၀က်လို မိတ်ဆွေ
Vol. 47 Ch. 704
“ သူလည်း အဲ့နည်းလမ်းကို သိနေတယ်လား…”
လုပေချန်း အံ့အားသင့်သွားခဲ့၏။
လျန်ရှန့်ဟော် ခေါင်းညိမ့်လိုက်ပြီး “ ဒါကြောင့်မို ကျုပ်နဲ့ အဘိုးကြီးရန်က အဲ့ အမျိုးသမီး ပြန်လာပြီး သူ့သားကို အတွင်းအား ပညာရပ်တွေ သင်ပေးနေလား ဆိုပြီး သံသယရှိနေတာ….”
“ အဲ့တာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”လုပေချန်း ပြောလိုက်ပြီး “ ချင်မိသားစုက ထိပ်တန်း မိသားစုကြီး တစ်ခုဆိုရင်တောင် သူမက အဲ့လိုမျိုး နည်းလမ်းတွေကို မသိဘူး… လင်းရီကို သင်ပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး… ပြီးတော့ ချင်မိသားစုကလည်း ကျဆင်းသွားပြီဆိုတော့ ကျန်တဲ့ မိသားစုဝင်တွေကလည်း ဒီလိုမျိုး လုပ်မှာမဟုတ်ဘူး… ဒါကြောင့်မို့ မင်းမှန်းဆတာကြီးက မမှန်နိုင်ဘူး…”
ပြောရင်းဖြင့် သူ၏ ကျားကွက်(စစ်တုရင်)အား ရွေ့လိုက်၏။ “ ချက်ခ်…”
လျန်ရှန့်ဟော်မှ အလျင်အမြန်ပဲ သူ၏ သူရဲကောင်းအား ကာကွယ်ခိုင်းရင်း “ အစ်ကိုလု ဆိုလိုတာက ဒါဆို လင်းရီ သူ့ဘာသူ လေ့ကျင့်တတ်ကျွမ်းလာတာမျိုးလား…”
“ ဖြစ်နိုင်တယ်…” လုပေချန်း ပြောလိုက်ပြီး “ ရှေးဟောင်း အတွင်းအား နည်းစနစ်က လေထဲကနေ ပေါ်လာတာမှ မဟုတ်တာ…. ရှေ့လူကြီးတွေကနေပြီးတော့ သုတေသန လုပ်ထားတာလေ…. သူ့ဘာသူ နားလည်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်..”
“ အဲ့တာသာ အမှန်တရားဆိုလို့ကတော့ သူက လုံးဝ အံ့အားသင့်စရာပဲ…”
“ သူက လင်းကျင်ကျန့်ရဲ့ သားမလား… သန္ဓေက ပါလာပြီးသားပဲလေ….”
………………
လင်းရီနှင့် ကျန်သူများ စစ်ခရိုင် ဒေသမှ ထွက်လာခဲ့ပြီးနောက် ကျန်းရှောင်ယွီ တွန့်ဆုတ်စွာဖြင့် နှုတ်ဆက်စကား ဆိုလိုက်သည်။
အစ်ကိုရီနဲ့ မြို့တော်ဝန်လျန်က အရမ်း နီးကပ်တဲ့ ဆက်ဆံရေးရှိတာပဲ…. ပြီးတော့ သူတို့နှစ်ယောက်က အရမ်းလည်း လိုက်ဖက်ညီတယ်… သူမ ဆက်ရှိနေရင် တတိယဘီး ဖြစ်သွားမှာလေ…
“ နင်က အဲ့ ဒါရိုက်တာမလေးကို ဖုန်းနံပါတ် လွယ်လွယ် ပေးလိုက်တယ်ဆိုတော့ … နင်သူ့ကို မျက်စိကျနေတာလား….” လျန်ရူရွှယ်မှ စူးစမ်းသည့် လေသံဖြင့် မေးလိုက်၏။
“ ဒီတိုင်း အလှမွေး ငါးလည်း အဖြစ်သိမ်းထားမလို့ပါကွာ… အစာတော့ မကျွေးပါဘူး … တစ်ချိန်ချိန် သူမက အသုံးဝင်လာနိုင်တယ်လေ…”
“ နင်က ဘယ်တော့မှ မပြောင်းလဲဘူးပဲ…. “
“ ဘယ်တတ်နိုင်မှာ… ဒီလောက်ထိ မျက်နှာကို ဖုံးကွယ်ထားတာတောင်မှ ငါ့ရဲ့ ဆွဲဆောင်မှုတွေကို မပိတ်ပင်နိုင်ဘူးတဲ့လေ…ဟင်း…..”
“ အွက်….” လျန်ရူရွှယ် အထင်သေးစွာ ပြုမူလိုက်ပြီး” ငါ့ကို အန်ချင်အောင် မလုပ်စမ်းနဲ့…”
“ နင် အနေအထိုင် ဆင်ခြင်တာ ကောင်းမယ်နော်… အရင်တစ်ခေါက်ကလိုမျိုး ထပ်ဖြစ်လို့ကတော့ နင် ဘယ်လိုတွေ ဖြေရှင်းမလဲဆိုတာ ကြည့်စမ်းမယ်…”
( လီချူးဟန်နဲ့ သတင်းတွေ ပြန့်သွားတဲ့ ကိစ္စကို ပြောတာပါ…)
“ မင်းပြောလိုက်မှဖြင့် ငါက အဲ့ဒီမိန်းကလေးကို ကစားတော့မယ့်ပုံစံ ကျနေတာပဲ… သေချာလေး စဉ်းစားကြည့်ကြည့်… သူမက TV ဌာန ဒါရိုက်တာ ဆိုတော့ တစ်ချိန်မှာ အသုံးဝင်လာနိုင်တယ် မဟုတ်ဘူးလား….” လင်းရီ ပြောလိုက်ပြီး “ ငါ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို မင်း နားမလည်ပါဘူးကွာ….”
“ ဘာပဲဖြစ်ဖြစ်ပါ… နင်ကြိုက်သလိုသာလုပ်… ရန်စီဆိုတာ ဒီတိုင်း TVဌာနက ဒါရိုက်တာလေးပဲ… သူတို့ ဘယ်အချိန်မှာ ရုပ်သံလွင့်ခွင့်ရမလဲဆိုတာ ငါ့ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်နေတယ်နော်….”
“ လခွမ်း.. သူများတွေပြောတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားက အဆိပ်ရှိတယ်ဆိုတာ ခုမှပဲ ယုံကြည်တော့တယ်…” လင်းရီ ပြောလိုက်ပြီး “ ငါ ဟွာချင်းရေကန်ကို သွားတော့ မင်းက ပိတ်ချခိုင်းလိုက်တယ်… ခု TV ဒါရိုက်တာက ငါ့ဖုန်းနံပါတ် တောင်းလာတော့ မင်းက ပထုတ်ချင်နေပြန်ပြီ…အလှလေးလျန်…. မင်း သဝန်တိုတာကြီးက အရမ်း ကြောက်ဖို့ကောင်းလွန်းနေပြီ….”
“ ငါကလည်း အဲ့တာတွေ လုပ်ပြီး ပျော်တယ်များ နင် ထင်နေတာလား… နင်ကပဲ ငါ့စေတနာတွေကို စေတနာလို့ မမြင်တာ…”
“ ငါ့ကို စိတ်ရှုပ်အောင် လာလာမဆွ မလုပ်နဲ့… ငါက အရမ်းစိတ်ကြီးတာ… စိတ်တိုလာရင် မင်းနဲ့ အတူ အိပ်ပစ်လိုက်မှာ ဘာမှတ်…”
“ လုပ်ကြည့်လေ…. ငါ့အိမ်မှာ ထားထားတဲ့ သေနတ်တွေက ဒီတိုင်း အလှပြထားတယ်များ ထင်နေတာလား….”
“ ငါ့ ဘောင်းဘီထဲက သေနတ်ကကော သံချေးတက်နေပြီလို့ ထင်နေတာလား….”
“ ငါ့ကို လာပြီး ပေါက်တတ်ကရတွေ ပြောမနေနဲ့… “ လျန်ရူရွှယ် ချေပလိုက်ပြီး “ခု သွားတော့မယ်… နင်နဲ့ ရန်ဖြစ်ဖို့ မအားသေးဘူး… ဒါနဲ့ စကားမစပ် မနက်ဖြန်မနက်ကျရင် အန်ကယ်ချိန် စင်တာဖွင့်ပွဲအတွက် ကျိုးဟိုင်ကို ရောက်လာမယ်တဲ့နော်…. နင် လာခဲ့ဦးမှာလား…”
“ အင်း… စောင့်ကြည့်ပါဦးမယ်…”
“ နင် သင့်သလိုသာလုပ်တော့…. “ လျန်ရူရွှယ် သူမ ဆံပင်ကို ချည်နှောင်လိုက်ပြီး “ ဒါဆို ငါအရင်ဆုံး သွားနှင့်ပြီ…”
ကလင် ကလင် ကလင်
လင်းရီ စကားပြောတော့မည့် အချိန်တွင်ပဲ အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာခဲ့၏။
သူ ဖုန်းကို ထုတ်ကြည့်လိုက်တော့ ချိန်ရန်ထံမှ ဖြစ်နေလေသည်။ သို့သော်လည်း လျန်ရူရွှယ်မှ ဤနေရာတွင် ရှိနေသောကြောင့် လင်းရီ ဖုန်းမကိုင်လိုက်ပေ။
ချိန်ရန်။ အနှီကောင်မလေးကား ပုံမှန်ဆို သူ့ထံ ဆက်သွယ်လေ့မရှိချေ။ ထို့ကြောင့် ကောင်းသည့် ကိစ္စမဟုတ်မှာ သေချာသလောက် ရှိလေသည်။ မလိုလားအပ်သည့် မေးခွန်းများအား ရှောင်ရှားရန်အတွက် လင်းရီ ဖုန်းချလိုက်၏။
“ ကောင်းပြီလေ.. မင်း အလုပ်ရှုပ်နေတယ်ဆိုရင်လည်း ပြန်နှင့်ပေါ့….”
သို့နှင့် လင်းရီ လှည့်ထွက်လာခဲ့ပြီး သူ့ကားထံသို့ ဦးတည်လိုက်သည်။
“ နေဦး…”
လျန်ရူရွှယ် နောက်ကျမှ လှမ်းခေါ်လိုက်၏။
“ ဘာလဲ… ပြောစရာ ကျန်သေးလို့လား….”
“ ခုနက ဘယ်သူလဲ… နင် ငါ့နောက်ကွယ်မှာ ဘာမကောင်းတာတွေ လုပ်ထားတာ….”
“ ဟမ်... ငါက အဲ့လိုလူစားမျိုးလား…. မင်း ဒီတိုင်း အတွေးလွန်နေပြီ…”
“ ပေးစမ်း… အဲ့တာဆို ဘယ်သူလဲ ကြည့်ကြည့်ရအောင်…”
ဖုန်းခေါ်လာသည့် သူက သေချာပေါက် လင်းရီအတွက် ထူးခြားသည့်သူ ဖြစ်လိမ့်မည်ဟု သူမ၏ မသိစိတ်မှ ပြင်းပြင်းထန်ထန် ပြောပြနေသည်။ မဟုတ်ပါက လင်းရီ ယခုလို မသင်္ကာဖွယ်ရာ ပြုမူနေလိမ့်မည် မဟုတ်ချေ။
လျန်ရူရွှယ် လင်းရီထံသို့ လျှောက်လာခဲ့ပြီး ဖုန်းကို ဆတ်ခနဲ ဆွဲယူလိုက်၏။ နောက်တခဏတွင်တော့ သူမ၏ မျက်လုံးလေးများ ပြူးကျယ်သွားခဲ့လေသည်။
အံ့အားသင့်ဖို့ ကောင်းစွာဖြင့် ဖုန်းခေါ်လာခဲ့သူမှာ ချိန်ရန် ဖြစ်နေခဲ့၏။
“ ချိန်ရန်… သူမ နင့်ကို ဘာလုပ်ဖို့ ဖုန်းခေါ်လာခဲ့တာ….”
ယင်းက လျန်ရူရွှယ်၏ အတွေးစက်ဝိုင်းကို ပို၍ ချဲ့ကားသွားစေသည်။
တကယ်လို့ သူမ တစ်ခုခု ဖြစ်နေတယ်ဆိုရင်တောင် ငါ့ကို ဖုန်းဆက်လိုက်သင့်တာမဟုတ်ဘူးလား… အဲ့အစား ဘာလို့ လင်းရီဆီကို ခေါ်လိုက်တာ…
“ မှားနှိပ်မိတာ နေမှာပေါ့ မင်းကလည်း… ဆန်းတာမှတ်လို့….”
လျန်ရူရွှယ် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။ မှားနှိပ်သည်မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော်လည်း ထိုသို့ ဖြစ်နိုင်ချေက အင်မတန် နည်းပါးလွန်းလှ၏။
ဒူ ဒူ ဒူ..
ထိုစဉ် လင်းရီ ဖုန်းမှာ တစ်ဖန် တုန်ခါလာခဲ့၏။ ချိန်ရန် ဝီချက်မှ တစ်ဆင့် မက်ဆေ့ချ်ပို့လာခဲ့ခြင်းပင်။
“ ခဲအို.. နင်ဘာလို့ ငါ့ဖုန်းကို မကိုင်တာ.. အလုပ်များနေလို့လား… မြန်မြန်ဖုန်းပြန်ခေါ်ပေးဦး… ဒီမှာ တစ်ခုခု ဖြစ်နေပြီ….”
“ ဒါက….”
လေထုမှာ ရုတ်ချည်း ငြိမ်သက်သွားခဲ့ပြီး လျန်ရူရွှယ် လင်းရီအား မပျော်မရွှင် ကြည့်ကာ ဖုန်း ပြန်ပေးလိုက်၏။
“ နင် ဖုန်းပြန်ခေါ်လိုက်စမ်း… ဒီဟာမလေး ဘာလိုချင်နေလဲဆိုတာ ငါကြည့်စမ်းမယ်….”
“ ငါ့ဆီကနေ ဘာလိုချင်ရမှာ… သူမ တိုင်းရင်းဆေးဝါးတွေ အကြောင်း နားမလည်လို့ ငါ့နား လမ်းညွှန်မှု တောင်းခံမလို့လည်း ဖြစ်နိုင်တာပဲလေ….”
“ ငါ့ကို အရူးလုပ်ဖို့ လွယ်တယ်များ ထင်နေတာလား…” လျန်ရူရွှယ် ပြောလိုက်ပြီး “ သူမရဲ့ ဉာဏ်ရည်နဲ့ဆို ကျောင်းက ဘယ်ပရော်ဖက်ဆာပဲ ရှင်းပြ ရှင်းပြ နားလည်ဖို့ မခက်ခဲဘူး… နင့်ကို မေးဖို့ လိုမယ်ထင်လား…”
“ ဒါပေါ့ကွ…. ငါ့ကို မေးတော့ ပိုပြီး တိတိကျကျ သိရတယ်လေ… သဘောမတူဘူးလား..”
လျန်ရူရွှယ် လင်းရီအား စူးရဲစွာ ကြည့်လိုက်၏။
“ နင်တို့နှစ်ယောက်နော်… ရိုးတော့ မရိုးသားဘူး… ဖုန်းပြန်ခေါ်လိုက်… ရန်ရန် ဘာပြောမလဲဆိုတာ ငါနားထောင်ချင်တယ်….”
“ ကျွတ်… ရိုးသားတဲ့သူတွေက ဘယ်တော့မှ စစ်မေးခံရမှာကို မကြောက်ဘူးတဲ့… ဘာမခေါ်ရဲစရာ အကြောင်းရှိလို့….”
ပြောရင်း လင်းရီ ချိန်ရန်ထံ ဖုန်းပြန်ခေါ်လိုက်၏။ မကြာမီ ဖုန်းမှာ ဝင်သွားခဲ့ပြီး တစ်ဖက်မှ ချိန်ရန်၏ အသံကို ကြားလိုက်ရလေသည်။
“ ခဲအို… နင် ဘာတွေလဲ လုပ်နေတာ… ငါနင့်ကို နှောင့်ယှက်မိသွားလား….”
“ မဖြစ်ပါဘူး… ပြောလေ.. ဘာကိစ္စလဲ….”
“ဟီးဟီး… ငါအခု လေဆိပ်ရောက်နေတာလေ...ခနနေ လေယာဉ်စီးပြီး နှစ်နာရီလောက်ဆို ကျိုးဟိုင်ရောက်လာခဲ့တော့မှာ…. ငါ့ကို လာကြိုပေးပါလားလို့….”
“ ဟမ်.. ပြောတော့ဖြင့် မနက်ဖြန်မှ လာမှာဆို…”
“ ဟွာချင်း ရေကန်ကို သွားဖို့လေ….” ချိန်ရန်ပြောလိုက်ပြီး “ ငါ တိတ်တိတ်လေး ခိုးထွက်လာခဲ့လိုက်တာ…. ဒါမှ သွားလည်လို့ရမှာ.. မဟုတ်ရင် အစ်မလျန်က ငါ့ကို ပေးထွက်မှာ မဟုတ်ဘူး…ဒါကြောင့်မို့ နင်လည်း လျှို့ဝှက်ထားရမယ်နော်… ငါ အခု ကျိုးဟိုင်ကို လာနေပြီဆိုတာ နင် သူ့ကို ပေးသိလိုက်လို့ မဖြစ်ဘူး….”
လင်းရီ လေထဲရှိ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများအား ခံစားမိလိုက်ပြီး ကျောချမ်းသွားခဲ့၏။
“ အဟမ်း... ရန်ရန်… မင်း ဘာတွေ လျှောက်ပြောနေတာ….မင်းက တက္ကသိုလ် ကျောင်းသူတစ်ယောက်.... ပြီးတော့ ပြည့်သူ့ဝန်ထမ်း အရာရှိရဲ့ သမီးလေ….. အဲ့တာကို မဆင်မခြင် ဘာလို့ ဟွာချင်း ရေကန်ဆီ သွားမှာ….မင်း နည်းနည်းပါးပါ စဉ်းစားပါဦးလား…”
“ အမ်….”
ထိုသို့ အပြောခံလိုက်ရ၍ ချိန်ရန် ကြက်သေသေသွားခဲ့ပြီး “ ခဲအို.. နင်ဘာတွေ ဖြစ်နေတာ… ငါတို့ အရင်တုန်းက ဒီအကြောင်း ဆွေးနွေးပြီးသွားပြီလေ… နင်ပြောတော့ ငါကျိုးဟိုင်ကို နောက်တစ်ခေါက်လာလည်ရင် လိုက်ပို့မယ်လို့ ပြောထားတယ်မဟုတ်ဘူးလား…. ပြီးတော့ အစ်မလျန်လို နေရာတကာ လိုက်ပိတ်ပင်နေတဲ့ လူဆိုးမကြီးက ငါတို့ကို သေချာပေါက် ပေးသွားမှာ မဟုတ်လို့ နင်ပဲ တိတ်တိတ်လေး ခေါ်သွားပေးမယ်ဆိုပြီး ပြောခဲ့တာလေ… ခုမှ ဘာလို့ ပြောင်းလဲသွားတာ…အရင်တုန်းက ခဲအိုက ဒီလိုမျိုး မဟုတ်ပါဘူး… အနေဝေးတော့ အချစ်တွေ လျော့ကျသွားတာလို့ပဲ ယူဆလိုက်တော့မယ်နော်…..”