← Chapters

အနန္တ ဧကရာဇ်ဂိုဏ်း၏ ဖွဲ့စည်းပုံ

Vol. 12 Ch. 158

အနန္တ ဧကရာဇ်ဂိုဏ်း၏ ဖွဲ့စည်းပုံ

Vol. 12 Ch. 158

ရှန်းလင်က အတွေးများကို စုစည်းကာ စတင် ရှင်းပြလိုက်သည်။

“ငါ ပြောခဲ့ဖူးသလိုပဲ အနန္တ ဧကရာဇ်ဂိုဏ်းက သုံးလွှာ ကြယ်တာရာ နယ်မြေကြီးရဲ့ ထိပ်တန်း ဂိုဏ်းငါးဂိုဏ်းထဲက တစ်ဂိုဏ်းပေါ့... ဂိုဏ်းရဲ့ အဓိက ဋ္ဌာနချုပ်က ဒီအနန္တ ဧကရာဇ်ဂြိုဟ်ပေါ်မှာ တည်ရှိတယ်... ဂြိုဟ်ဆိုတာက စက်ဝိုင်းပုံသဏ္ဌာန် ကုန်းမြေထုကြီးကို ခေါ်တာ... စကြဝဠာထဲမှာ လွင့်မြောနေတဲ့ တိုက်ကြီးတွေနဲ့ မတူတာက ဂြိုဟ်တွေရဲ့ လေထုဟာ အမိုးခုံး ပုံစံ မဟုတ်ပဲ ပတ်ပတ်လည်ကနေ လွှမ်းခြုံနေတာမျိုးပဲ”

“ဒီဂြိုဟ်ရဲ့ လေထုကို အလွှာသုံးလွှာနဲ့ ဖွဲ့စည်းထားတယ်... ဒီလေထု အလွှာတွေကပဲ ပျက်စီးခြင်း အမတေ စွမ်းအားတွေကို သန့်စင်ပြီး ကောင်းကင်နဲ့ မြေကြီး အမတေတွေကို ထုတ်လွှတ်ပေးတယ်... တည်ငြိမ်ကောင်းမွန်တဲ့ အခြေအနေ တစ်ခုကို ဖန်တီးပေးတယ်... ဒီနေရာက အမတေတွေ ပိုသန့်စင် ထူထပ်ရတဲ့ အကြောင်းရင်းက လေထု သန့်စင်မှု စနစ်ဟာ မင်းတို့ ကုန်းမြေတိုက်ကြီတွေထက် ပိုကောင်းလို့ပဲ”

“ဒါဆို ပျက်စီးခြင်း အမတေ စွမ်းအားတွေကရော ဘယ်ကနေ လာတာလဲ ဆရာ...”

လုံထျန်းယုက မေးခွန်းထုတ်လိုက်၏။

ရှန်းလင်က အသာအယာပင် ပြုံးလိုက်သည်။

“ပျက်စီးခြင်း အမတေတွေက မင်းတို့ အထက်မှာ တည်ရှိနေတဲ့ နေမင်းတွေက လာတာ... နေရဲ့ အရွယ်အစားနဲ့ မွေးရာပါ ဂုဏ်သတ္တိတွေက သူ အလင်းရောင် ပေးနေတဲ့ ဂြိုဟ်အပေါ် အများကြီး သက်ရောက်မှု ရှိတယ်... ပိုပြီး ထိတွေ့လေလေ... ပျက်စီးခြင်း အမတေ စွမ်းအင် ပိုမို ရောက်ရှိလေလေပဲ”

ဝေ့ဝူယင်၏ နှလုံးသားက အံ့သြမှုများနှင့် ပြည့်နှက်သွားသည်။ အထက်ကောင်းကင်ရှိ နေသည် ကျင့်ကြံခြင်း လမ်းစဥ် အတွက် ထိုမျှ အကျိုးသက်ရောက်ရှိ ရှိလိမ့်မည်ဟု ဝေ့ဝူယင် တစ်ခါမျှ မစဥ်းစားဖူးခဲ့ချေ။ ဤသို့ဆိုလျှင် ညအခါ ကောင်းကင်၌ မြင်တွေ့ရသည့် ကြယ်ပွင့်များမှာ နတ်ဘုရားများ ဖြစ်သည် ဆိုသော ဒဏ္ဍာရီများက တကယ် မှန်နေသည်လော။

ထိုအတွေးဖြင့် ဝေ့ဝူယင်၏ နှလုံးသားက တုန်ရီသွားသည်။ သူသည်လည်း တစ်နေ့၌ ကြယ်တာရာ တစ်ပွင့်၊ နေတစ်စင်း ဖြစ်ချင်သည်။

တစ်ချိန်တည်း၌ အခြားလူများ၏ မျက်လုံးများမှာလည်း တလက်လက် တောက်ပနေ၏။ ရှန်းလင်မှာ သူတို့၏ အတွေးများကို ရိပ်မိဟန်ဖြင့် တခစ်ခစ် ရယ်မောလိုက်သည်။

“ကျင့်ကြံသူတွေက ကိုယ်ပိုင်ကြယ်တွေကို မွေးဖွားနိုင်တယ် ဆိုတာ ငါလည်း ကြားဖူးပါတယ်... ဒါပေမဲ့ အစစ်အမှန် ဖြစ်လိမ့်မယ်လို့ ငါတော့ မထင်ဘူး... တကယ်တော့ အဲဒါတွေက နှစ်ပေါင်း မရေမတွက်နိုင်အောင် ပြန့်ကျဲနေတဲ့ ဒဏ္ဍာရီတွေပါပဲ”

ချင်ချူးမူမှာ သူမ၏ အတွေးများအား ဖော်ထုတ်ခြင်း ခံလိုက်ရသည့် အတွက် ဇာပုဝါ နောက်ကွယ်မှ ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။

သို့သော်လည်း ဝေ့ဝူယင်မှာမူ အခြားအတွေး တစ်ခုထဲ နစ်မြုပ်နေခဲ့၏။

“ဒဏ္ဍာရီတွေသာ မမှန်ဘူး ဆိုရင် ငါတို့ နေထိုင်တဲ့ စကြဝဠာက စာသင်သားတွေ လေ့လာနေတဲ့ နက္ခတ္တဗေဒ ပညာရပ်နဲ့များ ဆက်စပ်နေမလား မသိဘူး... အစတုန်းက သူတို့ကို စိတ်ကူးယဥ် သမားတွေလို့ပဲ ငါ သတ်မှတ်ထားခဲ့တာ... ဒါပေမဲ့ ခုကျ သူတို့ ပြောတာ မှန်နေသလိုလိုပဲ... ငါ ခုရောက်တဲ့ နေရာကတောင် သူတို့ ပြောတဲ့ စက်ဝိုင်း ပုံသဏ္ဌာန်ဂြိုဟ် တစ်ခုပေါ်မှာလေ”

ထိုအချိန်တွင်ပင် ရှန်းလင်က စကားဆက်လိုက်၏။

“အနန္တဧကရာဇ်ဂြိုဟ်က မင်းတို့ လာတဲ့ အနန္တ ကုန်းမြေတိုက်ကြီးထက် အဆ နှစ်သောင်းလောက် ပိုကြီးတယ်... မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ ဒီဂြိုဟ်ပေါ်မှာ မှီတင်း နေထိုင်နေကြတယ်... ဒါပေမဲ့ နေရာတိုင်းကို လူသားတွေပဲ ကြီးစိုးနေတာတော့ မဟုတ်ဘူး... အယ်ဗန် မှင်စာတွေ၊ နတ်ဆိုး မျိုးနွယ်တွေကိုတော့ မင်းတို့ သိပြီးသား ဖြစ်မှာပါ... ဒါပေမဲ့ ဒီဂြိုဟ်ကို သိမ်းပိုက်နိုင်တဲ့ အခြား မျိုးနွယ်တစ်ခုလည်း  ရှိသေးတယ်... သူတို့ကို ရှို့ရန်တွေလို့ ‌ခေါ်ကြတယ်”

“ရှို့ရန်...”

ထိုစကားလုံးကြောင့် ဝေ့ဝူယင်မှာ စိတ်ဝင်စားသွားသည်။ တစ်ချိန်လုံး ပျင်းရိနေသည့် ပိုင်လင်ပင်လျှင် မျက်လုံးများ အရောင်ပြောင်းသွား၏။

ရှန်းလင်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... နောက်တစ်မျိုး ခေါ်ရမယ် ဆိုရင်တော့ သားရဲလူသားပေါ့... ရှို့ရန်တွေရဲ့ ဇစ်မြစ်က သိပ်ပြီး မရှင်းလင်းဘူး... ဒါပေမဲ့ နတ်ဆိုးတွေ၊ လူသားတွေ၊ မှင်စာတွေနဲ့ သားရဲတွေ မျိုးစပ်ပြီး ပေါက်ဖွားလာခဲ့တာ ဖြစ်နိုင်တယ်... သူတို့က ကြယ်တာာ နယ်မြေမှာ သိပ်ပြီး မထင်ရှားတဲ့ မျိုးနွယ်တစ်ခု ဆိုပေမဲ့ သာမန်လူတွေ၊ နတ်ဆိုးတွေ၊ မှင်စာတွေထက် ပိုသန်မာတဲ့ ခန္ဓာကိုယ်နဲ့ မွေးရာပါ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်... နောက်ပြီး သူတို့ရဲ့ သက်တမ်းကလည်း ပိုရှည်ကြတယ်”

ဝေ့ဝူယင်မှာ နားထောင်ရင်း စဥ်းစားနေမိ၏။ သူ ကိုယ်တိုင်သည်လည်း အစစ်အမှန် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်သည်။ ထိုအရာကိုရော ရှို့ရန် မျိုးနွယ်ဝင်ဟု သတ်မှတ်နိုင်မည်လော။

ရှန်းလင်က လုံထျန်းယုကို ကြည့်ကာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ထိပ်တန်း မျိုးနွယ် လေးခုမှာ ကြောက်ဖို့ အကောင်းဆုံးက နတ်ဆိုးတွေပဲ... သူတို့က ကြောက်ဖို့ကောင်းတဲ့ မိစ္ဆာ စွမ်းအင်တွေကို ကျင့်ကြံ နိုင်ကြတယ်... နတ်ဆိုးမျိုးနွယ်တိုင်းက ဘာပြုပြင် ဖန်တီးမှုမှ မလိုပဲ သဘာဝ အတိုင်း အစွမ်းထက်ကြတယ်... ခြွင်းချက် မရှိဘူး... အရေအတွက်ချင်း ယှဥ်မယ်ဆိုရင် မျိုးနွယ်ကြီး လေးခုမှာ အနည်းဆုံး ဆိုပေမဲ့ နတ်ဆိုးမျိုးနွယ် တစ်ယောက်ချင်းစီက ပျမ်းမျှအားဖြင့် အခြား မျိုးနွယ်ဝင်တွေထက် ပိုပြီး အထင်ကြီးဖို့ ကောင်းကြတယ်”

လုံထျန်းယုမှာ ရှန်းလင်၏ အကြည့်ကြောင့် အနည်းငယ် မနေတတ်၊ မထိုင်တတ် ဖြစ်သွားသည်။ သူမသည် အနန္တ ကုန်းမြေတိုက်ကြီးတွင် အရွယ်ရောက်လာသူ တစ်ယောက် ဖြစ်ရာ နတ်ဆိုးများမှာ အမုန်းခံရဆုံး မျိုးနွယ်များ ဖြစ်ကြောင်း သိရှိထားသည်။ ၎င်းတို့၏ အငြိုးအတေး ကြီးမားပုံများ၊ လူသားများကို စားသုံးရန် အမဲလိုက်ပုံများ၊ ရက်စက်ကြမ်းကြုတ်ပုံများကို လုံချန်ထံမှ တစ်ဆင့် သူမ ကြားခဲ့ဖူးသည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားသည်။ ဝေ့မျိုးနွယ် တစ်ခုလုံး ရှင်းလင်းခံရသည့် မြင်ကွင်းက သူ၏ အမြင်အာရုံတွင် ပြန်လည် ပေါ်လာခဲ့၏။ နတ်ဆိုးများကြောင့်၊ သူ၏ ရွေးချယ်မှုကြောင့်၊ သူတို့၏ အမုန်းတရားများကြောင့်...

ရှန်းလင်မှာ သူတို့၏ ခံစားချက်များကို ရပ်မိဟန်ဖြင့် ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်၏။

“ဒီဂြိုဟ်ပေါ်မှာတော့ နတ်ဆိုးတွေက ဆိုးသွမ်းတဲ့ မျိုးနွယ်တွေ မဟုတ်ပါဘူး... ဘယ်သူမှလည်း သူတို့ရဲ့ ဖြစ်တည်မှုကို တကူးတက မမုန်းကြဘူး... သူတို့ကို အခြား မျိုးနွယ်တွေလိုပဲ သာတူညီမျှ ဆက်ဆံကြတယ်... ငါတို့ အနန္တဧကရာဇ်ဂိုဏ်းမှာတောင် နတ်ဆိုးမျိုးနွယ်တွေ ရှိတယ်... မင်းတို့ နောက်ကျရင် အသားကျ သွားမှာပါလေ"

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူမွေးဖွာသည့် ဝေ့မျိုးနွယ်တွင်လည်း လူဆိုးများ ရှိသကဲ့သို့ လူကောင်းများလည်း ရှိသည်။ ခေါင်းစဥ်တစ်ခုအတွင်း အတင်းအကြပ် ထည့်သွင်းခြင်းမှာ ဉာဏ်နိမ့်လွန်းရာ ကျပေသည်။ သူက အောက်ရှိ မြေပြင်ကို ငုံ့ကြည့်ရင်း “အကိုကြီးဆိုရင် ဒီနေရာကို သဘောကျမှာ” ဟု တွေးလိုက်မိသည်။

ရှန်းလင်မှာ ဝေ့ဝူယင်ကို ကြည့်ကာ တောကြုံအုံကြားမှ အတွေးများ ပါမလာစေရန် မျှော်လင့်လိုက်မိသည်။ အပြောကျယ်သော ကြယ်တာရာ နယ်မြေတွင် အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုတည်းသာလျှင် လူသားမျိုးနွယ် ကြီးစိုးရေး မူဝါဒကို ကျင့်သုံးနေသည့် နေရာ ဖြစ်သည်။

နတ်ဆိုးများသည် အမုန်းခံရဆုံး သတ္တဝါများ ဖြစ်လာကာ အယ်ဗန်များမှာ သစ်တောများထဲ၌ အထီးကျန်စွာ နေကြရသည်။ သူတို့သည် အပြင်လောကသို့ပင် ထွက်ခွင့် မရှိချေ။ ရှို့ရန်များကို ဆိုလျှင် မျိုးမစစ်သည့် စက်ဆုပ်ရွံရှာဖွယ် တိရစ္ဆာန်များ အဖြစ် သတ်မှတ်ထားကြသည်။ မလိုအပ်သည့် မုန်းတီးမှုများနှင့် ပြည့်နှက်နေသည့် ကံဆိုးမိုးမှောင်ကျရာ တိုက်ကြီးတစ်ခုပင်။

ထို့နောက်တွင် သူမက အနန္တဧကရာဇ်ဂြိုဟ်နှင့် ပတ်သက်နေသည့် အချို့ အကြောင်းအရာများကို ဆက်လက် ရှင်းပြလိုက်၏။ အားလုံးက အာရုံ အပြည့်အဝ စိုက်ကာ နား‌ထောင်နေကြသည်။

အနန္တဧကရာဇ်ဂိုဏ်းသည် ကြီးကျယ် မြင့်မားကာ အဆုံးမဲ့ ရှည်လျားလှသည့် တောင်စဥ်တန်းကြီး တစ်ခုပေါ်တွင် တည်ရှိသည်။ ထိုတောင်စဥ်တန်းကြီးသည် အလွန်တရာ မြင့်မားလှသော်လည်း သက်ရှိများ နေထိုင်နိုင်ရန် ပြုပြင်ထားကာ လယ်ယာများ၊ အဆောက်အဦများ အပြင် ရေတံခွန် ကဲ့သို့ စီးဆင်းနေသည့် မြစ်ပျံကြီးများကိုပင် မြင်တွေ့နိုင်၏။ ထိုတောင်စဥ်တန်းကြီးတွင် ထူးထူးခြားခြား ပိုမို မြင့်မားလှသည့် လူလုပ် တောင်ထွတ် ငါးခု ရှိသည်။

ထိုတောင်ထွတ်တစ်ခုချင်းစီမှာ အလွန်တရာ မြင့်မားလွန်းရကား ကောင်းကင်၏ ပထမ အလွှာကိုပင် လုံးလုံးလျားလျား ထိုးဖောက်နေသည်။ ရှန်းလင်၏ အဆိုအရဆိုလျှင် ထိုနေရာရှိ အမတေများမှာ‌ လေထုကဲ့သို့ပင် ထူထပ်သည်ဟု ဆိုသည်။ တောင်ထွတ်များ၌ တစ်ရက်စာ ကျင့်ကြံခြင်းမှာ သာမန် တစ်နှစ်စာ ကျင့်ကြံခြင်းနှင့်ပင် ညီမျှသည်။ သို့သော်လည်း ကံမကောင်းစွာပင် ကောင်းကင်နိုဘယ် အဆင့် တပည့်များနှင့် ကမ္ဘာဗိုလ်ချုပ် အဆင့် အကြီးအကဲများသာလျှင် ထိုနေရာများတွင် နေထိုင်ခွင့် ရှိပေသည်။

အသက် ငါးရာကျော်သည်နှင့် အကြီးအကဲ ရာထူးကို အလိုအလျောက် တိုးမြှင့်ပေးသည်ဟု သူမ ပြောခဲ့သော်လည်း အသေးစိတ် အချက်အလက်တစ်ချို့ကို သူမ ချန်ထားခဲ့သည်။ ဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်ဖို့ဆိုလျှင် အနည်းဆုံး သေမျိုး အဆင့်ငါးဖြင့် ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိထားဖို့ လိုသည်။

(သေမျိုးအဆင့်များကို မရှင်းလင်းပါက... စာစဥ် (၁၀) အပိုင်း (၁၃၆) တွင် ပြန်လည် လေ့လာနိုင်ပါသည်။)

သေမျိုး အဆင့်လေးဖြင့် အသက်ငါးရာကျော်သွားသူများကိုမူ သေမျိုးဘုံ တပည့် အဖြစ် ဆက်လက် သတ်မှတ်ကာ ကမ္ဘာပြားများသို့ ပို့လွှတ်သည်။ ဝူကျိုးမှာ ထိုအထဲမှ တစ်ယောက် ဖြစ်သည်။

ရှန်းလင် ပြောစကားအရ အနန္တဧကရာဇ်ဂိုဏ်းတွင် အကြီးအကဲများကို အဆင့်သုံးခု ခွဲခြားထားသည်။ ကြယ်တာရာ အမြုတေ အဆင့်တစ်မှ အဆင့်သုံးအတွင်း ရှိနေသူများကို သေမျိုးခေါင်းဆောင် အဆင့် အကြီးအကဲများ အဖြစ် သတ်မှတ်ထားသည်။

ကြယ်တာရာ အမြုတေ အဆင့်လေးသို့ ရောက်ရှိပြီးသူများမှာမူ အလိုအလျောက်ပင် ကမ္ဘာဗိုလ်ချုပ်များ ဖြစ်လာကြသည်။ ကြယ်တာရာ အမြုတေ အဆင့်လေး ဖြစ်ပြီး ထူးချွန်သည့် စွမ်းရည်ပိုင်ဆိုင်ထားသူများကိုမူ ကောင်းကင် ဗိုလ်ချုပ် အဆင့် အကြီးအကဲများ အဖြစ် သတ်မှတ်ပေးသည်။

ရှန်းလင်သည် ကြယ်တာရာ အမြုတေ အဆင့်သုံး တစ်ယောက်ဖြစ်ရာ သူမကို သေမျိုးခေါင်းဆောင် အထွတ်အထိပ် အဆင့် အကြီးအကဲဟု သတ်မှတ်နိုင်ပေသည်။ သို့သော်လည်း သူမသည် အခြား သေမျိုးခေါင်းဆောင် အဆင့် အကြီးအကဲများထက် သာလွန်သည့် အခွင့်ထူးခံ တစ်ယောက်တော့ မဟုတ်ပါချေ။ စည်းမျဥ်းများကို တသွေမတိမ်း လိုက်နာရပေသည်။

အကြီးအကဲများ၏ အထက်တွင် အင်ပါယာ သူတော်စင်များ ဆိုသည့် အဆင့်တစ်ခု ရှိနေသေးသည်။ သူတို့သည် ဂိုဏ်း၏ အစစ်အမှန် ထောက်တိုင်များ ဖြစ်ကြပြီး အင်ပါယာ သူတော်စင်၊ မူလ အင်ပါယာ သူတော်စင်နှင့် မဟာ အင်ပါယာ သူတော်စင် ဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့် အစစ်အမှန်ကို သူမ မသိသော်လည်း အနည်းဆုံး ကြယ်တာရာ အမြုတေ အဆင့်ငါးလောက် ရှိမည် ဖြစ်ကြောင်းတော့ ရိပ်မိပေသည်။

“ဒီသူတော်စင်တွေက အနက်ရောင် အရိုးစုပြောတဲ့ သူတော်စင်တို့ရဲ့ အလွှာနဲ့ ဘာမှ မပတ်သက်လောက်ဘူး... နာမည် သက်သက်ပဲ”

ဝေ့ဝူယင်မှာ အနည်းငယ် စိတ်ပျက်သွားမိ၏။

ရှန်းလင်၏ ဆက်လက် ရှင်းပြချက် အရဆိုလျှင် တောင်ထွတ်တစ်ခုချင်းစီကို မဟာ အင်ပါယာ သူတော်စင် တစ်ပါးက အုပ်ချုပ်ထားသည်။ အနန္တဧကရာဇ်ဂိုဏ်းတွင် တရားဝင် ဂိုဏ်းချုပ် မရှိချေ။ ထိုအခွင့်အာဏာကို မဟာ အင်ပါယာ သူတော်စင် တစ်ပါးချင်းစီက ခွဲဝေယူထားသည်။ အနန္တဧကရာဇ်ဂိုဏ်း၏ သမိုင်း၌ တစ်ဦးတည်းက သာလျှင် ကြယ်တာရာ အမြုတေ အဆင့်၏ အမြင့်ပိုင်းကို တက်လှမ်းကာ မဟာာ အင်ပါယာ ခေါင်းဆောင် နေရာကို ယူနိုင်ခဲ့သည်ဟု ဆိုသည်။

သူတို့ စကားပြောရင်း ခရီးဆက်လာစဥ်မှာပင် မိုးကုပ်စက်ဝိုင်း အစွမ်း၌ တောင်ထွတ်ကြီး ငါးခု စိုးမိုးနေသည့် တောင်စဥ်တန်းကြီး တစ်ခုက တရေးရေး ပေါ်လာခဲ့သည်။

“အလို...”

ရှန်းလင်မှ လွဲ၍ ကျန်လူအားလုံးမှာ ထိတ်လန့်တကြား ရေရွတ် လိုက်မိကြ၏။ ကောင်းကင်ယံကိုပင် ထိုးဖောက်နေသည့် တောင်ထွတ်ကြီး ငါးခုနှင့် ပင်လယ်လှိုင်းလုံးများ ကဲ့သို့ အဆုံးမဲ့လှသည့် တောင်တန်းများ၏ မြင်ကွင်းကို မည်သူက မအံ့သြပဲ နေနိုင်ပါမည်နည်း။

တောင်စဥ်တန်းတစ်ခုလုံး၏ ဆယ်ပုံတစ်ပုံကိုပင် မမြင်နိုင်ကြသေးသည့်တိုင် ထိုအရာကပင်လျှင် သူတို့အား မှင်သက်အံ့သြစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

“ဒါက ဒဏ္ဍာရီတွေ၊ ပုံပြင်တွေမှာ ငါဖတ်ဖူးတဲ့ အင်မော်တယ် လက်ငါးချောင်းတောင် နဲ့တောင် တူနေသေးတယ်...”

ဝေ့ဝူယင်၏ နှလုံးသားမှာ မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုဖြင့် တဒိတ်ဒိတ် ခုန်လာခဲ့သည်။ ထိုအရာက သူ့အတွက် အိမ်အသစ် ဖြစ်လာ‌တော့မည်လော။

***

All Chapters