ဝင်ခွင့် စတင်ခြင်း
Vol. 11 Ch. 154
ဖျောင်း... ဖျောင်း...
ရှန်းလင်က ကျယ်လောင်သော လက်ခုပ်သံဖြင့် လူတိုင်း၏ အာရုံကို ပြန်လည် ဆွဲယူလိုက်သည်။ ဝေ့ဝူယင် စိတ်ပျက်လက်ပျက် ဖြစ်နေပြီ ဖြစ်ကြောင်း သူမ သဘောပေါက်ပါသည်။ ထို့ကြောင့်ပင် လိုရင်းသို့ တိုက်ရိုက် သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ သူမ၏ ဟန်ပန်တစ်ခုလုံးက ကြေညာလိုက်၏။
“ဝင်ခွင့် စာမေးပွဲ အတွက် အရည်အချင်းမှီတဲ့ လူ အကုန်လုံး ရှေ့ကို တိုးလာပေးပါ... အခြားလူတွေကတော့ ဒီရင်ပြင်ကနေ ထွက်သွားပေးပါ”
သူမ၏ အသံက ညင်သာသည့်တိုင် လူတိုင်း၏ နားစည်များထဲကို မိုးခြိမ်းသံကဲ့သို့ ဝင်ရောက်သွားသည်.
“နောက်တစ်ကြိမ် ငါထပ်ပြောမယ်... အသက်တစ်ရာ မကျော်ခင် အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို ရောက်ရှိနေတဲ့ လူတွေပဲ အရည်အချင်း ပြည့်မှီတယ်... တကယ်လို့ လိမ်ညာပြီး ဝင်ရောက် ယှဥ်ပြိုင်တာကို တွေ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေ အတွက် ငါ့ကို အဆိုးမဆိုနဲ့”
သူမ၏ သတိပေးမှုက ပြင်းထန်ကာ တိုက်ရိုက်ဆန်၏။ ထိုစကားလုံးများက နှလုံးသား အချို့ကို တုန်လှုပ် စေခဲ့သည်။ လူအုပ်ထဲတွင် အသက်တစ်ရာ ကျော်ပြီး ဖြစ်သည့်တိုင် မိုးကုပ်စက်ဝိုင်းကို ကြည့်မြင်လိုသည့် လူအချို့ အမှန်တကယ်ပင် ရှိနေခဲ့သည်။ ကံမကောင်းစွာပင် ကံကြမ္မာနှင့် အချိန်အခါသည် သူတို့ကို မျက်နှာသာ မပေးခဲ့ချေ။
ရှန်းလင်သည် တစ်စုံတစ်ခုကို မေ့သွားဟန်ဖြင့် ထပ်ပြောလိုက်၏။
“သားရဲ ထိန်းချုပ်သူ မဟုတ်တဲ့ လူတွေက သားရဲကို ခေါ်ဆောင်လာခွင့် မရှိဘူး”
ထို့နောက် သူမက ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်သည်။
“နင်ကတော့ ချွင်းချက်ပေါ့...”
ကောင်းကင်နိုဘယ်နှင့် အဂ္ဂိရတ် ဧကရာဇ်ဟူသော အဆင့်အတန်းများနှင့် အတူ သူသည် အထူး ကင်းလွတ်ခွင့်များကို လက်ခံ ရရှိလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ သိပ်မကြာခင်မှာပင် လူများစွာမှာ မှာစရာရှိသည်များကို မှာကာ ထွက်ခွာ သွားကြသည်။ အရှက်ကင်းမဲ့သော ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ အချို့သည် ရှန်းလင်ကို လာဘ်ထိုးရန် ကြိုးစားခဲ့ကြသော်လည်း မပြောင်းလဲသော တုန့်ပြန်မှုကိုသာ ရရှိခဲ့၏။
လုံချန်၏ အဖွဲ့တစ်ခုလုံးမှာ အရည်အချင်း ပြည့်မှီခဲ့၏။ လင်းကျိရန် ပင်လျှင် အသက်တစ်ရာပြည့်ရန် နှစ်အနည်းငယ် အလိုဖြင့် စစ်ဆေးပွဲ ဝင်ခွင့် ရခဲ့သည်။ သူမသည် ကံမကောင်းဆုံး လူများထဲမှ တစ်ယောက် ဖြစ်သည်။ လုံချန်သည် ဒေါသထွက်နေသည့်တိုင် ငြိမ်သက်စွာပင် ရှန်းလင်၏ စကားကို နားထောင် နေခဲ့၏။
ဝေ့ဝူယင် ပိုင်လင်နှင့် စုမေ့တို့ကို ခေါ်ဆောင်လိုက်သည်။ ထိုအချိန်တွင်ပင် သူ၏ မျက်လုံးများမှာ ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။
“သူကလည်း ကောင်းချီးခံ တစ်ယောက်လား...”
သူ၏ မျက်နှာမူရာ အရပ်တွင် မထင်မရှား အမူအရာနှင့် လူငယ်လေး တစ်ဦး ရပ်နေခဲ့၏။ သူသည် အနက်ရောင် ဆံပင်များနှင့် မီးခိုးရောင် မျက်လုံးများကို ပိုင်ဆိုင်ထား၏။ သူသည် ချောမောခြင်း မရှိသော်လည်း ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် ကိုယ်ရောင်ကိုယ်ဝါမှာ ထူးခြားသော ဆွဲဆောင်မှု တစ်ခုကို ပိုင်ဆိုင်ထားသည်။
ထိုလူငယ်လေးကား ရွှေရောင် နို့နှစ်မြို့တော်တွင် သူ မြင်တွေ့ခဲ့ရသည့် လူငယ်ပင် ဖြစ်သည်။ ထိုစဥ်က သူသည် ဆယ်ကျော်သက် အသက်အရွယ်တွင်သာ ရှိနေခဲ့ကာ အမဲလိုက်ခြင်းကို ခံနေခဲ့ရသည်။ ကမ္မတန်ဖိုး ၀.၁ လျော့နည်းသွားခြင်းနှင့် အတူ ဝေ့ဝူယင်သည် သူ့ကို နောက်ယောင်ခံကာ လိုက်ခဲ့ပြီး နောက်ဆုံးတွင် အနန္တ စစ်တာအို နန်းတော် အတွင်းကို ဝင်ရောက် နိုင်ခဲ့ပေသည်။ ယခုတွင်မူ ထိုလူငယ်လေးမှာ အပြည့်အဝ အရွယ်ရောက် လာခဲ့ပြီ ဖြစ်သည်။
“သူက ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို ရောက်နေပြီ... သူ့အသက်အရွယ်နဲ့ ဆိုရင် ဒါက အတော်လေး အထင်ကြီးဖို့ ကောင်းတယ်... နောက်ပြီး...”
ဝေ့ဝူယင်၏ မျက်လုံးများက စိတ်အား ထက်သန်စွာပင် လူငယ်လေးကို စူးစမ်းလိုက်သည်။ သူကား ဒြပ်စင်ချီ နှလုံးသားကို ကျင့်ကြံထားပုံ ပေါ်သည်။
ဝေ့ဝူယင်သည် လူငယ်လေး၏ နံဘေးတွင် မိန်းကလေး တစ်ယောက် ရပ်နေသည်ကို တွေ့မြင်ရ၏။ သူမသည် အနီရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားကာ ချင်ချူးမူ ကဲ့သို့ ဇာပုဝါ တစ်ခုဖြင့် မျက်နှာကို ဖုံးအုပ်ထား၏။ သို့သော်လည်း တစ်ခုခု လွဲချော်နေသလို ခံစားရ၏။ မည်သည့် ပြဿနာ ဖြစ်ကြောင်း သူ မသိသည့်တိုင် လူငယ်လေးကို စကားအနည်းငယ် ပြောဆိုပြီးသည်နှင့် သူမမှာ ထွက်သွားတော့မည့် ဟန်ပန် ရသည်။
ဝေ့ဝူယင်၏ စိတ်ဝင်စားမှုက မြင့်တက်လာ၏။ သူသည် နတ်မျက်စိ အစီအရင်ကို သုံးကာ သူမအား စစ်ဆေးရန် ကြိုးစားလိုက်သည်။
ဘုန်း...
ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်ခုမှာ သူ၏ စိတ်အတွင်း ထွက်ပေါ်လာ၏။ ဝေ့ဝူယင်သည် သူ၏ အသိစိတ် ပင်လယ်ကို အမည်မသိသော အင်အားတစ်ခုက ဆွဲနှစ်လိုက်သလို ခံစားလိုက်ရ၏။ အနီရောင် ဆံပင်များနှင့် မိန်းကလေးက ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ ထူးထူးခြားခြား တောက်ပနေ၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ဝေ့ဝူယင်၏ စိတ်အတွင်း တိုးဝင်လာသည်။
ဝေ့ဝူယင် မတုန့်ပြန်နိုင်ခင်မှာပင် အဂ္ဂိရတ် ဧဒင်ချီများသည် အသိစိတ် ပင်လယ် တစ်ခုလုံးကို ဖုံးအုပ်ကာ အဆက်မပြတ် လှိုင်းများကို ပို့လွှတ်လာ၏။ ထိုအခါတွင်မှ ဝေ့ဝူယင်က ပင့်သက် ရှိုက်နိုင်တော့သည်။
မိန်းကလေးက မျက်မှောင်ကြုတ်လိုက်၏။ အံ့အားသင့်ခြင်း အငွေ့အသက်အချို့က သူမ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားခဲ့သည်။ သူမက လူငယ်လေး ဘက်သို့ ပြန်လှည့်လိုက်သည်။ သို့သော်လည်း ထိုအခိုက်၌ သူသည် အရည်အချင်း ပြည့်မီသော လူအုပ်ထဲသို့ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ သူမအား ထပ်မံ စစ်ဆေးရန် မဝံ့ရဲတော့ချေ။ သူ၏ နှလုံးသားမှာ တဒိတ်ဒိတ် ခုန်နေခဲ့၏။ တဒင်္ဂ စစ်ဆေးမှုမှ တစ်ဆင့် သူသည် သူမ၏ အစစ်အမှန် အသွင်အပြင်ကို ခဏတာ မြင်တွေ့ခဲ့ရသည်။
သူမသည် အသက် နှစ်ဆယ်ကျော်ခန့် ရှိမည် ဖြစ်ကာ အနီရောင် မဟုတ်သော ရွှေရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။ သူမ၏ ရုပ်ရည်သွင်ပြင်ကား သူ့ဘဝ တစ်လျှောက်လုံးတွင် မြင်တွေ့ခဲ့ဖူးသည့် မိန်းမလှများကို မေ့ပစ်၍ပင် ရသည်။ သူမသည် “လှပခြင်း” ဆိုသော စကားလုံးထက် ကျော်လွန်ကာ “ပြည့်စုံခြင်း” သို့ ပြည့်မှီလု နီးနီးပင် ဖြစ်သည်။
“သူက ဝိညာဥ် နတ်မိမယ်ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်...”
ထိုကဲ့သို့ မိန်းမတစ်ယောက်ကို ဘေးနားတွင် ထားရှိနိုင်ခြင်းကို တွက်ချင့်ပါက လူငယ်လေးမှာ အမှန်တကယ်ပင် ကောင်းချီးခံ တစ်ယောက် ဖြစ်နိုင်သည်။
ဝေ့ဝူယင် မိန်းကလေးကို နောက်တစ်ကြိမ် ရှာဖွေရန် ကြိုးစားလိုက်သော်လည်း သူမမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
များမကြာမီတွင် ဤနေရာ၌ အရည်အချင်း ပြည့်မှီသော လူများသာ ကျန်ရစ်ခဲ့သည်။ သူတို့ အားလုံးသည် တောက်ပသော အလားအလာ၊ မြင့်မားသော အိပ်မက်များ ရှိသည့် လူငယ် ပါရမီရှင်လေးများ ဖြစ်ကြသည်။ သူတို့တွင် ကြယ်များအကြား၌ သွားလာလိုသော ဆန္ဒနှင့် အဆုံးမဲ့သော အိပ်မက်များ ရှိနေ၏။
ရှန်းလင်က ငယ်ရွယ် တောက်ပကာ ယုံကြည်ချက် အပြည့်အဝ ရှိနေသည့် လူငယ်လေးများကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ သို့သော်လည်း သူမက ခံစားချက်ကို မဖော်ပြတော့ပဲ အားလုံး၏ အာရုံစိုက်မှုကို ရယူရန် ချောင်းတစ်သာ ဟန့်လိုက်တော့၏။
“ဝင်ခွင့် စာမေးပွဲက ခက်ခဲမယ်လို့ တွေးနေတယ် ဆိုရင် မင်းတို့ အတွေးက မှန်ပါတယ်... ဒါပေမဲ့ မှားလည်း မှားတယ်... အဲဒီခက်ခဲမှုက မင်းတို့ မျှော်လင့်ထားထက် အရာထက် အများကြီးကို ကျော်လွန်နေတယ်”
“တကယ်လို့ မင်းတို့ အနေနဲ့ အဲဒီ ခက်ခဲမှုကို ခန့်မှန်းချင်တယ် ဆိုရင်... မင်းတို့ ပုံဖော်နိုင်တဲ့ အခက်ခဲဆုံး ဆိုတာကို တစ်ရာနဲ့ မြှောက်လိုက်... အဲဒီ စိန်ခေါ်မှုကို ဖြတ်ကျော်နိုင်မယ် ဆိုရင်တော့ မင်းတို့ ဂိုဏ်းဝင် တစ်ယောက် ဖြစ်လာနိုင်ပါတယ်... ဒါတောင် အဆင့် အနိမ့်ဆုံး တပည့် ရာထူးကိုပဲ ရရှိလိမ့်မယ်”
သူမ၏ စကားလုံးများက မျှော်လင့်ချက် အပြည့်ဖြင့် တက်ကြွနေသည့် လူငယ်များကို စိတ်ဓာတ်ကျဆင်း သွားစေခဲ့၏။ သို့သော်လည်း အများစုမှာမူ ဖိအားများကို မျက်ကွယ်ပြုကာ ဝင်ခွင့် ရရှိရန် စိတ်အားထက်သန် နေကြဆဲ ဖြစ်သည်။
“မင်းတို့တွေဟာ သေခြင်းရှင်ခြင်း မျဥ်းကြောင်းပေါ် ဖြတ်သန်း ကြရလိမ့်မယ်... မင်းတို့ထဲက အများအပြားဟာ သေကြရလိမ့်မယ်... အသက်ရှင်သန်နိုင်ရင်တောင် နောက်ဆုံးမှာ လက်ဗလာနဲ့ ပြန်ချင် ပြန်ကြရလိမ့်မယ်... ဘာကြောင့်လဲ ဆိုတော့ ခု မင်းတို့ ဝင်ခွင့်ရဖို့ ကြိုးစားနေတာက သာမန် မထင်မရှားဂိုဏ်း တစ်ခုပဲ ကြယ်တာရာ ကောင်းကင်ရဲ့ အစိတ်အပိုင်း တစ်ခုကို အုပ်စိုးခွင့် ရထားတဲ့ ဂိုဏ်းကြီး တစ်ခု အတွက်ဖြစ်နေတဲ့ အတွက်ပဲ”
“တကယ်လို့ မင်းတို့ သေမှာ ကြောက်တယ် ဆိုရင် ထွက်သွားနိုင်တယ်... ကြိုးစားတာနဲ့ ပြန်ရတာ မကာမိမှာ စိုးရင် ထွက်သွားနိုင်တယ်... ကိုယ့်အခြေအနေကို သဘောပေါက်ရင် ထွက်သွားနိုင်တယ်... မိုက်ရူးရဲ ဆန်တဲ့ လူတွေဟာ အရင် သေရတယ်... ငါ မင်းတို့ကို နောက်ဆုံး အခွင့်အရေး တစ်ခုပေးမယ်... ဒီတိုက်ကြီးမှာပဲ ကျန်ရစ်ပြီး နယ်မြေဒေသ တစ်ခုကို အုပ်စိုးမလား... ဒါမှမဟုတ် အန္တရာယ်တွေ ပြည့်နေတဲ့ အချိန်မရွေး သေသွားနိုင်တဲ့ လမ်းမကို လျှောက်လှမ်းမလား”
ရှန်းလင်၏ အသံက နိမ့်ကာ ပြတ်သားနေသည်။ လူတိုင်း၏ နှလုံးသားမှာ စိုးရိမ် ခြောက်ခြားမှုများနှင့် ပြည့်နှက်နေသည့်တိုင် မည်သူ တစ်ဦးတစ်ယောက်ကမှ ထွက်ခွားသွားရန် ဆန္ဒမရှိကြချေ။
ရှန်းလင်က ညင်သာစွာ သက်ပြင်းတစ်ချက် ချကာ ခေါင်းအား ခါယမ်းလိုက်သည်။ လူငယ်များသည် မိုက်ရူးရဲဆန်ကာ အန္တရာယ်ကို စိန်ခေါ်လိုသည့် ဗီဇများအား ပိုင်ဆိုင်ထားသည်။ သူရဲဘောကြောင်သည့် လူများဆိုပါက အသက် တစ်ရာအတွင်း မည်ကဲ့သို့ ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို တက်လှမ်းနိုင်ပါမည်နည်း။ အကယ်၍ သူမသာ ဆိုလျှင်လည်း ထိုလမ်းစဥ်ကို သာ ရွေးချယ်ခဲ့လိမ့်မည် ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ်လေ... သူတို့ထဲက အချို့ကတော့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး ဂိုဏ်းဝင်တွေ ဖြစ်လာကြလိမ့်မယ်... အဲဒီ အထဲကမှ အနည်းစုက အပြည့်အဝ အရွယ်ရောက်လာပြီး ငါတို့ဂိုဏ်းရဲ့ ကောင်းကျိုးတွေကို ယူဆောင်လာပေးလိမ့်မယ်”
သူမ၏ အတွေးများက ကြည်လင် ရှင်းလင်းသွား၏။ ထို့နောက်တွင် ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း...
“ငါ မင်းတို့ အားလုံးကို အနန္တ ဟင်းလင်းပြင် ဂိတ်တံခါးကို ခေါ်သွားပေးမယ်... မခုခံကြနဲ့... ခုခံဖို့ ကြိုးစားတဲ့ လူတွေကို ဒီနေရာမှာ ချန်ထားခဲ့ရလိမ့်မယ်”
ဂိုဏ်းဝင်ခွင့် စာမေးပွဲအတွက် အရည်အချင်း ပြည့်မှီသူ စုစုပေါင်း တစ်ရာ့ သုံးယောက် ရှိပေသည်။ ဝေ့ဝူယင်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ဟူး...
ရုတ်တရက် လူတိုင်းမှာ ခန္ဓာကိုယ်များ ပေါ့ပါးသွားကာ လေထဲသို့ မြင့်တက်လာသလို ခံစားလိုက်ရ၏။ ထိုအရာက အတောင်ပံ မပါပဲ ပျံသန်းရသည့် ခံစားချက်မျိုးပင်။
***