← Chapters

အာမခံပေးခြင်း

Vol. 27 Ch. 367

အာမခံပေးခြင်း

Vol. 27 Ch. 367

အဘိုးအိုဝမ်ချောင်ချင်းသည် တုန့်ပြန်သည့်အနေဖြင့် ခါးသီးစွာ ပြုံးပြသည်။

အင်မောတယ်အရှင်

ဟန်လိသည် စကားမဆိုဘဲ ခေါင်းညိတ်ပြသည်။ သူက မျက်လုံးမှေးစဉ်းကာ စဉ်းစားခန်းဝင်သည်။

အချိန်အတော်အတန်ကြာပြီးနောက်မှာ ဟန်လိက မထူးခြားနားဟန်ဖြင့် ပြောလာသည်။

“အရှင်ကူးက ကျုပ်ကို သူ့ကိုယ်စား ဆောင်ရွက်ပေးချင်နေတယ်။ ဒါပေမဲ့ ကျုပ်မှာ အဲ့လိုလုပ်နိုင်တဲ့ စွမ်းအား မရှိဘူး။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတဲ့အတွက် သူ့ကို အရှက်ရစေသလိုပဲ ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် အဘိုးအိုဝမ်အနေနဲ့ တခြားတစ်ယောက်ယောက်ကို သွားရှာတာဟာ ပိုကောင်းလိမ့်မယ်လို့ အရှင်ကူးကို သွားပြောပေးဖို့ ကျုပ် တောင်းဆိုတယ်။ ဒီသင်္ဘောနဲ့ မာကြောကြယ်ကျွန်းဆီ ကျုပ်ကို ခေါ်သွားပေးတဲ့အတွက်တော့ ကျုပ် အနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ် ပြန်ပေးနိုင်ပါတယ်…”

ဟန်လိသည် ဖြည်းဖြည်းချင်းနှင့် ရှင်းရှင်းလင်းလင်း ပြောပြသည်။ သို့သော် သူ၏ လေသံကတော့ အေးစက်နေသည်။ အဘိုးအိုဝမ်သည် ဟန်လိ၏ ငြင်းဆန်မှုကို ကြားသည့်အခါ သူ့မျက်နှာမှာ အနည်းငယ် ဖြူရော်သွားသည်။

ထို့နောက်တွင် သူက သနားစရာကောင်းစွာ တောင်းပန်သည်။

“ အင်မောတယ်အရှင်…ကျေးဇူးပြုပြီး ကျုပ်တို့ဂိုဏ်းရဲ့ သခင်ကူးကို ကူညီပေးပါ။ ဒီစီးပွားရေးကို လုပ်နိုင်ဖို့အတွက် အရှင်ကူးဟာ သင်္ဘောဝန်ထမ်းတွေကို တန်ဖိုးအများကြီး ပေးခဲ့ရပြီးပြီး။ ပြိုင်ပွဲမှာ ဝင်ပါနိုင်ဖို့အတွက်လည်း သူဟာ စိတ်ဝိညာဉ်ကျောက်တုံး မြောက်များစွာ ပေးခဲ့ရတယ်။ ကျွန်းကြီးတွေကြားမှာ ကူးသန်းရောင်းဝယ်ခွင့်သာ မရဘူးဆို သူဟာ အများကြီး နစ်နာသွားလိမ့်မယ်။ ကျနော်တို့လို အလုပ်သမားတွေလည်း အလုပ်ဆုံးရှုံးသွားရပါလိမ့်မယ်…”

“ကျုပ် ကျင့်ကြံမှုအဆင့်ဟာ တကယ်ပဲ လိုအပ်ချက် ရှိတယ်။ နိမ့်ပါးတယ်။ ဒါ့အပြင် ကျုပ်ဟာ မာကြောကြယ်ကျွန်းပေါ် ရောက်လာပြီး ဘယ်သူနဲ့မှ ရန်မဖြစ်ချင်သေးဘူး…”

ဟန်လိက ခေါင်းခါကာ ငြင်းဆန်သည်။

ဟန်လိ၏ ငြင်းဆန်မှုက သေချာနေတာ၊ သူ့လေသံက မာကြောနေတာကို မြင်သည့်အခါ ဝမ်ချောင်ချင်းသည် ဆက်၍ မတောင်းပန်ဝံ့တော့ပေ။ သူက စိတ်ဝိညာဉ်ကျောက်တုံးကိုသာ လက်ခံယူပြီး ဟန်လိနှင့် သည်ဒေသအလေ့အထများနှင့် ပတ်သတ်ပြီး စကားစမြည် ပြောကြသည်။

တစ်နေရာရီလောက် ကြာပြီးနောက် ဟန်လိသည် အဘိုးအို၏စိတ်မှာ ဂယောက်ဂယက် ဖြစ်နေတာကို သတိပြုမိသည်။ သူက ထိုအဘိုးအိုဝမ်ကို သွားနားခိုင်းသည်။ စိတ်ရှင်းမှ ပြန်လာခဲ့ဟု ပြော၏။

ဝမ်ချောင်ချင်းမှာ အတော်လေး ပင်ပန်းနေလေပြီ။ ဟန်လိက သူ့ကို အနားယူခိုင်သည့်အခါ သူလည်း မငြင်းတော့။ ဟန်လိ၏ အကြံပြုချက်အတိုင်း လိုက်နာသည်။

ထိုအဘိုးအိုက အခန်းထဲမှ ထွက်သွားပြီး အခန်းတံခါးကို တလေးတစား ပိတ်သွားသည့်နောက်မှာ ဟန်လိသည် သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရသည်။ ဟန်လိမှာ သူ့လက်ထဲ၌ ချမ်းသာကြွယ်ဝမှု တချို့နှင့် သေမျိုးများအတွက် အကျိုးရှိစေမည့် စိတ်ဝိညာဉ်ဆေးတချို့ ပိုင်ဆိုင်ထားသော်လည်း အဘိုးအိုဝမ်ကို နည်းနည်းပါးပါး ပေးဖို့ပင် စိတ်ကူး မရှိလေပေ။ သူသည် မရင်းနှီးသော နေရာ၌ သူ၏ ချမ်းသာကြွယ်ဝမှုကို မဖော်ပြချင်ပေ။ မဟုတ်ပါက သူ့အတွက် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်။

စိတ်ထဲကနေ ထိုသို့ တွေးမိပြီး ဟန်လိက အိပ်ယာပေါ်မှာ ခြေချိတ်ထိုင်သည်။ ထို့နောက်တွင် သူက နဂါးဝါဆေးလုံးတစ်လုံးကို သောက်ကာ သူ့ချီဓာတ်ကို စတင်သန့်စင်သည်။

သူသည် တတ်နိုင်သမျှ သူ့ကျင့်ကြံမှုအဆင့်ကို ပြန်ရအောင် လုပ်ရပေမည်။ တကယ်တော့ ခွန်အားကသာ စကားကျယ်ကျယ် ပြောနိုင်မည် မဟုတ်လား။

တအောင့်ကြာ တရားထိုင်ပြီးနောက် ဟန်လိသည် သူ့အခန်းအပြင်ဘက်မှ ခြေသံခပ်ဖျော့ဖျော့ကို ကြားရသည်။

ဟန်လိက တံခါးမဖွင့်သော်လည်း သူ့စိတ်ဝိညာဉ်အာရုံကို အခန်းအပြင်သို့ စေလွှတ်ပြီး အဖြစ်အပျက်အကုန်လုံးကို မြင်ရသည်။ အဘိုးအိုဝမ်မှာ အရှင်ကူးနှင့်အတူ ပြန်လာခဲ့တာ ဖြစ်သည်။ သူ့ပုံစံမှာ အတော်လေး စိုးရိမ်နေပုံ ပေါ်သည်။ ဟန်လိမှာ မျက်မှောင်ကြုံ့၏။ သူ့ထံ ပြဿနာက ရောက်လာသည့်ပုံပင်။ အရှင်ကူးသည် ခုထိ လက်မလျော့သေး။ သူ့ကို ထပ်နှောက်ယှက်ဦးမည်မှာ သိသာနေပြီ။

ကောင်းကင်တောင်ပိုင်းကျွန်းတွင်သာ ဖြစ်ခဲ့ပါက ဟန်လိသည် သူတို့ကို အေးတိအေးစက် ဟောက်ကာ လှမ်းဟန့်တားလိုက်မည်သာ။ သို့သော် အခု သူက သူစိမ်းကုန်းမြေတစ်ခုသို့ ရောက်ခါစ ဖြစ်သည်။ သူ့အဖို့ အကျိုးအကြောင်း မသင့်လွန်း၍ မဖြစ်သေးပေ။

ထိုနှစ်ယောက် တံခါးလာခေါက်သည့်အထိ စောင့်မနေဘဲ သူက လှမ်းပြောသည်။

“ဝင်ခဲ့ကြပါ။ တံခါး သော့ခပ်မထားပါဘူး…”

အရှင်ကူးနှင့် ဝမ်ချောင်ချင်းတို့မှာ တုန်လှုပ်သွားသည်။ သို့သော် သူတို့က အင်မောတယ်အရှင်က သူတို့ကို ဖိတ်ခေါ်မှန်းတော့ ချက်ခြင်း သဘောပေါက်၏။ သူတို့၏ ဝတ်စုံများကို အလျင်အမြန် သပ်သပ်ရပ်ရပ် ဖြစ်စေပြီး အခန်းထဲသို့ တလေးတစားဟန်ဖြင့် ဝင်လာကြသည်။

ထိုအခိုက်တွင် ဟန်လိသည် အိပ်ယာပေါ်ကနေ ဆင်းလာခဲ့ပြီး ဖြစ်သည်။ သူက လက်နှစ်ဖက်နောက်ပစ်လျက် ရပ်နေသည်။

“အင်မောတယ်အရှင်…အရှင်ကူးက ခင်ဗျားနဲ့ သူကိုယ်တိုင် ဆွေးနွေးချင်ပါတယ်တဲ့။ ကျေးဇူးပြုပြီး အဲ့အခွင့်အရေးတစ်ခုတော့ ပေးပါ…”

ဝမ်ချောင်ချင်းသည် ဟန်လိနှင့် အစောပိုင်းတုန်းက စကားဘာညာပြောဆိုဖူးပြီး ဖြစ်၍ သည်အင်မောတယ်မှာ လှည့်ဖြား၍ ရသောသူ မဟုတ်မှန်း သိထားပြီး ဖြစ်သည်။ သို့ဖြစ်၍ သူက လာရင်းကိစ္စကို တိုက်ရိုက်သာ ပြောသည်။

ဟန်လိက အဘိုးအိုကို တချက်လှမ်းကြည့်သည်။ ထို့နောက် သူက ပြုံး၍ မထူးခြားနားဟန်ဖြင့် ပြောသည်။

“ရပါတယ်။ ဒါပေမဲ့ ကျုပ်အနေနဲ့ အရှင်ကူးကို အရမ်း မမျှော်လင့်ထားဖို့တော့ ဦးဆုံး အကြံပေးထားချင်တယ်…”

ဝမ်ချောင်ချင်းသည် အနည်းငယ် အရှက်ရဟန် ပေါ်သည်။ သို့သော် သူက သက်လတ်ပိုင်းလူ(အရှင်ကူး)ကို ရှင်းပြသည်။

သက်လတ်ပိုင်းလူမှာ ထိုစကားကို ကြားသည့်အခါ သူ့မျက်နှာမှာ ပျက်သွားသည်။ သို့သော် ခဏအကြာတွင် သက်လတ်ပိုင်းလူမှာ ဝမ်ချောင်ချင်းကို အရင်ဆုံး တစုံတစ်ခုကို ပြောပြသည်။

ဟန်လိက ဘေးကနေ မင်သေသေဖြင့်သာ ကြည့်နေသည်။

“အင်မောတယ်အရှင်။ ကျနော်တို့ရဲ့ အရှင်ကူးဟာ ခင်ဗျားသာ ကူညီမယ်ဆို၊ ကူးဂိုဏ်းဟာ ခင်ဗျား ပြိုင်ပွဲမှာ အနိုင်ရရ၊ မရရ စိတ်ဝိညာဉ်ကျောက်တုံး မြောက်များစွာ ပေးအပ်ပါမယ်တဲ့။ ကျွန်းကြီးတွေကြားမှာ ကူးဂိုဏ်းအနေနဲ့ ကုန်သွယ်ခွင့်ရတဲ့အထိ ခင်ဗျားဟာ အောင်မြင်မှု ရယူပေးနိုင်ခဲ့ရင်တော့ အရှင်ကူးအနေနဲ့ ခင်ဗျားအတွက် မာကြောကြယ်ကျွန်းမှာ တရားဝင်နေထိုင်ဖို သူ့အနေနဲ့ အာမခံပေးပါမယ်တဲ့။ ပြီးတော့ အင်မောတယ်အနေနဲ့ မာကြောကြယ်ကျွန်းမှာ တရားဝင် မနေချင်ဘူးဆိုရင်လည်း သုံးနှစ်တစ်ကြိမ် ကုန်သွယ်လို့ရတဲ့ အမြတ်ရဲ့ ဆယ်ပုံသုံးပုံကိုလည်း ခွဲဝေပေးပါမယ်တဲ့…”

ဝမ်ချောင်ချင်းက ထိုသို့ ပြောပြီးသည်နှင့် သူ့အကြည့်မှာ မှိန်ဖျော့သွားလေသည်။ သူသည် အရှင်ကူး ကမ်းလှမ်းမှုမှာ မယုံကြည်နိုင်လောက် ဖြစ်နေတာကို တွေ့ရသည့်အလား။

ဟန်လိမှာ နည်းနည်းတော့ အံ့အားသင့်သွား၏။ သူက မေးစေ့ကို ပွတ်ကာ စဉ်းစားသည်။ ဆုံးဖြတ်ရခက်ဟန်ဖြင့် သူက မေးသည်။

“ဘာလဲ။ မာကြောကြယ်ကျွန်းမှာ နေထိုင်ဖို့အတွက် တစုံတစ်ယောက်ဟာ အာမခံပေးသူ လိုအပ်တာလား။ မင်း ကျုပ်ကို အဲ့လို မပြောခဲ့ပါဘူး…”

ဟန်လိ၏စကားလုံးများသည် ပျော့ပြောင်းသော်လည်း ဝမ်ချောင်ချင်းမှာ ချွေးပြန်ကာ အလျင်အမြန် ရှင်းပြလာသည်။

“အင်မောတယ်အရှင် နားလည်မှု လွဲနေပါပြီ။ မာကြောကြယ်ကျွန်းမှာ သူစိမ်းကျင့်ကြံသူတွေကို နှစ်မျိုး ခွဲခြားထားပါတယ်။ တစ်မျိုးကတော့ ယာယီနေထိုင်တာပါ။ အဲ့တစ်မျိုးကတော့ ကျွန်းပေါ်မှာ နှစ်အနည်းငယ်ပဲနေပြီး ထွက်သွားတာပါ။ သူတို့အနေနဲ့က ကျွန်းပေါ်မှာ တရားဝင်အထိုင် မရှိပါဘူး။ အာမခံပေးတဲ့သူရှိတဲ့ နောက်တစ်မျိုးကတော့ ကျွန်းပေါ်မှာ စိတ်ကြိုက်နေနိုင်ပါတယ်။ သူတို့ဟာ ကျွန်းပေါ်မှာ နေထိုင်ဖို့အတွက် ပိုနည်းပါးတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးရရုံသာမက အမြဲနေထိုင်ခွင့်ရှိတဲ့သူတွေ ရနိုင်တဲ့ အခြေအနေတွေကိုလည်း ရနိုင်စွမ်း ရှိမှာပါ။ စိတ်ဝိညာဉ်ချီ ပေါကြွယ်တဲ့ ကျွန်းမှာ နေခွင့် ရ၊မရကတော့ လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပါတယ်။ ဒီအဘိုးအိုက အင်မောတယ်အရှင်ကို ဒီအကြောင်းကို အစောပိုင်းတုန်းက မပြောပြခဲ့တာဟာ ကျယ်ပြောလှတဲ့ မာကြောကြယ်ကျွန်းပေါ်မှာ အာမခံပေးသူ ရှာရတဲ့ကိစ္စက အတော်လေးကို ရှုပ်ထွေးလို့ပါ…”

ဟန်လိ နားလည်မှု လွဲသွားမှာကို စိုး၍ ဝမ်ချောင်ချင်းသည် တရစပ် ရှင်းပြလေသည်။

ဟန်လိ၏ အမူအရာမှာ သုန်မှုန်သွားသည်။ သူက သံသယဝင်ဟန်ဖြင့် မေးလိုက်သည်။

“မာကြောကြယ်ကျွန်းပေါ်မှာ နေအိမ်တစ်ခု မရှာနိုင်တဲ့ ကျင့်ကြံသူတွေကကော ဘာဖြစ်နိုင်လဲ။ သူတို့အတွက် ကျင့်ကြံဖို့ လိုအပ်တဲ့ နေရာတစ်ခုကို မရနိုင်ကြဘူးလား…”

အဘိုးအိုဝမ်သည် ပြန်ဖြေသည်။

“အဲ့လိုတော့ မဟုတ်ပါဘူး။ အနီးအနားလက်အောက်ခံကျွန်းပေါ်က အင်မောတယ်တွေဟာ ပြိုင်ပွဲတွေမှာ ဝင်ပါနိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့အတွက် ကျင့်ကြံမှုနေရာတွေရဖို့အတွက် အဓိကကျွန်းရဲ့ ပြိုင်ပွဲမှာပဲ ပါဝင်နိုင်တယ်။ မာကြောကြယ်ကျွန်းဟာ အဓိကကျွန်းဖြစ်တဲ့အတွက် ဒီဒေသပင်လယ်ထဲမှာတော့ အကောင်းဆုံးစိတ်ဝိညာဉ်ကြောနဲ့ အသိပ်သည်းဆုံး စိတ်ဝိညာဉ်ချီတို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒီကျွန်းကြီးနဲ့ ယှဉ်မယ်ဆို တခြားကျွန်းတွေကတော့ ပမွှားပါ…”

ထိုအကြောင်းကို သိရသည့်အခါ ဟန်လိ၏ အမူအရာသည် သုန်မှုန်သွားလိုက်၊ ပြန်ကြည်လင်သွားလိုက် ဖြစ်နေသည်။

ပင်မကျွန်းပေါ်မှ ကျင့်ကြံသူများအတွက်တော့ သူတို့၏ မြင့်မားသော ကျင့်ကြံမှုကို ထိန်းထားနိုင်ရန် သေချာစေဖို့ စည်းမျဉ်းများသည် သူတို့အတွက် ရေးဆွဲထားမှာ သေချာသည်။ ကျင့်ကြံသူအားလုံးမှာ စိတ်ဝိညာဉ်ချီမြင့်မား‌သာ နေရာတစ်ခုကိုသာ လိုချင်ကြသည် မဟုတ်လော။

ဟန်လိက မျက်မှောင်တင်းကြပ်စွာ ကြုံ့၍ ခေါင်းငုံ့ကာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ထို့နောက်တွင် သူက ခေါင်းမော့ပြီး သက်လတ်ပိုင်းလူကူးထံ လှမ်းကြည့်သည်။

အရှင်ကူး၏ မျှော်လင့်နေသော ဟန်အမူအရာကို မြင်သည့်အခါ ဟန်လိသည် သက်ပြင်းချပြီး ဖြည်းဖြည်းချင်း ပြောသည်။

“ကျေးဇူးပြုပြီး တိုက်ခိုက်ကြမယ့် တခြားကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ပတ်သတ်ပြီး ကျုပ်ကို ပြောပြ။ ကျုပ် သူတို့ကို ကိုင်တွယ်နိုင်တယ်ဆို ချွင်းချက်တစ်ခု ထားပေးပြီး မင်း ကိုယ်စား တိုက်ခိုက်ပေးမယ်…”

ဟန်လိ၏ အသွင်မှာ အကူအညီမဲ့ဟန် ဖြစ်ပေါ်နေသည်။

ဝမ်ချောင်ချင်းသည် အပျော်လွန်သွားသည်။ သူက သက်လတ်ပိုင်းလူထံ အလျင်အမြန် စကားပြန်ပြသည်။

ဟန်လိမှာ စိတ်ထဲကနေ တွေးနေမိသည်။

“ဒီကျင့်ကြံသူတွေဟာ အခြေခံတည်ဆောက်ခြင်းအဆင့် မဟုတ်ကြရင် ငါ့ရဲ့ ရုပ်သေးတွေနဲ့ မှော်ပစ္စည်းတွေနဲ့ဆို ခုလို လျော့ကျနေတဲ့ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့တောင် အနိုင်ရဖို့ဟာ ပြဿနာ မဟုတ်ဘူး။ အဲ့လိုမှပဲ ငါ့အနေနဲ့ အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်း ပညာရပ်ကို ကျင့်ကြံနိုင်မှာ။ ငါ့အနေနဲ့ ပြင်ပပြန်လည်မွေးဖွားခြင်း ပညာရပ်နဲ့ မဟာဖွံ့ဖြိုးခြင်းပညာရပ်တို့ကိုလည်း ကျင့်ကြံချင်သေးတယ်။ ဒီပညာရပ်တွေဟာ ထိရောက်မှု ရှိတဲ့ အသက်ကယ်ပညာရပ်တွေ ဖြစ်လာနိုင်တာပဲ…”

လေးရက်ကြာပြီးနောက်မှာ သည်သင်္ဘောကြီး အနှံ့ ဝမ်းမြောက်အားရသံတစ်ခု ဟိန်းထွက်လာသည်။ နောက်ဆုံး၌ သူတို့သည် မာကြောကြယ်ကျွန်းသို့ ရောက်လာခဲ့ကြပြီ။

ဟန်လိမှာ အရှင်ကူးနှင့် ဝမ်ချောင်ချင်းတို့နောက်ကနေ လိုက်ပါလာသည်။ ဟန်လိသည် ထိုနှစ်ယောက်နောက်မှ လိုက်ပါလာရင်း ကျွန်းဆိပ်ကမ်းတစ်ခုလုံးကို တိတ်တဆိတ် ကြည့်နေသည်။ သည်ဆိပ်ကမ်းမှာ အမှန်တကယ် ကြီးမားလွန်း၍ ဟန်လိသည် အထင်တကြီး ဖြစ်မိရသည်။ သင်္ဘောများ၏ အရွယ်အစားများ၊ အရေအတွက်များကို ကောင်းကင်တောင်ပိုင်းဒေသမှ သင်္ဘောဆိပ်ကမ်းငယ်များအနေဖြင့် လုံးဝ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ဟန်လိသည သေချာ မရေတွက်ကြည့်သော်လည်း သည်ဆိပ်ကမ်းမှာ ကျောက်ချထားသော သင်္ဘောများမှာ သုံးရာဝန်းကျင်လောက်ရှိနိုင်သည်ဟု သူ ခန့်မှန်းကြည့်သည်။ သင်္ဘောဆိပ်ကမ်းနှင့် သင်္ဘောများကြား လူအုပ်ကြီးမှာလည်း ပျာပန်းခတ်လှုပ်ရှားနေကြသည်။

ထိုမြင်ကွင်းကို တွေ့သည့်အခါ ဟန်လိ၏ စိတ်ထဲ ပထမဆုံး‌ ပေါ်လာသည့်အတွေးမှာ

‘လူပင်လယ်တစ်ခု’ ဟူ၍ပင်။

All Chapters