အဂ္ဂိရတ် လမ်းစဥ်
Vol. 12 Ch. 159
ကောင်းကင်ကို ထိုးဖောက်နေသည့် တောင်တန်းများ၏ ရှုမြင်ကွင်းသည် သူတို့ အားလုံး၏ အကြည့်များကို မလွှဲဖယ်နိုင်အောင် ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။
“အကိုကြီးသာ ဒါကို မြင်ရင် သဘောကျမှာ”
လုံထျန်းယုက အပြစ်ကင်းသော ပုံစံနှင့် ရေရွတ်ရင်း ချင်ချူးမူထံ တစ်ချက် လှမ်းကြည့်လိုက်သည်။ ရှန်းလင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ရင် ရောက်လာမှာပေါ့”
“ဒါပေါ့... သူ ကျော်ဖြတ်နိုင်မှာ သေချာတယ်...”
လုံထျန်းယုက ယုံကြည်မှု အပြည့်ရှိသော လေသံဖြင့် ဆိုလိုက်သည်။ သူမ အတွက်တော့ လုံချန်သာလျှင် တစ်လောကလုံးတွင် ပါရမီ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ယခုအချိန်၌ အခြားလူတွေထက် အားနည်းနေလျှင်ပင် မကြာခင်မှာပင် အားလုံးကို ကျော်တက်သွားပေလိမ့်မည်။ အထူးသဖြင့် ဟိုနှာဘူးကောင်... သူမက ဝေ့ဝူယင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်၏။
ထိုအချိန်တွင်ပင် ရှန်းလင်မှာ တစ်စုံတစ်ခုကို သတိရသွားဟန် ရသည်။
“ဪ... မင်းတို့တွေ ဟိုရောက်ရင် သေမျိုး နတ်ဘုရားတွေ၊ နတ်ဘုရား အရှင်တွေ၊ နတ်ဘုရား ဧကရာဇ်တွေ ဘာမှ လျှောက်မပြောနဲ့တော့နော်... အဲဒီလို ပေါက်ကရ နာမည်တွေက မင်းတို့ ကမ္ဘာပြားမှာ ရှိတဲ့လူတွေ တီထွင် ထားကြတာ... ဒီမှာ အဲ့လိုသုံးရင် အလှောင်ခံရလိမ့်မယ်”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ ရှန်းလင်၏ စကားအရဆိုလျှင် ချီပျစ်ခဲခြင်း အဆင့်ခြောက်၊ အဆင့်ခုနစ်များပင် ဤနေရာ၌ လယ်ယာလုပ်ကိုင်ကြရသည်။ ထိုကဲ့သို့သော လူများကို “နတ်ဘုရား” ဟူသော စကားလုံးဖြင့် ထည့်သွင်းခေါ်ဝေါ်ပါက အမှန်ပင် ရယ်စရာ ဖြစ်ပေလိမ့်မည်။
“ဒါနဲ့ အကြီးအကဲရှန်း... ဝင်ခွင့် စစ်ဆေးပွဲက အတော်ခက်တာလား...”
ရုတ်တရက် ချင်ချူးမူက မေးလိုက်၏။
ရှန်းလင်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် သူမကို လှည့်ကြည့်လိုက်သည်။ ထိုမိန်းကလေးကား အချစ် မာယာကြော့ကွင်းမှ ရုန်းထွက်နိုင်တော့ပုံ မရချေ။ ထိုအရာက အနာဂတ်တွင် သူမ အတွက် အဟန့်အတား ဖြစ်လာနိုင်သည်။ သို့သော်လည်း အဆုံး၌ သူမက ရှင်းပြလိုက်၏။
“ခက်တယ်လို့လည်း ပြောလို့တယ်... မခက်ဘူးလို့လည်း ပြောလို့ရတယ်... အဲဒါက ကျင့်ကြံခြင်းကို စစ်ဆေးမှာ မဟုတ်ဘူး... ပါရမီနဲ့ နားလည်နိုင်စွမ်းကိုပဲ စစ်ဆေးတာ... လုံလောက်တဲ့ ပါရမီရှင်တွေအတွက်တော့ ဘာမှ ခက်ခဲလိမ့်မှာ မဟုတ်ဘူး...မလုံလောက်ဘူး ဆိုရင်တော့...”
လုံလောက်သည့် ပါရမီ ဆိုသော စကားလုံးက ချင်ချူးမူ၏ စိုးရိမ်စိတ်များကို အနည်းငယ် လျော့ပါးသွားစေသည်။ လုံချန်၏ ပါရမီအပေါ် သူမ အနည်းငယ်ပင် သံသယ မရှိချေ။
“အကိုကြီးက ဝင်ခွင့် စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ရုံတင် မဟုတ်ဘူး... ကိုယ်ပိုင် ခွန်အားနဲ့ ကောင်းကင်နိုဘယ် အဆင့် တပည့်ပါ ဖြစ်လာမှာ... ကောင်းကင်ဧကရာဇ် အဆင့်တောင် ဖြစ်နိုင်တယ်”
လုံထျန်းယုက ယုံကြည်မှု အပြည့် မျက်လုံးများဖြင့် ဝင့်ကြွားစွာ ပြောလိုက်သည်။ သူမအတွက်တော့ အကိုကြီး မလုပ်နိုင်သော အရာ ဘာမှ မရှိချေ။
ရှန်းလင်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် တပည့်ဖြစ်သူကို ကြည့်ရင်း ခေါင်းခါလိုက်သည်။
“ယုအာ... ဝေ့ဝူယင်က အဂ္ဂိရတ် ဧကရာဇ် ဖြစ်နေပြီ... ဒါကြောင့်ပဲ ကောင်းကင်နိုဘယ် အဆင့် တပည့် ဖြစ်ဖို့ လျာထားခံထားရတာ... လူတိုင်းက အဆင့်ခုနစ် မှော်ဆေးလုံးတွေ ဖန်တီးနိုင်တဲ့ ပါရမီနဲ့ မွေးဖွားလာတယ်လို့ နင်ထင်နေတာလား”
“ ... “
လုံထျန်းယုမှာ အသိဉာဏ် သေးသိမ်သည့် မိန်းမငယ်လေး တစ်ယောက် ဖြစ်သော်လည်း အဂ္ဂိရတ် ပညာရပ်၏ ခက်ခဲမှုများ အကြောင်းကို ကြားဖူးနားဝတော့ ရှိပေသည်။ အဂ္ဂိရတ် တာအိုသည် လျှောက်လှမ်းရန် အခက်ခဲဆုံး လမ်းစဥ်ထဲမှ တစ်ခု ဖြစ်သည်။ အထူးသဖြင့် အဂ္ဂိရတ် ဇာတိ ဝိညာဥ် မရှိသူများ အတွက် ဆိုလျှင် ပိုမို မှန်ပေလိမ့်မည်။
“ကျွန်မ သိသလောက် ဆိုရင် ကြယ်တာရာ တူးဖော်ခြင်း ဆေးလုံးက အဆင့်ခုနစ် အဆင့်နိမ့် ဆေးတစ်မျိုးပဲ... အနန္တဧကရာဇ်ဂိုဏ်းကတော့ အပြောကျယ်ပြီး ဖွံ့ဖြိုးတိုးတက်တယ်... ဒီနေရာမှာ အဲဒီဆေးတွေ ဘယ်လောက် ရှားပါးတယ် ဆိုတာ သိပါရစေ”
ချင်ချူးမူက စိတ်ဝင်တစားဖြင့် မေးလိုက်၏။
“နောက်ပြီး အနန္တဧကရာဇ်ဂိုဏ်းရဲ့ အဂ္ဂိရတ် အဆင့်အတန်းကရော ဘယ်လောက်ကို ရောက်နေပြီလဲ... ဒီမှာ ဒဏ္ဍာရီ အဆင့် အဂ္ဂိရတ် ပညာရှင်တွေရော ရှိလား”
ဝေ့ဝူယင်က မေးခွန်းကို ထပ်မံ ဖြည့်စွက်လိုက်သည်။ အဂ္ဂိရတ် ပညာရပ်တွင် နယ်ပယ် သုံးခုရှိပြီး ယင်းတို့မှာ သေမျိုးအဆင့်၊ ဒဏ္ဍာရီ အဆင့်နှင့် တန်ခိုးရှင် အဆင့်တို့ပင် ဖြစ်သည်။ အနာဂတ်တွင် အဂ္ဂိရတ် တာအိုသည် သူ့အတွက် အထောက်အကူများစွာ ပေးအပ်နိုင်သည့် ပညာရပ် ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအား နားလည်ထားသည်က ပိုမို ကောင်းမွန်ပေသည်။
ရှန်းလင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ငါတို့ အနန္တဧကရာဇ်ဂိုဏ်းရဲ့ အင်ပါယာ တောင်ထွတ်ငါးခုမှာ အဂ္ဂိရတ်၊ ဗိသုကာနဲ့ ထွင်းထုခြင်း ဆိုတဲ့ ဖန်တီးခြင်း ပညာရှင်တွေ အတွက် သီးသန့် သတ်မှတ်ထားတဲ့ တောင်ထွတ်တစ်ခု ရှိတယ်... သူတို့တွေ အများစုက အဲဒီမှာ နေကြတယ်... ဒါပေမဲ့ အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေကြီးတစ်ခုလုံး အတိုင်းအတာနဲ့ ပြောရမယ် ဆိုရင် အဂ္ဂိရတ် သခင် အရေအတွက်က သန်းချီပြီး ရှိတယ်”
“အဂ္ဂိရတ် သခင် အရေအတွက် သန်းချီ...”
ဝေ့ဝူယင်တို့၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ အဂ္ဂိရတ် သခင်များကား နတ်ဘုရား ဧကရာဇ်... မဟုတ်သေး ချီပျစ်ခဲခြင်း အဆင့်ကိုးများ အတွက်ပင် သင့်လျော်သည့် ဆေးလုံးများကို ထုတ်လုပ်ပေးနိုင်သည်။ အနန္တ ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင်ပင် အဂ္ဂိရတ် သခင် အရေအတွက်မှာ တစ်ရာ မကျော်ချေ။ ထိုမျှ ရှားပါး၍ တန်ဖိုးကြီးသော ပညာရှင်များမှာ ဤနေရာတွင်မူ ချီးပေါသေးပေါ ဖြစ်နေသည်လား။
ရှန်းလင်မှာ သူတို့၏ ထိတ်လန့်မှုကို သတိထားမိဟန် မရချေ။ ထို့အစား ဝေ့ဝူယင်ကိုသာ တောက်ပသော မျက်လုံးများနှင့် ကြည့်ရင်း ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အဂ္ဂိရတ် ဧကရာဇ် အရေအတွက်ကတော့ သုံးရာ အောက်မှာပဲ ရှိတယ်”
“ ... “
“သုံးရာ...”
သုံးရာဟု ပြောလိုက်သည်လား။ နေဦး... မဟုတ်သေး... သုံးရာအောက် လို့ ပြောလိုက်သည်ကတော့ သေချာသည်။
သူတို့၏ မျက်လုံးများက မရေရာမှု မသေချာမှုများနှင့် ပြည့်နှက်နေသည်။ သန်းချီဆိုသော ဂဏန်းနှင့် ယှဥ်ပါက ထိုအရာက အရမ်း နည်းလွန်းသည်။ သုည အနည်းငယ်ကိုများ မေ့ကျန်ခဲ့လေသလား။
“အဂ္ဂိရတ် အင်ပါယာ အဆင့်ကတော့ အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာတောင် သုံးယောက်ပဲ ရှိတယ်... ဖန်တီးခြင်း တောင်ထွတ်ရဲ့ မဟာ အင်ပါယာ သူတော်စင်က အဲဒီ သုံးယောက်ထဲက တစ်ယောက်ပဲ”
ရှန်းလင်၏ စကားလုံးများကို နားထောင်ရင်း လုံထျန်းယု၏ မျက်လုံးလေးများက ပြူးကျယ်သွားသည်။ သူမ တဒင်္ဂမျှ အသိစိတ် လွတ်သွားကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်မိ၏။ ထိုအကြည့်၌ အထင်ကြီးမှုများ၊ မယုံကြည်နိုင်မှုများ စိမ့်ဝင်နေပေသည်။
အလားတူပင် ချင်ချူးမူ၏ နှလုံးသားမှာလည်း လှုပ်ခါနေ၏။ ဝေ့ဝူယင်အပေါ် အကြီးအကဲရှန်း ထိုမျှ ဂရုစိုက်သည်မှာ မထူးဆန်းတော့ချေ။
ရှန်းလင်က ဆက်လက် ရှင်းပြလိုက်၏။
“အဂ္ဂိရတ် ဧကရာဇ်တွေဟာ ကြယ်တာရာ အမြုတေ အဆင့်နိမ့် ကျင့်ကြံသူတွေ အတွက် သင့်တော်တဲ့ အဆင့်ခုနစ် ဆေးတွေကို ထုတ်လုပ်ပေးနိုင်ကြတယ်... အဂ္ဂိရတ် အင်ပါယာတွေကတော့ ကြယ်တာရာ အမြုတေ အလယ်ဆင့်တွေတောင် အသုံးပြုလို့ရတဲ့ အဆင့်ရှစ်ဆေးတွေကို ထုတ်လုပ်နိုင်ကြတယ်”
“အဆင့်ခုနစ် မှော်ဆေးလုံးတွေ အရေမတွက် သုံးရာထက် ပိုပြီး ထုတ်လုပ်ဖူးတဲ့ လူတွေ ရှိပါတယ်... ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှုနှုန်းနဲ့ သန့်စင်မှုနှုန်းက အရမ်းကို နိမ့်ပါးလွန်းတယ်... အချို့ဆိုရင် ဆေးတစ်လုံး ထွက်လာဖို့တောင် နှစ်နဲ့ချီ အချိန်ယူရတယ်... အောင်မြင်မှုနှုန်း ငါးရာခိုင်နှုန်း ရှိတဲ့ လူတွေကိုပဲ အစစ်အမှန် အဂ္ဂိရတ် ဧကရာဇ်တွေ အဖြစ် သတ်မှတ်ကြတယ်”
“ငါးရာခိုင်နှုန်း...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိသည်။ မည်မျှ အသုံးမကျလိုက်သနည်း။ အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေ၏ အဂ္ဂိရတ် တာအို အဆင့်အတန်းက ထိုမျှ နိမ့်ကျလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ ထိုအရာက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် အမွေအနှစ် နိမ့်ပါး၍ ဖြစ်နိုင်မည်လော။
ရှန်းလင်က ဝေ့ဝူယင်၏ အတွေးကို ဖတ်နိုင်သည့် အလား ဆက်လက် ရှင်းပြလိုက်သည်။
“ငါတို့ဆီမှာ အဂ္ဂိရတ် တာအို လမ်းစဥ်အတွက် မနိမ့်ကျတဲ့ အမွေအနှစ်တွေ ရှိပါတယ်... ထာဝရ ဧကရာဇ် အကြောင်းကို မင်းတို့ ကြားဖူးချင် ကြားဖူးလောက်မှာပါ... သူက မင်းတို့ရဲ့ အနန္တကုန်းမြေ တိုက်ကြီးက လာတာ... နောက်ပြီး ငါတို့ အနန္တဧကရာဇ်ဂိုဏ်းရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်ပဲ”
ထာဝရ ဧကရာဇ်...
ဝေ့ဝူယင် ထိုနာမည်ကို ကြားဖူးသည်။ ထာဝရဧကရာဇ်သည် အနန္တ ကုန်းမြေတိုက်ကြီးကို စုစည်းခဲ့သူ ဖြစ်သည်။ သူက အနန္တဧကရာဇ်ဂိုဏ်းတွင် မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ခဲ့သည်လား။
“ထာဝရာ ဧကရာဇ်က ကျော်ကြားတဲ့ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ပဲ... နောက်ပြီး သုံးလွှာ ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံးရဲ့ တစ်ဦးတည်းသော သေမျိုး အဂ္ဂိရတ် အာဏာရှင်လည်း ဖြစ်တယ်... သူက ငါတို့ အတွက် သောင်းနဲ့ချီတဲ့ ဆေးဖော်စပ် နည်းလမ်းတွေ၊ အမွေအနှစ်တွေကို ချန်ရစ်ခဲ့တယ်... သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာ ရှိတဲ့ ဘယ်အဂ္ဂိရတ် ပညာရှင်တွေကမှ သူ့ အမွေအနှစ်နဲ့ မကင်းလွတ်နိုင်ဘူး”
"ဒါပေမဲ့ ကံမကောင်းစွာပင် ထာဝရ ဧကရာဇ်ဟာ သူ့ရဲ့ ဆက်ခံသူကို ဘယ်တော့မှ ရှာမတွေ့ခဲ့ပဲ လျှို့ဝှက်စွာ ပျောက်ဆုံးသွားခဲ့တယ်... အများစုကတော့ သူ အသက်ကြီးပြီး သေဆုံးသွားပြီလို့ ယုံကြည်ကြတယ်... သုံးလွှာ ကြယ်တာရာ နယ်မြေမှာ သူ့ရဲ့ အမွေအနှစ်တွေဟာ ကျယ်ကျယ်ပြန့်ပြန် စိမ့်ဝင်နေပေမဲ့ သူ့ရဲ့ အရည်အချင်းနဲ့ နီးစပ်တဲ့လူတော့ တစ်ယောက်မှ ပေါ်ထွက် မလာခဲ့ဘူး”
ရှန်းလင်က ညှိုးငယ်စွာပင် ခေါင်းခါရင်း စကားကို အဆုံးသတ်လိုက်သည်။ လောကြီးသည် အဂ္ဂိရတ် ပါရမီရှင်များကို အလောတကြီး လိုအပ်နေသည်။ အထူးသဖြင့် ဝေ့ဝူယင် ကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် အဂ္ဂိရတ် ဧကရာဇ် ဖြစ်လာသူ တစ်ယောက်မှာ မနှိုင်းယှဥ်နိုင်လောက်အောင် တန်ဖိုးကြီးသည်။
“နားလည်ပြီ...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ အကယ်၍ ရှန်းလင်၏ ဘဝတစ်လျှောက်လုံးတွင် အဆင့်ခုနစ် ဆေးသုံးလုံးကိုသာ စားဖူးကြောင်း သိရပါ သူ ထပင် ခုန်မိလေမလား မပြောတတ်ချေ။ သူကိုယ်တိုင်မှာ ထောင်နှင့်ချီသော အဆင့်ခုနစ်ဆေးများကို စပျစ်သီးများ ကဲ့သို့ အားတိုင်းယားတိုင်း စားထားသည် မဟုတ်ပါလား။
အတန်ကြာ တိတ်ဆိတ်ပြီးနောက်၌ ဝေ့ဝူယင်က မေးလိုက်၏။
“အဂ္ဂိရတ် ဇာတိဝိညာဥ်ကို ပိုင်ဆိုင်ထားတဲ့ လူတွေရော မရှိဘူးလား... အနည်းဆုံးတော့ သူတို့ရဲ့ အောင်မြင်မှုနှုန်းနဲ့ သန့်စင်မှုနှုန်းက သာမန် အဂ္ဂိရတ် ပညာရှင်တွေထက် သာမှာပါ”
ရှန်းလင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
“ဘယ်သူက အဲဒီလမ်းစဥ်ကို စိတ်လိုလက်ရ ရွေးမှာလဲ... အဂ္ဂိရတ် စွမ်းအားက ဆေးဖော်စပ်ဖို့ တစ်ခုက လွဲရင် ဘယ်နေရာမှာမှ အသုံးမဝင်တာ... နောက်ပြီး အတိမ်းအစောင်း မခံတဲ့ အပြင် ချို့ယွင်းချက်တွေ အများကြီး ရှိတယ်... အရှင်းလင်းဆုံး ပြောရရင် အဂ္ဂိရတ် ဇာတိ ဝိညာဥ်နဲ့ ဆိုရင် အဆင့်တက်ဆို့ ရာခိုင်နှုန်း သိပ်မရှိတော့ဘူး... ဘယ်တော့မှ ကြယ်တာရာ အမြုတေ အဆင့်ကို မရောက်နိူသ်တော့တာတောင် ဖြစ်နိုင်ချေ ရှိတယ်”
ဝေ့ဝူယင်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“အကြီးအကဲရှန်း ဆိုလိုတာက...”
ရှန်းလင်က ဖြူရော်စွာ ပြုံးရင်း ရှင်းပြလိုက်သည်။
“ကြယ်တာရာ အမြုတေ အဆင့်ကို တက်ဖို့ဆိုရင် ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ရတယ်... ဒါပေမဲ့ ဘာခုခံနိုင်စွမ်းမှ မရှိတဲ့ အဂ္ဂိရတ် ဇာတိ ဝိညာဥ်နဲ့ဆိုရင် အဲဒီ ကပ်ဘေးကို ဘယ်လို စိန်ခေါ်မလဲ... အဲဒီတော့ တစ်ဘဝလုံး ချီပျစ်ခဲခြင်း အဆင့်မှာပဲ ပိတ်မိနေမှာ ကျိန်းသေတယ်”
ချင်ချူးမူက ဝင်ရောက်မေးလိုက်သည်။
“တကယ်လို့ ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို ကျင့်ကြံထားမယ် ဆိုရင်ရော”
“မရေမတွက်နိုင်တဲ့ လူတွေဟာ အဲဒီ နည်းလမ်းကို သုံးပြီး ကြိုးစားဖူးပါတယ်... ဒါပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး... ကောင်းကင်ချီ နှလုံးသား နည်းလမ်းက တကယ်တမ်းတော့ အစတည်းက ရယ်စရာ ကောင်းပြီး အစွန်းရောက်တဲ့ အယူအဆ တစ်ခုပါပဲ... ချွတ်ယွင်းချက် ရှိနေတဲ့ ဇာတိဝိညာဥ် နှစ်ခုနဲ့ ကြယ်တာရာ ကပ်ဘေးကို ရင်ဆိုင်ဖို့ ဆိုတာက”
ရုတ်တရက်... ဝေ့ဝူယင်တွင် ဇာတိဝိညာဥ် နှစ်ခုရှိကြောင်း သတိရသွားရာ ရှန်းလင်မှာ သူမ စကားလွန်သွားကြောင်း ရိပ်မိသွားသည်။ ချက်ချင်းပင် သူမက ဝေ့ဝူယင်ကို နှစ်သိမ့်ရန် ကြိုးစားလိုက်၏။
“ဘာမှ စိတ်မပူနဲ့... ရွေးချယ်စရာ မရှိတဲ့ အဆုံး ဇာတိ ဝိညာဥ်တစ်ခုကို စွန့်လွှတ်လိုက်မယ် ဆိုရင် အကုန် အဆင်ပြေသွားလိမ့်မယ်...”
သို့သော်လည်း သူမ၏ အမြင်နှင့် ခြားနားစွာပင် ဝေ့ဝူယင်မှာ ပူပန်ခြင်း မရှိချေ။ သူ၏ ဇာတိ ဝိညာဥ်များမှာ ကောင်းကင်ချီနှလုံးသား နည်းလမ်း အတိုင်း ဝိညာဥ်တစ်ခုကို လေးပိုင်းပိုင်းထားခြင်း မဟုတ်ပဲ ပင်မဝိညာဥ်ကြီးဆီမှ ခွဲထုတ်ထားသည့် ဝိညာဥ်များ ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းတို့မှာ အမှီအခို ကင်းကာ ချွတ်ယွင်းချက် မရှိချေ။
သူ တွေးတောနေစဥ်မှာပင် ရှန်းလင်၏ အသံက တက်ကြွစွာ ထွက်ပေါ်လာ၏။
“ငါတို့ ဌာနချုပ်ရဲ့ နယ်စပ်ကို ရောက်လာပြီဟေ့...”
***