစ်ဝကြီး ရှူထုတ်လိုက်ပြီး မျက်လုံးမှေးကျဉ်းကာ မီတာ ငါးဆယ် အကွာအဝေးရှိ ပစ်မှတ်အား အာရုံစူးစိုက်လိုက်သည်။ သာမန်လူတို့ထက် သာလွန်နေသည့် ရုပ်ခန္ဓာနှင့် လင်းရီ ပစ်မှတ်အား ရှင်းလင်းစွာ မြင်နေရ၏။ သူ စိတ်ထဲတွင် လေတိုက်နှုန်း၊ လေတိုက်မည့် ဦးတည်ရာဘက်၊ မြေဆွဲအားနှင့် ပစ်ခတ်ပြီးသည့်နောက် ကျည်ဆံမှ လျော့ကျသွားမည့် စွမ်းအင်တို့အား တစ်ချက် တွက်ချက်ကြည့်လိုက်သည်။
ပုံမှန်အားဖြင့် ထိုသို့ အသေးစိတ် ပြုလုပ်ရန် မလိုအပ်သော်လည်း နောက်ဆုံးရလဒ်အပေါ်တွင်တော့ အကျိုးသက်ရောက်မှု ရှိလေသည်။
လင်းရီလိုချင်သည်က အကောင်းဆုံး ရလဒ်ပင်။
ဘန်း…!
သူ ခလုတ်ကို ဆွဲ၍ ကျည်ဆံအား ပစ်လွှတ်လိုက်၏။ သို့သော်လည်း ခန္ဓာကိုယ်မှာတော့ မည်သည့် နောက်ပြန်ကန်ခြင်းတို့မျှ မရှိ၊ ရုပ်ထုကြီးကဲ့သို့ ပကတိ တည်ငြိမ်နေသည်။
‘ အံ့ဩစရာတော့ မရှိပါဘူး…’
မိုဟုန်ရှန်း သူ့ကိုယ်သူ တွေးတောလိုက်၏။
သူက လင်းရီနှင့် လက်ရည်စမ်းဖူးသောကြောင့် သကောင့်သား၏ အရိုးများက မည်မျှ မာကြောလဲဆိုတာ ခံစားဖူးလေသည်။ ထို့ကြောင့် Type 95 ၏ ပြန်ကန်အားမှာ ၎င်းအတွက်တော့ ပါမွှားလေးပင်။
ပထမ တစ်ချက်ပစ်ပြီးနောက် လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ ကိုးကွင်းကို ထိသွားသော်လည်း လိုချင်သည့် ရလဒ်တော့ မဟုတ်သေးချေ။
ဟူး….
အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ နောက်တစ်ချက်ဆို လုံလောက်ပြီ ထင်တာပဲ…”
ဘန်း…!
နောက်ထပ် ကျည်ဆံ တစ်တောင့် ထွက်သွားခဲ့၏။ လင်းရီ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ ရလဒ်ကား သူမျှော်လင့်ထားသည့် အတိုင်း ထွက်ပေါ်လာလေသည်။
10 မှတ် !
ဘန်း! ဘန်း! ဘန်း! ဘန်း !
နောက်ထပ် ပစ်ခွင်းသံ အတွဲလိုက်ကြီး ထွက်ပေါ်လာခဲ့ပြီး တစ်ချက်ပြီး တစ်ချက် ပိုမို လျင်မြန်လာလေသည်။
“ အိုကေ .. ရလဒ်ကို ကြည့်ကြရအောင်…”
“ အစ်ကိုရီ… ကျွန်မ သွားကြည့်ပေးမယ်..” ကျန်းရှောင်ယွီမှ စိတ်အား ထက်သန်စွာ ဖြင့်ပြောလိုက်၏။
ပုံမှန်ဆို ကျွမ်းကျင်သူများက စစ်ဆေးပေးရမည် ဖြစ်သော်လည်း အပျော်တမ်း သဘောမျှသာ ပြိုင်ဆိုင်နေသောကြောင့် မည်သူ စစ်ဆေးရမည်ဟု စည်းကမ်းသတ်မှတ်ထားခြင်းမျိုး မရှိချေ။
“ ကောင်မလေး… ဘယ်နှစ်မှတ်ရလဲတဲ့….”
ကျန်းရှောင်ယွီ ကြည့်ပြီးနောက် ရန်ကွမ်းရှထံသို့ ပြန်လာကာ မလုပ်တတ် လုပ်တတ် အလေးပြုလိုက်ပြီး “ ကိုးကွင်းကို တစ်ချက်၊ ဆယ်ကွင်းကို တစ်ချက်နဲ့ ကျန်တာတွေက လွဲနေပါတယ်ရှင့်…”
“ ဟမ်.. သူ ပစ်မှတ်ကို လွဲသွားခဲ့တာလား…”
“ သာမန်ပါပဲ…” ကောင်းချုံ ပြောလိုက်ပြီး “ ဘာပဲဆိုဆို သူ့မှာ အတွေ့အကြုံက မရှိသေးဘူးလေ… ကိုးမှတ်နဲ့ ဆယ်မှတ်ရတာတောင် တော်တော်လေး ဟုတ်လှပြီ….”
“ အမ်… အဲ့လိုမျိုး မဖြစ်နိုင်လောက်ဘူးနော… ကျွန်တော် သေချာလေး ချိန်ပစ်လိုက်တာပါ…”
“ ဘာလဲ... မင်းက အရှုံးကို လက်မခံနိုင်လို့လား…” ရန်ကွမ်းရှ အပြုံးလေးဖြင့် ပြောလိုက်၏။
နောက်ဆုံးတော့ သူ တစ်ကြိမ် နိုင်သွားခဲ့ချေပြီ။
“ မဟုတ်ပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ကျန်းရှောင်ယွီက အတွေ့အကြုံ မရှိတော့ ကိုယ့်ဘာကိုယ်ပဲ သွားကြည့်လိုက်မယ်…”
“ မင်းကတော့ အဝါရောင် မြစ်ကို မရောက်မချင်း အလျှော့မပေးချင်သေးဘူးပဲ… ဒီမှာပဲနေ… ငါ ရှောင်ချိန်ကို သွားစစ်ဆေးခိုင်းလိုက်မယ်…”
“ ဟုတ်ကဲ့ ခေါင်းဆောင်…” ချိန်ဇီချန်း နာခံလိုက်ပြီး လျင်မြန်စွာ ထွက်သွားခဲ့သည်။
ကျိုးစွန်း သက်ပြင်းကြီးစွာ ချလိုက်သည်။
အကယ်၍ သူသာ ဤတစ်ချီ ထပ်ရှုံးဦးမည်ဆိုပါက ခေါင်းဆောင်အား မျက်နှာပြဝံ့လိမ့်မည် မဟုတ်တော့ချေ။
နောက်တွင်လည်း ရွေ့လျား ပစ်မှတ်နှင့် ပျံသန်း ပစ်မှတ်တို့က ကျန်နေသေး၏။ ၎င်းပွဲစဉ်များတွင်တော့ လင်းရီမှာ သူ၏ ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။ ထိုအခါ သူလည်း အဆူခံရလိမ့်မည် မဟုတ်ချေ။
“ ခေါင်းဆောင်…! “ ချိန်ဇီချန်း အဝေးမှ လှမ်းအော်လိုက်၏။
“ အေး …သေချာတယ်ဆိုရင် ပြန်ခဲ့တော့…”
“ ဟုတ်ကဲ့….! “
ရန်ကွမ်းရှ ပြောပြီးနောက် လင်းရီအား ကြည့်လိုက်ကာ “ ကဲ ဘယ်လိုလဲ… ခု ကျေနပ်သွားပြီလား…”
“ ဘာ ဂုဏ်ယူစရာရှိလို့.. အကြီးအကဲက ကျွန်တော်နဲ့ ပြိုင်ဖို့ သေနတ်ဘုရင်ကိုတောင် ခေါ်ထုတ်ခဲ့တာကို ရှုံးလည်း အရှက်ရစရာ အကြောင်း မရှိပါဘူး….”
“ ဟားဟား ... မင်းမှန်တယ်…” ရန်ကွမ်းရှ ရယ်မောလိုက်ပြီး “ ပစ်မှတ်အသေတောင် စွန်းကျိုးရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတော့ ကျန်တဲ့ ပွဲစဉ်တွေလည်း ပယ်ဖျက်လိုက်ကြတာပေါ့… မဟုတ်ရင် မင်းကိုယ်မင်း အရှက်ခွဲမိသလိုပဲ ဖြစ်နေလိမ့်မယ်…”
စွန်းကျိုး ဘဝင်ခိုက်သွားခဲ့၏။ အနည်းဆုံးတော့ သူ ခေါင်းဆောင်အား အရှက်တကွဲ မဖြစ်စေတော့ချေ။
“ ကျေးဇူးအများကြီး တင်ပါတယ်…” လင်းရီ ပြောလိုက်ပြီး “ နေ့လည်တောင် ရောက်နေပြီဆိုတော့ ထမင်းသွားစားကြစို့လေ…. ဒီက ဗိုက်ဆာလို့ သေတော့မယ်…”
“ အိုကေ .. သွားကြစို့…..”
“ ခေါင်းဆောင် .. ခနလေးနေပါဦးဗျ….” ချိန်ဇီချန်း အမောတကောနှင့် ပြေးလာခဲ့၏။
“ ဘာဖြစ်တာ… တခြား ပြောစရာ ကျန်သေးလို့လား…”
“ စောနက ဒီညီလေး ပစ်သွားတာ မလွဲသွားဘူး…” ချိန်ဇီချန်း ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။
“ ဟမ်....သူက မလွဲသွားဘူးလား….အဲ့တာဆို ဘာလို့ ကျည်ဆံရာက နှစ်ခုတည်း ရှိနေတာ….”
“ ဘာလို့ဆို ကျန်တဲ့ ကျည်ဆံတွေက ဆယ်ကွင်း အမှတ်ထဲကိုပဲ ဆက်တိုက် ဖောက်ဝင်သွားခဲ့လို့ပါ….”
ထိုစကားလုံးများ ပြောပြောပြီးချင်းပဲ ရှိနေကြသည့် လူတိုင်း အမူအရာကိုယ်စီနှင့် ဖြစ်သွားခဲ့ကြ၏။ ထိုသို့ ဆိုလျှင် လင်းရီ၏ ရမှတ်မှာ 99 မှတ်ဖြစ်နေပြီ မဟုတ်ပါလော။
“ မင်းသေချာလား…”
“ အမှန်ပါပဲခေါင်းဆောင်.. ကျွန်တော် အမှား မလုပ်ပါဘူး…. စောနက မိန်းကလေးက သေချာမစစ်ခဲ့လို့ပါ…” ချိန်ဇီချန်း သူ မပြောချင်သော်လည်း စကားလုံးများအား ခါးသက်စွာ ပြောလိုက်ရလေသည်။
“ ဒါဆို သူက စွန်းကြီးရဲ့ ရမှတ်ကိုတောင် ကျော်တက်သွားပြီပေါ့…”
လျန်ရူရွှယ်နှင့် ရန်စီတို့ လင်းရီအား ကြည့်လိုက်ကြ၏။
သူမတို့၏ လှပသောမျက်ဝန်းလေးများထဲရှိ အံ့အားသင့်မှုမှာ ဂြိုဟ်သားတစ်ကောင်အား မျက်မြင်တွေ့လိုက်ရသကဲ့သို့ပင်။
ပထမဆုံး အကြိမ်မှာတင်ပဲ စစ်ခရိုင် ဒေသရဲ့ သေနတ်ဘုရင်ကို ဖိနှိပ်နိုင်လိုက်တယ်လား…
ဒီလူက ဘယ်လိုလူမျိုးပါလိမ့်….
“ အာ… ဒါဆို ဒီတစ်ချီလည်း ကျွန်တော်နိုင်သွားပြီပေါ့နော်….” လင်းရီ ခေါင်းကုတ်လိုက်၏။
“ ကောင်လေး… မင်း တကယ်ကြီး ပထမဆုံး ပစ်ဖူးတာကော ဟုတ်ရဲ့လား….”
“တကယ်ပေါ့ဗျ… ကျွန်တော် အရင်တုန်းက ဒီလိုနေရာမျိုးတွေ တစ်ခါမှမ မရောက်ဖူးတာ….”
ရန်ကွမ်းရှ ခါးသက်စွာ ပြုံးလိုက်၏။ သူ ယနေ့တော့ ဤကလေးအား လေ့ကျင့်ပေးရန် မဖြစ်နိုင်တော့ချေ။
ထိုအစား သူ၏ လက်အောက်ငယ်သားများကပင် ထိုကလေး၏ လေ့ကျင့်ပေးမှုအား လိုအပ်နေပုံ ပေါက်နေလေသည်။
“ ဘာပဲ ဖြစ်ဖြစ်ပါ… နောက်ပွဲတွေလည်း မပြိုင်ချင်တော့ဘူး… ထမင်းပဲ သွားစားကြစို့… ကျုပ်တကယ်ကြီး ဗိုက်အရမ်း ဆာနေပြီ….”
လျန်ရူရွှယ် ရယ်ရအခက် ငိုရအခက် ဖြစ်သွားခဲ့၏။
“ ကောင်းပြီလေ… သွားစားကြတာပေါ့…”
“ သွားကြစို့…”
ရန်စီနှင့် ကျန်သူများကတော့ တခြား လုပ်စရာ ကိစ္စလေးများ ရှိနေသောကြောင့် လင်းရီတို့နှင့် ထမင်း အတူမစားတော့ချေ။
သို့တိုင်အောင် လင်းရီမှာ သူမစိတ်ထဲတွင် နက်ရှိုင်းသည့် ပုံရိပ်တို့ ချန်ထားရစ်ခဲ့လေသည်။
ဒီအမျိုးသားက သူမ စိတ်ကူးယဉ်ထားတဲ့ထဲကနဲ့ တခြားစီပဲ…
ဒီလောက်ထိ ထူးချွန်တဲ့သူက ဘာလို့များ စထွင်မာ လုပ်နေတာပါလိမ့်…
အရည်အချင်းတွေက နှမြောစရာကြီး
“ အ... အစ်ကိုလေး… ကျွန်မကို ရှင့်ရဲ့ ဖုန်းနံပါတ်လေး ပေးလို့ရလားဟင်…”
မထွက်ခွာမီ ရန်စီမှ လင်းရီအား တောင်းဆိုလိုက်၏။