ဝမ်ချောင်ချင်း
Vol. 27 Ch. 365
ဟန်လိသည် အကွာအဝေးတစ်ခုမှ ဆယ်မီတာကျော်လောက် ရှည်လျားသော ငါးကြီးကို တချက် လှမ်းကြည့်ပြီး ထိုသင်္ဘောကို လေထဲကနေ နှစ်ကြိမ်ပတ်၍ ပျံသန်းသည်။ ယင်းနောက်တွင်တော့ သူက ၎င်းသင်္ဘောထံ သွားမည်ဟု ဆုံးဖြတ်လိုက်၏။
သင်္ဘောပေါ်ရှိ လူများမှာ ဟန်လိ လာနေတာကို မြင်ကြသည်။ သင်္ဘောပေါ်ရှိ လူသုံးရာကျော်မှာ ပျော်ရွှင်မြူးထူးစွာ အော်ဟစ်ကြကုန်သည်။ ထိုသူများက လေထဲ၌ ပျံဝဲနေသော ဟန်လိကို မြင်သည်နှင့် လေစားကြည်ညိုဟန်များ ပြသကာ သူ့အား ဦးညွှတ်နှုတ်ဆက်ကြသည်။
ထိုအခင်းအကျင်းကြောင့် ဟန်လိမှာ အံ့အားသင့်သွားစဉ် ဝတ်ကောင်းစားကောင်းဖြင့် သက်လတ်ပိုင်းလူတစ်ယောက်က လူအုပ်ထဲကနေ ရှေ့ထွက်လာပြီး စိုးရိမ်ပူပန်ဟန်ဖြင့် တစုံတခုကို ပြောသည်။ သူက နေရာတွင်သာ ရပ်နေ၏။ သူက ဟန်လိ၏ အမိန့်တစ်ခုခုကို စောင့်နေသည့်အလား။
ဟန်လိက နှာခေါင်းပွတ်ကာ ခါးသီးစွာ ရယ်မောလိုက်သည်။ သူသည် သူတို့၏ ဘာသာစကားနှင့် ပတ်သတ်ပြီး စကားတစ်ခွန်းတစ်လေကိုမျှ နားမလည်ပေ။ သို့ဖြစ်၍ ထိုသူများနှင့် မည်သို့ ပြောဆိုရမည်နည်းဟု သူ မသိ ဖြစ်ရ၏။
ဟန်လိက ခွန်းတုန့်မပြန်လာတာ မြင်သည့်အခါ ထိုသက်လတ်ပိုင်းလူသည် ကြောက်လန့်လာပြီး တစံတခုကို အလျင်လိုစွာ ပြောသည်။ ဟန်လိမှာ သူ ပြောသည့် စကားကို နားမလည်သော်လည်း သူ၏ ဆိုလိုရင်းကိုတော့ သိ၏။
ဟန်လိ မျက်မှောင်ကြုံ့သွားသည်။ သူက ခဏ စဉ်းစားနေပြီးနောက်မှာ ကောင်းကင်တောင်ပိုင်းဒေသတွင် အပြောများသော ဘာသာစကားဖြင့် ပြောလိုက်သည်။
“ကျုပ်ရဲ့ စကားကို နားလည်နိုင်တဲ့သူ မင်းတို့ထဲမှာ တစ်ယောက်ယောက်များ မရှိဘူးလား။ ကျေးဇူးပြုပြီး ကျုပ်ကို ပြောပါ…”
ဟန်လိက လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြော၏။
သက်လတ်ပိုင်းလူမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပုံ ရသည်။ သူက ဟန်လိ ပြောခဲ့သော စကားကို နားမလည်တာ သိသာ၏။ တခြားသူများမှာလည်း ကြောင်တိကြောင်တောင်ဖြင့် စဉ်းစားခန်း ဝင်ကုန်သည်။ ဟန်လိမှာ အကူအညီမဲ့စွာ သက်ပြင်းသာ ချနိုင်တော့သည်။ သူက မတူညီသော ရှေးဟောင်းဘာသာစကားများကို တစ်ခုပြီးတစ်ခု စတင်အသုံးပြုကြည့်သည်။ သူသည် အရင်တုန်းက မန္တာန်များကို ရွတ်ဆို ကျင့်ကြံနိုင်ရန် ထိုရှေးဟောင်းဘာသာစကားများကို သင်ယူထားဖူးသည်။ သို့သော် သူသည် ယင်းဘာသာစကားများကို နည်းနည်းလေးမျှ မကျွမ်းကျင်ပေ။ သည်လိုဖြင့် လူအုပ်ထဲမှ ဆံပင်မီးခိုးရောင်နှင့် အဘိုးအိုတစ်ယောက်ကတော့ ဟန်လိ ပြောနေသော ဘာသာစကားများထဲမှ တစ်ခုကို တုန့်ပြန်သည့်ပုံ ရလေ၏။
ဟန်လိ အတော်လေး ပျော်သွားမိပြီး ထိုအဘိုးအိုထံ လက်ညှိုးထိုးကာ လှမ်းပြောသည်။
“လူအိုကြီး…ခင်ဗျား ကျုပ်ပြောတဲ့ စကားတွေကို နားလည်လား…” ဟန်လိက ထိုရှေးဟောင်းဘာသာစကားကို အသုံးပြု၍ ဖြည်းဖြည်းချင်း ပြောပြသည်။
အဘိုးအိုက ဟန်လိ၏ အမေးကို ကြားသည့်အခါ ခဏ ချီတုံချတုံ ဖြစ်နေသေးသည်။ ထို့နောက်တွင်မှ သူက သက်လတ်ပိုင်းလူ၏ ဘေးသို့ လျှောက်လာခဲ့သည်။ ယင်းနောက် သူသည် ၎င်းဘာသာစကားကို အသုံးပြုပြီး တလေးတစား ပြန်ဖြေသည်။
“ဒီအဘိုးအို၊ ဝမ်ချောင်ချင်းဟာ ငယ်ရွယ်စဉ်တုန်းက အင်မောတယ်ဂိုဏ်းရဲ့ အဲ့ဘာသာစကားကို အမှန်တကယ် သင်ယူခဲ့ဖူးပါတယ်။ အင်မောတယ်အရှင်က ဘာများ အမိန့်ပေးချင်ပါသလဲ…”
ဟန်လိသည် ထိုအဘိုးအိုက သူ့စကားကို နားလည်တာ မြင်သည့်အခါ ပြုံးယောင်သမ်းသွားသည်။ သူ့ပုံရိပ်က ရုတ်တရက် လှစ်ခနဲ ဖြတ်ပြေးကာ အဘိုးအို၏ ဘေးမှာ ပေါ်လာလေသည်။ အဘိုးအိုနှင့်သက်လတ်ပိုင်းလူတို့မှာ မင်သက်သွား၏။
ဟန်လိက လေသံအေးအေးနှင့် ပြောသည်။
“ခင်ဗျား သိတဲ့အတိုင်းပဲ။ ကျုပ်က ဒီဒေသဘာသာစကားကို မပြောတတ်ဘူး။ ကျုပ်က ဒီကို ဖြတ်လာခဲ့တာ ကိစ္စတချို့ မေးစရာ ရှိရုံပဲ။ ဒါ့ကြောင့် ဘာမှ ကြောက်လန့်နေဖို့ မလိုပါဘူး…”
ဟန်လိသည် ၎င်းလှေကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရှုပြီး ဖြစ်သည်။ သည်လှေပေါ်တွင် သေမျိုးများသာ ရှိသည်။ မည်သည့်ကျင့်ကြံသူမျှ ရှိမနေပေ။ ထို့ကြောင့် သူက ပူပန်မှု မရှိလေဘဲ လှေဝမ်းပေါ်သို့ ဆင်းသက်လာခဲ့သည်။
ဟန်လိသည် အဘိုးအိုနှင့် သက်လတ်ပိုင်းလူတို့၏ ခပ်တိုးတိုး စကားများကို သတိထားမနေပေ။ ထိုအစား သူက ကောင်းကင်ထက်ရှိ နတ်လေလှေကို ဆင့်ခေါ်ကာ လှေဝမ်းပေါ်သို့ ဖြည်းဖြည်းချင်း သက်ဆင်းစေသည်။ ဝိညာဉ်သေသည် နတ်လေလှေပေါ်ကနေ ဆင်းသက်လာပြီးနောက်မှာတော့ လှေငယ်သည် အမြန်ကြုံ့ကာ အဖြူရောင်အလင်းငယ်အဖြစ်သို့ ပြောင်း၍ ဟန်လိ၏ လက်ထဲသို့ ပျံသန်းလာသည်။
ထိုကဲ့သို့ ပြုလုပ်ပြီးသည့်နောက်မှာတော့ ဟန်လိက ဘေးဘီဝဲယာသို့ တချက်ကြည့်သည်။
သင်္ဘောပေါ်မှ သေမျိုးများသည် ထိုမြင်ကွင်းကို တွေ့မြင်ကြသော်လည်း သူတို့သည် အံ့ဩထိတ်လန့်သည့်ဟန် မပြကြ။ သူတို့၏ မူလဟန်ပန်အတိုင်းကို ဆက်ထိန်းထားနိုင်သည်။ သူတို့က ကျင့်ကြံသူများနှင့် သူတို့၏ လှည့်ကွက်များကို မြင်နေတွေ့နေကျ ဖြစ်တာ ထင်ရှား၏။ မဟုတ်ပါက သူတို့သည် ခုလောက်ထိ တည်ငြိမ်စွာ ရှိနေနိုင်ကြမည် မဟုတ်ပေ။
ခုလက်ရှိ၌ ထိုအဘိုးအိုသည် ဟန်လိ၏ စကားများကို သက်လတ်ပိုင်းလူအတွက် စကားပြန် လုပ်ပေးနေသည်။ သက်လတ်ပိုင်းလူမှာ စစချင်းတုန်းကတော့ တုန်လှုပ်အံ့အားသင့်သွားသည်။ ပြီးမှ ကျေနပ်အားရဟန် ပေါ်၏။ ထို့နောက်တွင် သူက အလွန်စိတ်လှုပ်ရှားသည့်ဟန်ပန်ဖြင့် ဟန်လိကို အာလာပသာလပ စကားများ ပြောလေတော့သည်။
ဟန်လိမှာ ဘာပြောရမှန်းမသိ ဖြစ်သွားရပြီး အဘိုးအိုထံ လှမ်းကြည့်လိုက်မိသည်။ ထိုအဘိုးအိုက ဟန်လိ၏ ဆိုလိုရင်းကို သဘောပေါက်သည်။ သူက ဟန်လိကို မြန်မြန် ရှင်းပြသည်။
“မဟာအင်မောတယ်…သူ့နာမည်ကတော့ ဆရာကူးပါ။ ဒီသင်္ဘောရဲ့ ပိုင်ရှင်ပေါ့။ သူက ဆရာ့ကို ကြယ်များကျွန်းပေါ်မှာ ရှိတဲ့ သူ့နေအိမ်မှာ ဧည့်သည့်တော်အဖြစ် ဖိတ်ကြားချင်နေတာပါ။ သူက အရှင်အင်မောတယ်ရဲ့ ကျင့်ကြံမှု ရင်းမြစ်တွေကိုလည်း ထောက်ပံ့ပေးချင်ပါတယ်တဲ့…”
“ကြယ်များကျွန်း ဟုတ်လား…” ဟန်လိက သူ့မေးစေ့ကို ပွတ်ကာ မယုတ်သာမလွတ်သာဟန်ဖြင့် ပြန်တုန့်ပြန်သည်။
ဟန်လိ၏ မထူးခြားနားဟန်ပန်ကို မြင်သည့်အခါ သက်လတ်ပိုင်းလူသည် ပို၍ စိတ်အားထက်သန်လာပြီး နောက်ထပ်စကားကြော အရှည်ကြီး ပြောလေတော့သည်။ သည်တစ်ကြိမ်တွင်တော့ သူက တောင်းပန်သည့်သဘောဖြင့် ပြုံးပြ၏။ သည်အခါတွင်တော့ ဟန်လိသည် အဘိုးအို၏ စကားပြန်ကို စောင့်မနေလေဘဲ သူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။
“ပထမဆုံးအနေနဲ့ ကျုပ်က ဒီနေရာကို ခုမှ ရောက်ဖူးတာ ဖြစ်တဲ့အကြောင်း၊ ဒီဒေသရဲ့ အခြေအနေတွေကို ဘာမှ မသိတဲ့အကြောင်း ဒီသင်္ဘောပိုင်ရှင်ကို ပြောလိုက်ပါ။ ဒါ့ကြောင့် ခုလောလောဆယ်တော့ ကျုပ်အနေနဲ့ ဘာကိုမှ သဘောမတူနိုင်သေးဘူး။ ခင်ဗျားတို့ဘက်က ကြယ်များကျွန်းအကြောင်းကို ရှင်းပြ၊ ပြီးမှ ကျုပ်က နေချင်၊ မနေချင် ဆုံးဖြတ်မယ်။ ဒါ့အပြင် ခုလက်ရှိမှာ ကျုပ်က ခင်ဗျားတို့ရဲ့ ဘာသာစကားကိုလည်း နားမလည်သေးဘူး ။ ကျုပ်အနေနဲ့ ဒီဒေသရဲ့ ဘာသာစကားကို ပြောနိုင်ဖို့နဲ့ အခြေအနေတွေကို သိရဖို့အတွက် ဒီသင်္ဘောပေါ်မှာ ရက်အနည်းငယ်လောက် ကျုပ်ကို နေခွင့်ပြုဖို့တော့ မျှော်လင့်ကြောင်း သူ့ကို ပြောပြလိုက်ပါ…”
ဟန်လိ ပြောလိုက်သည့်အတိုင်း ထိုအဘိုးအိုသည် သက်လတ်ပိုင်းလူကို ခပ်မြန်မြန် စကားပြန်ပြသည်။
ထိုအခါ သက်လတ်ပိုင်းလူ၏ အမူအရာသည် စိတ်ပျက်လက်ပျက် ဖြစ်သွားတာ သိသာသည်။ သို့သော် သူက တလေးတစားဖြင့် ဟန်လိကို ဦးညွှတ်၍ သူ့နောက်ဘက်သို့ စကားလုံးအနည်းငယ် လှမ်းပြောသည်။ ရုတ်တရက် လှေဦးမှ လူများသည် နောက်သို့ ဆုတ်သွားကြသည်။
ဤသို့ဖြင့် ဟန်လိနှင့် အဘိုးအိုတို့သာ သည်လှေဦးတွင် ကျန်ခဲ့လေတော့သည်။
ထိုအဘိုးအိုက ဟန်လိကို ပြုံးပြပြီး ပြောလာသည်။
အင်မောတယ်အရှင်…အရှင်ကူးက အရှင်ပြောတာကို သဘောတူပါတယ်တဲ့။ ဒါ့အပြင် “သူက သင်္ဘောပေါ်မှာ အခန်းတစ်ခုကို ခင်ဗျားအတွက် ပေးပါအုံးမယ်။ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်လာခဲ့ပါ…”
ဟန်လိက မထူးခြားနားစွာဖြင့် ခေါင်းညိတ်ပြသည်။ ထိုသို့ဖြင့် ဟန်လိနှင့် ဝိညာဉ်သေတို့သည် ထိုအဘိုးအို၊ဝမ်ချောင်းချင်းနောက်သို့ လိုက်ပါလာသည်။
“ဒီသင်္ဘောက တော်တော်လေး ကြီးမားတာပဲ…”
သင်္ဘော၏အတွင်းပိုင်းထဲ ဝင်လာချိန်တွင် ဟန်လိက ထိုသို့ ပထမဆုံး တွေးမိသည်။ သင်္ဘောကြီးမှာ လျှောက်လမ်းများ၊ အချိုးအကွေ့များစွာ ရှိနေပြီး အခန်းပေါင်း မည်မျှ ရှိသနည်းကိုပင် မသိရပေ။ ဟန်လိကို မြင်သော သေမျိုးတိုင်းက လေးစားဟန် ဖော်ပြကာ သူ့အတွက် လမ်းဖယ်ပေးကြသည်။ ဟိုဒီချိုးကွေ့လျှောက်လာပြီးနောက်မှာတော့ ဟန်လိနှင့် ဝိညာဉ်သေတို့သည် ကြီးမားသော သစ်သားတံခါးနား ရောက်လာခဲ့သည်။
ဝမ်ချောင်ချင်းက ထိုတံခါးကို ဖွင့်ပေးပြီး ဘေးမှာ ရပ်သည်။ ဟန်လိကို အရင်ဆုံး ဝင်ခိုင်းသည်။ ဟန်လိလည်း အားနာမနေ။ အခန်းထဲ ဝိညာဉ်သေနှင့်အတူ ဝင်သွားပြီး ဘေးဘီဝဲယာသို့ တချက်ကြည့်သည်။ သည်အခန်းမှာ အတော်လေး ကောင်းမွန်၏။ ကျယ်ကျယ်ဝန်းဝန်းနှင့် မွန်းကြပ်ပိတ်လှောင်မှု ရှိမနေပေ။ ဟန်လိကို အထူးခြားဆုံးဟု ခံစားမိစေတာကတော့ သည်အခန်းထောင့်၌ ပန်းအိုးထဲ၌ စိုက်ပျိုးထားသော ထူးဆန်းသောအပင်ငယ်တစ်ခုသာ။
ထိုအပင်မှာ လုံးဝ ဖြောင့်တန်းနေပြီး အပွင့်အခတ်ကိုင်းဟူ၍ မရှိ။ လက်ဝါးအရွယ်ရှိသော တြိဂံပုံသစ်ရွက်များကသာ အပင်ကိုယ်ထည်အနှံ့တွင် ရှိသည်။ သည့်အပြင် အပင်တစ်ခုလုံးမှာ ငွေရောင်တောက်နေသေးသည်။ ဟန်လိမှာ သိချင်စိတ် ဖြစ်ပေါ်နေ၏။
အဘိုးအိုဝမ်က ဟန်လိ၏ အံ့အားတသင့်သိချင်ဟန် ဖြစ်ပေါ်နေတာကို မြင်သည့်အခါ သူက ဟန်လိအား တလေးတစားဖြင့် ရှင်းပြလာသည်။
“အင်မောတယ်အရှင်က ဒီငွေနတ်သမီးအပင်ကို အရင်က မမြင်ဘူးခဲ့ဖူးနဲ့တူတယ်။ ဒီအပင်မျိုးက တကယ်ပဲ ရှားပါးပါတယ်။ ဒါက အမြင်ပိုင်းမှာ တင့်တယ်ရုံသာမက အခန်းထဲမှာ ထည့်ထားရင် လေကို လတ်ဆတ်သန့်ရှင်းမှုပါ ပေးနိုင်ပါတယ်။ ဒါက သင်္ဘောသားတွေအတွက် မြင်ရတွေ့ရခဲတဲ့ ရတနာတစ်ခုပါပဲ။ ကျနော်တို့ရဲ့ အရှင်ကူးဟာ တော့်တော့ကို ချမ်းသာတာကြောင့်သာ သူ့အနေနဲ့ ဒီလိုအပင်လေးပင်ကို ရနိုင်ခဲ့တာပါ…”
ဟန်လိသည် ခပ်ရေးရေး ပြုံး၍သာ ငြိမ်သက်နေသည်။ သူသည် ဝမ်ချောင်ချင်းမှာ သည်သင်္ဘောအရှင်၏ ကောင်းကြောင်းကို ပြောပေးရန် ကြိုးစားနေမှန်း မသိဘဲ ဘယ်နေပါ့မည်နည်း။
ဟန်လိက ဝိညာဉ်သေကို တံခါးနားမှာ စောင့်ခိုင်းထားပြီး သူကတော့ အခန်းထဲရှိ ထိုင်ခုံမှာ ဝင်ထိုင်သည်။ ဝမ်ချောင်ချင်းက ဟန်လိဘေးမှာ တရိုတသေ ရပ်နေသည်။ သူသည် သဘောရှိ မထိုင်ဝံ့ပေ။
သူ့အပြုအမူကို မြင်သည့်အခါ ဟန်လိက ပြုံး၍ ဖော်ဖော်ရွှေရွှေဖြင့် ပြောလိုက်သည်။
“အရှင်ဝမ်…ခင်ဗျား အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး။ ထိုင်ခုံမှာ ဝင်ထိုင်ပါ။ ကျုပ် ခင်ဗျားနဲ့ ဆွေးနွေးစရာ ကိစ္စတချို့ ရှိတယ်…”
ဝမ်ချောင်ချင်းက မသင့်တော်လှကြောင်း၊ မထိုင်ဝံ့ကြောင်းကို ထပ်ခါထပ်ခါ ပြောလေသည်။ ဟန်လိလည်း မျက်မှောင်ကြုံ့သွားသည်။ သူက အတင်းအကြပ် ထပ်မပြောတော့ပေ။
ခဏ စဉ်းစားနေပြီးနောက်မှာ ဟန်လိက တည့်မေးလိုက်သည်။
“ကျုပ်ဟာ တခြားကုန်းမြေက လာခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါ့ကြောင့် ဒီအနီးအနားဒေသတွေနဲ့ ဓလေ့တွေကို ခင်ဗျားအနေနဲ့ ကျုပ်ကို ရှင်းပြပေးနိုင်မလား။ ခင်ဗျားက ကျင့်ကြံသူတွေနဲ့ ပတ်သတ်တဲ့ ကိစ္စတွေအကြောင်း ပိုပြောပြနိုင်လေလေ ပိုကောင်းလေပဲ…။ ကျုပ် အနေနဲ့ ခင်ဗျားကို သေချာပေါက် ကျေးဇူးတင်မှာပါ…”
ဟန်လိသည် ထိုသို့ ပြောနေရင်း သူ၏ ဟန်ပန်မှာ ငြိမ်သက်အေးချမ်းနေသည်။
ဝမ်ချောင်ချင်းသည် ခဏ စဉ်းစားနေသေးသည်။ ပြီးမှ သူက ဖြည်းဖြည်းချင်း ပြောသည်။
“အင်မောတယ်အရှင်ဟာ သူစိမ်းကုန်းမြေက ဆိုမှတော့ ကျုပ်အနေနဲ့ ဒီနေရာဟာ ပြန့်ကြဲကြယ်များပင်လယ်လို့ ခေါ်တဲ့အကြောင်းကို အရင်ဆုံး ပြောပြပါရစေ။ ကျုပ်တို့ဟာ ဒီဧရိယာရဲ့ အနောက်တောင်ပိုင်းမှာ ရှိနေကြတာပါ။ ဒီအနီးအနားမှာ ကျွန်းကြီးသုံးကျွန်း ရှိပါတယ်။ အဲ့တာတွေကတော့ ကြယ်အမြှီးကျွန်း၊ မာကြောကြယ်ကျွန်းနဲ့ စန့်ကြယ်ကျွန်းတို့ပါပဲ။ ဒီကျွန်းတွေအပြင် ကျင့်ကြံသူတွေကော၊ သေမျိုးတွေကော နေထိုင်ကြတဲ့ တခြားကျွန်းငယ်လေးတွေလည်း အများကြီး ရှိပါသေးတယ်…”
“တခြားရေပိုင်နက်ကသူတွေနဲ့ ကျုပ်တို့ဟာ တူညီတဲ့ သဘောတူညီချက်တွေလည်း ရှိကြပါတယ်။ ကျွန်းတိုင်းမှာ အဲ့ကျွန်းကို ကာကွယ်ဖို့ တာဝန်ယူထားတဲ့ မှော်စွမ်းအား အမြင့်ဆုံးနဲ့ ကျင့်ကြံသူတစ်ယောက် ရှိကြပါတယ်။ အဲ့လိုလူတွေကိုတော့ ကျွန်းသခင်လို့ ခေါ်ပါတယ်။ တခြားကျင့်ကြံသူတွေဟာ ကျွန်းပေါ်မှာ ခြေချချင်ရင် ဒါမှမဟုတ် နေထိုင်ချင်ရင် သူတို့ဟာ ကျွန်းအရှင်ကို နှစ်စဉ် စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးရပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကျွန်းအရှင်ရဲ့ အမိန့်တွေကိုလည်း နာခံဖို့တော့ လိုပါတယ်…”
ထိုသို့ပြောနေပြီး ဝမ်ချောင်ချင်းက စကားခဏ ရပ်သည်။ သူသည် ကျင့်ကြံသူများကို အလွန်လေးစားသည့်ဟန်ပန် ဖြစ်ပေါ်နေသည်။