← Chapters

လျှို့ဝှက် စကားဝိုင်း

Vol. 47 Ch. 703

လျှို့ဝှက် စကားဝိုင်း

Vol. 47 Ch. 703

လျန်ရူရွှယ် သူမ ခေါင်းလေးအား ငဲ့စောင်းပြီး ရန်စီအား ကြည့်လိုက်၏။

လင်းရီက ဒီလောက်ထိ မျက်နှာတွေ ကာထားပါလျက်နဲ့တောင်မှ ဖုန်းနံပါတ် တောင်းနေသေးတယ်ပေါ့...

လင်းရီလည်း ရန်စီအား ကြည့်လိုက်၏။ အနှီအမျိုးသမီးက မဆိုးလှချေ။ ဖောင်းသင့်သည့် နေရာတွင် ဖောင်းကြွပြီး ပိန်ပါးသင့်သည့် နေရာ၌ ပိန်ပါးလေသည်။

သူ့အတွက် ဖုန်းနံပါတ်ပေးလိုက်ရန် ပြဿနာ မရှိချေ။

၎င်းက်ုမြင်တော့ လျန်ရူရွှယ် မျက်လုံးလှန်လိုက်၏။ " သန္ဓေပါရင် ဆရာ ကယ်လို့မရဘူးပဲ... ကျားတွေ အကုန်လုံး အတူတူနဲ့ အနူနူချည်း... "

လင်းရီ၏ နံပါတ်အား ရရှိပြီးနောက် ရန်စီမှ ပြုံးကာ သူမ အဖွဲ့သားများနှင့် အတူ ထွက်ခွာသွားခဲ့လေသည်။

လင်းရီနှင့် ကျန်းရှောင်ယွီတို့ကတော့ ကန်သင်းဆီ ခေါ်ဆောင်လာခြင်း ခံခဲ့ရ၏။

"မင်း အဲ့ဒီ စွမ်းရည်တွေကို ဘယ်ကနေ သင်လာခဲ့တာ... ဘယ်သူက သင်ပေးတာလဲ... "ထမင်းစား စားပွဲတွင် ရန်ကွမ်းရှမှ မေးလိုက်၏။

"ဘယ်သူမှ မသင်ပေးပါဘူး... "လင်းရီ အရေးမစိုက်သည့် လေသံဖြင့် ပြောဆိုလိုက်ပြီး

"အကြီးအကဲလည်း ကျွန်တော့်အကြောင်း သိပါတယ်... ကျွန်တော်က မိဘမဲ့ တစ်ယောက်လေ... ထမင်းတစ်နပ်စားရဖို့တောင် အနိုင်နိုင် ကြိုးစားနေရတာကို ဒီလို ကိစ္စတွေ သင်ယူဖို့ ဘယ်နားက အချိန်ပေးနိုင်မှာ.... "

"မင်းက တစ်ချက်ကြည့်တာနဲ့ အကုန်တတ်ကျွမ်းတဲ့ ပါရမီရှင် ဖြစ်နေလို့တော့ လာမပြောနဲ့... "

"အဲ့တာက ဖြစ်နိုင်တယ် မဟုတ်ဘူးလား... မိဘတွေက ကောင်းကင်ကို ၀တ်ပြုပေးတော့ အနန္တ စွမ်းအားတွေ ရရှိတယ်တဲ့( မိဘမေတ္တာကြောင့် သားသမီးတွေ အကျိုးခံစားရတယ်)... အဲ့စကားပုံကို အကြီးအကဲက မကြားဖူးဘူးလား..."လင်းရီ ပြောလိုက်ပြီး "နတ်ဘုရားက ကျွန်တော့်ရဲ့ တံခါးပေါက်ကို ပိတ်ထားတယ်.. ဒီတော့ တခြား ပြတင်းပေါက် တစ်ချပ် ဖွင့်ထားပေးတာ ပုံမှန်ပဲလေ... ဒီတော့ ပါရမီရှိသင့်တယ် မဟုတ်ဘူးလား.... "

"ကောင်လေး..မင်း ဒီအဘိုးကြီးကို ဟာသလာလုပ် မနေစမ်းနဲ့... "ရန်ကွမ်းရှ ပြောလိုက်ပြီး "ကြည့်ရသလောက်တော့ မင်းဆီကနေ ဘာစကားမှ နှိုက်လို့ မရတော့ဘူး ထင်တယ်... ဒီတော့ ကောင်းကောင်းပဲ စားသောက်ကြတာပေါ့.... "

ဝိုင်သုံး ပုလင်းနှင့် ဟင်းငါးပွဲ ပြောင်စင်သွားပြီးနောက် နေ့လည်စာ စားပွဲမှာ အဆုံးသတ်သို့ ရောက်ရှိလာသည်။

"မစ္စတာရန်... ကျွန်မတို့ အရင်သွားနှင့်တော့မယ်... နောက်နေ့မှ ထပ်လာလည်တော့မယ်..."လျန်ရူရွှယ် ပြောလိုက်၏။

"အေးအေး .. သွားကြ "

လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး ရန်ကွမ်းရှအား လက်ပြနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။

"ဘယ်လိုနေလဲ... မင်း ဒဏ်ရာတွေ ရသွားခဲ့သေးလား.... "

အိမ်သို့ ပြန်လာရင်း ရန်ကွမ်းရှမှ မေးမြန်းလိုက်၏။

"ခေါင်းဆောင်က ပြောနိုင်တယ်ပေါ့... "မိုဟုန်ရှန်း စူးစမ်းကြည့်လိုက်၏။

"မင်းက ခွန်အား အပြည့်သုံးထားတာတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူးဆိုတော့ လင်းရီ ကျင့်စဉ် တစ်ခုခုကို အသုံးပြုထားတာ သေချာတယ်... တကယ်လို့ သူ့ဘက်ကသာ အရှုံးပေးပြီး မင်းကို မျက်နှာသာမပေးလိုက်ဘူးဆိုရင် မင်း သေချာပေါက် ထိခိုက် ဒဏ်ရာရပြီး အရှက်တကွဲ ဖြစ်နေလောက်ပြီ.... "

မိုဟုန်ရှန်း ရိုးသားစွာ ပြုံးလိုက်ပြီး "ကျွန်တော် ဒဏ်ရာ ရသွားတာတော့ အမှန်ပဲ... ဒါပေမယ့် ဒီတိုင်း အညိုကွက်လေးတွေပါပဲ... ပြီးတော့ သူ့ပုံစံက ပိန်သလိုလို ရှိတယ် ထင်ရပေမယ့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ထိပ်တန်း အဆင့်ရှိတယ်... ကျွန်တော် သူ့ကို ထိုးလိုက်တုန်းကဆို ကျောက်တုံးကြီး ထိုးလိုက်ရတဲ့ အတိုင်းပဲ... သာမန်လူတွေမှာ အဲ့လိုမျိုး ကြံ့ခိုင်မှုတွေ မရှိဘူး...."

"ဟားဟား..."ရန်ကွမ်းရှ ရယ်မောလိုက်ပြီး နှလုံးသားထဲတွင် ယခုလို ရေရွတ်လိုက်သည်။ ' သူက လုံး၀ကို သာမန်လူ မဟုတ်တာ.... '

"ကောင်းပြီ.. မင်းပြန်ပြီး အနားယူလိုက်တော့..."

"နားလည်ပါပြီ ခေါင်းဆောင် ... "

မိုဟုန်ရှန်း အလေးပြုပြီးနောက် ရန်ကွမ်းရှ၏ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ရန်ကွမ်းရှ သူ၏ ကြိမ်ထိုင်ခုံတွင် ထိုင်ရင်း ယပ်တောင်ခပ်နေလျက် မျက်လုံးများအား မှိတ်ထားသည်။

သူ ဘာတွေ တွေးတောနေလဲဆိုတာကိုတော့ မည်သူကမျှ မသိနိုင်ချေ။

ဆယ့်ငါးမိနစ်ခန့် ကြာသော် ရန်ကွမ်းရှ တစ်ဖန် မတ်တပ်ရပ်လိုက်၏။ ထို့နောက် ဒိတ်အောက်နေသည့် သူ့ ဖုန်းကို ထုတ်၍ လျန်ရှန့်ဟော်ထံ ဆက်သွယ်လိုက်လေသည်။

"ဘာတုန်းကွ အဘိုးကြီး... မင်း ဘာအကြောင်းထူးလို့.... ဟားဟား.. အစ်ကိုလု မင်းဒီအကွက်ရွေ့မိတာ နောင်တရနေပြီမလား... "

ထိုမှတစ်ဆင့် လျန်ရှန့်ဟော်မှာ ကျားကွက်ထိုးနေကြောင်း တပ်အပ်ပြောနိုင်လေသည်။

"ခုလေးတင် မီလိလေး ငါ့ဆီ လာသွားတယ်... "

"လာနေကျပဲ မဟုတ်ဘူးလား... "လျန်ရှန့်ဟော် ကျားကွက် ရွေ့ရင်း ပြောလိုက်ပြီး "မင်း ခန္ဓာကိုယ်ကော ဘယ်လိုနေသေးလဲ... ဘာမှ ထမဖောက်တော့ဘူးမလား... "

" ဒေါင်ဒေါင်မြည်ပဲ.. နောက် ရှစ်နှစ်ကနေ ဆယ်နှစ်လောက်အထိတော့ မသေနိုင်သေးဘူး... "

"ဆိုလိုချင်တာ အဲ့ ကောင်စုတ်လေးရဲ့ ဆေးပညာ အရည်အချင်းတွေက အံမခန်းပဲ မဟုတ်လား.. သူက မင်းကို သေမင်းတံခါး၀ကနေ ဆွဲခေါ်လာခဲ့ပေးတာလေ... "

"ခုလေးတင် မီလိလေးက အဲ့ကောင်လေးနဲ့ ငါ့ဆီ လာသွားတာ... အဲ့တာနဲ့ ငါလည်း သူ့ရဲ့ စကေးတွေကို စမ်းသပ်ပေးရင်းနဲ့ လေ့ကျင့်ပေးမယ်ဆိုပြီး လက်ရည်စမ်းခိုင်းလိုက်တော့ ဘာဖြစ်သွားတယ်ထင်လဲ.. မင်း မှန်းကြည့်စမ်း... "

"ဘာလဲ.. အဲ့ကောင်စုတ်လေး ငိုယိုပြီး ပြန်သွားခဲ့တာလား...."လျန်ရှန့်ဟော် ပြောလိုက်ပြီး " ငါမင်းကို တစ်ခါတည်း ရှင်းအောင် ပြောထားမယ်နော်... ဒီကိစ္စကို ငါက အေးဆေး ကျော်သွားလို့ရတယ်... ဒါပေမယ့် မီလိလေးသာ မကျေမနပ် ဖြစ်သွားလို့ကတော့ ငါလည်း မတတ်နိုင်ဘူး... အဲ့ခါကျမှ ကူညီပါဦး လာမပြောနဲ့... "

"ဘာတွေ ပြောနေတာတုန်းကွ.. ငါပြောချင်နေတာနဲ့ တခြားစီပဲ... "ရန်ကွမ်းရှ ပြောလိုက်ပြီး "အစတုန်းက ငါသူ့ကို စမ်းသပ်ပြီးတော့ သူ ဘယ်လို အနေအထားလောက်မှာ ရှိလဲဆိုတာ သိချင်တာ.... ခုတော့ ငါ ပညာပေးဖို့ လွှတ်လိုက်တဲ့သူက ပညာပေးခံလိုက်ရပြီး ပြန်ရောက်လာတယ်ကွ... တော်တော်လေး ရှက်ဖို့တော့ အကောင်းသား.... "

"ဘာ...မင်းကောင်က ပညာ‌ပေးခံလိုက်ရတယ်... "လျန်ရှန့်ဟော် အရင်ဆုံး အံ့အားသင့်သွားခဲ့ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။

"အဲ့ကောင်လေးက မခေပါဘူးဆိုနေ... ဒါကလည်း မင်းဂရုမစိုက်လိုက်လို့ ဖြစ်သွားတာပဲလေ.. အနည်းဆုံးတော့ သူ့ကို ပညာပြချင်တယ်ဆိုရင် ရှောင်ကောင်းကို လွှတ်လိုက်သင့်တယ်..."

"ငါ လွှတ်လိုက်တဲ့သူက ရှောင်မို... ဒါပေမယ့် သူတောင် လင်းရီရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး... တကယ်လို့ ရှောင်ကောင်းကိုသာ လွှတ်လိုက်လို့ကတော့ သုံးချက်လောက်နဲ့တင် မြေပြင်မှာ မှောက်နေလောက်ပြီ.... "

"မင်း ဘာပြောလိုက်တယ်... ရှောင်မိုတောင်မှ သူ့ပြိုင်ဘက် မဟုတ်ဘူး ဟုတ်လား... မင်းပြောတဲ့ ရှောင်မိုက မိုဟုန်ရှန်းဆိုတာတော့ သေချာပါတယ်နော်.. တခြား သူတော့ မဟုတ်ဘူးမလား... "

"သူက လွဲပြီးတော့ ဘယ်သူဖြစ်နိုင်မှာ... "

"မဖြစ်နိုင်လိုက်တာ... ငါ ရှောင်မိုရဲ့ ခွန်အားကို သိပါတယ်... သူက နိုင်ငံအဆင့် ဖိုက်တာ တစ်ယောက်လေ... သူ့လိုလူမျိုးက လင်းရီကို ရှုံးစရာ အကြောင်း မရှိဘူး... "

"ဒါကြောင့်မို့ပဲ ငါမင်းဆီ ဆက်သွယ်လိုက်တာ... လင်းရီရဲ့ ခွန်အားက အရမ်း အထင်ကြီးဖို့ ကောင်းတယ်... "

"ရှောင်မိုက အလေးအနက် မထားလို့လား... တကယ်လို့ သူသာ ခွန်အား အပြည့်သုံးထားရင် လင်းရီကို တစ်ကွက်တည်းနဲ့ သွေးအန်အောင် လုပ်လို့ရတယ်လေ "

"သူလည်း ခွန်အား အပြည့်သုံးထားတာပဲ.. ဒါပေမယ့် ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်ကြည့်...လင်းရီက အတွင်းအား ထုတ်တဲ့ နည်းလမ်းကို သိနေတယ်..."

" လင်းရီလည်း သိနေတာလား...."

"အမှန်ပဲ... ငါ အာမခံရဲတယ်.... "ရန်ကွမ်းရှ ပြောလိုက်ပြီး "ရှေးဟောင်း အတွင်းအားကျင့်စဉ်တွေက မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းပေးလာခဲ့တာ... တကယ်လို့ ဘယ်သူကမှ မသင်ပေးဖူးဆိုရင် တတ်မြောက်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး.... "

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လျန်ရှန့်ဟော်မှ "ဒီတော့ မင်းက ဘာကို သံသယရှိနေတာ.... "

"ငါထင်တာတော့ လင်းကျင်ကျန့်က ပုန်းလျှိုးကွယ်လျှိုးနဲ့ ပြန်လာပြီး သူ့ကို ဒါတွေ သင်ပေးသွားသလားပေါ့... "

"မဖြစ်နိုင်ဘူး... အဲ့ဒီက အခြေအနေတွေနဲ့ဆို သူ ပြန်လာဖို့ အရမ်းခက်ခဲတယ်... "လျန်ရှန့်ဟော် ပြောလိုက်ပြီး " ရှေ့ သုံးလေးနှစ်လောက်တုန်းက အခြေအနေတွေက အဆင်ပြေသေးတယ်... ဒါပေမယ့် ဒီနှစ်တွေထဲမှာ သတင်းအစအနတောင် မကြားရတော့ဘူး... သူ့ဘက်က ရှာမတွေ့စေချင်ရင် ဘယ်သူကမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ပြီးတော့ သူ့မှာ သားတစ်ယောက် ရှိနေတယ်ဆိုတာတောင် သိချင်မှ သိဦးမှာ... "

"ဟိုအမျိုးသမီးကကော... မင်း သူမ သတင်းတွေ ကြားမိသေးလား... "ရန်ကွမ်းရှ မေးမြန်းလိုက်၏။

"မကြားမိဘူး... လေထဲမှာ ပျောက်သွားသလိုမျိုးပဲ..."လျန်ရှန့်ဟော် လေးနက်နေသည့် လေသံဖြင့် ပြောလိုက်၏။

" မပြောကောင်းမဆိုကောင်း သူမက...... "

"ငါလည်း မပြောတတ်ဘူး..."လျမ်ရှန့်ဟော် သက်ပြင်းချလိုက်၏။

"ဒါပေမယ့် အဲ့လိုမျိုးတော့ မဖြစ်နိုင်လောက်ဘူး... လင်းကျင်ကျန့်က သူ့မှာ သားရှိမှန်း မသိဘူးဆိုရင်တောင် သူမအတွက်တော့ အလွယ်တကူနဲ့ လက်လျော့လိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... သားအတွက်နဲ့တင် ကောင်းကောင်း အရှင်လောက်တယ်... ဒါကြောင့်မို့လည်း ဒီကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ ရှိနေသေးတယ်ဆိုတဲ့ ခံစားချက်ကို စွန့်ပစ်လို့ မရသေးဘူး...ငါတို့ ဒီတိုင်း မရှာတွေ့သေးတာပဲ ဖြစ်မယ်.... "

"ဒါဆို သူမက ပြန်လာပြီးတော့ လင်းရီကို ရှေးဟောင်း အတွင်းအား နည်းစနစ် သင်သေးလိုက်တာကော မဖြစ်နိုင်ဘူးလား... ဘာပဲဆိုဆို ချင်မိသားစုဆိုတာလည်း အဲ့ဒီနှစ်‌တွေတုန်းက ထိပ်တန်း မိသားစုကြီး တစ်ခုပဲလေ..."

"ပြောဖို့ ခက်တယ်... "လျန်ရှန့်ဟော် ပြောလိုက်ပြီး "ငါ့ ချွေးမလေးနဲ့ မီလိလေးဆီကတစ်ဆင့် လင်းရီအကြောင်း သိရသလောက်ဆိုရင် သူ့ရဲ့ အတွေးတွေက သာမန်လူတွေထက် ပိုပြီ အနုစိတ်တယ်... တကယ်လို့ တကယ်ကြီး အဲ့လိုကိစ္စမျိုး ဖြစ်လာခဲ့တယ်ဆိုရင်တောင် သူ့ဘက်က ထုတ်ပြောဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... ဒါကြောင့်မို့ အတည်ပြုဖို့ဆိုတာ အရမ်းခက်ခဲတယ်... "

"မင်းပြောတာလည်း မှန်နေတာပဲ... "ရန်ကွမ်းရှ ပြောလိုက်ပြီး "ကောင်းပြီလေ.. ခုတော့ ဒီလောက်ပဲ.. ငါဖုန်းချပြီး တစ်ရေးအိပ်လိုက်ဦးမယ်.. အကြောင်းထူးရင်တော့ မင်းဆီ ဖုန်းပြန်တက်လိုက်မယ်... "

"အိုကေ... "

ဖုန်းချပြီးနောက် လျန်ရှန့်ဟော်မှာ အတွေးနက်သွားခဲ့သည်။

"ဘာတွေ တွေးနေတာ.. ခု မင်းချရမယ့် အလှည့်ပေ... "

လျန်ရှန့်ဟော်နှင့် မျက်နှာချင်းဆိုင်နေရာတွင် ဆံပင်အတိုနှင့် အဘိုးကြီး တစ်ဦး ခွေးခြေခုံပေါ်တွင် ထိုင်နေပြီး သူ့ဘေးတွင်တော့ အကြမ်းအိုး တစ်အိုး ချထား၏။ သူက လျန်ရှန့်ဟော်၏ အဖွဲ့ခေါင်းဆောင်ဟောင်း လုပေချန်ပင်။

သူ၏ မျိုးရိုးနာမည်မှာ လုဖြစ်နေသော်လည်း ပေကျင်း၏ သခင်ကြီးလေးဦးထဲမှ တစ်ဦးဖြစ်သည့် လုရွှမ်နှင့် အမျိုးတော်စပ်ခြင်း မရှိချေ။ ဒီတိုင်း မျိုးရိုးနာမည် ဆင်တူနေခြင်းသာ။

ဟွာရှရှိ အဆင့်အတန်းတွင်တော့ လုပေချန်းမှာ လျန်ရှန့်ဟော်ထက် အနည်းငယ် မြင့်မားပေသည်။

"အစ်ကိုလုကို ကျုပ်တစ်ခု ပြောချင်လို့... "

"ဘာပြောမှာ.. "လုပေချန်း တည်ငြိမ်စွာ မေးလိုက်ပြီး "လင်းကျင်ကျန့် အကြောင်းပဲလား..."

လျန်ရှန့်ဟော် ခေါင်းခါရမ်းလိုက်ပြီး " မဟုတ်ဘူး...ဒီခုက သူ့သားအကြောင်း.. "

"လင်းရီ အဲ့ကလေးက တန်းထျန်ထဲက အတွင်းအားထုတ်တဲ့ နည်းလမ်းကို တတ်မြောက်ထားပြီး မိုဟုန်ရှန်းတောင် သူ့ကို အရှုံးပေးလိုက်ရတယ်....”

All Chapters