← Chapters

ဝူနက္ခတ် မျှော်စင်

Vol. 12 Ch. 155

ဝူနက္ခတ် မျှော်စင်

Vol. 12 Ch. 155

ဟူး... ဟူး...

ရှန်းလင်က လက်နှစ်ဖက်ကို မြှောက်လိုက်ရာ အရည်အချင်း ပြည့်မှီသည့် လူငယ် အားလုံးမှာကောင်းကင်သို့ မြောက်တက် လာကြ၏။

သေမျိုး နတ်ဘုရား အဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူများသည် ကောင်းကင်တွင် ပျံသန်းဖူးကြသည် ဆိုသော်လည်း ထိုအရာက အရှိန်ဖြင့် ခုန်တက်ခြင်း သို့မဟုတ် ချီအတောင်ပံများ ဖန်တီးကာ ပျံသန်းခြင်းမျိုးသာ ဖြစ်သည်။ လေထုအတွင်း ကိုယ်ပိုင် ဟန်ချက်ကို ထိန်းသိမ်းကာ သစ်ရွက် တစ်ရွက် ကဲ့သို့ မြောလွင့်နိုင်ခြင်းမျိုး မဟုတ်ချေ။ ယခုကဲ့သို့ ပျံသန်းရခြင်းက အမှန်တကယ်ပင် ဆန်းသစ်သော ခံစားချက် တစ်မျိုး ဖြစ်သည်။

အခြားလူများ ကဲ့သို့ပင် ဝေ့ဝူယင်သည် ခေါင်းကို မော့ကာ ဦးတည်နေသည့် နေရာကို ခန့်မှန်းကြည့်လိုက်၏။

ဝူနက္ခတ် မျှော်စင်...

မကြာခင်မှာပင် သူ အတည်ပြုလိုက်နိုင်သည်။ ဝူနက္ခတ် မျှော်စင်မှာ အနန္တကုန်းမြေတိုက်ကြီးတွင် တည်ရှိသည့် တစ်ခုတည်းသော မျှော်စင်ပျံကြီး ဖြစ်သည်။ ၎င်းသည် ညအချိန်တွင် တလက်လက် တောက်ပကာ ဝူတိုင်းပြည် အတွင်းရှိ ကျင့်ကြံသူများနှင့် ပြည်သူပြည်သားများ အတွက် လမ်းပြကြယ် တစ်ခုသဖွယ် အလင်း‌ဆောင်ပေးသည်။

၎င်းအား ဝူမျိုးဆက် အမွေဟု ယူဆထားကာ အချို့က မျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာကိုပင် ဆုံဖြတ်ပေးနိုင်သည် ဟု ယုံကြည်ကြသည်။ လူအများစုမှာ ဝူနက္ခတ် မျှော်စင်ကို အလွန် တန်ဖိုးထားကြကာ တိုင်းပြည်၏ ဂုဏ်ယူမှု သင်္ကေတ တစ်ခု ဖြစ်လာခဲ့သည်။ ဝေ့ဝူယင် ငယ်ရွယ်စဥ် အခါက သူ၏ မျိုးနွယ်တစ်ခုလုံးမှာ ထိုမျှော်စင်ကိုပင် ကိုးကွယ်ခဲ့ကြသည်။

နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီးသည့်နောက် သူသည် တိမ်စိုင်များကို ဖြတ်သန်းကာ ဝူနက္ခတ် မျှော်စင်ဆီသို့ သွားနေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုနှင့် အတူ တဒိတ်ဒိတ် ခုန်လာခဲ့၏။

အရှိန်နှုန်း ပိုမို တိုးလာခြင်းနှင့် အတူ သူတို့အားလုံး၏ အမြင်အာရုံများမှာ ဝေဝါးလာသည်။ မကြာခင်မှာပင် သူတို့သည် မျှော်စင်ထက်သို့ ရောက်ရှိလာကြသည်။ ကျင့်ကြံခြင်း အဆင့်နိမ့်ကျသူများနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု မလုံလောက်သော လူများမှာ ဝေဝေဝါးဝါး ဖြစ်ကြ၏။ သန်မာသူများ ပင်လျှင် အမြင်အာရုံကို ပြန်ရရန် မနည်း ကြိုးစားနေရသည်။

အခြားတစ်ဖက်၌ ဝေ့ဝူယင်သည် ပန်းတိုင်သို့ ရောက်ပြီဖြစ်ကြောင်း သိသည်နှင့် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ဝူနက္ခတ် မျှော်စင်ကို အနီးကပ် မြင်တွေ့လိုက်ရစဥ်၌ သူ၏ အတွင်းစိတ်မှာ အလိုချင်ဆုံး အိမ်မက်တစ်ခု ပြည့်မြောက်သွားသည့် အူမြူးမှုမျိုး ခံစားလိုက်ရသည်။

၎င်းသည် ရှည်လျား ခန့်ထည်ကာ အနက်ရောင် အဆင်း ရှိသည်။ ထိုအနက်ရောင် မျက်နှာပြင်ပေါ်တွင် နစ်ဝင်နေသည့် ကြယ်ရောင် အလင်းများက လျှို့ဝှက် ဆန်းကြယ်သော ခံစားချက် တစ်မျိုးကို ထုတ်လွှတ်နေသည်။ ညကောင်းကင်ကို မော့ကြည့်ရင်း ကြယ်လေးများ လွတ်လပ်စွာ ပျံဝဲနေသည်ကို မြင်တွေ့လိုက်ရသလိုပင်။ ထိုအရာက ကောင်းကင်တွင် ကြယ်တာရာများနှင့် အပြိုင် ပျံသန်းရန် ကျင့်ကြံသူများ လိုက်လံ ရှာဖွေနေသည့် အမှန်တရားလား။

ဝေ့ဝူယင်၏ မျက်လုံးများက မျှော်စင် တစ်လျှောက် တွဲလွဲခိုနေသည့် ရောင်စုံ အခိုးအငွေ့များထံ ရောက်ရှိသွားသည်။ ထိုအရာများမှာ အလွန် ပါးလွှာကာ အနားသို့ တိုက်ရိုက် သွားရောက် ထိတွေ့ခြင်းမှ တစ်ပါး သတိမထားမိလောက်အောင်ပင်။

မီတာ ကိုးရာကျော် အမြင့်တွင် ရပ်တည်နေသည့် မျှော်စင်၏ ရှုမျှော်ခင်များကို မည်သူမျှ အပြည့်အဝ မခံစားရသေးခင်မှာပင် အားလုံး၏ ခန္ဓာကိုယ်များမှာ လေးလံလာ၏။ ဝေ့ဝူယင်သည် ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းသိမ်းရင်း ပတ်ဝန်းကျင် အသစ်ကို အကဲခတ်လိုက်သည်။ ထိုအခိုက်၌ အားလုံးသည် မူးဝေနေသော ပုံစံများဖြင့် ကြွေပြားကြမ်းခင်းပေါ်တွင် ရှိနေကြသည်။

သူတို့သည် ဘာမှမရှိသည့် အခန်းကျယ်ကြီး တစ်ခုထဲသို့ ရောက်ရှိနေကြခြင်း ဖြစ်၏။ သူတို့၏ နံဘေးတွင် ရှိသမျှ အရာအားလုံးကား နံရံလေးခုနှင့် အလင်းရောင် ဖျော့ဖျော့ ထွက်နေသည့် တစ်ခြမ်းပြတ် စက်ဝိုင်း တစ်ခုပင် ဖြစ်သည်။

ထိုအလင်းရောင်ကပင် အမှောင်ထုကို သိမ်းပိုက် ဝါးမျိုခြင်း မပြုနိုင်အောင် တားဆီးထားသည့် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်။ ထိုတစ်ခြမ်းပြတ် စက်ဝိုင်း၏ ထိပ်တွင် အနက်‌ရောင်နှင့် ရွှေရောင် ကနုတ်ပန်းဆွဲများ ရှိကာ ယင်း၏ လက်မတိုင်းမှာ ရှုပ်ထွေးသည်ထက် ပိုသော ချီအစီအရင်များဖြင့် ပြည့်နှက်နေသည်။

ရှန်းလင်သည် ငွေရောင် ဂိတ်တံခါး၏ ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူမက သိချင်စိတ် အပြည့်ဖြင့် စူးစမ်း နေကြသည့် လူငယ်များအား အေးအေးဆေးဆေး ကြည့်လိုက်ရင်း ပြောလိုက်သည်။

“မင်းတို့ အနေနဲ့ ဒီမျှော်စင်ကို ဝူနက္ခတ်‌ မျှော်စင်လို့ ရည်ညွှန်းနိုင်ပါတယ်... ဒါပေမဲ့ မင်းတို့ သိထားကြသလိုမျိုး မျိုးနွယ်တစ်ခုရဲ့ ကံကြမ္မာကို တည်ငြိမ်စေတဲ့ မျှော်စင်တော့ မဟုတ်ဘူး... ဒါကို နက္ခတ်မျှော်စင်လို့ပဲ ခေါ်ရင် ပိုမှန်လိမ့်မယ်”

“ဒါဆို ဒီမျှော်စင်က ဝူနက္ခတ်မျှော်စင် မဟုတ်ဘူးပေါ့”

ဝူမျိုးနွယ်၏ ပါရမီရှင် တစ်ဦးက စိတ်ပျက်အားငယ်သော လေသံဖြင့် ပြောလိုက်သည်။

“ဟားဟားဟား... ဝူမျိုးနွယ်က လူလိမ်တွေ ဆိုတာ အစောတည်းက ငါ သိတယ်... သူတို့ရဲ့ ကံကြမ္မာက ဘယ်လိုလုပ်ပြီး တည်ငြိမ်နိုင်မှာလဲ”

သန်မာ ထွားကျိုင်းသော လူကြီးတစ်ယောက်က အော်ဟစ် ရယ်မောလိုက်၏။ သူ၏ တိုင်းပြည်နှင့် ဝူတိုင်းပြည်က ရန်ဘက်များ ဖြစ်ကြပြီး ယခုကဲ့သို့ ဝူနက္ခတ် မျှော်စင်မှာ ၎င်းတို့၏ ကံကြမ္မာကို တည်ငြိမ်စေနိုင်သည့် ဝှက်ဖဲ တစ်ခု မဟုတ်ကြောင်း သိရှိလိုက်ရခြင်းက သူ့အား စိတ်သက်သာရာ ရစေသည်။

အကယ်၍ တစ်နေ့ အနန္တ ကုန်းမြေတိုက်ကြီးကို ပြန်လည် ရောက်ရှိပါက ထိုသတင်းကို သူ ကျိန်းသေ ဖြန့်ပစ်မည် ဖြစ်သည်။

“ဒါဆို ဒီမျှော်စင်ရဲ့ အစစ်အမှန် အဆင့်အတန်းက ဘာလဲ”

တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော တောက်ပသော မျက်လုံးများ ပိုင်ရှင် မိန်းကလေး တစ်ယောက်က စိတ်ဝင်တစား မေးလိုက်သည်။ သူမ၏ မျက်လုံးများသည် အခန်းအား အလင်းပေးနေသည့် တစ်ခြမ်းပဲ့ စက်ဝိုင်းကို ငေးကြည့်နေ၏။ ထိုမွေးခွန်းကား အားလုံး သိချင်နေသည့် မေးခွန်းဖြစ်ရာ သူတို့က အာရုံစိုက်ကာ နားထောင်လိုက်ကြသည်။

“အဲဒါက ငါတို့ဂိုဏ်းရဲ့ ဟင်းလင်းပြင် ဂိတ်တံခါး ခြောက်ဆယ့် ခုနစ်ခုထဲက တစ်ခုပေါ့... ငါတို့ဂိုဏ်းက ပိုင်တဲ့ ဟင်းလင်းပြင် ဂိတ်တံခါးတွေကို အနန္တ ဟင်းလင်းပြင် ဂိတ်တံခါးတွေလို့ ခေါ်တယ်... ဒီဂိတ်တံခါးတွေကို ငါတို့ဂိုဏ်းရဲ့ ပညာရှင်တွေက အမတေ ရတနာအမျိုးမျိုး အထူးသဖြင့် အာကာသ အမတေ ကျောက်တုံးတွေကို သုံးပြီး တည်ဆောက်ထားတာ”

“အရှင်းလင်းဆုံး ဥပမာ ပေးရရင် မင်းတို့ရဲ့ လက်တွေမှာ ရှိတဲ့ သိုလှောင် လက်စွပ်နဲ့ ဖွဲ့စည်းပုံ အတူတူပဲ လို့ ပြောလို့ရတယ်... ဒီဂိတ်တံခါးတွေက မိုင်ပေါင်း ကုဋေချီ ဝေးကွာလှတဲ့ နေရာနှစ်ခုကို တည်တည်ငြိမ်ငြိမ်နဲ့ သွားလာနိုင်အောင် ချိတ်ဆက်ပေးထားတယ်... နှစ်ပေါင်းတစ်ရာ သွားလာရမယ့် ခရီးကို မျက်တစ်တစ်မှိတ် အတွင်းမှာပင် ရောက်သွားအောင် ပို့ဆောင် ပေးနိုင်တယ်... ဒါပေမဲ့ မင်းတို့ဆီမှာ ပစ္စည်းတစ်ခု ရှိဖို့တော့ လိုအပ်တာပေါ့”

သူမက ဘဲဥ ပုံသဏ္ဌာန် ရှိသည့် ခပ်သေးသေး ငွေရောင် ပစ္စည်းလေး တစ်ခုကို အင်္ကျီရင်ဘတ် အတွင်းမှ ထုတ်ယူလိုက်သည်။

“ဒါကို အာကာသ အာကာသ ဓာတ်လုံးလို့ ‌ခေါ်တယ်... ဒီအပေါ်မှာကို ကိုသြဒီနိတ် အမှတ်တွေ ရှိတယ်... ဟင်းလင်းပြင် ဂိတ်တံခါးက ကြိုတင်သတ်မှတ်ထားတဲ့ ကိုသြဒီနိတ် အမှတ်တွေဆီ မင်းတို့ကို ပို့ပေးနိုင်တယ်... မင်းတို့မှာ အာကာသ ဓာတ်လုံး မရှိဘူး ဆိုရင်၊ သွားရမယ့် တည်နေရာကို သိမထားဘူး ဆိုရင် ဒီဟင်းလင်းပြင် ဂိတ်တံခါးကို ဘယ်လိုမှ အသုံးပြုနိုင်မှာ မဟုတ်ဘူး”

လူတိုင်း၏ မျက်လုံးများမှာ အာရုံစိုက် နေကြ၏။ ထိုအရာလေးက မိုင်ပေါင်း သန်းဆယ်ချီ အကွာအဝေးကို လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် ခွင့်ပြုထားသလော။

နေဦး...

ကြယ်များအကြား ဖြတ်သန်းသွားလာနိုင်သည့် ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိလျှင်ပင် ထိုအာကာသ ဓာတ်လုံး မရှိပါက အိမ်သို့ မပြန်နိုင်တော့ဘူးလား။ နောက်ပြီး အာကာသ ဓာတ်လုံးပင်လျှင် ထိုအပ်ပါက ထိုဂိုဏ်းမှာ မည်မျှ ကွာဝေးနေသနည်း။ ဂိုဏ်းဝင်ခွင့် စာမေးပွဲကို ကျရှုံးပါက အိမ်ပြန်ရန် လမ်းစမှာ ပျောက်ဆုံးသွားတော့မည်လော။ သို့လောသို့လော အတွေးများမှာ လူငယ်များ၏ ခေါင်းအတွင်း ဝင်ရောက်လာခဲ့ကြ၏။

ဝေ့ဝူယင်မှာ တည်ငြိမ်စွာပင် ရှိနေခဲ့သည်။ သေသည် ဖြစ်စေ၊ ရှင်သည်ဖြစ်စေ... အနန္တ ကုန်းမြေတိုက်ကြီးတွင် သူ သံယောဇဥ် တွယ်စရာ မိသားစု မရှိချေ။ ဂိုဏ်းအဖွဲ့ မရှိချေ။ ချစ်သူ မရှိချေ။

သူ့အတွက် ဤသည်မှာ ဘဝသစ် တစ်ခု စတင်ခြင်း ဖြစ်သည်။ ထိုထက် ပိုပြောရလျှင် မိုးကုပ် စက်ဝိုင်း အသစ်၊ ခမ်းနားသော ကောင်းကင် အသစ်...

ရှန်းလင်က လူငယ်များ၏ စိုးရိမ်တကြီး မျက်နှာများကို ကြည့်ရင်း ဆက်လက် ရှင်းပြလိုက်သည်။

“နားလည်အောင် ပြောရရင် ငါတို့ဂိုဏ်းက အနန္တ ကုန်းမြေတိုက်ကြီးနဲ့ မိုင်ပေါင်း မရေမတွက်နိုင်အောင် ဝေးကွာလွန်းတယ်... မင်းတို့ အနေနဲ့ အာကာသ ဓာတ်လုံး မရှိဘူး ဆိုရင် ဘယ်တော့မှ အိမ်ပြန်နိုင်တော့မှာ မဟုတ်ဘူး... ဝင်ခွင့် စာမေးပွဲကို ကျရှုံးပြီး အသက်ရှင်ကျန်ရစ်မယ် ဆိုရင်‌တောင် မင်းတို့ သောင်တင်ပြီး ကိုယ့်ဘဝကို ရုန်းကန် ကြရလိမ့်မယ်”

“ဒီတိုက်ကြီးမှာတော့ မင်းတို့ရဲ့ ကျင့်ကြံခြင်း အဆင့်က အထင်ကြီးစရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ဟိုမှာတော့ မင်းတို့ထက် ပိုပြီး သန်မာတဲ့ လူတွေတောင် လယ်ယာအလုပ်ကို လုပ်ကိုင်နေကြရတယ်”

ရှန်းလင်၏ စကားကို နားထောင်ရင်း လူငယ်များ၏ မျက်နှာများမှာ ဖြူရော်သွားကြ၏။ သူတို့ထက် ပိုမို သန်မာသူများ ပင်လျှင် လယ်ယာအလုပ်ကို လုပ်ကိုင်နေရသည်လား။ ဤသို့ဆိုလျှင် ဂိုဏ်းဝင်တစ်ယောက် ဖြစ်လာရန် မည်မျှ ခက်ခဲမည်နည်း။

ရှန်းလင်က သူတို့၏ အတွေးများကို ရိပ်မိနေဟန်ဖြင့် ပြုံးကာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မစိုးရိမ်ပါနဲ့... ဝင်ခွင့် စာမေးပွဲမှာ မင်းတို့ရဲ့ ပါရမီကိုပဲ စစ်ဆေးမှာပါ... ကျင့်ကြံခြင်း အဆင့်ကို စစ်ဆေးမှာ မဟုတ်ဘူး...”

“ကဲ... နောက်မှ ဆက်ပြောကြတာပေါ့... အရင်ဆုံး သွားကြမယ်”

အခြေအနေများက စိတ်ကူးယဥ်သလောက် မရိုးရှင်း‌ကြောင်း သိရှိနားလည်လာခဲ့ရာ လူငယ်အချို့မှာ မသေချာ မရေရာမှုများကို စတင် ခံစားနေရပြီ ဖြစ်သည်။ သူတို့ နောက်ဆုတ်ကာ ထွက်သွားသင့်သလော။ တက်ကြွလန်းဆန်းနေသော ရည်ရွယ်ချက်များကား နေ၏ အပူချိန်နှင့်အတူ နှင်းခဲများ အလား အရည်ပျော်သွာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ရှန်းလင်သည် သူတို့အား နောက်တစ်ကြိမ် ထွက်ခွာရန် ရွေးချယ်ခွင့် မပြုတော့ချေ။ သို့ဖြစ်ရာ သူတို့တွင် ရှေ့ဆက်ရန်က လွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

ရှန်းလင်သည် အာကာသ ဓာတ်လုံးကို တစ်ခြမ်းပဲ့ စက်ဝိုင်းအတွင်းရှိ လွတ်နေသော နေရာထဲသို့ ထည့်လိုက်၏။ ၎င်းသည် အံဝင်ခွင်ကျပင် ဝင်သွားကာ ထူးဆန်းသော အသံတစ်မျိုးကို ပြုလျှက် စတင် လည်ပတ်လာသည်။ အရှိန် ပိုမို မြင့်တက်လာသည်နှင့် အမျှ အမျိုးမျိုးသော အလင်းများမှာ တစ်ခြမ်းပဲ့ စက်ဝိုင်း အတွင်းမှ ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာ၏။

ဝေ့ဝူယင်သည် တိတ်တဆိတ်ပင် ဖြစ်ရပ်အလုံးစုံကို စူးစမ်းနေ၏။ တစ်ခြမ်းပဲ့ စက်ဝိုင်းသည် အားကောင်းသော ဟင်းလင်းပြင် စွမ်းအားများအား ဗဟိုချက်၌ စုစည်းနေသလို သူခံစားလိုက်ရသည်။ သို့သော်လည်း မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ၎င်းမှာ လုံးဝ ရပ်တန့်သွား၏။ ပြိုးပြိုးပြက်ပြက် အလင်းတန်းများ မရှိတော့သလို တစ်ခြမ်းပဲ့ စက်ဝိုင်းကိုလည်း မမြင်ရ‌တော့ချေ။

ထိုအခိုက်၌ သူတွေ့နိုင်သည့် တစ်ခုတည်းသော အရာက အနက်ရောင် တွင်းပေါက် တစ်ခုသာလျှင် ဖြစ်၏။ ထိုတွင်းပေါက်မှာ အဆုံးမဲ့ နက်မှောင်နေကာ ဘယ်ဆီဘယ်ဝယ်မှန်း မသိနိုင်သော ခံစားချက် တစ်မျိုးကို ထုတ်လွှတ်နေသည်။

ဝေ့ဝူယင်၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားခဲ့၏။ ထိုအရာက အန္တရာယ်များနှင့် ပြည့်နှက်နေသည့် အမှောင်မိုက်ဆုံး ချောက်ကြီးတစ်ခုလိုပင်။

“ကဲ... အထဲကို ဝင်ကြ...”

ရှန်းလင်က အားလုံးကို အချက်ပြလိုက်၏။ သို့သော်လည်း မည်သူမျှ တုတ်တုတ် မလှုပ်ကြချေ။ လူငယ်များမှာ တစ်ယောက် အခြေအနေကို တစ်ယောက် စောင့်ကြည့်နေကြ၏။ ဥစ္စာကို ကံစောင့်၊ အသက်ကို ဉာဏ်စောင့်သည် မဟုတ်ပါလော။

အတန်ကြာ တိတ်ဆိတ်ပြီးနောက်၌ ပထမဆုံး အနေဖြင့် ဝေ့ဝူယင်မှာ ရှေ့သို့ တိုးလာခဲ့သည်။ ပိုင်လင်နှင့် စုမေ့တို့မှာလည်း မဆိုင်းမတွပင် သူ၏ ဘေးတစ်ဖက် တစ်ချက်မှ ရပ်လိုက်ကြသည်။ တည်ငြိမ်ကာ အကြောက်အလန့် ကင်းမဲ့နေသည့် သူတို့၏ မျက်လုံးများကို ကြည့်ရင်း ဝေ့ဝူယင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

“ငါတို့...”

ဝေ့ဝူယင် တိတ်တဆိတ် ပြောလိုက်ရာ စုမေ့နှင့် ပိုင်လင်တို့က ခေါင်းညိတ်လိုက်ကြ၏။

ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် သူတို့ သုံးယောက်မှာ အနက်ရောင် တွင်းပေါက် အတွင်း တိုးဝင်ကာ ခပ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြတော့သည်။

ရှန်းလင်က တောက်ပစွာ ပြုံးလိုက်၏။

“သူက တကယ့်ကို ထူးခြားတယ်...”

တစ်ချိန်တည်း၌ နာ့ရှင်းရီမှာ နှုတ်ခမ်းများကို ကိုက်ကာ ထိုမြင်ကွင်းကို ငေးကြည့်နေ၏။ သူမ၏ မျက်လုံးများက မရေရာမှုများဖြင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်၏ အကြောက်အလန့် ကင်းမဲ့သော သွင်ပြင်က သူမ၏ ရင်ကို လှုပ်ခါစေသည်။ သူမ အနေဖြင့် သူ့နောက်သို့ လိုက်သွားသင့်သလော။

သူမက ဘေးနားသို့ လှည့်ကြည့်လိုက်ရာ လုံချန်၏ တွေဝေနေသော မျက်လုံးများကို တွေ့မြင်လိုက်ရ၏။ မရေရာသော အကြောင်းပြချက် တစ်ခုကြောင့် ဝေ့ဝူယင်မှာ ပိုမို လေးစားဖို့ ကောင်းသည်ဟု သူမ တွေးလိုက်မိသည်။

သူမသည် ကြောက်တတ်သူ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ကြောက်မက်ဖွယ်ရာ ကိစ္စများကို ဘဝတွင် ကြုံတွေ့ရမည်က မလွဲမသွေပင် ဖြစ်သည်။ သူမသည် ကြောက်ရွံ့စိတ်ကို ကျော်လွှားနိုင်သူ ဖြစ်ချင်သည်။ ဝေ့ဝူယင် ပင်လျှင် လုပ်နိုင်လျှင် သူမရော မည်ကဲ့သို့ မလုပ်နိုင်ရမည်နည်း။

ဆုံးဖြတ်ပြီးသည်နှင့် နာ့ရှင်းရီမှာ ခိုင်ကျည်သော ခြေလှမ်းများနှင့် အနက်ရောင် တွင်းပေါက်ကြီး အတွင်း လှမ်းဝင်လိုက်တော့၏။

***

All Chapters