စိန်ခေါ်မှု(၁)
Vol. 27 Ch. 369
ဟန်လိက ထိုမြို့စောင့်တပ်သားများကို သေချာ ကြည့်လိုက်သည်။ သူတို့သည် စိတ်ဝိညာဉ်စွမ်းအား မပိုင်ဆိုင်ထားကြသော်လည်း တက်ကြွမှုအပြည့်ပင်။ သေမျိုးသိုင်းပညာရပ်တချို့ကို သေချာ လေ့ကျင့်ထားကြပုံ ပေါ်၏။ သို့သော် ဟန်လိ၏ အာရုံကို ဖမ်းစားနိုင်သည်က ဒုလုံးပုံအရာဝတ္ထုသာ။ ၎င်းသည် ကျင့်ကြံသူများနှင့် သေမျိုးများကို ခွဲခြားပေးသော အံ့အားသင့်ဖွယ် ပစ္စည်းတစ်ခု ဖြစ်ချေသည်။
ဟန်လိသည် ၎င်းဒုလုံးပုံအရာဝတ္ထုထံ နောက်ထပ် တကြိမ် လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ ဝမ်ချောင်ချင်းက ထိုသည်ကို မြင်သည့်အခါ သူက ဟန်လိကို ပြုံး၍ ရှင်းပြသည်။
“ဒါက စိတ်ဝိညာဉ်သတ္တုပြားပါ။ ဒီအရာဝတ္ထုက သေမျိုးတစ်ယောက်နဲ့ အင်မောတယ်တစ်ယောက်ကို ခွဲခြားပေးနိုင်ပါတယ်…”
“စိတ်ဝိညာဉ်သတ္တုပြား ဟုတ်လား…” ဟန်လိသည် ထိုစကားကို ကြားသည့်အခါ နည်းနည်းတော့ အံ့အားသင့်သွားသည်။ သို့သော် သူက ဒုလုံးပုံအရာဝတ္ထုပေါ်တွင် ထည့်သွင်းထားသော လက်ဝါးအရွယ်ခန့် ကျောက်စိမ်းသတ္တုပြားတစ်ခုအကြောင်းကို ချက်ခြင်း တွေးမိပြီး ခေါင်းညိတ်ပြသည်။
ထို့နောက်တွင် ရထားလုံးသည် မြို့အလယ်သို့ ကျောက်သားဖြူလမ်းအတိုင်း ဆက်လာနေရင်း ဟန်လိကတော့ ဘေးဘီဝဲယာသို့ ကြည့်နေသည်။ လမ်းဘေးဝဲယာတွင် နေအိမ်များစွာ ရှိနေပြီး လူအများမှာ ဝင်ချည်ထွက်ချက်ဖြင့် ရှိကြသည်။ သူတို့က မြို့ထဲ ပိုဝင်လာလေလေ ပိုသက်ဝင်လှုပ်ရှားလာလေပင်။
လူအများစုမှာ အဖြူရောင်ဝတ်စုံကို ဝတ်ထားကြသည်။ ထိုသို့ အဖြူရောင်ဝတ်စုံကို မဝတ်ထားသူများကတော့ အဝါရောင်နှင့် အစိမ်းရောင်ခပ်ဖျော့ဖျော့ အရောင်များကိုသာ ဝတ်ကြသည်။ မည်သူကမျှ အရောင်တောက်တောက် ဝတ်ထားစားထားတာ မရှိပါ။
ထို့အပြင် အဖြူရောင်ဝတ်စုံကို မဝတ်ထားသူများကတော့ အဆင့်အတန်းမြင့်မားသူများ ဖြစ်တာ သိသာနေ၏။ သူတို့နောက်မှာ ငယ်သား သုံးလေးယောက်က နီးနီးကပ်ကပ် လိုက်ပါနေကြသည်။
လမ်းပေါ်မှာလူကလည်းများ၊ ရထားလုံးများကလည်း များလှသောကြောင့် ရထားလုံးသည် အရှိန်နှေးနှေးဖြင့်သာ သွား၍ ရသည်။ ထိုနှုန်းဖြင့် အချိန်အတော်ကြာ ခရီးနှင်လာခဲ့ပြီးမှ ဟန်လိတို့၏ ရထားလုံးသည် မြို့အလယ်ရှိ ရင်ပြင်ကျယ်ကြီးထံ ရောက်လာခဲ့တော့သည်။
ထိုရင်ပြင်မှာ ငါးဧကလောက်ကို ကျယ်မည်။ လူအုပ်ကြီးကလည်း အပြည့်။ ဟန်လိသည် လူပင်လယ်ကြီးကိုသာ မြင်ရလေ၏။
ရင်ပြင်၌ ဆိုင်ခန်းများစွာလည်း ရှိနေသလို ဆိုင်တိုင်းတွင်လည်း ဧည့်သည်များနှင့် ပြည့်နေသည်။ ရင်ပြင်အလယ်ရှိ ဆိုင်များကတော့ ယာယီဆောက်လုပ်ထားတာ ဖြစ်ပုံ ရသည်။
ဟန်လိက သည်လူအုပ်ကြီး၏ အရေအတွက်ကို ခန့်မှန်းကြည့်သည်။ အနည်းဆုံးတော့ သည်ရင်ပြင်မှာ လူပေါင်းသောင်းနှင့်ချီ၍ ရှိလိမ့်မည်။
ရထားလုံးကို ထိုမျှများပြားသော လူအုပ်ထဲ ဖြတ်မောင်း၍တော့ မဖြစ်နိုင်တော့ပေ။ အရှင်ကူးက ရထားလုံးထဲကနေ အရင်ဆုံး ဆင်းလာ၏။ ဟန်လိနှင့် တခြားသူများကိုပါ ခေါ်ပြီး သူသည် ရင်ပြင်ဘေးတစ်ဖက်တွင်ရှိသော နန်းတော်ပုံစံအဆောက်အဦထံ ဦးတည်လာသည်။
ထိုနန်းတော်မှာ မီတာသုံးဆယ်ကျော်လောက်ထိ မြင့်မားပြီး ၎င်းပတ်လည်ရှိ တခြားအဆောက်အဦများထက် သိသိသာသာ ပိုမြင့်မားသည်။ နန်းတော်ဝင်ပေါက်ကို လက်ထဲတွင် လှံရှည်များ ကိုင်ထားသော တပ်သားများက စီတန်းစောင့်ကြပ်နေကြသည်။
“ဒါက မာကြောကြယ်ကျွန်းရဲ့ တတိယမြောက်လရဲ့ ပထမဆုံးဈေးနေ့ပဲ။ ဒါ့ကြောင့် အရှေ့ကျောက်တုံးမြို့ရဲ့ ဒီနေရာမှာ လူတွေ ပိုများနေတာ။ ကျွန်းရဲ့ အရှေ့ပိုင်းခွင်မှာ ရှိတဲ့ မြို့ကြီး၊မြို့ငယ်က သူတွေဟာ ပုံမှန်ဆို ရဖို့ခက်ခဲတဲ့ ရှားပါးပစ္စည်းအမယ်တွေကို ကူးသန်းရောင်းဝယ်ကြဖို့ ဒီကို လာကြတယ်လေ…”
အရှင်ကူးက နန်းတော်ထံ ဦးတည်သော လမ်းအတိုင်း လျှောက်လှည့်၍ ခေါင်းလှည့်ကာ ပြုံးယောင်သမ်း၍ ဟန်လိကို ရှင်းပြသည်။
အရှင်ကူးသည် ရှေ့ဆက်လျှောက်လာပြီး အစောင့်တပ်သားများနှင့် စကားစမြည် ပြောသည်။ ထို့နောက်တွင် အစောင့်တစ်ယောက်က လက်ဝေ့ယမ်းပြပြီး သူတို့ကို ဝင်ခွင့်ပေးလေသည်။
အရှင်ကူးက အထဲ မဝင်ခင် ဟန်လိနှင့် ဝမ်ချောင်ချင်းတို့ကို ခပ်သွက်သွက် လှမ်းခေါ်သည်။
သူတို့က ဂိတ်တံခါးကို ကျော်လာသည်နှင့် လူများပါးသွားကာ ငြိမ်သက်တိတ်ဆိတ်မှု ရှိလာသည်။ ဂိတ်တံခါးကို ဖြတ်၍ လျှောက်လာသော လမ်းမှာ အဆင့်အတန်းမြင့်များဟန် ရသော လူဆယ်ယောက်တို့သည် သုံးယောက်တစ်အုပ်စုစီ အပြန်အလှန် ဆွေးနွေးပြောဆိုနေကြသည်။ သူတို့က အရှင်ကူး ရောက်လာတာကို မြင်သည့်အခါ သူ့ကို ရန်လိုဟန်ဖြင့် လှမ်းကြည့်နေပုံ ပေါ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် လမ်း၏ တခြားဘက်အဆုံးမှ ခရမ်းရောင်တံခါးချပ်တစ်ခု ပွင့်လာပြီး အသက်နှစ်ဆယ်ဝန်းကျင်လောက် ရှိမည့် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ထွက်လာသည်။ သူ့အသွင်ပုံစံက နူးညံ့ပုံ ပေါ်ပြီး ကျောင်းတော်သားတစ်ယောက်နှင့် ဆင်လှသည်။
ထိုလူငယ်က ဟန်လိကို ဖော်ရွှေစွာ တချက်လှမ်းကြည့်ပြီးနောက် အရှင်ကူးကို စကားလှမ်းပြောသည်။
“ခင်ဗျားက အရှင်ကူးလား။ တခြားသူတွေတော့ ရောက်နေကြပြီ။ ပြိုင်ပွဲမှာ ပါမယ့် ကျင့်ကြံသူတွေကတော့ ရှေ့ကို ဆက်သွားပါ။ အရှင်ကူးကတော့ ကျေးဇူးပြုပြီး အပြင်မှာပဲ စောင့်နေပေးပါ…”
တချက်ကြည့်ရုံဖြင့် ဟန်လိသည် ထိုလူငယ်၏ ကျင့်ကြံမှုမှာ ခုလက်ရှိ သူ့ကျင့်ကြံမှု ဖြစ်သော ချီစုဆောင်းခြင်းအဆင့်ငါးဖြစ်မှန်း သေချာသိလိုက်သည်။
အရှင်ကူးသည် ဟန်လိကို မျှော်လင့်ချက်သမ်းသော အကြည့်ဖြင့် တချက်လှမ်းကြည့်ပြီးနောက် ဘေးတစ်ဖက်သို့ ထွက်သွားသည်။
ဟန်လိသည် ဂိတ်တံခါးကို ဖြတ်၍ လူငယ်နောက်ကနေ လိုက်လာသည်။ ယင်းနောက်တွင် ထိုဂိတ်တံခါးသည် ချက်ခြင်း ပြန်ပိတ်သွား၏။
“ကျုပ်ရဲ့ မျိုးရိုးနာမည်က ဝမ်းပါ။ ရောင်းရင်းအနေနဲ့ ကျုပ်ကို ဝမ်းချိုက်လို့ ခေါ်နိုင်ပါတယ်။ ခင်ဗျားကိုတော့ သိပ်မမြင်ဖူးသလိုပဲ။ ခင်ဗျားက ဒီမာကြောကြယ်ကျွန်းကို ခုမှ အသစ်ရောက်လာတာများလား…”
“ကျုပ်ကတော့ ဟန်လိပါ။ ပြီးခဲ့တဲ့လမှ ဒီကို ရောက်လာတာ…” တစ်လလောက် လေ့ကျင့်ပြီးနောက်မှာတော့ ဟန်လိသည် သည်ဒေသခံဘာသာစကားကို အခက်အခဲမရှိ ပြောနိုင်ခဲ့ပေပြီ။
“ဟားဟား…အထင်ကြီးစရာပဲ။ ရောင်းရင်းရဲ့ ခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ မွေးရပ်မြေကနေ ခရီးထွက်လာဝံ့တာပဲ။ တာအိုရောင်းရင်းရဲ့ သတ္တိနဲ့ အမြင်ကျယ်မှုကတော့ အံ့မခန်းပါပဲ။ ကျုပ်ဆို အဲ့လို လုပ်နိုင်မှာ မဟုတ်ဘူး။ မွေးတည်းက ဒီကျွန်းကနေ ခြေတစ်လှမ်းတောင် အပြင် မထွက်ဖူးဘူး…”
ထိုလူငယ်က အထင်တကြီးဖြင့် ဤသို့ ဆိုသည်။
ဟန်လိသည် ပြုံးရုံသာ ပြုံးနေသည်။ ဘာမှ တုန့်ပြန်ပြောမနေပေ။
သူက ထိုလူငယ်နောက်ကနေ လိုက်လာရင်း တဖြည်းဖြည်းဖြင့် ခန်းမတစ်ခုနား ရောက်လာသည်။ သည်နေရာမှာ ကျင့်ကြံသူသုံးဆယ်ကျော်လောက် ရှိနေကြသည်။ တချို့က ထိုင်လျက်၊ တချို့က ထနေလျက်။ သူတို့ တစ်ယောက်ချင်းစီမှာ အသွင်ဟန်ပန်အမျိုးမျိုးဖြင့် ရှိနေကြသည်။
သည်ကျင့်ကြံသူအုပ်၏ မျက်နှာချင်းဆိုင်တွင် အသားအရေရှုံ့တွနေပြီ ဖြစ်သော အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူက ခပ်သွက်သွက် ပြောလာ၏။
“ခု လူစုံလောက်ပြီ။ မဲစနှိုက်ကြရအောင်။ တိုက်ပွဲတိုင်းကို တချိတည်းနဲ့ ဆုံးဖြတ်မယ်။ သတ်တာဖြတ်တာကို တားမြစ်ထားတယ်။ ရလဒ်ကို အရည်အချင်း ပြည့်မပြည့်နဲ့ပဲ ဆုံးဖြတ်မယ်…”
သူသည် ချီစုဆောင်းခြင်းကျင့်ကြံသူအုပ်ထဲတွင် ရှိနေသော တစ်ဦးတည်းသော အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထိုအဘိုးအိုမှာ ပြိုင်ပွဲအတွက် တာဝန်ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်ပုံပင်။
ဝမ်းအမည်ဖြင့်လူငယ်က ခန်းမထဲ ဝင်လာသည်နှင့် သူသည် ထိုအဘိုးအိုနားသို့ ခပ်သွက်သွက် လှမ်းသွားပြီး ဘေးတွင်ရပ်ကာ သူ့အမိန့်များကို စောင့်နေသည်။
အဘိုးအိုက လူငယ်ဝမ်းကို အာရုံစိုက်မနေ။ ထိုအစား သူက ဝါးတုတ်ချောင်းနှစ်ဆယ်ကျော်နှင့် မိုးပြာကျောက်စိမ်းဒုလုံးပုံအရာဝတ္ထုတစ်ခုကို ထုတ်ယူသည်။
“ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ မဲနှိုက်ကြရမယ်။ အရင်က ကုန်သည်တွေကို ကိုယ်စားပြုထားတဲ့ အရေအတွက်နဲ့ ပြိုင်ပွဲဝင်အရေအတွက် ညီမျှတာနဲ့ ကျန်ခဲ့တဲ့ ကျင့်ကြံသူတွေဟာ အရင်ကိုယ်စားပြုပြီးသား ကျင့်ကြံသူတွေကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မှီမယ်…”
ကျင့်ကြံသူအုပ်ထဲမှ အများစုသည် ကျောက်စိမ်းဒုလုံးကို စိုက်ကြည့်နေကြသည်။ ၎င်းဒုလုံးကို မိုးပြာအလင်းလွှာက ထွေးခြုံသွားပြီး အတွင်း၌ ဝါးတုတ်များကို ဖုံးကွယ်သွားသည်။ ထိုအလင်းက စိတ်ဝိညာဉ်အာရုံများကို တွန်းကန်လိမ့်မည်သာ။ ထိုသို့ပြုလုပ်ခြင်းဖြင့် စိတ်ဝိညာဉ်အာရုံ ပိုင်ရှင်များကို ထိခိုက်စေမည့်ပုံ ရသည်။
သည်ဒုလုံးထဲ စစ်ဆေးကြည့်ဖို့ သူတို့၏ စိတ်ဝိညာဉ်အာရုံများကို အသုံးမပြုရသောသူများကတော့ အမြတ်ထုတ်နိုင်သူများ ဖြစ်ချေလိမ့်မည်။ နဂိုရွေးချယ်ခံထားပြီးသော ကျင့်ကြံသူများက ဟန်လိနှင့် တခြားပြိုင်ပွဲဝင်ကျင့်ကြံသူများကို ဆိုးကျိုးခံစားစေချင်ကြမှာ သဘာဝပင်။
အားကောင်းသော စိတ်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားသည့် ဟန်လိကတော့ သည်မိုးပြာအလင်းကို အတင်းအကြပ် ချိုးဖျက်ဖို့မှာ ပြဿနာ မဟုတ်ပေ။ သို့သော် ထိုသို့ ပြုလုပ်ပါက လူအများ အာရုံစိုက်ခံရလိမ့်မည်။ ထိုအခါကျလျှင် ဟန်လိသည် တခြားသူများက တအံ့တဩဖြစ်သွားခြင်းကို အကူအညီမဲ့စွာဖြင့်သာ ကြည့်နိုင်ပေလိမ့်မည်။ သူ့အလှည့်၌ ဟန်လိက မဲနှိုက်လိုက်သည်။
ထိုသို့ မဲနှိုက်ချိန်တွင် ဟန်လိသည် မိုးပြာအလင်းကို မထင်မှတ်စွာဖြင့် ဖြတ်မြင်နိုင်စွမ်း ရှိနေသည်။ သို့ပေမည့် သူ တွေ့မြင်ရသည်မှာ ထူးခြားသောငွေရောင်စာလုံးများပင်။ သူက မျက်မှောင်ကြုံ့သွား၏။ သူသည် သည်ဒေသယိက ဘာသာစကား၏ အရေးအသားကို မဖတ်နိုင်သေးတာကိုပါ မေ့သွားလေသည်။ သို့သော် ဟန်လိကမူ မည်သို့မျှ မဖြစ်လေသည့်နှယ် မဲတစ်မဲကို နှိုက်လိုက်သည်။
“ နံပါတ်တစ်…” ထိုအဘိုးအိုက အေးတိအေးစက် အော်ပြော၏။ ထိုနံပါတ်တစ်မဲကို နှိုက်ထားမိသော ကျင့်ကြံသူနှစ်ယောက်မှာ ချက်ခြင်း ရှေ့သို့ ထွက်လာသည်။
အဘိုးအိုက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်က ဟိုနားက စင်မြင့်မှာ ယှဉ်ပြိုင်ရမယ်။ အဲ့မှာ အစီအရင်တစ်ခု တည်ဆောက်ထားတယ်။ ဒါကြောင့် မှော်ပညာရပ်တွေကနေ ပျက်စီးထိခိုက်မှုဖြစ်မှာကို စိုးရိမ်ဖို့ မလိုဘူး။ မင်းတို့အနေနဲ့ တစ်ဖက်သူရဲ့ မဲကို အရယူနိုင်ရင် အနိုင်ရပြီ။ တစ်ယောက်နဲ့တစ်ယောက် အသေမသတ်သရွှေ့ မင်းတို့အနေနဲ့ ဘာာလှည့်ကွက်တွေပဲ သုံးသုံး ငါ ဂရုမစိုက်ဘူး…”
“ဟုတ်ကဲ့ပါ …စီနီယာ…” ထိုပြိုင်ပွဲဝင်နှစ်ယောက်သည် အဘိုးအိုကို ဦးညွှတ်ပြီး ခန်းမအနောက်ဘက်ရှိ ပြိုင်ပွဲစင်မြင့်ထံ ဦးတည်၍ လျှောက်လာကြသည်။ ထို့နောက်တွင်တော့ သည်စင်မြင့်မှာ အဖြူရောင်အလင်းဖြင့် လင်းလက်သွားပြီး သူတို့နှစ်ယောက်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားကြ၏။ တ
တအောင့်အကြာ၌ ထိုနှစ်ယောက်သည် စင်မြင်ပေါ်တွင် ပြန်ပေါ်လာသည်။ သူတို့နှစ်ယောက်လုံးမှာ အနည်းနှင့်အများ အားနည်းသွားကြပုံ ပေါ်သည်။ ထိုထဲမှ တစ်ယောက်က အဘိုးအိုထံ ဝါးတုတ်ချောင်းနှစ်ခုကို တရိုတသေ ကမ်းပေးသည်။ တခြားတစ်ယောက်ကမူ ခန်းမထဲကနေ စိတ်ဓာတ်ကျဟန်ဖြင့် လှမ်းလျှောက်လာသည်။
“နံပါတ်နှစ်…” ထိုအဘိုးအိုက အေးတိအေးစက် အော်ပြောသည်။ ခ
ချီစုဆောင်းခြင်းကျင့်ကြံသူများကြား တိုက်ပွဲများက ရိုးရှင်းသောကြောင့် အနိုင်ရသူကို ဆုံးဖြတ်ရတာ အတော်လေး မြန်သည်။ သို့သော် ဟန်လိကို စဉ်းစားမရ ဖြစ်စေတာတစ်ခုတော့ ရှိသည်။ ယှဉ်ပြိုင်သူတို့မှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကျေနပ်နေသည့်ပုံ ပေါ်နေတာပင်။
“နံပါတ်ခုနစ်…” အဘိုးအိုက ထိုသို့ လှမ်းအော်စဉ် ကျင့်ကြံသူတစ်ယောက် ထွက်လာသည်။ သို့သော် သူ၏ ပြိုင်ဘက်ကမူ ထွက်မလာသေး။
“နံပါတ်ခုနစ်…” အဘိုးအိုက သုန်မှုန်စွာဖြင့် ထပ်အော်သည်။
ဟန်လိသည် ရုတ်တရက် လှမ်းထွက်လာပြီး ခပ်သွက်သွက် တောင်းပန်စကားဆိုသည်။
“စီနီယာ…ကျုပ် တောင်းပန်ပါတယ်။ ကျုပ် နံပါတ်မှားဖတ်မိသွားလို့။ ကျုပ်က နံပါတ်ကိုးလို့ ထင်သွားခဲ့လို့ပါ…”
ထိုအဘိုးအိုသည် ဟန်လိ ပြောပြတာကို စိတ်မဝင်စား။ သူက စိတ်မရှည်ဟန်ဖြင့် လက်ဝေ့ယမ်းသည်။ ယင်းနောက်မှာ ဟန်လိသည် သူ့ပြိုင်ဘက်နှင့်အတူ စင်မြင်ထံ လျှောက်သွားလေသည်။ အဖြူရောင်အလင်းလင်းလက်သွားပြီး ဟန်လိကော၊သူ့ပြိုင်ဘက်ကောသည် အဖြူရောင်မြူထုကမ္ဘာထဲမှာ ပြန်ပေါ်လာကြသည်။ ထိုဧရိယာမှာ မီတာတစ်ရာလောက် ရှိမည်။ အရပ်ရှစ်မျက်နှာအား အဖြူရောင်မြူဖြင့် ဖုံးလွှမ်းထား၏။
ထိုသက်လတ်ပိုင်းကျင့်ကြံသူက ဟန်လိကို ယုံကြည်မှုအပြည့်ဖြင့် ပြောလာသည်။
“မင်းရဲ့ ကျင့်ကြံမှုအဆင့်က ကျုပ်ထက် အဆင့်နှစ်ဆင့်နိမ့်တယ်။ ဒါ့ကြောင့် တိုက်ခိုက်ဖို့ မလိုဘူး။ ရောင်းရင်းအနေနဲ့ အညံ့ခံလိုက်သင့်တယ်။ မဟုတ်ရင် ကျုပ်က မင်းကို မတော်တဆ ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်တယ်…”
ချီစုဆောင်းခြင်းအဆင့်ခုနစ်တွင် ရှိနေသော ထိုသူမှာ သူကဲ့သို့ပင် အကာအကွယ်အရံအတားတစ်ခုကို မထုတ်ဖော်ထားသည်ကို မြင်သည့်အခါ ဟန်လိသည် ပြုံးယောင်သမ်းသွားသည်။