မရေရာသော အနာဂတ်
Vol. 12 Ch. 157
လူငယ်အားလုံး၏ တက်ကြွနေသော စိတ်များမှာ အဆုံးတိုင်အောင် ထိုးစိုက်ကျသွားသည်။ သူတို့ အားလုံးသည် အနန္တ ကုန်းမြေတိုက်ကြီးမှ ထိပ်သီး ပါရမီရှင်များ ဖြစ်ကြရာ ရှန်းလင် ပြောသည့် အဓိပ္ပာယ်ကို မည်ကဲ့သို့ နားမလည်ပဲ နေပါမည်နည်း။ အကယ်၍ သူတို့သာ ကျဆုံးခဲ့ပါက တစ်နည်းနည်းဖြင့် အသက်ရှင်ခဲ့လျှင်ပင် အိမ်သို့ ပြန်နိုင်တော့မည် မဟုတ်ပေ။ သူတို့၏ မိသားစုများကို ဘယ်တော့မှ ပြန်တွေ့နိုင်တော့မည် မဟုတ်ချေ။ ဤနေရာတွင်သာ ခေါင်းချရတော့မည် ဖြစ်သည်။
သူတို့၏ မျက်လုံးများမှာ အမျိုးမျိုးသော ခံစားချက်များကို ဖော်ဆောင်လျှက် အနန္တ အခြေတည် တာအို နန်းတော်ဆီသို့ ရွေ့လျားသွားသည်။ ခမ်းနား ကြီးကျယ်သော ဘဝသစ် တစ်ခုအတွက် ထိုအရာက လမ်းစ ဖြစ်ပေလိမ့်မည်။ အကယ်၍ ချွတ်ချော်ခဲ့ပါက ဘဝများမှာ ဆင်းရဲဒုက္ခနွံအတွင်း နစ်မြုပ်သွားပေလိမ့်မည်။
ဤကမ္ဘာ၌ ရပ်တည်နိုင်လောက်သော စွမ်းအား မရှိ။ မှီခိုစရာ ကျောထောက်နောက်ခံလည်း မရှိ။ သူတို့ အားလုံးမှာ တစ်ယောက်တည်းသာ ဖြစ်ပေသည်။
မိနစ် အနည်းငယ် ကြာအောင် လူငယ်များမှာ တိတ်ဆိတ်နေကြ၏။ ရှန်းလင်သည် ခက်ခဲသော လက်တွေ့ဘဝ အတွက် သူတို့၏ ကိုယ်ပိုင် အတွေးများကို လွတ်လပ်စွာ ဖော်ဆောင်ခွင့် ပေးထားသည်။ သူမ ဘာကိုမှ ထပ်မပြောတော့ချေ။
လုံချန်က လက်သီးကို တင်းတင်း ဆုပ်လိုက်၏။ အခြားလူများနှင့် ခြားနားစွာပင် စိန်ခေါ်မှုများကို ဖြတ်ကျော်လိုသော ဆန္ဒက သူ၏ နှလုံးသားကို သိမ်းပိုက်ထားသည်။ သူ ဘာကိုမျှ မကြောက်ချေ။ အနာဂတ်တွင် အနန္တ ကုန်းမြေတိုက်ကြီးကို အတွေးတစ်ချက်ဖြင့်ပင် ပြန်သွားနိုင်သူ ကျိန်းသေ ဖြစ်လာရပေမည်။
ဤသည်မှာ သူ့အတွက် စစ်မှန်သော ခရီးလမ်း အစပင် ဖြစ်သည်။ လက်စွပ် အတွင်းမှ ဝိညာဥ်၏ လမ်းညွှန်ပေးမှု၊ အလျှော့မပေးလိုသော ဆန္ဒတို့ဖြင့် ဤခရီးလမ်းမှာ သူ့အား ကြီးကျယ် ခမ်းနားသော ကမ္ဘာကို ပို့ဆောင်ပေးပေလိမ့်မည်။
သူ၏ ဘေးနားတွင်မူ ချင်ချူးမူ၊ နာ့ရှင်းရီ၊ ဝူပိုင်ကျိုး၊ လျဲ့ယု၊ လင်းကျိရန်နှင့် မင်ရှုဖုန်းတို့မှာ ရပ်နေကြ၏။ သို့သော်လည်း ချင်ချူးမူနှင့် မင်ရှုဖုန်းတို့မှ လွဲ၍ ကျန်မိန်းကလေး အားလုံး၏ အမူအရာများမှာ ပျက်ရွင်းနေကြသည်။ အနာဂတ်တွင် ကျရှုံးသွားနိုင်ချေက သူတို့၏ နှလုံးသားများကို လွှမ်းခြုံထား၏။ သို့သော်လည်း လုံချန်၏ မျက်လုံးထဲရှိ ယုံကြည်ချက်များကို မြင်လိုက်ရသည်နှင့် သူတို့၏ စိုးရိမ်မှုများက တဖြည်းဖြည်း လွင့်ပါးလာသည်။
အကယ်၍ လုံချန် သူ့ကိုယ်သူ ယုံသည် ဆိုလျှင် သူတို့လည်း ယုံကြည်ရပေမည်။
မင်ရှုဖုန်းမှာ ဝေ့ဝူယင်၏ နောက်ကျောကို စိုက်ကြည့်နေသည့် တစ်ဦးတည်းသော သူ ဖြစ်၏။ သူမ၏ လှပသော မျက်နှာတွင်တွင် နက်ရှိုင်းသော မျက်မှောင်ကြုတ်မှု တစ်ခု ရှိနေသည်။ ကံကြမ္မာ ဟောပြောသူ အနေဖြင့် သူမသည် ကောင်းကင်တာအို၏ ဆန္ဒကို ရိပ်မိနိုင်သူ တစ်ဦး ဖြစ်သည်။ ကောင်းကင်တာအို၏ ကောင်းချီးပေးမှုနှင့် အတူ လုံချန်သည် ခမ်းနားသော အနာဂတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း သူမ မြင်တွေ့နိုင်သည်။
သို့သော်လည်း ခြားနားစွာပင် ဝေ့ဝူယင်၏ ကံကြမ္မာကိုမူ မှန်းဆ၍ မရချေ။ သူ ကျိန်းသေ သေဆုံးလိမ့်မည် ဟု သူမ မြင်သည်။ သို့သော်လည်း သူ မသေချေ။ ထို့အပြင် သူသည် ကောင်းကင်တာအိုက သေဆုံးရန် အတည်ပြုထားသည့် မင်းသားကျန်း၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြန်သည်။ ဝေ့ဝူယင်၏ ပြန်ပေးဆွဲမှု ခံရမည့် အကြောင်းကိုလည်း သူမ ကြိုမမြင်နိုင်ခဲ့ချေ။
ကြယ်တာရာ အမြုတေ အဆင့် ကြီးစိုးရာ ကမ္ဘာများ၌ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ နိမ့်ပါးလွန်းလှသည်။ ကျောထောက်နောက်ခံ မရှိသည့် လူတစ်ဦး အနေဖြင့် ကိုယ်ပိုင်ခွန်အားဖြင့် ရပ်တည် ရှင်သန်ရန်မှာ ခက်ခဲလွန်းသည်။ သူမ အနေဖြင့် ကောင်းချီးခံ တစ်ယောက်၏ နောက်ကို လိုက်ရန် လိုအပ်သည်။ ထို့ကြောင့်ပင် လုံချန်၏ အဖွဲ့ထဲမှ မထွက်ပဲ သူမ လိုက်လာခဲ့ခြင်း ဖြစ်သည်။
ကံကြမ္မာ ဟောပြောသူ အများစုသည် ရည်မှန်းချက် သိပ်မရှိကြပဲ နူးညံ့သိမ်မွေ့ကြကာ အခြားသူများ၏ လမ်းပြသဖွယ်သာ နေထိုင်ကြသည်။ သို့သော်လည်း သူမမှာမူ ခြားနားပေသည်။ သူမတွင် ကိုယ်ပိုင် ဘဝ ပန်းတိုင်များ ရှိသည်။
ဝေ့ဝူယင်သည် အနာဂတ်တွင် သူမ၏ အစီအစဥ် အားလုံးအတွက် အဟန့်အတား ဖြစ်လာနိုင်သည်ဟု သူမ ခံစားရသည်။ ထိုစဥ် လျှို့ဝှက် ဆန်းကြယ်သော အလင်းတန်းတစ်ခုက သူမ၏ မျက်လုံးတွင် ဖျတ်ခနဲ တောက်ပသွားခဲ့လေ၏။
“ချင်ချူးမူ သွားကြမယ်”
အတန်ကြာ စောင့်ဆိုင်းပြီးနောက်၌ ရှန်းလင်က ဆိုလိုက်သည်။ သူမ၏ စကားလုံးများကြောင့် အားလုံးမှာ အသိစိတ် ပြန်ဝင်လာကြသည်။
“ဟုတ်ကဲ့...”
ချင်ချူးမူက ဇာပုဝါနောက်မှ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက လုံချန်အား နှုတ်ဆက်သည့် အနေဖြင့် လှည့်ကြည့်လိုက်၏။
လုံချန်က မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်ကို သွားမလို့လဲ”
စောင့်နေရသော ရှန်းလင်မှာ စိတ်မရှည်တော့ချေ။
“အနန္တ ဧကရာဇ်ဂိုဏ်းကလွဲလို့ ဘယ်နေရာ ရှိဦးမှာလဲ... သူက နင့်လို အမှိုက်ကောင် မဟုတ်တော့ တိုက်ရိုက် ဝင်ခွင့် ရထားတယ်”
လုံချန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော်လည်း အဆုံးသတ်၌ ပျော်ရွှင်မှု အချို့က သူ၏ မျက်လုံးအတွင်း နေရာယူ လာခဲ့သည်။
“သွားတော့... ငါ မကြာခင် လိုက်လာခဲ့မယ်”
ချင်ချူးမူက ယုံကြည်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက်တွင် သူမသည် လုံချန်၏ နံဘေးမှ ခွာကာ ရှန်းလင်၏ နံဘေးသွားရောက် ရပ်လိုက်၏။
ရှန်းလင်က နောက်ဆုံးတစ်ကြိမ် အနေဖြင့် ကြေညာလိုက်၏။
“ငါပြောခဲ့သလိုပဲ... မင်းလို့ အသက်နှစ်ရာ မကျော်မချင်း ဘယ်အချိန်ဖြစ်ဖြစ် စေတီကို စိန်ခေါ်လို့ရတယ်... ကံကောင်းကြပါစေ”
ထို့နောက်တွင် သူမက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ ဝေ့ဝူယင်၊ ပိုင်လင်၊ စုမေ့နှင့် ချင်ချူးမူတို့မှာ တစ်စုံတစ်ခု၏ ဆုပ်ကိုင်ခြင်းကို ခံထားရသလို ခံစားလိုက်ရသည်။ ထို့နောက် သူတို့သည် လေထဲသို့ မြောက်တက်လာကာ အရှိန်အဟုန်နှင့် အတူ ရွေ့လျားသွားလေတော့၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ပိုင်လင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို ပင်လျှင် မမြင်တွေ့ရတော့ချေ။
လုံချန်က မိုးကုပ်စက်ဝိုင်းကို ငေးရင်း လက်သီးကို တင်းတင်းဆုပ်လိုက်၏။
“တစ်နေ့ကျ ကျိန်းသေ ပြန်တွေ့ရမှာပါ... ငါ့ကို စောင့်နေပါ”
တစ်ချိန်တည်း၌ နာ့ရှင်းရီ၏ မျက်လုံးများမှာ မှိန်ဖျော့သော အလင်းတို့ဖြင့် တောက်ပနေသည်။ သူမက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ သူမ၏ စိတ်အတွင်း လွန်ဆွဲမှုများ ရှိနေသေးသည့်တိုင် တစ်နေ့တစ်ချိန်၌ သူမ ကျိန်းသေ ရွေးချယ်ရပေလိမ့်မည်။
ထိုရွေးချယ်မှု အပေါ် နောင်တ မရရန်သာ သူမ မျှော်လင့်မိပေသည်။
...
အတောင်ပံ မပါသော ပျံသန်းခြင်းက ဆန်းသစ်သော ခံစားမှု တစ်ခုဆိုလျှင်... မည်သည့် အားစိုက်ထုတ်မှုမှ မပါပဲ ပျံသန်းရခြင်းမှာ လုံးဝ ဆန်းကြယ်လွန်းသည်။
ရှန်းလင်သည် လောက၏ မန်နာကို ထိန်းချုပ်နိုင်ကာ ကောင်းကင်ကို အုပ်စိုးရန် ခွင့်ပြုခံထားရသည်။ လောက၏ မန်နာကို ထိန်းချုပ်နိုင်စွမ်း ရှိသူများမှာ မန်နာ ရှိသည့် နေရာတိုင်းတွင် အကန့်အသတ် မရှိ ပျံသန်းနေနိုင်စွမ်း ရှိသည်။
သူတို့သည် အလွန် လျှင်မြန်လှသော အရှိန်ဖြင့် ကောင်းကင်ကို ဖြတ်သန်းနေ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ကီလိုမီတာ ဆယ်ချီကို ဖြတ်သန်းခဲ့ပြီး ဖြစ်ရာ ယင်းမှာ ပိုင်လင်၏ အမြင့်ဆုံး ပျံသန်းနှုန်းကိုပင် ကျော်လွန်ခဲ့ပြီး ဖြစ်သည်။
ဝေ့ဝူယင်သည် တရိပ်ရိပ် မြင်နေရသည့် ပတ်ဝန်းကျင် ရှုခင်းများကို လေ့လာနေ၏။ ပိုမို မြင့်မားလာသည်နှင့် အမျှ ကောင်းကင်နှင့် မြေကြီး၏ အမတေ ထူထပ်နှုန်းမှာ ပိုမို တိုးလာကာ မြူမှုန်များ သဖွယ် ဖြစ်တည်လာသည်ကို သူ သတိထားလိုက်မိသည်။ ထိုရှာဖွေ တွေ့ရှိမှုက သူ့အား အတွေးနက်စေ၏။
“ကောင်းကင်နဲ့ မြေကြီးရဲ့ အမတေတွေက ကုန်းမြေတိုက်ကြီးတွေက လာတာလား... ဂြိုဟ်တွေကနေ လာတာလား... ဒါမှမဟုတ် ကြယ်တာရာ ကောင်းကင်နဲ့ နေမင်းတွေကနေ လာတာလား...”
သူ သေချာ မသိချေ။ သို့သော်လည်း သူ၏ အတွေးများထဲမှ တစ်ခုခုမှာ အဖြေမှန် ဖြစ်နိုင်ကြောင်း သူ ခံစားရသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ကောင်းကင်ကို ကျော်လွန်၍ ခရီးသွားလာနိုင်ပါက အသန့်စင်ဆုံး အမတေများကို စုပ်ယူကောင်း စုပ်ယူနိုင်ပေလိမ့်မည်။ တိမ်များ၏ အထက်တွင်ရော မည်သည့် အရာများ ရှိနေသနည်း။ ဝေ့ဝူယင်မှာ စူးစမ်းရန် စိတ်အားထက်သန် နေခဲ့၏။
ဤဂြိုဟ်ထက်ရှိ မြက်ခင်းစိမ်းများ၊ လွင်ပြင်များ၊ ကုန်းပြင်မြင့်များ၊ တောင်တန်းများနှင့် သစ်တောများမှာ အနန္တ ကုန်းမြေတိုက်ကြီး ကဲ့သို့ပင် ကျယ်ပြောလှသည်။ လူများနေထိုင်သည့် လက္ခဏာ အဖြစ် ကျောက်တုံးအိမ်များ၊ ရွှံ့အိမ်များ၊ သက်ငယ်အိမ်များကို တွေ့ရသည်။ ၎င်းတို့၏ တည်ဆောက်ထားပုံများမှာ အမှန်တကယ် လက်ရာမြောက်ကာ ဝိညာဥ် အရောင်အဝါများပင် ဖြာထွက်နေသည်။
မြင့်မားသည့် တံတိုင်းကြီး တစ်ခုဖြင့် ကာရံထားသည့် မြို့တစ်မြို့ကိုလည်း သူ တွေ့ရသည်။ ၎င်းမှာ သူ၏ အတွေးများထက်ပင် ပိုမို ကြီးကျယ် ခမ်းနားနေ၏။ အကယ်၍ ဤကမ္ဘာနှင့် လိုက်လျောညီထွေ နေထိုင်လိုပါက သူ့အနေဖြင့် ချိန်ညှိရမည့် အရာများစွာ ရှိနေဆဲ ဖြစ်သည်။
မည်သို့ပင် ဆိုစေ... ကမ္ဘာအသစ်ကို စူးစမ်းရန် သူ စိတ်လှုပ်ရှား နေပေသည်။
ဝေ့ဝူယင် ဘေးနားရှိ ချင်ချူးမူကို လှည့်ကြည့်လိုက်၏။ သူမသည် တိတ်ဆိတ်နေကာ စိတ်အာရုံများ ပျံ့လွင့်နေပုံ ရသည်။ ဝေ့ဝူယင် ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားကြည့်လိုက်ရာ အဆင်ပြေသည်ကို တွေ့လိုက်ရသည်။ ပျံသန်းရင်းကပင် သူ ချင်ချူးမူ နံဘေးကို ရွေ့လျားလိုက်သည်။
“ဒီလို မြင်ကွင်းမျိုးတွေကို မြင်ရတော့ မွေးရပ်မြေကိုတောင် ပြန်လွမ်းလာမိတယ် ချင်ချူးမူရေ... လူတွေက တဲအိမ်တွေနဲ့ နေထိုင်ကြတယ်... သေမျိုးတွေက အလုပ်ကြိုးစားကြတယ်...”
ချင်ချူးမူက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ထိုလူငယ်လေးမှာ လုံချန်နှင့် ရန်သူများ ဖြစ်သော်လည်း ဘာကြောင့်မှန်း မသိ။ သူမ သူ့ကို လုံးဝ မုန်းလို့ မရချေ။ သူမ အသက်ကို ကယ်ခဲ့ဖူးသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“အင်း... ဟုတ်တယ်”
သူမက ခေါင်းညိတ်လိုက်၏။
ထို့နောက် မကြာခင်မှာပင် သူတို့ နှစ်ယောက် စကားလက်ဆုံ ကျသွားတော့သည်။ စပ်မိစပ်ရာ ပြောဆိုရင်း ကမ္ဘာသစ်နှင့် အသားမကျသည့် ချင်ချူးမူ၏ စိတ်များမှာ တဖြည်းဖြည်း လျော့ပါးလာ၏။ ဝေ့ဝူယင်၏ ဟာသများနှင့် အတူ သူမ၏ စိတ်နှလုံးက ပြန်လည် တက်ကြွလန်းဆန်းလာ၏။ တဖြည်းဖြည်းနှင့် သူမမှာ အာသွက်လျှာသွက် ဖြစ်လာတော့သည်။
သူမက ပါးစပ်ကို အုပ်ရင်း တခစ်ခစ် ရယ်လိုက်၏။
“မဟုတ်တာ... နင်က တကယ်ကြီး အဲ့လိုဖြစ်လာမယ် ထင်နေတာလား”
“ဒါပေါ့... လုံးဝကို သေချာတယ်”
ဝေ့ဝူယင်က သေချာမှု အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီရွာတွေက ကျိန်းသေကို ငါ့အပိုင် ဖြစ်လာလိမ့်မယ်... ကြက် ချစ်သူတွေရေ.. ငါ ကျိန်ဆိုပါတယ်”
ချင်ချူးမူမှာ မထိန်းချုပ်နိုင်တော့ပဲ ပခုံးများပင် တုန်သည် အထိ အားရပါးရ ရယ်မောလိုက်တော့သည်။ အစောပိုင်းက သူမ ခံစားနေခဲ့ရသည့် စိုးရိမ် ပူပန်မှုများကား လုံးဝ လွင့်ပါးသွားခဲ့ပြီ ဖြစ်၏။
ရှန်းလင်သည် ထိုမြင်ကွင်းအားလုံးကို တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။
“ဒီနှစ်ယောက်က အရမ်းလိုက်ဖက်တယ်... အမှိုက်ထုပ်က လမ်းပိတ်နေတာ ကံဆိုးတာပဲ”
တစ်ချိန်တည်း၌ လုံထျန်းယုမှာ ထိုမြင်ကွင်းကို ကြည့်ရင်း စူပုပ်ပုပ် ဖြစ်နေ၏။ ချင်ချူးမူမှာ အကိုကြီး လုံချန်၏ ချစ်သူ ဖြစ်သည်။ သို့ဖြစ်ရာ သူမ အနေဖြင့် အခြား ယောက်ျားတစ်ယောက်နှင့် ရောရောထွေးထွေး မနေပဲ ဆင်ခြင်သင့်သည်။
“သူတို့ကို ဘယ်လိုတားရရင် ကောင်းမလဲ... နေဦး...”
ရုတ်တရက် ထွက်ပေါ်လာသော အကြံတစ်ခုကြောင့် သူမ၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။ ချက်ချင်းပင် သူမက ရှန်းလင် ဘက်သို့ လှည့်ရင်း မေးလိုက်သည်။
“ဆရာ... အနန္တ ဧကရာဇ်ဂိုဏ်းနဲ့ ဒီဂြိုဟ်ကြီး အကြောင်း ပြောပါလား...”
ခေါင်းစဥ်ပြောင်းလိုက်သော သူမ၏ အကြံက အမှန်ပင် အလုပ်ဖြစ်၏။ ချင်ချူးမူနှင့် ဝေ့ဝူယင်တို့မှာ ပြောလက်စ စကားကို ဖြတ်ကာ ရှန်းလင်ကို ကြည့်လိုက်ကြသည်။
အထူးသဖြင့် ချင်ချူးမူ၏ မျက်လုံးများမှာ စိတ်ဝင်စားမှုဖြင့် တလက်လက် တောက်ပနေ၏။ ဤဂြိုဟ်ပေါ်တွင်လည်း အယ်ဗန်မှင်စာ မျိုးနွယ်များ နေထိုင်ကြကြောင်း ဖခင်ထံမှ ချင်ချူးမူ ကြားဖူးသည်။
ရှန်းလင်က ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ...”
***