ကမ္ဘာသစ်
Vol. 12 Ch. 156
အနက်ရောင် တွင်းပေါက်အတွင်း ဝင်ရောက်သည်နှင့် ဝေ့ဝူယင်မှာ မျက်လုံးများကို မှိတ်လိုက်ရသည်။ နေထက် အဆများစွာ ပိုမိုသော အလင်းက သူ၏ ငွေရောင် မျက်လုံးများကို တဒင်္ဂမျှပင် ကွယ်သွားစေသည်။ ထိုအရာနှင့် ချိန်ညှိရန် ဝေ့ဝူယင် အချိန် တစ်ခဏ ယူရဦးမည် ဖြစ်သည်။ သို့သော်လည်း ခြေထောက်အောက်ရှိ မြေပြင်မှာမူ ညီညာနေကြောင်း သူ ခံစားနိုင်၏။
“အာကာသထဲမှာ ပြုတ်ကျ သွားသလိုမျိုး ခံစားရလိမ့်မယ်လို့ ငါထင်ထားခဲ့တာ... ခုကျ ဘာမှလည်း ထူးထူးဆန်းဆန်း မရှိဘူး... သာမန် တံခါးတစ်ချပ်ကို ဖြတ်သွားတာနဲ့တောင် တူနေသေးတယ်... သိုလှောင်လက်စွပ်ထဲက ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ရသလိုပဲ”
စူးရှသော အလင်းရောင်နှင့် အသားကျသွားချိန်၌ ဝေ့ဝူယင် ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ အမြင်အာရုံက ပုံရိပ်ဖမ်း သလင်းကျောက်အလား အရာအားလုံးကို စွဲမြဲစွာ မှတ်သားရန် တာဆူနေသည်။
ဝေ့ဝူယင် ရင်တဒိတ်ဒိတ် ခုန်လာခဲ့၏။ သူသည် ငယ်ရွယ်စဥ် ကလေးဘဝတည်းက အပြောကျယ်သော စကြဝဠာ အတွင်း ခြေဆန့်ရန် စိတ်ကူးယဥ်ခဲ့ဖူးသည်။ အမျိုးအမည် မသိရသော တိုင်းပြည်များကို ဖြတ်ကျော်ကာ ဆန်းကြယ်သည့် နတ်ဆိုးများ၊ မိစ္ဆာများနှင့် တွေ့ဖူးချင်ခဲ့သည်။ ဤနေ့သည် အိပ်မက်ခဲ့ရသည့် ဘဝတစ်ခု၏ အစ ဖြစ်ကောင်းပေလိမ့်မည်။
သူ ပထမဆုံး တွေ့လိုက်ရသည့် အရာက နေ ဖြစ်သည်။ သို့သော် နေက တစ်စင်းတည်း မဟုတ်။ သုံးစင်းတိုင်တိုင်ပင်။
ဤနေသုံးစင်းသည် အကန့်အသတ် ကင်းမဲ့ကာ တောက်ပ နွေးထွေးသည့် နေရောင်ခြည် သုံးဖြာဖြင့် လောကကြီးကို သိမ်းပိုက်ထားသည်။ ၎င်းတို့သည် အရွယ်အစား အမျိုးမျိုး ရှိသော်လည်း တစ်ခုနှင့် တစ်ခု ပိတ်ဆို့ခြင်း၊ ဖုံးအုပ်ထားခြင်း မရှိချေ။ ပို၍ ဆန်းကြယ်သည်က ၎င်းတို့အားလုံးမှာ အရောင် မတူညီကြချေ။
အသေးငယ်ဆုံး နေမှာ တောက်ပနေသည့် လတစ်စင်းနှင့် တူညီကာ ပန်းရောင် ဖျော့ဖျော့ အလင်းကို ထုတ်လွှတ်ပေးနေသည်။ အဝေးမှ ပင်လျှင် ထိုနေ၏ မျက်နှာပြင်ထက်၌ တရိပ်ရိပ် လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်နိုင်သည်။ ထိုအရိပ်များမှာ နေမီးတောက်များ အဆုံးမဲ့ ပေါက်ကွဲနေခြင်းလော။ ဝေ့ဝူယင် ထိုကဲ့သို့ အရာမျိုး တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။
အကြီးဆုံး နေမှာ အလယ်အလတ်နေထက် သုံးဆမျှ ပိုမို ကြီးမားသည်။ ၎င်းသည် အဝါရောင် တောက်တောက် ဖြစ်ကာ ဤကမ္ဘာပေါ်ရှိ နေရာအများစု အတွက် အဓိက အလင်း ရင်းမြစ်ကို ပံ့ပိုးပေးထားသည်။ ၎င်း၏ ရောင်ခြည်တန်းများက ရွှေရောက် တဝင်းဝင်း တလက်လက် တောက်ပနေရာ မြင်ရသည်မှာ ခမ်းနား ထည်ဝါလှသည်။
နောက်ဆုံးနေမှာ အဖြူရောင် ဖြစ်ပြီး ထူးခြားဆန်းပြားမှု သိပ်မရှိလှချေ။ ၎င်းက အနန္တ ကုန်းမြေတိုက်ကြီးတွင် တွေ့ရသည့် နေနှင့် ပုံသဏ္ဌာန် အတူတူပင် ဖြစ်သည်။
“နေသုံးစင်းနဲ့ ကမ္ဘာ...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ တံခါးတစ်ချပ်ကို ဖြတ်၍ သူတို့ ဘယ်လောက် ဝေးဝေးကို ခရီးနှင်ခဲ့ကြသနည်း။
“ဒီနေရာမှာ ရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ အမတေ တွေက ပိုသိပ်သည်းတဲ့ အပြင် ပိုလည်း သန့်စင်တယ်”
ဘေးနားမှ စုမေ့၏ အသံက ထွက်ပေါ်လာသည်။ ထိုအခါတွင်မှ ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်ကို စူးစမ်းရန် သတိရသွား၏။
သူမ ပြောတာ မှန်သည်။ ဤနေရာရှိ အမတေမှာ အလွန် ထူထပ်သိပ်သည်းကာ နားမည်နိုင်လောက်သည့် အဆင့် အထိ သန့်ရှင်းနေသည်။ အနန္တ ကုန်းမြေတိုက်ကြီးတွင် ဆိုလျှင် ထိုမျှ ကြွယ်ဝသည့် အမတေ ရင်းမြစ်ကို အမတေ ကျောက်တုံးများမှ စုပ်ယူခြင်းဖြင့်သာ ရရှိနိုင်သည်။
ဝေ့ဝူယင် ကျင့်ကြံခြင်း အခြေခံကို လှည့်ပတ် ကြည့်လိုက်၏။ အသက်တစ်ခါ ရှူသွင်းခြင်းတွင် အမတေ ကျောက်တုံး တစ်တုံး၏ အပုံတစ်ထောင်ပုံ တစ်ပုံ ပမာဏ ပါဝင်နေကြောင်း သူ လွယ်ကူစွာ ခန့်မှန်းလိုက်နိုင်သည်။ ထိုအရာက အသက် အကြိမ် တစ်ထောင် ရှူခြင်းဖြင့် အမတေ ကျောက်တုံး တစ်တုံးနှင့် တူညီသည့် အမတေ ရင်းမြစ်ကို စုပ်ယူနိုင်သည်ဟု အဓိပ္ပာယ် ရသည်။ ရူးသွပ်လောက်စရာပင်။
ဘုန်း...
ပိုင်လင်က မြေပြင်ကို ခြေထောက်ဖြင့် နင်းလိုက်၏။ အနန္တ ကုန်းမြေတိုက်ကြီးတွင် ဆိုပါက သူ၏ အလေးချိန်နှင့် ခွန်အားအောက်တွင် မြေပြင်မှာ ငလျင်နှင့် ကြုံတွေ့ရသကဲ့သို့ လှုပ်ခါသွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ လှုပ်ရန် မဆိုထားနှင့်။ ဖုန်ပင်လျှင် မထချေ။ မြေပြင်အား သံမဏိ ကဲ့သို့ မာကြောနေ၏။ အကယ်၍ ထိုအရာကို ထိုးဖောက်ချင်ပါက ခွန်အား ဘယ်လောက် များများ လိုအပ်သနည်း။
“ဒီကမ္ဘာက ဘယ်လိုနေရာမျိုးလဲ...”
ဒဏ္ဍာရီနှင့် ရှေးဟောင်း မှတ်တမ်းများတွင် ဖော်ပြထားသည့် မသေမျိုးတို့၏ ကောင်းကင်ဘုံသို့ ရောက်ရှိသွားသည့် အလား ဝေ့ဝူယင် ခံစားလိုက်ရသည်။
တစ်ချိန်တည်း၌ စုမေ့၏ မျက်လုံးများက မနီးမဝေး နေရာတစ်ခုရှိ အဆောက်အဦ တစ်ခုကို စူးစမ်း နေ၏။ တောင်တန်းများ ကာရံထားသည့် ဆယ်ကီလိုမီတာ ပတ်လည် မြက်ခင်းလွင်ပြင်တွင် ထိုအဆောက်အဦမှ လွဲ၍ အခြား မည်သည့်အရာမှ ရှိမနေခဲ့ချေ။
“အနန္တ အခြေတည် တာအို စေတီ...”
သူမက အသံထွက် ရေရွတ်လိုက်ရာ ဝေ့ဝူယင်မှာ လှမ်းကြည့်လိုက်သည်။ သူ အနည်ငယ် အံ့သြသွား၏။ ထိုစေတီက သူတို့ သွားရောက် လည်ပတ်ခဲ့သည့် အနန္တ စစ်တာအို နန်းတော်၊ အနန္တ ဖန်တီးခြင်းတာအို နန်းတော်တို့နှင့် အတော်လေး ဆင်သည်။ ၎င်းတွင် အရောင်စုံလင်သည့် အထပ်ကိုးထပ် ပါရှိပြီး အမိုးများက ချွန်ထက်သော ပုံသဏ္ဌာန် ရှိသည်။ သို့သော်လည်း ၎င်းက သိပ်ကြီးမားလှခြင်းတော့ မရှိချေ။ တစ်ထပ်ချင်းစီမှာ မီတာ သုံးဆယ်လောက်သာ ကျယ်ဝန်းနိုင်သည်။
စေတီ၏ ထိပ်တွင်မူ ကောင်းကင်ကို ရည်ညွှန်းလျှက် သက်တန့်ရောင် အက္ခရာများနှင့် ပြိုးပြိုးပြက်ပြက် ရေးသားထားသော ဆိုင်းဘုတ် တစ်ခုရှိ၏။ ၎င်းမှာ “အနန္တ အခြေတည် တာအို စေတီ...” အဓိပ္ပာယ်ရကာ “သင့်ရဲ့ ခရီးလမ်းက ဒီမှာ စလိမ့်မယ်၊ သင့်ရဲ့ တာအိုက ဒီမှာ စလိမ့်မယ်” ဟု ပြောပြနေသယောင်ပင်။
များမကြာမီမှာပင် အခြားလူများမှာလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ ရှန်းလင်သည် လုံထျန်းယု၏ လက်ကိုဆွဲကာ နောက်ဆုံးမှ လိုက်ပါလာ၏။
“ကဲ... ပန်းတိုင်ကိုတော့ ရောက်ပြီ... ငါ တစ်ခါတည်း ရှင်းပြမှာ မလို့ အားလုံး သေချာ အာရုံစိုက်ပြီး နားထောင်ကြပါ”
ရှန်းလင်၏ လေသံက စစ်သားတစ်ယောက်၏ အမိန့်ပေးသံ ကဲ့သို့ ပြောင်းလဲသွားသည်။
“အခု ငါတို့က အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ ကြယ်တာရာ ပိုင်နက်ထဲကို ရောက်ရှိနေတာပဲ... မင်းတို့ရဲ့ အနန္တ ကုန်းမြေတိုက်ကြီးနဲ့ မိုင်ပေါင်း မရေမတွက်နိုင်အောင် ဝေးကွာတဲ့ နေရာတစ်ခုပေါ့... မင်းတို့ ငါတို့ နေထိုင်ကြတဲ့ လောက တစ်ခုလုံးကို သုံးလွှာ ကြယ်တာရာ နယ်မြေလို့ ခေါ်တယ်... ဒီသုံးလွှာ ကြယ်တာရာ နယ်မြေကြီးကို ရာနဲ့ချီတဲ့ ကမ္ဘာပြားတွေ၊ စက်ဝိုင်း ပုံသဏ္ဌာန် ဂြိုဟ်တွေ အပြင် ကောင်းကင်မှာ မင်းတို့ မြင်တွေ့နေရတဲ့ နေသုံးစင်းနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတယ်”
“ငါတို့ အနန္တ ဧကရာဇ်ဂိုဏ်းက သုံးလွှာ ကြယ်တာရာ နယ်မြေကို စိုးမိုးထားတဲ့ မဟာ ဂိုဏ်းကြီး ငါးဂိုဏ်းထဲက တစ်ဂိုဏ်းပဲ... မင်းတို့ ကျင့်ကြံခြင်း အဆင့် ပိုမြင့်မားလာတဲ့ တစ်နေ့ကျရင် ပိုပြီး သိလာကြမှာပါ”
“အခု မင်းတို့ဟာ တစ်သက်မှာ တစ်ခါ ရခဲတဲ့ အခွင့်အရေးကြီး တစ်ခုကို ဆုပ်ကိုင်ထားကြတာပဲ... ငါတို့ရဲ့ သုံးလွှာ ကြယ်တာရာ နယ်မြေမှာ မင်းတို့နဲ့ ကျင့်ကြံခြင်း အဆင့်တူတဲ့ လူတွေ မရေမတွက်နိုင်လောက်အောင် ပေါများတယ်... ဒါပေမဲ့ သူတို့ထဲက အများစုက မဟာ ဂိုဏ်းကြီးငါးဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ စိတ်ကူးတောင် မယဥ်နိုင်ကြဘူး... မင်းတို့ကတော့ ဧကရာဇ်တွေ မွေးထုတ်ပေးရာ ဖြစ်တဲ့ ငါတို့ အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်လာနိုင်တဲ့ တိုက်ရိုက် အခွင့်အရေးကို ပိုင်ဆိုင်ထားကြတယ်”
သူမ၏ အကြည့်များက လေးနက်နေကာ လူငယ်တိုင်း၏ စိတ်နှလုံးကို လွှမ်းမိုးနိုင်သည့် ဖိအားတစ်မျိုးအား ထုတ်လွှတ်ထားသည်။ သို့သော်လည်း ထိုဖိအားက သူတို့၏ နှလုံးသား တဒိတ်ဒိတ် ခုန်မှုကိုတော့ မတားဆီးနိုင်ခဲ့ချေ။
ရာနှင့်ချီသော ကမ္ဘာပြားများ၊ စက်ဝိုင်း ပုံသဏ္ဌာန် ဂြိုဟ်များ၊ နေမင်းသုံးစင်းနှင့် မဟာ ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်း...
သူတို့ကား အမှန်တကယ် ကြီးကျယ် ခမ်းနားလှသော ကမ္ဘာသစ်ကြီး တစ်ခုကို ရောက်ရှိလာခဲ့ခြင်းကို ယခုထိ မယုံကြည်နိုင်ကြသေးချေ။ ပတ်ဝန်းကျင် အသစ်နှင့် အသားကျရန် ကြိုးစားရခြင်းမှာ လွယ်မယောင်နှင့် ခက်သော ပြဿနာ တစ်ခု ဖြစ်သည်။ အချို့ဆိုလျှင် မူးဝေဝေနှင့် အိမ်လွမ်းနာပင် ကျနေကြ၏။
ရှန်းလင်က သူတို့ကို မေးခွန်းထုတ်ရန် အချိန် မပေးပဲ ထပ်ပြောလိုက်သည်။
“အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ ကြယ်တာရာ ပိုင်နက်မှာ ကမ္ဘာပြား တိုက်ကြီး ခြောက်ခုနဲ့ ဂြိုဟ်သုံးခု ပါဝင်တယ်... မင်းတို့က အနန္တ ဧကရာဇ်ဂိုဏ်း အခြေစိုက်တဲ့ အနန္တ ဧကရာဇ်ဂြိုဟ်ပေါ်ကို ရောက်ရှိနေကြတာ”
အာရုံစူးစိုက် နားထောင်ရင်း ဝေ့ဝူယင်၏ ဘယ်ဘက် မျက်ခွံက အနည်းငယ် လှုပ်ရှားသွားသည်။ နာမည်ပေးမှုက အတော်လေး ရိုးရှင်းလှသည်။
“ခု ဆက်ပြီးတော့ တပည့် အဆင့်သတ်မှတ်ချက်တွေနဲ့ မင်းတို့ မြင်နေရတဲ့ ငါနောက်က စေတီ အကြောင်းကို ရှင်းပြမယ်”
ရှန်းလင်က မရပ်အနားပင် ဆက်ပြောလိုက်၏။
“အနန္တ ဧကရာဇ်ဂိုဏ်းမှာ တပည့်တွေကို ငါးမျိုး ခွဲခြား သတ်မှတ်ထားတယ်... အခြေတည် ဖုန်မှုန့် တပည့်၊ သေမျိုးဘုံ တပည့်၊ ကမ္ဘာ ရွေးချယ်ခံ တပည့်၊ ကောင်းကင်နိုဘယ်နဲ့ ကောင်းကင် ဧကရာဇ် အဆင့်တွေပဲ...”
“နောက်ပြီး မင်းတို့သိထားရမှာ တစ်ခုက ဒီဂိုဏ်းထဲမှာ အနာဂတ် အလားအလာ ဆိုတာက ဘာတန်ဖိုးမှ မရှိဘူး... မင်းဘာသာ မင်း နတ်ဘုရား တစ်ပါး ဖြစ်ဖို့ အလားအလာပဲ ရှိရှိ ကြယ်တာရာ အမြုတေ အလွှာကို မရောက်ရင် သေမျိုးဘုံတပည့် တစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး”
“ပထမအဆင့်က အခြေတည် ဖုန်မှုန့်အဆင့်ပဲ... ကြယ်တာရာ အမြုတေ အဆင့်ကို မရောက်သေးတဲ့ ကျင့်ကြံသူ အားလုံးက အဲဒီ အဆင့်မှာ အကျုံးဝင်တယ်”
“မင်းတို့ အနေနဲ့ ဒုတိယ အဆင့်ဖြစ်တဲဘ သေမျိုးဘုံ အဆင့်ကို ရောက်ချင်တယ် ဆိုရင်တော့ လိုအပ်ချက် တစ်ခုပဲ ရှိတယ်... အဲဒါက ကြယ်တာရာ အမြုတေ အဆင့်တစ်နဲ့ အဆင့်နှစ်ကို ရောက်ရှိဖို့ပဲ”
“တတိယ အဆင့်ဖြစ်တဲ့ ကမ္ဘာ ရွေးချယ်ခံ တပည့်တွေမှာတော့ ကြယ်တာရာ အမြုတေ အဆင့်သုံးတွေ ပါဝင်တယ်”
"စတုတ္ထ အဆင့်ဖြစ်တဲ့ ကောင်းကင် နိုဘယ် အဆင့်ကတော့ နည်းနည်း ထူးဆန်းတယ်... အဲဒီ အဆင့်ကို ထူးခြားတဲ့ စွမ်းရည်တွေ၊ တိုက်ခိုက်ရေး စွမ်းအားတွေနဲ့ ဆုံးဖြတ်တယ်... မင်းတို့ အနေနဲ့ ကမ္ဘာ ရွေးချယ်ခံ အဆင့်ကို ရောက်ရှိပြီးတဲ့နောက် အခြားလူတွေနဲ့ ကွဲပြားကြောင်း ပြနိုင်ရင်၊ ထိပ်တန်း တိုက်ခိုက်ရေး သမားတွေကို ကျော်ဖြတ်နိုင်ရင် အဲဒီ အဆင့်ကို ရရှိဖို့ အခွင့်အလမ်း ရှိတယ်”
“ပဥ္စမမြောက်နဲ့ နောက်ဆုံး တပည့် အဆင့်ဖြစ်တဲ့ ကောင်းကင် ဧကရာဇ် အဆင့်ကတော့ မင်းတို့ ရောက်ရှိနိုင်တဲ့ အကန့်အသတ်ထက် အများကြီး ကျော်လွန်နေတယ်... ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာရောပေါ့... ငါ ထပ်ပြီး ရှင်းမပြတော့ဘူး... ဘာလို့လဲ ဆိုတော့ အသက် ငါးရာကျော်တာနဲ့ မင်းတို့က အလိုအလျောက် အကြီးအကဲ အဆင့်ကို တိုးမြှင့်ခံရမှာ မလို့ပဲ”
သူမ၏ မျက်လုံးများက ဝေ့ဝူယင်ထံသို့ ရောက်ရှိသွားသည်။ ချိုမြိန်သော အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းတွင် တွဲလွဲခိုလာ၏။
“ဒါပေမဲ့ ခြွင်းချက်တွေတော့ ရှိတာပေါ့... ယန္တရား ပညာရှင်တွေနဲ့ အဂ္ဂိရတ် ပညာရှင်တွေလို ထူးချွန်ထက်မြက်တဲ့ တွေဟာ အဲဒီ ခြွင်းချက်တွေကို ခံစားနိုင်ကြတယ်... သူတို့ဟာ ဂိုဏ်းကို နည်းအမျိုးမျိုးနဲ့ အကျိုးပြုနိုင်ကြတဲ့ အတွက် ဂိုဏ်းက ဘက်ပေါင်းစုံက ကာကွယ် ချီးမြှင့်ပေးတယ်... ကျင့်ကြံခြင်း အခြေခံဟာ သူတို့အတွက် အတားအဆီး ဖြစ်လိမ့်မှာ မဟုတ်ဘူး”
ဝေ့ဝူယင်သည် အဂ္ဂိရတ် ဧကရာဇ် တစ်ပါးဖြစ်သည်။ သူ့အား ထိုနယ်ပယ်တွင် အလွန်အမင်း ထူးချွန်သည်ဟု ယူဆနိုင်သည်။ သူဖန်တီးလိုက်သည့် အဆင့်ခုနစ် ဆေးများမှာ ကြယ်တာရာ အမြုတေ အဆင့် တစ်၊ နှစ်နှင့် သုံး အဆင့်များကိုပင် တိုးတက်စေနိုင်စွမ်း ရှိသည်။ အဆင့်မြင့် ကျင့်ကြံသူများစွာ မွေးထုတ်နိုင်သည့် သူ့အား ကောင်းကင် နိုဘယ် အဆင့် အဖြစ် သတ်မှတ်ပေးခြင်းက လွန်ကဲလိမ့်မည် မဟုတ်ချေ။
“ငါ့နောက်မှာ ရှိတဲ့ စေတီကို အနန္တ အခြေတည် တာအို စေတီလို့ ခေါ်တယ်... အဲဒါက မင်းတို့ ဂိုဏ်းဝင် တစ်ယောက် ဖြစ်ဖို့ ထိုက်တန်လား မတန်လား ဆိုတာ စစ်ဆေးမယ့် နေရာပဲ”
"အဆင်သင့် ဖြစ်တာနဲ့ မင်းတို့ စေတီထဲကို ဝင်လို့ရပြီ... အချိန် ကန့်သတ်ချက် မရှိဘူး... မင်းတို့ အနေနဲ့ ဆန္ဒရှိရင် နောက်နှစ်ငါးဆယ်လောက် စောင့်ပြီးမှ စေတီထဲကို ဝင်လို့ရတယ်... အသက်နှစ်ရာ မကျော်မချင်း မင်းတို့ ကြိုးစားလို့ရတယ်... အဲဒါက အရွယ်အစား သေးငယ်တယ် ဆိုပေမဲ့ မင်းတို့ အားလုံး တစ်ပြိုင်နက်တည်း ဝင်လို့ ရတယ်... ကိုးလွှာမြောက်ကို ခြေချနိုင်တာနဲ့ မင်းတို့ဟာ အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ အခြေတည် ဖုန်မှုန့် အဆင့် တပည့် ဖြစ်လာလိမ့်မယ်... အဲဒီအခါကျရင် အကြီးအကဲ တစ်ယောက်က မင်းတို့ကို လာခေါ်ထုတ်ပြီး ဂိုဏ်းဆီကို ခေါ်သွားပေးလိမ့်မယ်... ဒါပေမဲ့ ကျဆုံးရင်တော့ အိမ်ပြန်မယ့်လမ်းကို မင်းတို့ဘာသာ ရှာဖွေရလိမ့်မယ်”
သူမက အေးစက်စွာ ပြုံးလိုက်၏။
“မင်းတို့ရဲ့ ကမ္ဘာအသစ်ကနေ ကြိုဆိုပါတယ်”
***