မင်တုကောင်းကင်နတ်မင်းနှင့် ယိုတု၏သားတော်
Vol. 52 Ch. 700
လူသုံးယောက်၊ နဂါးချီလင်တစ်ကောင် လှေလေးပေါ် တက်လိုက်သည်။ လှေလေးသည် အဆုံးမဲ့သော အမှောင်ထုထဲ ပြန်လှည့်သွား၏။
“အစ်ကိုကြီးတျန်းမှာ ကောင်းကင်နတ်မင်းဘွဲ့တောင် ရှိတာလား” နဂါးချီလင်က စပ်စုကြည့်သည်။
တျန်းရှု နှာခေါင်းရှုံ့၍ စကားတစ်ခွန်းမှ မပြောဘဲ တစ်ဖက်လှည့်သွားသည်။
ချီကျုံရီမှာ အမူးပြေနေပြီဖြစ်ပြီး နဂါးချီလင်နှင့် တျန်းရှုကြားတွင် အနေရခက်စွာ ထိုင်နေသည်။ သူ့မှာ မင်္ဂလာဦးအခန်းထဲ ရောက်သွားသည့် သတို့သမီးလေးလို ရင်ခုန်နေ၏။
“ခိုင်ဧကရာဇ်နတ်ဘုရားနိုင်ငံတော် လက်ဝဲယံ လက်ထောက်ဝန်မင်းဘွဲ့ကို သိတဲ့လူ များများစားစား မရှိပေမယ့် မင်တုကောင်းကင်နတ်မင်းဘွဲ့ကို သိတဲ့လူတွေတော့ အများကြီးပဲ”
ချင်မူလည်း စပ်စုချင်လာသည်။ “မင်တုကောင်းကင်နတ်မင်းရဲ့ ဇစ်မြစ်က ဘာလဲ ဆရာကြီး... မင်တုမဟူရာနတ်မင်းနဲ့များ ပတ်သက်နေတာလား”
ချီကျုံရီ၏အမူအရာ ရိပ်ခနဲ ပြောင်းသွားပြီး ထောင့်၌ တုန်ရီနေသော တျန်းရှုဆီသို့ လှမ်းကြည့်လိုက်၏။ တျန်းရှုမှာ သူ့ထက်ပင် ကြောက်လန့်နေရာ ချီကျုံရီ စိတ်သက်သာရာရသွားသည်။ “ဇာမဏီနတ်မင်း မင်တုကောင်းကင်နတ်မင်းအကြောင်း ပြောတာ တစ်ခါကြားဖူးတယ်... အဲဒီအချိန်တုန်းက ဇာမဏီနတ်မင်းက ငါ့ကို မင်တုမှာ ဝိညာဉ်အစီအရင်တွေ သွားသင်ခိုင်းပြီး မင်တုရဲ့ တားမြစ်ချက်တွေ ပြောပြခဲ့တယ်... မင်တုကောင်းကင်နတ်မင်းက ငါတို့ မပြောရတဲ့ နာမည်တဲ့”
ချင်မူ တျန်းရှုဆီ လှမ်းကြည့်ကာ အံ့အားသင့်သွားသည်။ “ဘာလို့လဲ”
“မဟူရာနတ်မင်းက မင်တုကောင်းကင်နတ်မင်းနဲ့ ရန်ငြိုးရှိတယ်”
ချီကျုံရီ စိတ်တည်ငြိမ်သွားပြီး ရှင်းပြနေ၏။ “တကယ်တော့ မြေအောက်ဘုံအရှင်သခင်က မင်တုကောင်းကင်နတ်မင်းနာမည်ကို ပေးခဲ့တာ... ဇာမဏီနတ်မင်း ပြောပုံအရဆို အစ်ကိုကြီးတျန်းက ဝိညာဉ်ပညာမှာ အင်မတန် အဆင့်မြင့်မားတယ်တဲ့... သူက ယိုတုကို စိတ်တိုင်းကျ ဝင်နိုင်ထွက်နိုင်လို့ ကျော်ကြားတယ်... ဒါကြောင့် မြေအောက်ဘုံအရှင်သခင်က သူ့ကို လေးစားပြီး မင်တုကောင်းကင်နတ်မင်းဘွဲ့ ပေးခဲ့တာ... ဒါပေမဲ့ ဇာမဏီနတ်မင်းကတော့ အဲဒီလို ပေးခဲ့တဲ့ ရည်ရွယ်ချက်က မရိုးသားဘူးတဲ့... သူ့ရည်ရွယ်ချက်က မင်တုကောင်းကင်နတ်မင်းနဲ့ မင်တုမဟူရာနတ်မင်း တိုက်ခိုက်အောင် ဆွပေးလိုက်တာတဲ့လေ”
မရဏတမန်တော်က ပြောသည်။ “မြေအောက်ဘုံအရှင်သခင်ကို အဲဒီလိုမနှိမ့်ချလိုက်နဲ့.... မြေအောက်ဘုံအရှင်သခင်က မဟူရာနတ်မင်းလို ယိုတုရဲ့ ကောင်းကင်နတ်သိုင်းစနစ်ကို ပြုပြင်မွမ်းမံနေတယ်... နောင်ကျရင် မဟူရာနတ်မင်းအောက် နိမ့်ကျတော့မှာမဟုတ်ဘူး.. အေး၊ ဆွပေးချင်တဲ့ ရည်ရွယ်ချက်လည်း နည်းနည်းတော့ ပါတာပေါ့လေ”
ချီကျုံရီ ပြောလိုက်သည်။ “အဲဒီနောက်ပိုင်း မဟူရာနတ်မင်းရဲ့ တပည့်တွေက မင်တုကောင်းကင်နတ်မင်းကို လာရှာကြတယ်... အစ်ကိုကြီးတျန်းက သူ့တပည့်တွေကို သတ်ပစ်ခဲ့တယ်”
တျန်းရှုက ကျေနပ်နေသောမျက်နှာဖြင့် ပြုံးလိုက်ကာ ဝင်ပြော၏။ “ငါက မဟူရာနတ်မင်းနဲ့ တစ်ဆင့်တည်းရှိတဲ့ ကောင်းကင်နတ်မင်းလေ... သူ့တပည့်တွေအောက် နိမ့်ကျစရာလား”
ချင်မူ့မျက်နှာက တျန်းရှုကို ကြည့်ရင်း တစ်မျိုးကြီးဖြစ်နေသည်။ အရက်ကို ဘဝလို ကိုးကွယ်နေသော ဤအရက်သမားသည် ကောင်းကင်သားတော်ယင်လို ထင်ပေါ်ကျော်ကြားခဲ့သော လူတစ်ယောက်ဖြစ်ခဲ့ကြောင်း သူ မယုံချင်ပေ။
“သူက မင်တုမဟူရာနတ်မင်းရဲ့ တပည့်တွေကို သတ်ခဲ့ရုံတင်မကဘူး... အကြီးဆုံးတပည့်ကိုလည်း သတ်ခဲ့တယ်... ဒါနဲ့ မဟူရာနတ်မင်းကိုယ်တိုင် သူ့ကို လာရှာတယ်လေ”
ချီကျုံရီက တွန့်ဆုတ်သွားပြီး ဆက်ပြောသည်။ “ဇာမဏီနတ်မင်း ပြောပုံအရဆို အစ်ကိုကြီးတျန်း ရှုံးသွားပေမယ့် မဟူရာနတ်မင်းလည်း သူ့ကို မသတ်နိုင်ဘဲ လွှတ်ပေးခဲ့ရတယ်တဲ့”
တျန်းရှုသည် အပြုံးပန်များ ဝေဝေဆာဆာဖြင့် တခွီးခွီး ရယ်နေ၏။ “ငါက သူ့ပြိုင်ဘက် မဟုတ်ပေမယ့် ကောင်းကင်နတ်မင်းတစ်ယောက် ဖြစ်နေတုန်းပဲမဟုတ်လား... သူ ငါ့ကို ဘယ်လွယ်လွယ် သတ်နိုင်ပါ့မလဲ”
“အဲဒါနဲ့ အစ်ကိုကြီးတျန်း မြေအောက်ဘုံအရှင်သခင်နဲ့ ခွာပြဲသွားရောပေါ့” ချင်မူ ဆက်ပြောလိုက်၏။
တျန်းရှုမျက်နှာမှာ တမုဟုတ်ချင်း ဖြူလျော်သွားပြီး လှေလေးအပေါ် လဲကျသွားသည်။ သူက မျက်ရည်များဖြင့် ပြောလေသည်။ “ငါ ဘာတတ်နိုင်မှာလဲကွာ... ခိုင်ဧကရာဇ်က တော်ဝင်မုခ်ဝနတ်ဓားမကို ငါ့ဆီ ပို့ပြီး မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ဖြတ်ခိုင်းခဲ့တယ်လေ... ငါ ဘယ်လုပ်ရဲမတုံး... ခိုင်ဧကရာဇ်ကလည်း နပ်တယ်... ငါ့ကို အရက်တွေလက်ဆောင်ပေးပြီး အဲဒီအရက်တွေကလည်း သိပ်အရသာ ရှိတာကွ... အရက်သောက်ပြီးရင် မြေအောက်ဘုံအရှင်သခင် မပြောနဲ့ ခိုင်ဧကရာဇ်ကိုတောင် ခုတ်ဖြတ်ရဲတယ်.. အဲဒါကြောင့် ဓားမဆွဲပြီး ယိုတုထဲ ကမူးရှူးထိုး ဝင်ခဲ့မိတာ... မြေအောက်ဘုံအရှင်သခင် ဖမ်းတာခံရမှပဲ အမူးပြေတော့တယ်....”
ချင်မူ သူ့ကို အထူးအဆန်းသဖွယ် ကြည့်နေမိသည်။
တျန်းရှုသည် အလွန်ကြောက်တတ်သော်လည်း အရက်ကြိုက်၏။ ပုံမှန်ဆိုလျှင် စိုးရိမ်ပူပန်တတ်သူ ဖြစ်လင့်ကစား အရက်ဝင်သွားသည်နှင့် မိုက်ရူးရဲဆန်လာတတ်သည်။
အရက်မသောက်ခင် ကြွက်တစ်ကောင်ဆိုလျှင် အရက်သောက်ပြီးပါက ကျားရိုင်းတစ်ကောင် ဖြစ်သွားတတ်၏။ ယင်းက သူ၏အကျင့်စရိုက်ပင်။
မရဏတမန်တော်က လှေလေးကို သူ့စံအိမ်ဆီ မစေစားဘဲ မြေအောက်ဘုံအရှင်သခင်၏ အချိုးအကွေ့ကိုးသွယ် ချိုကြီးဆီသို့ တန်းဆင်းစေလိုက်သည်။
တျန်းရှုမှာ မထိုင်နိုင်မထနိုင်ဖြစ်နေပြီး ချင်မူ့ကို အားကိုးတကြီး ကြည့်နေသည်။
ချင်မူ ခပ်တိုးတိုး ပြောလိုက်၏။ “ကျွန်တော်တို့ မြေအောက်ဘုံအရှင်သခင်ရဲ့ ကိုယ်အစစ်နဲ့ တွေ့ရလောက်တယ်.... မကြောက်နဲ့ မကြောက်နဲ့...”
တဖြည်းဖြည်း မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးများ နီးသထက် နီးလာနေသည်ကို သူတို့ မြင်ကြရသည်။ မျက်လုံးများ ကြီးမားလာသည်နှင့်အမျှ မြေအောက်ဘုံအရှင်သခင်၏ တစ်ကိုယ်လုံးကိုလည်း မမြင်ရတော့ပေ။
မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ပေါ်၌ ဖွဲ့တည်နေသော မြေပြင်များနှင့် ထိုမြေပြင်များ၌ နေထိုင်နေကြသော သရဲတစ္ဆေတို့အား ချင်မူ မြင်ရသည်။ သူတို့သည် လှပခမ်းနားသော မြို့များကို တည်ဆောက်ထားကြပြီး စစ်ဖြစ်နေသည့် နေရာများပင် ရှိနေ၏။ မြေအောက်ဘုံအရှင်သခင်၏ အရေပြားအက်ကွဲသည့်တိုင်အောင် သူတို့ တိုက်ခိုက်နေကြသော်လည်း မြေအောက်ဘုံအရှင်သခင်အတွက် ထိခိုက်ဒဏ်ရာမဖြစ်ပေ။
နန်းဆောင်များ သယ်ဆောင်ထားသော ဧရာမမကောင်းဆိုးဝါးကြီးများကိုပင် တွေ့ရသည်။ နန်းဆောင်များက သူတို့၏ခန္ဓာကိုယ်တွင် ချည်နှောင်ခံထားရသည်။ မကောင်းဆိုးဝါးကြီးများက တစ်လှမ်းချင်း ခက်ခက်ခဲခဲ လှမ်းရင်း မြေအောက်ဘုံအရှင်သခင်၏ ကိုယ်ပေါ်တွင် လျှောက်နေကြသည်။
“အဲဒီနန်းဆောင်တွေထဲမှာ နေ,နေတာက အင်အားကြီးတဲ့ အထွတ်အမြတ်နတ်ဘုရားတွေရဲ့ မူလဝိညာဉ်တွေပဲ.... မကောင်းဆိုးဝါးတွေက သူတို့ရဲ့ စီးတော်အဖြစ် အသုံးခံနေကြရတာ”
တျန်းရှုက ပြောသည်။ “ယိုတုမှာ အာဏာနည်းနည်း ရှိတဲ့ သူတွေက မကောင်းဆိုးဝါးတစ်ကောင်၊ နှစ်ယောက်လောက် ထိန်းပြီး စီးတော်အဖြစ် အသုံးချကြတယ်.... သူတို့မိတ်ဆွေ၊ မိသားစုတွေဆီ အလည်သွားရင် အဲဒီမကောင်းဆိုးဝါးတွေကို စီးကြပြီး ဟန်ထုတ်ကြတာပေါ့ကွာ... ဟိုတုန်းက ငါ ယိုတုမှာ လျှောက်သွားတုန်းကလည်း အဲဒီလိုဟိတ်ဟန်ထုတ်ခဲ့သေးတယ်”
မရဏတမန်တော်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကောင်းကင်နတ်မင်း မြေအောက်ဘုံအရှင်သခင်နဲ့ တွေ့ပြီးရင် ဟိတ်ဟန်ဆက်ထုတ်လို့ရပါတယ်”
တျန်းရှုမှာ ပျော့ခွေသွားကာ စကားတစ်ခွန်းမပြောတော့ပေ။
ချင်မူက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ “မပူပါနဲ့ သူက ဆရာကြီးကို တမင်ခြောက်နေတာပါ... မြေအောက်ဘုံအရှင်သခင်က သိပ်သည်းခံတတ်ပါတယ်... သူ ဆရာကြီးကို ဘာမှမလုပ်ပါဘူး”
မရဏတမန်တော် သရော်တော်တော် ပြောလိုက်၏။ “မင်းလည်း အတူတူပဲ... မြေအောက်ဘုံအရှင်သခင် မသိဘူး ထင်မနေနဲ့... မင်း ဟိုတလောက သူ့စွမ်းအားကို ခိုးခဲ့တယ်မဟုတ်လား... မင်းလုပ်ခဲ့တဲ့ မကောင်းမှုကို မြေအောက်ဘုံအရှင်သခင် မှတ်ထားတယ်”
ချင်မူ ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။ “အရာရှိမင်းကလည်းဗျာ ကျွန်တော် ကောင်းကင်ယင်နတ်ဘုရားမကို ကယ်ဖို့ အဲဒီလိုလုပ်ခဲ့ရတာပါ... ကောင်းကင်ယင်နတ်ဘုရားမက ပြိုကွဲသွားတဲ့ ဝိညာဉ်တွေကို ထိန်းချုပ်တယ်လေ... မြေအောက်ဘုံအရှင်သခင်ကကျ မပြိုကွဲတဲ့ ဝိညာဉ်တွေကို အုပ်စိုးတယ်... ပြီးတော့ ကောင်းကင်ယင်နတ်ဘုရားမလို ချောမောလှပတဲ့ နတ်ဘုရားမတစ်ပါးကို ဒီတိုင်း သေခွင့်ပေးလိုက်ရင် နှမြောစရာကောင်းတာပေါ့... အဲဒါကြောင့် ခွင့်မတောင်းဘဲ စွမ်းအားခိုးခဲ့မိတာပါ.... မြေအောက်ဘုံအရှင်သခင်ဆီကတင် မဟုတ်ပါဘူး... ကောင်းကင်နယ်စားမင်းဆီကလည်း ခိုးခဲ့သေးတယ်.... ကောင်းကင်နယ်စားမင်းကတောင် ကျွန်တော့်လုပ်ရပ်က မှန်ကန်ပြီး ကောင်းမွန်တယ်လို့ ချီးကျူးခဲ့သေးတယ်”
“ကောင်းကင်နယ်စားမင်းက အဲဒီလိုပြောတယ်လား” မရဏတမန်တော် သိချင်စိတ်ဖြင့် မေးလိုက်သည်။
ချင်မူက ခပ်တည်တည်ဖြင့် ပြောနေ၏။ “ပြောတာပေါ့.... ကောင်းကင်နယ်စားမင်းက သိပ်သဘောထားကြီးတယ်၊ ကျွန်တော့်လုပ်ရပ်ကို အပြည့်အဝကို ထောက်ခံပေးခဲ့တာ... မြေအောက်ဘုံအရှင်သခင်လည်း နားလည်ပြီး အသိအမှတ်ပြုပေးမှာပါလို့တောင် ကောင်းကင်နယ်စားမင်း ပြောခဲ့သေးတယ်... မြေအောက်ဘုံအရှင်သခင် ကျွန်တော့်ကောင်းမှုကို မှတ်ထားတယ်ဆို အရာရှိမင်း မှားနေပြီထင်တယ်နော်.... ကျွန်တော့်အထင်တော့လေ ယိုတုထဲ ရောက်နေပေမယ့် မြေအောက်ဘုံအရှင်သခင်ကို သွားမနှောင့်ယှက်သင့်ဘူးထင်တယ်... ကျွန်တော်တို့ကို အရင် ပြန်ပို့ပေးလိုက်ပါလား”
“ရောက်တောင် ရောက်နေပြီ”
မရဏတမန်တော်က ချင်မူ၏ ရိုးသားဖြူစင်နေသော ရုပ်ကို ဂရုမစိုက်ပေ။ လှေလေးသည် မြေအောက်ဘုံအရှင်သခင်၏ တတိယမျက်လုံးဆီ တရွေ့ရွေ့ ဝင်သွားပြီး မျက်လုံးအား မမြင်ရတော့ပေ။ အဆုံးမဲ့သော အနီရောင်အလင်းကိုသာ မြင်ကြရသည်။
လှေလေးသည် အနီရောင်အလင်းထဲ၌ ရွက်လွှင့်နေ၏။ ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ တုန်လှုပ်သွားသည်။ မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးမှတစ်ဆင့် မရေမတွက်နိုင်သော ကမ္ဘာလောကများနှင့် မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့၏ ဝိညာဉ်များအား မြင်နေရလေသည်။
“ကြီးမားလိုက်တဲ့ စွမ်းအား...”
အနီရောင်အလင်းထဲ၌ ကိုက်သုံးထောင် ကျယ်ဝန်းသော စက်ဝိုင်းသဏ္ဍာန်စင်မြင့်တစ်ခု ရှိသည်။ စင်မြင့်ထက်တွင် နန်းတောင်တစ်ခု တည်နေပြီး လှေလေးက စက်ဝိုင်းသဏ္ဍာန်စင်မြင့်အနား၌ ရပ်နားလိုက်သည်။
ချင်မူတို့ လှေပေါ်မှ ဆင်းလိုက်ကြပြီး တျန်းရှုမှာ လဲကျတော့မလို ဖြစ်နေ၏။ ထိုအချိန်တွင် ခပ်လွင်လွင်ရယ်သံများဖြင့် စကားပြောနေသော နူးညံ့သိမ်မွေ့သည့် အသံတစ်သံ ကြားလိုက်ရသည်။ “မြေအောက်ဘုံအရှင်သခင် ဧည့်သည်တွေ ရောက်လာပြီဆိုတော့ ကျုပ် မနှောင့်ယှက်တော့ပါဘူး... နောက်ရက်မှပဲ အလည်လာတော့မယ်... လိုက်ပို့မနေပါနဲ့”
ချင်မူ အသံကြားလိုက်ရသည်နှင့် အတန်ငယ် အံ့အားသင့်သွားသည်။ အသံမှာ ရင်းနှီးနေသလိုပင်။
မရဏတမန်တော်က လှေလေးကို ကြိုးချည်ပြီး ပြောသည်။ “ဧည်သည့်ထွက်လာရင် ဝင်လို့ရပြီ”
တခဏကြာသော် နန်းတော်ထဲမှ ပိန်ပိန်သွယ်သွယ် လူတစ်ယောက် ထွက်လာသည်ကို ချင်မူ မြင်လိုက်ရသည်။ ထိုလူသည် အလွန်ခံ့ညားချောမော၏။ စကားလုံးများဖြင့် မဖွဲ့သီနိုင်လောက်အောင် တမူထူးခြားသော အဟန့်အထည်ရှိပြီး သူ့ကို ကြည့်လိုက်ရုံနှင့် စိတ်ထဲ လန်းဆန်းသွားစေနိုင်သည်။ သူ့ကို အလိုလို သဘောမကျမိဘဲ မနေနိုင်ဖြစ်ကြလိမ့်မည်။
ဆေးဆရာ၏မျက်နှာသာ ရှိသေးလျှင် ထိုသို့ချောမောလိမ့်မည်ဟု ချင်မူ တွေးမိ၏။
တျန်းရှုအမူအရာ ပြောင်းလဲသွားပြီး နှာခေါင်းရှုံ့လိုက်သည်။
ခပ်ချောချောလူက လမ်းလျှောက်လာကာ မရဏတမန်တော်ကို နှုတ်ဆက်သည်။ “အရာရှိမင်း”
မရဏတမန်တော်ကလည်း ပြန်နှုတ်ဆက်သည်။
ခပ်ချောချောလူသည် တျန်းရှုကို မြင်လျှင် အနည်းငယ် မှင်သက်သွားပြီးနောက် အပြုံးတစ်ခုဖြင့် ပြော၏။ “ကောင်းကင်နတ်မင်းပါလား အသက်ရှိသေးတာပဲနော်”
တျန်းရှုက ရှူနာရှိုက်ကုန်းဖြစ်နေခဲ့သော အနေအထားမှ မတ်မတ်ရပ်လိုက်သည်။ သူ့ချိုများမှ အေးစက်သော ကောင်းကင်အလင်းရောင် ထွက်လာပြီး သူက ပြောလိုက်၏။ “ပို့သတဲ့ မေတ္တာကြောင့် အခုထိ မသေသေးပါဘူး”
ခပ်ချောချောလူက ပြုံးလိုက်သည်။ “ယန်ရှောင်ချင်း တော်ဝင်မုခ်ဝ နတ်ဓားမထဲမှာ မင်းကို ပိတ်ခဲ့တာတောင် ထွက်လာနိုင်သေးတယ်ဆိုတော့ မင်းက မဆိုးဘူးပဲ... ဒါပေမဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ခုတ်ခဲ့တဲ့အတွက် အသက်ရှင်ပါ့မလား မပြောတတ်ဘူး.. ဟုတ်သား၊ မင်း အရက်ကြိုက်တယ်မဟုတ်လား.... ငါ မင်းအတွက် အရက်တွေယူသွားဖို့ ယန်ရှောင်ချင်းဆီ မှာခဲ့သေးတယ်... အရသာ ဘယ်လိုနေလဲ”
တျန်းရှု၏ တောင်ဆိတ်မုတ်ဆိတ်မွှေးများ မြောက်တက်လာပြီး သူ့မှာ ဒေါသမထိန်းနိုင်တော့ပေ။
ခပ်ချောချောလူသည် ပြုံးလိုက်၏။ “ဒါက ယိုတုပါ... ကမူးရှူးထိုး မပြုမူသင့်ဘူး... တွေးကြည့်တော့မှ မင်း တစ်ခါ ကမူးရှူးထိုး လုပ်ခဲ့သေးတာပဲ.... ကျုံရီ၊ မင်းလည်း ဘာလို့ ဒီရောက်နေတာလဲ”
ချီကျုံရီ၏အမူအရာ ပြောင်းလဲသွားပြီး နဂါးချီလင်၏အနောက်မှ ထွက်လာသည်။ သူက နှုတ်ဆက်လိုက်သည်။ “တပည့် ဆရာ့ကို ဂါဝရပြုပါတယ်”
ခပ်ချောချောလူက သူ့ကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ “မင်းမှာ မူလဝိညာဉ်ပဲ ရှိပါလား... ရုပ်ခန္ဓာ ဘယ်ရောက်သွားလဲ”
ချီကျုံရီမှာ ရှက်ရွံ့သွားသည်။ “တော်ဝင်မုခ်ဝနတ်ဓားမထဲ စုပ်ယူခံလိုက်လို့ပါ... ရုပ်ခန္ဓာက မဟာမြို့ပျက်မှာ ရှိပါသေးတယ်”
ချင်မူ ရင်ထဲဒိန်းခနဲ ခုန်သွားပြီး ဤခပ်ချောချာလူက မည်သူမှန်း သိလိုက်ချေသည်။
‘မင်တုမဟူရာနတ်မင်း ကောင်းကင်ယင်သားတော်’
သူ့အရှိန်အဝါ ဖရိုဖရဲဖြစ်သွားသော်လည်း သူက တမုဟုတ်ချင်း ဖိနှိပ်ကာ စိတ်ငြိမ်ငြိမ်ထားလိုက်သည်။ သူ့ဘာသာသူ တွေးလိုက်မိ၏။ ‘ဘာလို့ ကောင်းကင်ယင်သားတော်က မြေအောက်ဘုံအရှင်သခင်ကို လာရှာတာလဲ... ကောင်းကင်ယင်နတ်ဘုရားမကိစ္စကြောင့်လား... ငါက မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအား ခိုးပြီး ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းခဲ့တာ... ဒီအချက်ကို သူ မမြင်ဘဲနေမှာမဟုတ်ဘူး’
ကောင်းကင်ယင်သားတော်က သူ့အရှိန်အဝါ လှုပ်ခါသွားသည်ကို ခံစားမိဟန်တူပြီး သူ့ဆီ လှမ်းကြည့်ကာ ချီးကျူးသည်။ “ခိုင်မာလိုက်တဲ့ မူလဝိညာဉ်ပါလား... လူတော်လေးပဲ... ကောင်းကင်နတ်မင်း၊ ဒါ ခင်ဗျားတပည့်လား”
တျန်းရှုက ဟက်ခနဲ ရယ်သည်။ “မင့်သောက်ကြောင်း မပါဘူး”
ကောင်းကင်ယင်သားတော်က ချင်မူ့ကို ကြည့်ကာ နွေးထွေးစွာ ပြုံးပြသည်။ “ဒီသူပုန်တွေနောက် လိုက်နေလို့ အနာဂတ်မရှိဘူး မောင်ရင်... အခွင့်အရေးရှိခဲ့ရင် ငါ့ကို မင်တုမှာ လာရှာလှည့်ပါ... မင်းလို လူငယ်တွေကို ငါ လေးစားတယ်”
ချင်မူပုံစံသည် တျန်းရှုကိုတစ်လှည့်၊ ကောင်းကင်ယင်သားတော်ကို တစ်လှည့်ကြည့်ကာ ကြောက်လန့်ပြီး ဆုံးဖြတ်ရခက်နေပုံရ၏။
ကောင်းကင်ယင်သားတော်က ပြန်ရန် ခြေလှမ်းလိုက်သည်။ “ကျုံရီ၊ မြေအောက်ဘုံအရှင်သခင်က မင်းတို့ကို တွေ့ချင်နေတာဆိုတော့ ငါ မင်းကို ခေါ်မသွားတော့ဘူး... ဒီနေရာမှာ ကိစ္စတွေပြီးရင် သက်ရှိကမ္ဘာဆီ ပြန်ပြီး ရုပ်ခန္ဓာကို ရှာတွေ့တာနဲ့ ချက်ချင်း ပြန်လာခဲ့တော့... မင့်အစ်ကိုကြီးတွေ ကပ်ဘေးစလွှတ်တော့မယ်... ငါ ဒီတစ်ခေါက် ဆင်းလာတာကလည်း အောက်ဘုံမှာ ရုတ်တရက် သေတော့မည့် ဝိညာဉ်တွေကို ကိုင်တွယ်ဖို့ကိစ္စ မြေအောက်ဘုံအရှင်သခင်နဲ့ ဆွေးနွေးဖို့ ဆင်းလာတာ”
“နားလည်ပါပြီဆရာ” ချီကျုံရီ ခါးကိုင်းထားပြီး ကောင်းကင်ယင်သားတော် ပျောက်သွားမှ ခါးပြန်မတ်၏။
ချင်မူ မျက်လုံးများ မှေးကျဉ်းမိသည်။ ကောင်းကင်ယင်သားတော်၏ ချီစွမ်းအင်သည် သန်မာအားကောင်း၏။ တျန်းရှုကိုပင် တည်ငြိမ်စွာ ဖိနှိပ်ထားခဲ့လေသည်။ အမှန်ပင် အင်အားကြီးမားသော လူတစ်ယောက်ဖြစ်သည်။
ချီကျုံရီ ချင်မူ့ကို ကြည့်ကာ ပြောလိုက်သည်။ “ဆရာ မင်းကို မသိဘူး”
“ကျေးဇူးအများကြီး တင်ပါတယ်” ချင်မူ ဦးညွှတ်အရိုအသေပေးလိုက်သည်။
ချီကျုံရီက ပါးစပ်ဟလိုက်ပြီး သက်ပြင်းချသည်။ “ငါတို့က အစတုန်းက ရန်သူတွေဆိုပေမယ့် မူးနေတုန်းက နဂါးချီလင်နဲ့ ညီအစ်ကိုလုပ်ထားမိတော့ မင်းကို သစ္စာဖောက်လို့မကောင်းတော့ဘူး... ဒီလိုမျိုး ဘယ်လိုတောင် ဖြစ်လာတာပါလိမ့်”
သူ့မျက်ဝန်းများက ငေးကြောင်နေသည်။
တျန်းရှုက စပ်စု၏။ “ချင်မူ မင်း ဘာလုပ်ခဲ့တာလဲ... ဘာလို့ မဟူရာနတ်မင်းကို မင်း ဘယ်သူမှန်း ပြောလို့မရတာလဲ”
ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “စကားလေးတစ်ခွန်းနှစ်ခွန်းနဲ့ ရှင်းပြရခက်တယ်”
တျန်းရှု၏ မျက်လုံးများမှာ ပိုမိုကြီးမားလာပြီး ပို၍ပင် သိချင်နေတော့သည်။
မရဏတမန်တော်က ရှေ့လျှောက်ရင်း မှင်သေသေ လှမ်းပြောသည်။ “ဝင်စို့ မြေအောက်ဘုံအရှင်သခင် ကြာကြာမစောင့်ရစေနဲ့”
တျန်းရှုမှာ အသက်ထွက်တော့မည့် တောင်ဆိတ်ကြီးလို ပျော့ခွေကာ လဲကျသွားပြန်ပြီး မလှုပ်တော့ပေ။ ချင်မူက သူ၏တောင်ဆိတ်ချိုကြီးကို ဆွဲ၍ နန်းတောင်ထဲသို့ တရွတ်တိုက် ခေါ်လာသည်။
မြေအောက်ဘုံအရှင်သခင်က သူတို့အရှေ့တွင် ရှိနေသော်လည်း ကိုယ်ပွားသာ ဖြစ်နိုင်ချေများ၏။ သူ့တစ်ကိုယ်လုံး မီးတောက်မီးလျှံများ ဖုံးလွှမ်းနေပြီး သူ့တွင် ကျားခေါင်း၊ ကျွဲချိုနှင့် လူခန္ဓာကိုယ် ရှိသည်။
သူက လောလောဆယ်တွင် စာအုပ်များ လှန်ဖတ်နေသည်။
“အရာရှိမင်း၊ သူ ငါ့စွမ်းအားတွေ ခိုးခဲ့တဲ့ကိစ္စ မှတ်ပြီးပြီလား” မြေအောက်ဘုံအရှင်သခင်က ခေါင်းပင်မမော့ဘဲ မေးလိုက်၏။