မြေအောက်ဘုံအရှင်သခင်၏ ငယ်ပေါင်းကြီးဖော်
Vol. 52 Ch. 699
တျန်းရှု တစ်ခါတည်း အမူးပြေသွားသည်။ “စိတ်အေးအေးထားရမယ် ဟုတ်လား... ငါ့ရုပ်ခန္ဓာ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင် မသိဘူးကွ... အသက်တောင် ရှိသေးပါ့မလား... ရင်တုန်လွန်းလို့ ငါ့အသည်းနှလုံးတောင် ပါးစပ်ထဲက ခုန်ထွက်တော့မယ်....”
နဂါးချီလင်နှင့် ချီကျုံရီက ဂရုမစိုက်ဘဲ ဆက်သောက်နေကြသည်။ နဂါးချီလင်သည် အရက်တစ်အိုးလုံး မော့သောက်နေ၏။ ချီကျီရံကတော့ အရက်အိုးထဲ ခေါင်းစိုက်နေသည်။ အိုးနှုတ်ခမ်းဝမှာ အနည်းငယ် ကျယ်သဖြင့် သူ့ခေါင်းတစ်ခေါင်းစာ ဝင်ရန် နေရာရှိလေသည်။
နဂါးချီလင်က သူ့ကြည့်ရင်း တခွီးခွီး ရယ်နေသည်။ “တတိယညီလေး... ဒီလိုသောက်မနေနဲ့လေကွာ... မွန်းပြီး သေဦးမယ်... တတိယညီလေး၊ တတိယညီလေး...”
ချီကျုံရီ အရက်အိုးထဲ ခေါင်းစိုက်လျက် မလှုပ်တော့သည်ကို မြင်လျှင် သူ့မျက်နှာ ပြောင်းလဲသွားသည်။ နဂါးချီလင် သူ့ကို ဆွဲထုတ်တော့မည့်အချိန် ချီကျုံရီက ခေါင်းပြန်ထွက်ကာ တဟားဟား ရယ်၏။ “ဒုတိယအစ်ကိုကြီး ကြောက်သွားလား... အစ်ကိုကြီးခေါင်းက ကြီးလွန်းတော့ အရက်အိုးထဲ မထည့်နိုင်တာ ဆိုးတာပဲ... အိုးထဲ ခေါင်းထည့်ပြီး သောက်တာ သိပ်ကောင်းတယ်သိလား.. ကျွန်တော်ဆို ခေါင်းကိုးလုံးစလုံး ထည့်လို့ရတယ်၊ ခဏစောင့်”
သူက ဒယိမ်းဒယိုင်ဖြင့် တံခါးတစ်ချပ်ဖွင့်ကာ အရက်အိုးကိုးအိုး ထုတ်လိုက်သည်။ အရက်အိုးများကို ဖွင့်ပြီးနောက် ခန္ဓာကိုယ်လှုပ်ခါလိုက်သည့်အခါ ခေါင်းကိုးလုံး ပေါ်လာ၏။ သူ့ခေါင်းကိုးလုံးစလုံးက အရက်အိုးထဲ ခေါင်းစိုက်ကာ အားရပါးရ သောက်နေတော့သည်။
ချင်မူမှာ ဤမြင်ကွင်းကို ကြည့်ရင်း ခေါင်းမယမ်းမိဘဲ မနေပေ။
ချီကျုံရီသည် ကောင်းကင်နတ်ဘုံမှ ထူးချွန်သော လူငယ်တစ်ယောက် ဖြစ်၏။ ကျုံရီဆိုသည် သူ့နာမည်က တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် ဉာဏ်အမြော်အမြင်ကြီးမားသည့် လူတစ်ယောက်ဖြစ်ကြောင်း သက်သေထူသည်။ သို့သော် ယခုလိုအခြေအနေနှင့် ကြုံတွေ့ရပြီးနောက် ဖက်တီးနဂါးနှင့်ပင် ညီအစ်ကိုဖြစ်နေသောအဆင့်သို့ ရောက်သွားချေပြီ။
ဤကိစ္စက သူ့ဘဝ၏ အစွန်းအထင်းတစ်ခု အနှေးနှင့်အမြန် ဖြစ်လာလိမ့်မည်။
“သိကြားဗုဒ္ဓရဲ့ ကျင့်စဉ်မှာ ဟာကွက်သေးသေးလေး ရှိနေတော့ ဒီတော်ဝင်မုခ်ဝ နတ်ဓားမကို သွန်းလုပ်ခဲ့တဲ့အချိန်မှာ အနည်းငယ် ပိုပါးသွားတဲ့ နေရာတစ်နေရာ ပါသွားလိမ့်မယ်... အဲဒီနေရာမှာ ယိုတုနဲ့ ဆက်သွယ်ပေးထားတဲ့ ကောင်းကင်အလိုတော်မုခ်ဝကို ဖွင့်လို့ရတယ်.. အရေးအကြီးဆုံးက အဲဒီအားနည်းချက်ရဲ့ တည်နေရာပဲ....”
ချင်မူ၏အကြည့် လှုပ်ခတ်သွားပြီး ချီစွမ်းအင်ကို အသုံးပြုကာ သိကြားဗုဒ္ဓ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို တည်ဆောက်လိုက်သည်။ သိကြားကျမ်းစာများကိုမူ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တစ်လျှောက် စီးဆင်းသွားသော ချီစွမ်းအင်အသွင် ပြောင်းလဲလိုက်၏။ ထို့နောက် အသေးစိတ် တွက်ချက်တော့သည်။
“အားနည်းချက်က အဆက်မပြတ် ပြောင်းလဲနေပါလား”
ချင်မူ လပေါင်းများစွာ တွက်ချက်ပြီးနောက် ချီစွမ်းအင် လှည့်ပတ်စီးဆင်းနေသော သိကြားဗုဒ္ဓ၏ ကိုယ်ထဲရှိ နေရာတစ်နေရာအား စိုက်ကြည့်နေသည်။ ထိုနေရာသည် ကျင့်စဉ်၏ ဟာကွက်ဖြစ်၏။
ဟာကွက်ကို ရှာတွေ့သည်နှင့် ချင်မူက တော်ဝင်မုခ်ဝ နတ်ဓားမ၏ နှစ်ဖက်မြင်သဏ္ဍာန်ကို တည်ဆောက်ကာ သူ့ကိုယ်သူ သိကြားဗုဒ္ဓအဖြစ် သတ်မှတ်လိုက်သည်။ ထို့နောက် နတ်ဓားမကို သွန်းလုပ်ရင်း သူ့ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည့်အခါ ကျင့်စဉ်၏ဟာကွက်သည် တော်ဝင်မုခ်ဝ နတ်ဓားမနှင့် မသိလိုက်မသိဖာသာ ပေါင်းစည်းသွား၏။
ဒင် ဒင် ဒင် ဒေါင် ဒေါင် ဒေါင်... သူ့နားထဲ၌ တူထုသံ တစ်ချက်ပြီးတစ်ချက် ကြားယောင်လာသည်။
ချင်မူ၏ဦးနှောက်ကလည်း အဆက်မပြတ် အလုပ်လုပ်နေပြီး သင်္ချာသင်္ကေတများစွာ သူ့စိတ်ထဲ၌ တဖျတ်ဖျတ် ဖြတ်ပြေးနေသည်။ အချိန်တစ်ခုကြာသော် သူက မျက်လုံးဖွင့်၍ ကျယ်လောင်စွာ အော်ရယ်လိုက်၏။ “တွေ့ပြီ”
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ နဂါးချီလင်မှာ ကြမ်းပြင်ပေါ်၌ သတိလစ်နေချေပြီ။ ချီကျုံရီကလည်း ခေါင်းကိုးလုံး မီးငှက်အသွင် ပြောင်း၍ စင်္ကြထဲ၌ လဲနေသည်။ သူ့ခြေထောက်များက နဂါးချီလင်အပေါ် တင်နေပြီး ခေါင်းကိုးလုံးကမူ အခန်းကိုးခန်းထဲ ရောက်နေ၏။
တျန်းရှုကမူ အရက်တစ်အိုးပြီးတစ်အိုး စိမ်ပြေနပြေ သောက်နေသေးသည်။
“ထကြ... အားလုံး ထကြ”
ချင်မူက နဂါးချီလင်နှင့် ချီကျုံရီကို ကန်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ “ငါတို့ အခု အပြင်ထွက်နိုင်ပြီ”
ချီကျုံရီ အမူးပြေသွားပြီး အူကြောင်ကြောင် ငေးနေသည်။ နဂါးချီလင်လည်း သမ်းရင်း နိုးလာသည်။
ချီကျုံရီမှာ နဂါးချီလင်နှင့် တျန်းရှုနှင့် ညီအစ်ကို လုပ်ခဲ့မိသည်ကို ချက်ချင်း မှတ်မိသွားပြီး မျက်နှာရဲလာသည်။ သူ့ရင်ထဲ အောင့်သက်သက် ဖြစ်နေ၏။
တျန်းရှုက အရက်အိုးတစ်အိုးဆွဲကာ လျှောက်လာသည်။ သူ လျှောက်နေစဉ် သူ၏ခွာထူထူကြီးမှ တခွပ်ခွပ် မြည်သံများ ထွက်နေ၏။ သူက ပြုံးရယ်ကာ ပြောလေသည်။ “တတိယညီလေး၊ အမူးပြေပြီလား... မပူပါနဲ့ ငါတို့ မူးတုန်းက ညီအစ်ကိုတွေပဲ လုပ်ခဲ့ကြတာပါ... တခြားပေါက်ကရတွေ လျှောက်မလုပ်ခဲ့ပါဘူး”
ချီကျုံရီ၏မျက်နှာ တောင့်တင်းသွားသည်။ “ကျွန်တော်က တတိယညီလေးလား....”
နဂါးချီလင်က လေးဖက်ထောက်ကာ ခေါင်းယမ်းလိုက်သည်။ “မင်းက ငါ့ထက် နှစ်တစ်ရာငယ်တယ်လေ.... တတိယညီလေးမဟုတ်လို့ တတိယအစ်ကိုကြီးလား... ငါတို့ အတူတူ သေကြမယ်လို့ မြေအောက်ဘုံအရှင်သခင်နဲ့တောင် ကျမ်းကျိန်ခဲ့ကြသေးတယ်...”
“မြေအောက်ဘုံအရှင်သခင်နဲ့ ကျမ်းကျိန်တယ်”
ချီကျုံရီ၏ မျက်လုံးများတွင် ကြောက်လန့်မှု၊ အံ့ဩမှုတို့ ပြည့်နှက်လာသည်။ သူ မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။ “အရက်က ပေါက်ကရတွေ လျှောက်လုပ်စေခဲ့တာပဲ”
ချင်မူက စင်္ကြံလမ်းတစ်လျှောက် လျှောက်ရင်း အခန်းစေ့ လေ့လာနေသည်။ “အရက်က ပေါက်ကရတွေ လျှောက်လုပ်စေတာ မဟုတ်ဘူး... အရက်က မင်းတို့တွေ မူးအောင် ဘာမှလုပ်မနေဘူး... မင်းတို့ဘာသာ မူးအောင် သောက်ခဲ့ကြတာ... ဒီနေရာရဲ့ အရက်က အသိစိတ်အလျဉ်ကနေ ဖွဲ့တည်နေတာပဲ.. ဒါကြောင့် မင်းတို့ ဘယ်လောက် သောက်သောက် လျော့သွားတယ်ရယ်လို့ မရှိတာ... ကောင်းကင်နတ်ဘုံရဲ့ လက်ဝဲယံ လက်ထောက်ဝန်မင်း ယန်ရှောင်ချင်းက အင်မတန်မှ အားကောင်းတဲ့ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းတစ်ခုခု တတ်မြောက်ထားတယ် ဖြစ်မယ်... သူက သူ့ရဲ့ အားကောင်းတဲ့ အသိစိတ်အလျဉ်နဲ့ ဒီအရက်တွေကို ဖွဲ့တည်ခဲ့တာ.... မင်းတို့တွေက မူလဝိညာဉ်အသွင်နဲ့ဆိုတော့ အရက်သောက်နေတာက သူ့အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကို သောက်နေတာနဲ့ တူတယ်... သူ့ကောင်းကင်နတ်သိုင်းက မင်းတို့ကို မူးစေတဲ့ အကြောင်းရင်းပဲ”
နဂါးချီလင်၊ တျန်းရှုနှင့် ချီကျုံရီတို့ သူ့နောက်မှ လိုက်သွားကြပြီး နဂါးချီလင်က စပ်စပ်စုစု မေးသည်။ “အဲဒီလို ကောင်းကင်နတ်သိုင်းမျိုး ရှိတယ်လား... ဒါဆို ကျွန်တော်တို့က လေပဲ သောက်နေခဲ့တာပေါ့”
“လေတော့ မဟုတ်ဘူး... ယန်ရှောင်ချင်းရဲ့ အသိစိတ်အလျဉ်ရဲ့ ပုံရိပ်အသွင်ပဲ”
ချင်မူက အခန်းတစ်ခန်း၏ တံခါးကို ဖွင့်ကာ ခေါင်းဝင်ကြည့်သည်။ အရက်အိုးတစ်အိုး ထုတ်၍ အားကောင်းသော အသိစိတ်လျဉ်လှိုင်းတစ်လှိုင်းဖြင့် ရိုက်နှက်ပြ၏။ သူ၏အသိစိတ်အလျဉ်သည် အရက်အိုးကို သူတို့မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားစေတော့သည်။
“ဒါက ငါ့အသိစိတ်အလျဉ်ကို သုံးပြီး ယန်ရှောင်ချင်းရဲ့ အသိစိတ်အလျဉ်ကို ချေဖျက်လိုက်တာ... ဟုတ်တယ်၊ သူက သိပ်သန်မာအားကောင်းတော့ အရက်အိုးအများကြီး ဖန်ဆင်းနိုင်တယ်... ငါ့အသိစိတ်အလျဉ်က သူ ဖန်ဆင်းခဲ့တဲ့ ပုံရိပ်ယောင်တွေကို အကုန်ဖယ်ရှားပေးဖို့ မလုံလောက်ဘူး... မင်းတို့ အရက်တစ်ကျိုက် မော့တိုင်း မင်းတို့ရဲ့အသိစိတ်အလျဉ် တိုက်ခိုက်ခံရတယ်.... ဒါ့ကြောင့် မူးကြတာ”
ချင်မူ အခန်းများကို တွက်ချက်ပြီး ရုတ်တရက် မျက်လုံးများ အရောင်လက်သွားသည်။ သူက ပြုံးကာ ပြောလေသည်။ “ဒီနေရာ ဒီအချိန်ပဲ”
အားလုံး သူ့စကားကို နားမလည်ကြဖြစ်နေကြစဉ် ချင်မူက တံခါးကို အတင်းတွန်းဖွင့်လိုက်သည်။ တံခါးနောက်မှ အလင်းတန်းများ ဖြာထွက်လာသဖြင့် အားလုံး မျက်လုံးများအား လက်ဖြင့် ကာလိုက်ကြရဿည်။
ချင်မူက အခန်းထဲ ဝင်သွား၍ နဂါးချီလင်လည်း ကပျာကယာ လိုက်ဝင်လိုက်သည်။ ချီကျုံရီနှင့် တျန်းရှုလည်း အလျင်အမြန် လိုက်လာကြ၏။ မျက်စိမစူးတော့သည့်အခါ အားလုံး တအံ့တဩ စုတ်သပ်မိကြလေသည်။
အခန်းသည် အခန်းမဟုတ်ပေ။ သင်္ကေတအမှတ်အသားမျိုးစုံဖြင့် ဖွဲ့တည်ထားသော ထူးဆန်းသည့် နေရာဟင်းလင်းပြင်တစ်ခု ဖြစ်သည်။ မတူကွဲပြားသော သင်္ကေတအမှတ်အသားများက မတူကွဲပြားသော ဟင်းလင်းပြင်အပိုင်းအစများကို တည်ဆောက်ထား၏။ ဟင်းလင်းပြင်အပိုင်းအစများက စက်သွားများပမာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်။
တျန်းရှု ခပ်တိုးတိုး ရေရွတ်မိလိုက်၏။ “ငါ အရင်က အခန်းအားလုံး ဖွင့်ကြည့်ခဲ့ဖူးပါတယ်... ဘာကြောင့် ဒီအခန်းကို မမြင်ခဲ့တာလဲ”
ထိုအခါမှ သူ့အရှေ့တွင် လမ်းလျှောက်နေသော ချင်မူမှာ စက္ကူလူသားတစ်ယောက် ဖြစ်သွားကြောင်း သူ သတိထားမိလိုက်သည်။
ချင်မူသည် အထူအပါးမရှိသော စက္ကူလူသားတစ်ယောက်ပုံစံဖြင့် သူတို့အရှေ့၌ လမ်းလျှောက်နေလေသည်။
တျန်းရှု ခေါင်းယမ်းလိုက်ပြီး သူ့တင်ပါးသူ မြင်လိုက်ရကြောင်း သဘောပေါက်သွားသည်။
သူလည်း စက္ကူလူသားတစ်ယောက် ဖြစ်နေချေပြီ။
နဂါးချီလင်နှင့် ချီကျုံရီလည်း မထူးခြားနားပင်။
သူတို့၏ မူလဝိညာဉ်ဖြစ်သော်လည်း မူလဝိညာဉ်သည် သုံးဖက်မြင်ဖြစ်တည်မှု ဖြစ်၏။ သို့သော် ဤအခန်းထဲ ဝင်လာပြီးနောက် သူတို့၌ အထူမရှိတော့ပေ။
“ဒီအခန်းက အမြဲ ရှိနေခဲ့ပေမယ့် သိကြားဗုဒ္ဓရဲ့ အားနည်းချက်နေရာလေ... ဒါ့အပြင် အမြဲတမ်း ရွေ့ပြီး ပြောင်းလဲနေတာ... အခန်းအားလုံး တစ်ပြိုင်တည်း ဖွင့်ရင်တောင် ရှာတွေ့မှာ မဟုတ်ဘူး”
ချင်မူ့ပါးစပ်က သူ့ခေါင်းအနောက်၌ ပေါ်လာ၍ နဂါးချီလင်၊ တျန်းရှုနှင့် ချီကျုံရီတို့အားလုံး ကြက်သီးတဖြန်းဖြန်း ထကုန်ကြသည်။
ချင်မူ့နောက်စေ့ရှိ ပါးစပ်က ပိတ်လိုက်ဖွင့်လိုက်ဖြင့် စကားပြောနေ၏။ “တံခါးမဖွင့်ခင် မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့အခန်းကို ရွေးရမယ်... ဒါမှ ဒီနေရာကို ရှာတွေ့မှာ... တော်ဝင်မုခ်ဝ နတ်ဓားမ ဝင်လိုက်ရင် နတ်ဓားမရဲ့ ပတ်ဝန်းကျင်က တည်ရှိမှုတွေက နှစ်ဖက်မြင်ကမ္ဘာ ဖြစ်သွားတယ်... ဒီနေရာကတော့ အားနည်းချက်ဖြစ်နေမှန်း သိကြားဗုဒ္ဓ သတိထားမိလိုက်လို့ စက်သွားတွေ တည်ဆောက်ထားတဲ့ အခန်းပဲ... ဒီနေရာက တစ်ဖက်မြင်ဟင်းလင်းပြင်ဆိုတော့ အထဲ ဝင်လာတဲ့အရာမှန်သမျှ ပြားကုန်ကြမှာ”
စက်သွားသဏ္ဍာန် ဟင်းလင်းပြင်အစိတ်အပိုင်းများသည် သူတို့ကို ဖြတ်၍ တိတ်ဆိတ်စွာ မျော့လွင့်နေကြ၍ အမှန်တကယ် ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေချေသည်။
ဟင်းလင်းပြင်အပိုင်းအစများအတွင်း၌ မရေမတွက်နိုင်သော အဆန်းတကြယ် သင်္ကေတများ ကိန်းဝပ်နေပြီး ခိုင်ဧကရာဇ်၏ သင်္ကေတအမှတ်အသားများ ဖြစ်လိမ့်မည်။
ခိုင်ဧကရာဇ်သည် တော်ဝင်မုခ်ဝ နတ်ဓားမကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲကာ သိကြားဗုဒ္ဓအား သွန်းလုပ်စေခဲ့၏။ ခိုင်ဧကရာဇ်က ပုံသဏ္ဍာန်ရေးဆွဲသူ ဖြစ်သည့်အတွက် အမှားမပါခဲ့သော်လည်း သိကြားဗုဒ္ဓ၏ ပန်းပဲစွမ်းရည်မှာ မပြည့်စုံခဲ့သောကြောင့် ရလဒ်အနေဖြင့် ယခုလို စက်ခန်းတစ်ခန်း တည်ဆောက်ခဲ့ရသည်။
ထိုစက်ခန်းကြောင့်ပင် ချင်မူတို့ အပြင်ထွက်နိုင်မည့် အခွင့်အရေးတစ်ခု ရသွားကြသည်။
ခိုင်ဧကရာဇ်သည် တော်ဝင်မုခ်ဝ နတ်ဓားမကို မသွန်းလုပ်တတ်ခြင်းမဟုတ်ပေ။ ထိုနယ်ပယ်၌ မကျွမ်းကျင်သည့်အပြင် သူ၏ပန်းပဲစွမ်းရည်မှာ သိကြားဗုဒ္ဓအောက်လည်း နိမ့်ကျသောကြောင့် သိကြားဗုဒ္ဓကိုသာ ဓားမသွန်းလုပ်စေခဲ့ခြင်း ဖြစ်လိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ပန်းပဲပညာကျွမ်းကျင်သော ကောင်းကင်နတ်သိုင်းပညာရှင်များ ပေါများပြီး အခကြေးငွေယူကာ ဝိညာဉ်လက်နက်များ သွန်းလုပ်ပေးကြ၏။
ချင်မူမှာ ဤဟင်းလင်းပြင်အပိုင်းအစများ၏ အတွင်းရှိ သင်္ကေတအမှတ်အသားများကို ကြည့်ကာ အံ့အားသင့်နေသည်။ သင်္ကေတအမှတ်အသားများသည် ခိုင်ဧကရာဇ်၏ ဉာဏ်ပညာကို ကိုယ်စားပြုသောကြောင့် သူ ဤသင်္ကေတများ၏ ဆန်းကြယ်သော သဘောတရားကို တွေးခေါ်နိုင်လျှင် အကြီးအကျယ် အမြတ်ထွက်လိမ့်မည်။
“ငါတို့ ဒီမှာ ကြာကြာနေလို့မရဘူး... မဟုတ်ရင် ရုပ်ခန္ဓာ သေသွားလိမ့်မယ်” ထိုသို့ ပြောနေသော်လည်း သူ့မျက်လုံးများက သင်္ကေတအမှတ်အသားများဆီမှ မခွာနိုင်ပေ။
“နောင်တော်ချင်၊ ငါတို့ ဒီထက်ပို စောင့်လို့မရတော့ဘူး”
ချီကျုံရီက သူ့ကို လောသည်။ “အပြင်မှာ သုံးရက်ကြာနေပြီ... တောရိုင်းသားရဲတွေ စားလိုက်လို့ ငါတို့ရုပ်ခန္ဓာတွေ သေကုန်ရင် ဘယ်လိုလုပ်မလဲ”
တျန်းရှု သက်ပြင်းချမိသည်။ “ငါ့ရုပ်ခန္ဓာကတော့ သေသွားတာ ကြာလောက်ပြီ”
“ဆရာကြီး ကျွန်တော် ဆရာကြီးရဲ့ ရုပ်ခန္ဓာကို မြင်ခဲ့ဖူးသလိုပဲ”
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ထုတ်လွှတ်လိုက်သည့်အခါ ကောင်းကင်အလိုတော်မုခ်ဝသည် စက်ခန်းထဲ၌ စက္ကူရွက်သဖွယ် ပေါ်လာ၏။ မုခ်ဝက ပွင့်လာပြီး ယိုတုမိစ္ဆာနတ်ဆိုးချီများ စိမ့်ထွက်လာသည်။ “တစ်ခါတုန်းက တစ္ဆေတောင်ကြားမှာ လောကသခင်ခန္ဓာနဲ့ ဆင်တဲ့ နတ်ဘုရားတစ်ပါး မြင်ခဲ့ဖူးတယ်... အဲဒီနတ်ဘုရားရဲ့အနောက်မှာ ပျားအိမ်သဏ္ဍာန် အစီအရင်တွေ ရှိခဲ့တယ်... သူ့မှာလည်း ကောင်းကင်အလိုတော်မုခ်ဝနဲ့ ဆင်တဲ့ မုခ်ဝတစ်ခု ရှိတယ်”
တျန်းရှုမှာ အတန်ငယ် မှင်သက်သွားပြီး ခေါင်းတယမ်းယမ်းဖြင့် ပြောသည်။ “တစ္ဆေတောင်ကြားဆိုတာ ဘယ်လိုနေရာမျိုးလဲ.... ငါ မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ခုတ်ဖြတ်ခဲ့တုန်းကပေါ့ မြေအောက်ဘုံအရှင်သခင် ငါ့ကို လိုက်ဖမ်းပြီး ဟော့ဒီလို လှမ်းဆုပ်ခဲ့တယ်... ငါလည်း အသည်းအသန် ပြေးပေမယ့် သူက အင်မတန် အင်အားကြီးတယ်လေ... ငါ နတ်သက်ခြွေဆန်းကြယ်မုခ်ဝကနေ ယိုတုအပြင် ထွက်လိုက်တဲ့ အချိန်မှာတောင် သူ့လက်ထဲက မလွတ်သေးလို့ ကျောက်ရုပ်တုအသွင် ပြောင်းလိုက်ရတာပဲ....”
သူ့အကြည့်တွင် ကြောက်လန့်မှုတို့ ပြည့်နှက်နေ၏။ “မြေအောက်ဘုံအရှင်သခင်ရဲ့ လက်ကြီးကလေ ယိုတုထဲကနေ ထွက်လာပြီး ငါ့ရုပ်ခန္ဓာကို လှမ်းဆွဲခဲ့တာ သိလား... ငါကျောက်ရုပ်တုအသွင် ပြောင်းပြီး မူလဝိညာဉ်နဲ့ ထွက်ပြေးခဲ့ပေမယ့် ငါ့မူလဝိညာဉ်တစ်စိတ်တစ်ပိုင်းက ကျောက်ရုပ်တုမှာ ရှိနေသေးတယ်... ငါ ဖုန်းတုဆီ ပြေးမှ သူ့လက်ထဲက လွတ်ခဲ့တာ... ဒါပေမဲ့ ငါ့ရုပ်ခန္ဓာဆီ ပြန်လို့မရဘူး.. ပြန်တာနဲ့ အဖမ်းခံရမှာ... ကျောက်ရုပ်တုထဲမှာ ငါ့မူလဝိညာဉ် ရှိနေသေးတယ် ... သူ့လက်နဲ့ ဖမ်းဆုပ်ခံလိုက်ရတာကြီးကို အခုထိ ခံစားနေရတုန်းပဲ...”
သူက တဆတ်ဆတ် တုန်လာပြီး စကားလမ်းကြောင်း လွှဲလိုက်၏။ “ဟုတ်သား... မင်း စောစောကပြောတဲ့ ကောင်းကင်အလိုတော်မုခ်ဝက ဒီမုခ်ဝလား.... ဒီမုခ်ဝက ငါ့ရဲ့ နတ်သက်ခြွေဆန်းကြယ်မုခ်ဝနဲ့ ဆင်ပေမယ့် မတူဘူး.. ထူးဆန်းသားဟ... လောကသခင်ခန္ဓာကရော ဘာကြီးတုန်း”
ချင်မူ ပြောလိုက်သည်။ “လောကသခင်ခန္ဓာက စကားလေးတစ်ခွန်းနှစ်ခွန်းနဲ့ ရှင်းပြပေးလို့မရဘူး... ဆရာကြီးက လောကသခင်ခန္ဓာအတု၊ နောက်မှ ရှင်းပြမယ်... အရင်ဝင်ကြ ကျွန်တော် နောက်ဆုံးမှ ဝင်မယ်”
ချီကျုံရီက ကောင်းကင်အလိုတော်မုခ်ဝထဲ ဝင်လိုက်ပြီး နဂါးချီလင်မှာ တွန့်ဆုတ်နေသည်။ သို့သော် ဝင်လိုက်သေး၏။ တျန်းရှု၏ တောင်ဆိတ်မုတ်ဆိတ်များမှာ တုန်ခါနေပြီး သူက ရုတ်တရက် ပြောသည်။ “ငါ ဝင်လိုက်ရင် မြေအောက်ဘုံအရှင်သခင် ငါ့ကို မြင်သွားလိမ့်မယ်... ဒီမှာ နေတာပဲ ကောင်းမယ်ထင်တယ်နော်...”
ချင်မူ သူ့ကို နှစ်သိမ့်ပေးလိုက်၏။ “ဆရာကြီး စိတ်အေးအေးထားပါဗျာ... ကျွန်တော်က မြေအောက်ဘုံအရှင်သခင်နဲ့ ရင်းနှီးပါတယ်”
တျန်းရှုမှာ ကောင်းကင်အလိုတော်မုခ်ဝထဲ ဝင်လိုက်ပြီး တုန်ရီနေသောအသံဖြင့် ပြောသည်။ “မြေအောက်ဘုံအရှင်သခင်က ခံစားချက်မှ မရှိတာ... မင်းနဲ့ ဘယ်လိုလုပ် ရင်းနှီးမှာလဲ...”
တျန်းရှု အထဲရောက်သွားသည့်အခါ ချင်မူက ပတ်ဝန်းကျင်ကို ကြည့်ပြီး သက်ပြင်းချကာ မုခ်ဝထဲ ဝင်လိုက်သည်။ “ခိုင်ဧကရာဇ်ရဲ့ သင်္ကေတအမှတ်အသားတွေက သူ့လမ်းစဉ်နဲ့ ကျင့်စဉ်တွေ ဘယ်လောက်နက်ရှိုင်းကြောင်း သက်သေပြနေတာပဲ... အဲဒီလောက် ထူးချွန်ထက်မြက်ပြီး ဉာဏ်အမြော်အမြင် ကြီးမားတဲ့ လူတစ်ယောက်က ရွှင်ပျော်ပျော်ကျေးရွာကနေ ထွက်မလာရဲတဲ့ ဆန်ကုန်မြေလေး အဘိုးကြီးတစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်သွားတာလဲ”
သူ သံသယများကို မြိုသိပ်၍ ကောင်းကင်အလိုတော်မုခ်ဝမှတစ်ဆင့် ယိုတုထဲ ဝင်လိုက်သည်။
သူ ခြေချလိုက်သည့်အချိန်မှာပဲ မျက်နှာသဲသဲကွဲကွဲ မမြင်ရသော အဘိုးအိုတစ်ယောက် စီးလာသော လှေလေးတစ်စင်း၏ မီးအိမ်သည် အမှောင်ထုကို ထိုးခွဲလျက် လွင့်မျောလာ၏။
အမှောင်ထုက သူတို့ကို ဝန်းရံထားသဖြင့် မီးအိမ်ရောင်က သူတို့မျက်နှာအပေါ် ကျရောက်နေသည်။
မီးအိမ်အောက်ရှိ အဘိုးအိုက ထရပ်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ “တျန်းချိကျွင်း မင်တုကောင်းကင်နတ်မင်းနဲ့ ယိုတုသားတော်ကို ဂါဝရပြုပါတယ်”
“ယိုတုသားတော်တဲ့လား”
တျန်းရှုက ချင်မူ့ဘက် လှည့်ကြည့်ကာ မှင်သက်သွားသည်။ သူက ရုတ်တရက် ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွား၏။ ပြိုင်ဘက်ကင်းသော အရှိန်အဝါတစ်ခု ထွက်လာပြီး သူသည် ကြီးမားသထက် ကြီးမားလာ၏။ သူ၏မူလဝိညာဉ်မှာ ကြီးမားလှသောကြောင့် ချင်မူတို့မှာ သူ၏ခွာနှင့်ယှဉ်လျှင်ပင် မနှိုင်းသာအောင် သေးငယ်နေကြသည်။ သူက အသံကျယ်ကျယ်ဖြင့် နှုတ်ဆက်လိုက်သည်။ “ခိုင်ဧကရာဇ်နတ်ဘုရားနိုင်ငံတော်၊ လက်ဝဲယံ လက်ထောက်ဝန်မင်း တျန်းရှု တျန်းချိကျွင်းအရာရှိမင်းကို ဂါဝရပြုပါတယ်”
မရဏတမန်တော်က အပြုံးတစ်ခုဖြင့် ပြော၏။ “ကောင်းကင်နတ်မင်း၊ မြေအောက်ဘုံအရှင်သခင် စောင့်နေပါတယ်... ကျေးဇူးပြုပြီး လှေပေါ်တက်ပါ”
တျန်းရှု၏ အရှိန်အဝါ တမုဟုတ်ချင်း ပြိုကွဲသွားပြီး မူလဝိညာဉ်လည်း လျင်မြန်စွာ ပြန်ကျုံ့သွားသည်။ သူက တဟဲဟဲ ရယ်လိုက်သည်။ “ကျုပ်လည်း မြေအောက်ဘုံအရှင်သခင်ကို တောင်းပန်မလို့ ပြင်နေတာပါ... နှစ်ပေါင်းများစွာ ပိတ်မိသွားမယ် မထင်ခဲ့ဘူးလေ... အဲဒါနဲ့ပဲ လာတွေ့ဖို့ အခွင့်အရေးမရခဲ့ဘူး...”
သူက ချင်မူ့ကို တိတ်တိတ်လေး လှမ်းတို့ပြီး တုန်ရီနေသောအသံဖြင့် ခပ်တိုးတိုးမေးသည်။ “မင်း မြေအောက်ဘုံအရှင်သခင်နဲ့ ရင်းနှီးတာ တကယ်ရော ဟုတ်ရဲ့လားကွာ”
“မပူပါနဲ့ဆို”
ချင်မူက သူ့ရင်ဘတ်သူ ပုတ်ပြသည်။ “မြေအောက်ဘုံအရှင်သခင်နဲ့ ကျွန်တော်က ငယ်ပေါင်းကြီးဖော်တွေပါ... ကျွန်တော့်မျက်နှာကို သူ ထောက်ထားပေးလောက်ပါတယ်”
စက္ကူလှေလေးက လွင့်မျောလာပြီး မရဏတမန်တော်က ချင်မူ့ကို စိုက်ကြည့်သည်။ သူက သရော်တော်တော် ပြောလိုက်၏။ “ကောင်းကင်အလိုတော်မုခ်ဝကို တစ်ယောက်ယောက် ဖွင့်လိုက်သလို ခံစားလိုက်ရတာနဲ့ မင်းမှန်း ထင်သားပဲ.... ဂြိုဟ်ကောင်လေး ပြဿနာရှာဖို့ ရောက်လာပြန်ပြီ... ထပ်ဒုက္ခပေးလို့ကတော့ မြေအောက်ဘုံအရှင်သခင် မင်းကို မြိုချပစ်လိမ့်မယ်”
တျန်းရှု၏မျက်နှာ ဖြူဖျော့သွားပြီး သူ့မှာ ဒူးခွေညွတ်ကာ လဲကျသွားတော့သည်။ သူ့ဘာသာသူ တွေးလိုက်သည်။ ‘ငါ ထင်ထားသလို ရင်းနှီးတဲ့ ဆက်ဆံရေးလည်း မဟုတ်ပါလား... ငါတော့ သေပြီ’