အရှင်ကူး၏ စီးပွားရေး
Vol. 27 Ch. 366
ဝမ်ချောင်ချင်းသည် ဆက်ပြော၏။
“ဒီကျွန်းပေါ်မှာ နေထိုင်တဲ့ သေမျိုးတွေကလည်း စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးချင်ပေး၊ ဒါမှမဟုတ် လုပ်အားနဲ့ ပေးရတယ်။ မဟုတ်ရင် သူတို့ဟာ ကျွန်းပေါ်မှာ နေခွင့် မရှိဘူး။ ဘာလို့လည်းဆိုတော့ ဒီကျွန်းတွေအပေါ် ကာကွယ်ပေးထားတဲ့ အင်မောတယ်ပညာရပ်တွေကြောင့် ကောင်းကင်လေပြင်းတွေနဲ့ နတ်ဆိုးသားရဲတွေရဲ့ ထိုးနှက်တိုက်ခိုက်လာမှုကို စိုးရိမ်ဖို့ မလိုလို့ဘဲ။ ဒီလို ကာကွယ်ပေးထားမှုတွေကြောင့် ကျနော်တို့ သေမျိုးတွေဟာ အကြောက်အလန့်ကင်းကင်း နေနိုင်ကြတယ်။ ကျနော်တို့လို သေမျိုးတွေဟာ ခရီးရှည်ကြီး ထွက်တဲ့အခါတိုင်းမှာလည်း ကျနော်တို့နဲ့အတူလိုက်ပေးဖို့ အရှင်အင်မောတယ် တစ်ယောက်၊နှစ်ယောက်ကို ငှားယမ်းနိုင်ကြတယ်။ အဲ့လိုနည်းနဲ့ဆို ကျနော်တို့ဟာ ပင်လယ်ထဲမှာ ဖြတ်သန်ရင်း နတ်ဆိုးသားရဲတွေနဲ့ တွေ့ရရင်တောင် ရှင်သန်ဖို့ အခွင့်အရေး ရနိုင်လိမ့်မယ်…”
“ကောင်းကင်လေပြင်းဟုတ်လား…” ဟန်လိသည် သည်စကားများကို ကြားသည့်အခါ စဉ်းစားသည့်ဟန် ဖြစ်ပေါ်နေသည်။
သူက နတ်ဆိုးသားရဲများနှင့် ပတ်သတ်လို့တော့ သိသည်။ သို့သော် ကောင်းကင်လေပြင်း ဟူသော စကားလုံးကိုတော့ မကြားဖူးပေ။
“အရင်ကုန်းမြေမှာတုန်းက အင်မောတယ်အရှင်ဟာ ကောင်းကင်လေပြင်းတွေရဲ့ တိုက်ခိုက်မှုတွေကို မခံဘူးဘူးထင်တယ်…” ထိုအဘိုးအိုသည် အံ့အားတသင့်ဖြင့် ပြောလာသည်။
“ကျုပ် အရင်တုန်းက ကျင့်ကြံခဲ့တဲ့နေရာမှာ ဒီကောင်းကင်လေပြင်းတွေကို လုံးဝ မမြင်ဖူးခဲ့ဘူး။ ဒီလေပြင်းတွေဟာ ဘာတွေလဲ…”
ဟန်လိသည် အရေးမစိုက်ဟန်ဖြင့် တည်ငြိမ်စွာ ပြောသည်။
ဝမ်ချောင်ချင်းသည် သံသယဝင်မိသွားသော်လည်း သူက ဟန်လိကို အလေးအနက်ဖြင့် ရှင်းပြလိုက်သည်။
“ကောင်းကင်လေပြင်းတွေ၊ နတ်ဆိုးသားရဲတွေနဲ့ တစ္ဆေမြူတွေဟာ ပြန့်ကြဲကြယ်ပင်လယ်များမှာ သဘာဝ ဘေးအန္တရာယ်ဆိုး သုံးခုလို့ သိကြပါတယ်။ နတ်ဆိုးသားရဲတွေနဲ့ ပတ်သတ်လို့တော့ ဘာမှ ပြောစရာ မလိုလောက်ဘူး။ အင်မောတယ်အရှင်အနေနဲ့ နတ်ဆိုးသားရဲတွေအကြောင်းကို ကျုပ်ထက် ပိုသိမှာပါ။ ဒါပေမဲ့ ပင်လယ်ပြင်ရဲ့ နတ်ဆိုးသားရဲ အများစုဟာ အကောင်အထည်ကြီးမားလွန်းတယ်။ ရေဓာတ်နတ်ဆိုးပညာရပ်တွေကို ကျွမ်းကျင်ကြတယ်။ ကျုပ်တို့လို သေမျိုးတွေအဖို့တော့ သူတို့ကို ရင်ဆိုင်ဖို့နည်းလမ်းကို မရှိဘူး။ အင်မောတယ်တွေကသာ သူတို့ကို အနိုင်ယူနိုင်ကြတာ…”
“ကောင်းကင်လေပြင်းတွေကတော့ ပြန့်ကြဲကြယ်ပင်လယ်များ အနှံ့မှာ တစ်နှစ်ကို နှစ်ကြိမ်နှစ်ခါ တိုက်ခိုက်တဲ့ မုန်တိုင်းတွေပါ။ ဒီမုန်တိုင်းတွေ ဖြတ်သန်းသွားတဲ့ ဧရိယာတွေဆို ကြောက်မက်ဖွယ်ပင်လယ်လှိုင်းတပိုးဒဏ်တွေကို ခံစားရတယ်။ အသက်အိုးအိမ်တွေလည်း ဖျက်စီးခံရတယ်။ ကျနော်တို့ရဲ့ ကျွန်းတွေကိုသာ အင်မောတယ်ပညာရပ်တွေနဲ့ မကာကွယ်ဘူးဆိုရင် ကျနော်တို့ သေမျိုးတွေဟာ ပျက်စီးခြင်း ဆိုက်ရလိမ့်မယ်။ အင်မောတယ်တစ်ယောက်တောင် ဒီကောင်းကင်လေပြင်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံပြီး ဆွဲချခံခဲ့ရမယ်ဆို လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်။ အဲ့လေပြင်းမုန်တိုင်းတွေကြားမှာ သေဖို့များတယ်…”
ဝမ်ချောင်ချင်းသည် ထိုသို့ပြောပြနေရင်း ကြောက်လန့်နေပုံ ပေါ်သည်။
“တစ္ဆေမြူတွေကကော၊ အဲ့တာကလည်း သဘာဝဘေးကပ်ဆိုးပဲလား…” ဟန်လိသည် မေးခွန်းများ ဆက်မေးသည်။ သူသည် ထိုသဘာဝကပ်ဘေးသုံးခုအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ချင်ပေသည်။ သို့မှသာ သူ့အဖို့ ယင်းတို့နှင့် ကြုံလာခဲ့လျှင် ပိုကောင်းကောင်း ကြိုပြင်ဆင်နိုင်လိမ့်မည်။
အဘိုးအိုဝမ်က စကားပြောနေတာကို ခဏရပ်သည်။ သူ့ရှေ့မှ သည်ကျင့်ကြံသူသည် သဘာဝကပ်ဘေးသုံးခုအကြောင်းကို တကယ်ပင် ဘာမှ မသိဘဲ ရှိနေသည့်အတွက် သူ့အနေဖြင့် တုန်လှုပ်အံ့ဩရလေသည်။ ထိုကျင့်ကြံသူက ဘယ်ဂိုဏ်းကများနည်း။ သူသည် မြေထဲကုန်းမြေကနေ လာခဲ့တာလား။ သို့သော် သည်နေရာမှာ ပြန့်ကြဲပင်လယ်များ ဖြစ်၏။ အနီးအနားရှိ ပင်လယ်ကျွန်းဒေသများကလွဲ၍ ပြောပြလောက်အောင် ကုန်းမြေကြီးကြီးမားမားဟူ၍ ရှိမနေပေ။
စဉ်းစားမရ ဖြစ်နေဟန်ကနေ ပြန်သတိဝင်လာပြီး ဝမ်ချောင်ချင်းက ဟန်လိကို ထပ်ရှင်းပြလာသည်။ သူက ဟန်လိ၏ မေးခွန်းကို လစ်လျူမရှုဝံ့ပေ။
“တစ္ဆေမြူတွေကတော့ ပြန့်ကြဲကြယ်ပင်လယ်များရဲ့ ကြောက်ဖို့အကောင်းဆုံး၊ အဆန်းကြယ်ဆုံး သဘာဝကပ်ဘေးတစ်ခုပဲ။ ဒီမြူတွေဟာ ပင်လယ်ပြင်ထဲမှာ အနက်ရောင်မြူထုတွေအဖြစ် ရှိနေတတ်ကြတယ်။ ဒီမြူတွေထဲမှာ ပိတ်မိသွားတဲ့ ဘယ်သက်ရှိမဆို လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။ သေမျိုးတွေဆို ဒီမြူတွေကို မြင်ရုံနဲ့ သူတို့အတွက် သေဆုံးဖို့ဟာ ဆုံးဖြတ်ပြီး ဖြစ်တယ်။ ကျင့်ကြံသူတွေအတွက်လည်း ချွင်းချက်မဟုတ်ဘူး။ သူတို့က ဒီမြူနက်တွေကို မြင်ခဲ့ရင်လည်း ပြေးဖို့အတွက် နောက်ကျလွန်းသွားပြီ…”
“ဒီမြူတွေက အင်မတန်ဆိုးဝါးပြီး ကြောက်မက်ဖွယ် ကောင်းပေမယ့် သတ်သတ်မှတ်မှတ် နေရာတွေမှာပဲ ပေါ်လာတတ်တယ်။ ဘယ်တုန်းကမှ ကျွန်းတွေနားထိ ပေါ်မလာခဲ့၊ ချဉ်းကပ်မလာခဲ့ဘူး။ လူတစ်ယောက်ဟာ ကြိုသတိထားနေသရွှေ့ ဒီမြူနက်တွေကြောင့် မသေအောင် နေနိုင်လိမ့်မယ်။ ဒါ့ကြောင့် ရလဒ်အနေနဲ့ ဒီထူခြားတဲ့ သဘာဝကပ်ဘေးဟာ ကြောက်မက်ဖွယ် အကောင်းဆုံးဆိုပေမယ့် လူအနည်းငယ်ပဲ ၎င်းကြောင့် သေဆုံးခဲ့ရဖူးတယ်…”
အဘိုးအိုသည် ထိုသို့ ပြောပြရင်း နည်းနည်းတော့ ဝမ်းသာနေပုံ ပေါ်သည်။
ဟန်လိသည် သည်စကားများကို ကြားသည့်အခါ အတွေးထဲ နစ်မြောသွားသည်။
“ဒါက ဘယ်လိုနေရာကြီးလဲဟ။ သူ ပြောပုံအရဆို တံခါးပိတ်ကျင့်ကြံဖို့အတွက် ကျွန်းငယ်တစ်ခုကို ရှာဖို့ ငါ့ အစီအစဉ်ဟာ အဟောသိကံ ဖြစ်ပြီ။ မဟုတ်ရင် ငါ့အနေနဲ့ ကောင်းကင်လေပြင်းတွေထဲ ဒါမှမဟုတ် တစ္ဆေမြူထဲ တိုးဝင်မိပြီး ဆိုးဆိုးဝါးဝါး အဆုံးသပ်သွားရနိုင်တယ်…”
ဟန်လိ၏ မကျေမနပ်ဖြစ်နေသည့်ဟန်ပန်ကို မြင်သည့်အခါ ထိုအဘိုးအိုသည် ပူပန်ကြောင့်ကြသွားသည်။
“ငါ ပြောတဲ့ စကားက အင်မောတယ်အရှင်ကို စော်ကားတဲ့ သဘောများလား…”
ထိုအဘိုးအိုသည် ပူပန်နေစဉ် ဟန်လိသည် တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေသည်။ ထို့နောက်တွင် သူက မေးလိုက်သည်။
“မင်းတို့ရဲ့ အရှင်ကူးက ဘာကြောင့် ငါ့ကို မာကြောကြယ်ကျွန်းပေါ်က သူ့နေအိမ်ကို ဖိတ်ခေါ်ချင်ရတာလဲ။ ဒါ့အပြင် ဒီသင်္ဘောက ဘယ်ကို ဦးတည်နေတာလဲ…”
ဟန်လိသည် ထိုအဘိုးအိုကို စိုက်ကြည့်ကာ မေးလိုက်သည်။
ဟန်လိ၏ မထူးခြားနားဟန်အမူအရာကို မြင်သည့်အခါ ထိုအဘိုးအို၏စိတ်ထဲ တုန်လှုပ်သွားသည်။ သူက ပြန်ဖြေတာကို နှေးဖင့်မနေဝံ့ပေ။
ဟန်လိက ထိုအဘိုးအို၏ လန့်သွားတာကို မမြင်ဘဲ ဘယ်နေပါ့မည်နည်း။ သူက သူ့မျက်နှာတင်းနေတာကို ပြန်ဖြေလျော့ပြီး ပြောလိုက်သည်။
“အဘိုးအိုဝမ်…စိတ်အေးအေးထားပါ။ ကျုပ်က ခုလက်ရှိ အခြေအနေတွေကို မေးရုံသပ်သပ်ပါပဲ။ တကယ်တော့ ကျုပ်အနေနဲ့ အရှင်ကူးရဲ့ တောင်းဆိုမှုကို ဘာမှ မသိထားဘဲ သဘောမတူနိုင်ဘူးလေ…။ ကိစ္စသေးသေးမွှားမွှားဆိုရင်တော့ ကျုပ်အနေနဲ့ မာကြောကြယ်ကျွန်းကို လိုက်လာပြီး ကူညီပေးရလည်း ကိစ္စတော့ မရှိပါဘူး…”
ဝမ်ချောင်ချင်းသည် သူ့အနေဖြင့် ဆက်၍ ငြိမ်သက်နေ၍ မဖြစ်တော့မှန်း သိသည်။ သို့ဖြစ်၍ သူက ချောင်းဟန့်ပြီးနောက်မှာ ပြုံး၍ အသံတုန်တုန်ယင်ယင်ဖြင့် ဆိုသည်။
“ဒီအဘိုးအိုက အင်မောတယ်အရှင် အပြစ်မတင်ဖို့ ကြိုတောင်းပန်ပါတယ်။ အမှန်တော့ ဒီကိစ္စဟာ ဖုံးထားလို့ရတဲ့အရာလည်း မဟုတ်ပါဘူး…”
အဘိုးအိုသည် အခြေအနေကို မရှင်းပြခင် ပါးနပ်စွာ အရင် တောင်းဆိုသည်။
မူလတည်းက သည်သင်္ဘောမှာ အလုပ်ကိစ္စအတွက် ခရီးနှင်ပြီးပြီးချင်း မာကြောကြယ်ကျွန်းသို့ ပြန်လှည့်လာတာ ဖြစ်သည်။
သည်သင်္ဘောပိုင်ရှင် အရှင်ကူးမှာ မာကြောကြယ်ကျွန်းပေါ်၌ မွေးဖွားကြီးပြင်းခဲ့သူ မဟုတ်ပေ။ မာကြောကြယ်ကျွန်း၏ ကျွန်းငယ်များထဲမှ တစ်ခု၌ မွေးဖွားခဲ့သူသာ။ သို့ပေမည့် သူက စီးပွားရေးလုပ်ကိုင်ပြီး ကြွယ်ဝလာပြီးနောက် မကြာသေးမီက မာကြောကြယ်ကျွန်းမှာ ပြောင်းရွှေ့အခြေချရန် ဆုံးဖြတ်ခဲ့သည်။
ဝေးလံသော ကျွန်းများထံ ခရီးနှင်ခြင်း အပါအဝင် ကြီးကျယ်သောစီးပွားရေးကို လုပ်ဖို့မှာ မာကြောကြယ်ကျွန်းမှ သေမျိုးများသာ လုပ်နိုင်ပေသည်။ အဓိကကျွန်းပေါ်တွင် မွေးဖွားသော သေမျိုးများနှင့် လက်အောက်ခံကျွန်းငယ်များတွင် မွေးဖွားသော သေမျိုးများကြား မတူညီသော အဆင့်အတန်းများ ရှိပေသည်။
အရှင်ကူး၏ စီးပွားရေးမှာ မူလတုန်းက လက်အောက်ခံကျွန်းများကြား ကုန်ပစ္စည်းများ ဝယ်ရောင်းလုပ်တာ ဖြစ်သည်။ အဓိကကျွန်းပေါ်သို့ ရွှေ့ပြောင်းပြီးနောက်မှ သူ့စီးပွားရေးကို နောက်ထပ် ခြေတစ်လှမ်း ပိုလှမ်းနိုင်ရန် ဖြစ်သည်။
သို့သော် အဓိကကျွန်းပေါ်သို့ သူတို့ ရောက်လာပြီးနောက်မှာ အရှင်ကူးသည် အံ့အားသင့်ထိတ်လန့်ဖွယ်တွေ့ရှိမှုတစ်ခုကို သိလာခဲ့သည်။ ကျွန်းကြီးများကြား သွားလာကုန်သွယ်သော စီးပွားရေးမှာ လူတိုင်း ပါဝင်နိုင်သည့် အရာ မဟုတ်လေပေ။ ထိုစီးပွားရေးကို အရင်တည်းက အစုအဖွဲ့များ သတ်မှတ်၍ လုပ်ကိုင်၏။ ကျွန်းပေါ်ရှိ ဂိုဏ်းဆယ်ဂိုဏ်းကသာ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော စီးပွားရေး၌ ပါဝင်နိုင်သည်။
ထို့အပြင် ထိုဆယ်ဂိုဏ်းမှာ တသမတ်တည်းတော့ မဟုတ်၊ ပြောင်းလဲနေသည်။ ယင်းဆယ်ဂိုဏ်းကို သုံးနှစ်တစ်ကြိမ် ကျင်းပသော မှော်တိုက်ပွဲမှာ ဆုံးဖြတ်မှာ ဖြစ်သည်။
ဂိုဏ်းတစ်ဂိုဏ်းက သည်စီးပွားရေးထဲ ခြေလှမ်းပါဝင်ချင်ပါက သူတို့သည် ထိုပြိုင်ပွဲ၌ ပါဝင်ပေးရန် အင်မောတယ်တစ်ယောက်ကို အကူအညီတောင်းခံရလိမ့်မည်။ ယင်းပြိုင်ပွဲ၌ သူတို့၏ အင်မောတယ်များ၏ အောင်မြင်မှုကသာ ကျွန်းကြီးများကြား ကုန်သွယ်ရောင်းဝယ်ခွင့်ကို ရနိုင်လိမ့်မည် ဖြစ်သည်။
အရှင်ကူးက သည်အကြောင်းကို သိသည့်အချိန်၌ သူ့ခေါင်းမှာ အလန့်တကြား ဖြစ်ကာ ချာချာလည်သွားခဲ့ပေသည်။
သူ အရင်တုန်းက ခရီးတို ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခဲ့စဉ်တုန်းက သူသည် ကျင့်ကြံသူတို့ကို ငှားယမ်းရသည်ဟူ၍ မကြားဖူးခဲ့ပေ။ နတ်ဆိုးသားရဲများ၏ ချိန်းခြောက်မှုကိုလည်း ကြောက်စရာ မလိုခဲ့ချေ။ သို့ဖြစ်၍ သူသည် ကျင့်ကြံသူအနည်းငယ်ကိုသာ ကြားဖူးသိဖူးသည်။ မည်သို့ပင်ဖြစ်စေ သူက စီးပွားရေးကြီးတစ်ခုလုပ်ချင်၍ ကျင့်ကြံသူတစ်ယောက်ကို ငှားမည်ဟု စိတ်ကူးထားခဲ့သေးသည်။ သို့သော် ခုချိန်တွင်တော့ နောက်ကျသွားခဲ့လေပြီ။
သူက သုံးနှစ်တစ်ကြိမ် ကျင်းပမည့် မှော်တိုက်ပွဲနေ့ကို နီးကပ်မှ သိခဲ့ရသည်။ သူသည် ကျင့်ကြံသူတစ်ယောက်ကို ငှားဖို့ အချိန်ရရန် မဖြစ်နိုင်လောက်တော့ပေ။
မာကြောကြယ်ကျွန်းပေါ်တွင် ကျင့်ကြံသူများစွာ ရှိကြသော်လည်း အများစုကတော့ မောက်မာဂုဏ်ဝင့်ကြသည်။ သနားစရာကောင်းလှသော ကျင့်ကြံသူတချို့တလေကသာ သေမျိုးတစ်ယောက်၏ အောက်မှာ တာဝန်ထမ်းကြတာ ဖြစ်၏။ အများစုကတော့ အရင်တုန်းက ပတ်သတ်မှုတချို့ကြောင့်သာ အကူအညီပေးကြတာ ဖြစ်သည်။
သူ တောင်းဆိုမေးမြန်းခဲ့သော ကျင့်ကြံသူဆယ်ယောက်ကတော့ သည်ပြိုင်ပွဲမှာ ပါဝင်ဖို့ကို ရှက်ရွှံ့ကြသည်။ အချိန်တိုအတွင်းမှာ အရှင်ကူးသည် မာကြောကြယ်ကျွန်းပေါ်၌ စိတ်ပါလက်ပါသော ကျင့်ကြံသူများကို ရှာနိုင်စွမ်း မရှိခဲ့ပေ။
ပိုကောင်းသော ရွေးချယ်စရာ မရှိတော့၍ သူက သူ မွေးဖွားခဲ့သော ကျွန်းပေါ်သို့ ကုန်ပစ္စည်းများ သွားပို့ရန်သာ ခရီးထွက်လာခဲ့သည်။ သူ့အဖို့ ထိုသို့ ခရီးထွက်လာရင်း သွေးဝေးလွန်းသော ကျင့်ကြံသူတစ်ယောက်ယောက်ဆီမှ အကူအညီများ ရနိုင်မလားဟု အခွင့်အရေးတစ်ခုကိုလည်း ရှာကြည့်နိုင်ရန်ပင်။ သို့သော် သူ၏ ထိုခရီးစဉ်တွင် သူ့အတွက် ပါဝင်ပေးမည့် ကျင့်ကြံသူတစ်ယောက်ကိုမျှ မတွေ့ခဲ့ပေ။
အရှင်ကူးမှာ စွန့်အစွာဖြင့်သာ ပြန်ထွက်လာခဲ့ရလေသည်။
သို့သော် ခုချိန်၌ သူစိမ်းဒေသမှ ကျင့်ကြံသူတစ်ယောက်က သူ့သင်္ဘောထဲ ရောက်လာခဲ့လေပြီ။ သည့်အတွက်ကြောင့် အရှင်ကူးမှာ အပျော်လွန်သွားခဲ့ရပြီ။ သူသည် ဟန်လိ၏ ကျင့်ကြံမှုအဆင့်ကို မသိသော်လည်း ဟန်လိထံမှ အကူအညီရခဲ့ပါက လက်လျော့ကာ နောက်ထပ်သုံးနှစ်စောင့်ခြင်းထက်တော့ များစွာ ပိုကောင်းလိမ့်မည်သာ။ ထို့ကြောင့် သူသည် ဟန်လိကို သူ့ကိုယ်စား တိုက်ခိုက်ပေးပါက များစွာ ပြန်ပေးဆပ်မည်ဟု ပြောဆိုခဲ့သည်။
အဘိုးအိုဝမ်ထံကနေ အထက်ပါ အကြောင်းများကို ကြားသည့်အခါ ဟန်လိမှာ ဆွံ့အမိသွားသည်။
သူက ပင်လယ်သို့ ခရီးသွားရန် သေမျိုးများက ကျင့်ကြံသူများကို ငှားယမ်းသည်ဟု ကြားသည့်အခါ မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။ အခုလည်း သေမျိုးများ ကျွန်းကြီးများတွင် ကုန်သွယ်ဖို့အတွက် သူတို့ကိုယ်စား ကျင့်ကြံသူများက မှော်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ပေးရသည်ဟု ကြားသည့်အခါတွင်တော့ ပြောစရာစကားပါ မရှိ ဖြစ်သွားမိသည်။
ကြည့်ရတာ သည်အရပ်ဒေသ၌ သေမျိုးများနှင့် ကျင့်ကြံသူများသည် ပတ်သတ်မှုတချို့တလေ ရှိကြပုံ ပေါ်သည်။
သို့သော် သူက အရှင်ကူးအတွက် မှော်တိုက်ပွဲမှာ ဝင်ပါရမည့်အဖြစ်ကိုတော့ ရှောင်လွှဲချင်စိတ်က ပိုများနေသည်။
သို့ပေမည့်လည်း ဟန်လိမှာ သိပ်မသေချာဟုလည်း ခံစားမိနေရတုန်းပင်။ မသိမသာပြုံး၍ သူက ဖြည်းဖြည်းချင်း မေးလိုက်၏။
“အဘိုးအိုဝမ်…ကျုပ်က တကယ်ပဲ အတွေ့အကြုံ မရှိဘူး။ ဒါကြောင့် ခင်ဗျားနဲ့ တိုင်ပင်ဆွေးနွေးရမယ့် ကိစ္စတွေ ရှိသေးတယ်…”
“အင်မောတယ်အရှင် သဘောမပေါက်တာ တစ်ခုခု ရှိခဲ့ရင် ကျေးဇူးပြုပြီး မေးပါ။ ဒီအဘိုးအိုက အကောင်းဆုံး ကြိုးစားပြီး ဖြေပါ့မယ်…”
ထိုအဘိုးအိုသည် တလေးတစားဖြင့် ပြန်ပြောသည်။
“တကယ်လို့ လူတစ်ယောက်ဟာ ကျွန်းတွေကြားမှာ ကူးသန်းရောင်းဝယ်ချင်ရင် သာမန်သေမျိုးတွေဟာ ကျင့်ကြံသူတွေကို ဘာကြောင့် ခေါ်ချင်ကြရတာလဲ။ အင်မောတယ်ကျင့်ကြံသူတွေဟာ သူတို့ရဲ့ သိုလှောင်အိတ်နဲ့ တခြားမှော်ပစ္စည်းတွေကို အသုံးမပြုချင်ကြဘူးလား။ လေပေါ်ကနေ သွားတာဟာ ပိုမြန်ပြီး၊ ပိုဘေးကင်းတယ်မလား…”