စိန်ခေါ်မှု (၂)
Vol. 27 Ch. 370
“ဘာများ ရယ်စရာ ပါလို့လဲ။ ကျုပ်က မင်းကို ဒဏ်ရာ မရစေချင်လို့ အကောင်းနဲ့ ပြောနေတာ…”
ဟန်လိ၏ အရေးမစိုက်ဟန်ကို မြင်သည့်အခါ ထိုကျင့်ကြံသူသည် ဒေါသထွက်သွားသည်။
ဟန်လိက စင်ကြမ်းပြင်ကို သူ့ခြေထိပ်များဖြင့် တစက်စက် တောက်ကာ မထီဟန်ဖြင့် ပြောလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ ဒီ ပြိုင်ပွဲက ကျုပ် ထင်ထားတာထက် အများကြီး ပိုလွယ်နေတယ်လို့ ခံစားမိလို့ပါ…”
“ဘာ…မင်းက ကျုပ်ကို အထင်သေးဝံ့တယ်လား…” ထိုသက်လတ်ပိုင်းလူ၏ မျက်နှာသည် နီမြန်းသွားသည်။ သူက သူ့လက်ကို ပင့်မြှောက်ကာ ရွှန်းလဲ့နေသော ပစ္စည်းများကို ထုတ်လွှတ်လေသည်။ သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် သူ့ရှေ့သို့ လူတစ်ယောက်က ဖြတ်ခနဲ ရောက်လာတာကို မြင်လိုက်ရသည်။ ယင်းနောက် သူ့အမြင်အာရုံမှာ မှောင်အတိကျသွားပြီး မည်သို့ဖြစ်ပျက်သွားတာ မသိရလေဘဲ သူက စင်ကြမ်းပြင်ပေါ် လဲကျသွားသည်။
တအောင့်ကြာပြီးနောက်မှာ ဟန်လိက မေ့နေသော ထိုသူ့ကို သယ်ကာ စင်ပေါ်ကနေ လှမ်းလျှောက်လာာသည်။ တခြားကျင့်ကြံသူများက ထိုမြင်ကွင်းကို တွေ့သည့်အခါ မင်သက်ကုန်ကြသည်။
ဟန်လိနှင့် ထိုသူတို့ကြား၌ ကျင့်ကြံမှုအဆင့် ကွာခြားတာ သိသာလှသည်။ သို့သော် အနိုင်ရသူကတော့ ဟန်လိသာ ဖြစ်နေ၏။ ဤသည်မှာ သူတို့ မျှော်လင့်ထားတာထက် ကျော်လွန်နေသည်။
အစပိုင်း၌ ပျင်းရိပျင်းတွဲဟန် ဖြစ်ပေါ်နေသော အဘိုးအိုသည်ပင် ထူးခြားသောဟန်အမူအရာ ဖြစ်ပေါ်သည်။
သူက ဟန်လိကို လေးလေးနက်နက် တချက်လှမ်းကြည့်သည်။ ဘာမျှတော့ မပြောသော်လည်း ဟန်လိ မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည့်အပေါ် သူ သိပုံပေါ်သည်။ ဟန်လိက ရယ်ကာမောကာဖြင့် တည်တည်ငြိမ်ငြိမ်ပင် ဝါးတုတ်ချောင်းနှစ်ခုကို အဘိုးအိုထံသို့ ပေးသည်။ ထို့နောက်တွင်တော့ သူက မေ့နေသော ပြိုင်ဘက်ကို အောက်သို့ ချထားခဲ့ပြီး အနိုင်ရသော ကျင့်ကြံသူများအုပ်စုရှိရာထံ လှမ်းသွားသည်။
အဘိုးအိုက သက်လတ်ပိုင်းလူမှာ သတိမေ့နေဆဲ ဖြစ်တာကို မြင်သည့်အခါ ပေါ့ပေါ့ပါးပါး ခေါင်းယမ်းကာ ဆန်းကြယ်စွာ ပြုံးလေသည်။
“နံပါတ်ရှစ်…”
……
နောက်ဆုံးအနိုင်ရသူကို ဆုံးဖြတ်ပြီးသည့်အခါ၌ စင်မြင်ပေါ်သို့ မတက်ရသေးသော ကျင့်ကြံသူဆယ်ယောက်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ချောင်းဟန့်သည်။ ထို့နောက်တွင် သူက မထူးမခြားလေသံဖြင့် ပြော၏။
“အခု နံပါတ်စဉ်အတိုင်းပဲ စစိန်ခေါ်မယ်။ မင်းတို့ရဲ့ မှော်စွမ်းအားက ကုန်ခမ်းတယ်လို့ ခံစားရတယ်ဆိုရင် နောက်စိန်ခေါ်မှု မတိုင်ခင် ခဏနားခွင့် ရှိတယ်။ ဒါပေမဲ့ ဒီကနေ့ ပြိုင်ဆိုင်မှုတွေ ပြီးတဲ့အထိမှ အနားယူလို့ မပြီးသေရင် အရှုံးလို့ သတ်မှတ်တယ်။ ဒါ့အပြင် စိန်ခေါ်သူတွေဟာ အရင် တိုက်ခိုက်ပြီးသားသူတွေကို စိန်ခေါ်တာကိုတော့ တားမြစ်ထားတယ်။ ဆယ့်တစ်ယောက်မြောက် စိန်ခေါ်သူကတော့ အနိုင်ရတဲ့သူဆယ်ယောက်ကို ဆုံးဖြတ်ပြီးရင် အရင်က အနိုင်ရပြီးသားသူတွေထဲက ဘယ်တစ်ယောက်ကိုမဆို စိန်ခေါ်ခွင့် ပြုမယ်…”
“အခု…စကြမယ်…”
ပထမဆုံး စိန်ခေါ်သူသည် ရွေးချယ်ခံပြီးသားထဲမှ ကျင့်ကြံမှုအဆင့်နိမ့်ဆုံးတစ်ယောက်ကို ရွေးကာ သူနှင့်အတူ စင်ပေါ်သို့ တက်ရောက်သည်။
ပြိုင်ဘက်၏ ကျင့်ကြံမှုအဆင့်မှာ အဆင့်ခြောက်တွင်သာ ရှိပြီး ပထမဆုံးစိန်ခေါ်သူ၏ ကျင့်ကြံမှုကတော့ အဆင့်ခုနစ်တွင် ရှိသည်။ ကြည့်ရတာ သူက နိုင်ဖို့ အခွင့်အရေးပိုများပုံ ရသည်။ သို့သော် အချိန်ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာ အဆင့်ခြောက်ကျင့်ကြံသူသည် အရင်ဦးဆုံး စင်ပေါ်ကနေ ထွက်လာခဲ့ရလေသည်။ ပထမဆုံးစိန်ခေါ်သူမှာ ဆိုးဆိုးဝါးဝါးဖြင့် ပြန်ပေါ်လာရပေသည်။ သူက အရှက်ရသွားပြီး သည်ခန်းမထဲကနေ စကားတခွန်းမှ မဆိုလေဘဲ ခပ်သုတ်သုတ် ထွက်သွားသည်။
ကျန်သည့်စိန်ခေါ်သူများ၏ အမူအရာများမှာလည်း ပြောင်းလဲကုန်ကြသည်။ အနိုင်ရလိုက်သူကတော့ တခြားဆယ်ယောက်ထံ ဘာမထီဟန်ဖြင့် ပြန်သွားသည်။
“နောက်တစ်ယောက်…” အဘိုးအိုက လှမ်းပြောသည်။ သူသည် အရင်တည်းက ရွေးချယ်ခံပြီးသား ကျင့်ကြံသူ အနိုင်ရသွားသည့်အပေါ် နည်းနည်းလေးမျှ အံ့အားသင့်ဟန် ဖြစ်မနေပေ။
“စီနီယာ ကျနော့်ရဲ့ မှော်စွမ်းအားက မလုံလောက်လို့…ခဏလောက် အနားယူချင်ပါတယ်…”
ဒုတိယရွေးချယ်ခံရသူက ရှက်ရှက်နှင့် ထိုသို့ ပြောသည်။
“နံပါတ်သုံး…” ထိုအဘိုးအိုက သူ၏ မှော်စွမ်းအားမှာ အမှန်တကယ် ပြန်မပြည့်ဝသေးလား၊ မသေးလားကို ဂရုမစိုက်။ သူက နောက်ထပ်နံပါတ်တစ်ခုကို အော်ပြောလိုက်သည်။
သုံးယောက်မြောက် ကျင့်ကြံသူသည် မျက်မှောင်မသိမသာ ကြုံ့ကာ လာမည့်တိုက်ပွဲကို ရှောင်သည်။
လေးယောက်မြောက် ကျင့်ကြံသူကမူ အရှက်မရချင်၍ ကြိုပြင်ဆင်ထားပုံရပြီး သတ္တိမွေးကာ ပြိုင်ဘက်တစ်ယောက်ကို ရွေး၍ စင်ပေါ်သို့ တက်သည်။
အဆုံးသပ်တွင် တူညီသောရလဒ်သာ။ လေးယောက်မြောက်စိန်ခေါ်သူမှာလည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပေသည်။ ကျန်သည့် စိန်ခေါ်သူများမှာ တုန်လှုပ်နေရပြီ။
ထိုသည်ကို မြင်သည့်အခါ ကျန်သည့်ကျင့်ကြံသူများမှာ တိုက်ခိုက်ဖို့ အချိန်ဆွဲနိုင်မည့် အခွင့်အရေးကို ရယူကြသည်။ သူတို့သည် တခြားသူများ မည်သို့အဆုံးသပ်မည်ကို မြင်ရပြီးမှ ပိုကောင်းသော ရွေးချယ်မှုတစ်ခုကို လုပ်နိုင်လိမ့်မည်ဟု တွေးထားကြခြင်းပင်။
ထိုအခိုက်တွင် အဘိုးအို၏ မျက်နှာမှာ ခပ်တင်းတင်း ဖြစ်သွားသည်။ ယင်းနောက်တွင် သူက ဟန်လိ၏ နံပါတ်ခုနစ်ဟူသော အမည်ကို ဖြည်းဖြည်းချင်း ခေါ်သည်။
ဟန်လိသည် ရှေ့သို့ အေးဆေးလျှောက်လာပြီး ချီစုဆောင်းခြင်းအဆင့်ခြောက်ပြိုင်ဘက်တစ်ယောက်ထံ လက်ညှိုးထိုးပြသည်။
သူ၏ ပြိုင်ဘက်မှာ လူသန်ကြီးတစ်ယောက် ဖြစ်၏။ ဟန်လိက အကြောက်အလန့်ကင်းကင်း သူ့ကို ရွေးချယ်တာ မြင်သည့်အခါ သူက ရက်စက်လိုဟန် ရုတ်တရက် ပြုံး၍ စင်ပေါ်သို့ ဦးတည်၍ လျှောက်သွားလေသည်။
တအောင့်အကြာ ဟန်လိနှင့် ထိုလူသန်ကြီးတို့မှာ အဖြူရောင်အလင်းထဲ ပျောက်ကွယ်သွားကြသည်။ လူတိုင်းက စင်မြင်ရှိရာထံ စိတ်ဝင်တစားဖြင့် လှမ်းကြည့်နေလေပြီ။ ယင်းနောက် အဘိုးအိုက မျက်လုံးမှိတ်သည်။ သူ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်နေပုံပင်။
သို့သော် တအောင့်အကြာတွင် သူ့ပါးနှစ်ဖက်မှာ မသိမသာ လှုပ်ခတ်သွား၏။ ယင်းနောက် သူ မျက်လုံး ပြန်ဖွင့်လာပြီး အံ့ဩထိတ်လန့်ဟန် အရိပ်အယောင် လှစ်ဟပေါ်သည်။
အဖြူရောင်အလင်း လင်းလက်သွားခြင်းနှင့်အတူ လူတစ်ယောက်သည် စင်မြင်ပေါ်မှာ ပေါ်လာ၏။
ကျင့်ကြံသူများသည် အလျင်အမြန် လှမ်းကြည့်ကြသည်။ အလင်းက လွင့်ပါးသွားချိန်တွင် ဟန်လိ၏ပုံရိပ် ပေါ်လာ၏။ သူက နည်းနည်းလေးမျှ ဒဏ်ရာရထားပုံ မရပေ။ သို့သော် သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်ကမူ မီးကျွမ်းနေလေပြီ။ သူက စင်မြင့်ပေါ်ကနေ အေးဆေးသက်သာဟန်ဖြင့် ဆင်းလာခဲ့လေသည်။ သူ့အဖို့ သည်တိုက်ပွဲအတွက် နည်းနည်းလေးမျှ အားမစိုက်ထုတ်ခဲ့ရသည့်အလား။
စိန်ခေါ်သူများကသာ မင်သက်အံ့အားသင့်ကုန်တာ မဟုတ်၊ ရွေးချယ်ခံပြီးသား ပြိုင်ဘက်များ၏ မျက်နှာထက်တွင်လည်း မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေသည်။ အဘိုးအိုဘေးတွင် ရပ်နေသော ဝမ်းချိုက်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူသည် ခဏကြာသည့်အထိ ပါးစပ်ပြန်မစေ့နိုင် ဖြစ်နေ၏။
ဟန်လိသည် အသက်ရှုနေသော သူ့ပြိုင်ဘက်လူသန်ကြီးကို အဘိုးအိုထ့ ဆွဲခေါ်လာပြီး အဘိုးအိုနားမှာ ချသည်။ ယင်းနောက် သူ၏ မူလနေရာသို့ အေးဆေး ပြန်လျှောက်သွားသည်။
တခြားစိန်ခေါ်သူများက ထိုမြင်ကွင်းကို တွေ့သည့်အခါ သူတို့၏အကြည့်များ၌ လေးစားအားကျဟန်အကြည့်များ မဖြစ်ပေါ်ဘဲ မနေနိုင် ဖြစ်ကုန်သည်။ ဟန်လိက စိတ်ထဲကနေ အေးတိအေးစက် ပြုံးလိုက်၏။
ကြည့်ရတာ သူ မည်သည့်နေရာသို့ သွားသွား ခွန်အားသည်သာ အထိရောက်ဆုံး ပြောစကား ဖြစ်ပုံ ရ၏။
ဟန်လိ၏ အနိုင်ရခဲ့မှုကြောင့်လားမသိ၊ နောက်ထပ်ကျင့်ကြံသူမှာ သူ၏ ပြိုင်ဘက်ကို မရှောင်ဖယ်တော့ သူက ပြိုင်ဘက်တစ်ယောက်ကို ချက်ခြင်း ရွေးသည်။ သို့ပေမည့် ရလဒ်ကမူ ထိုစိန်ခေါ်သူမှာ ဒဏ်ရာအပြင်းအထန်ရပြီး ရှုံးနိမ့်သွားခြင်းသာ။
အစောပိုင်းတုန်းက အချိန်ဆွဲခဲ့သော ကျင့်ကြံသူများ၏ အလှည့်သို့ ပြန်ရောက်လာခဲ့သည်။ သူတို့၏ ယှဉ်ပြိုင်ချင်စိတ်များမှာ လုံးဝ ပျောက်ရှနေပြီ ဖြစ်၍ သူတို့အားလုံးက အရှုံးပေးရန်သာ ဆုံးဖြတ်လိုက်ကြသည်။
ဤသို့ဖြင့် ကြီးကြပ်သူအဘိုးအိုသည် ကူးဂိုဏ်း၏ ကိုယ်စား ယှဉ်ပြိုင်ပေးသော ဟန်လိတစ်ယောက်သာ အဓိကကျွန်းများ၌ ကုန်သွယ်ဖို့ အရည်အချင်း ပြည့်မှီကြောင်း ကြေငြာလိုက်တော့သည်။
ယင်းနောက်တွင် အဘိုးအိုက ဟန်လိကို အပြာရောင်ကျောက်စိမ်းပြားတစ်ခု ပေးကာ ၎င်းကျောက်စိမ်းပြားကို ကူးဂိုဏ်းထံ ပြန်ပေးပြီးသည်နှင့် ကိစ္စပြီးပြီးဟု ပြောသည်။
……
ဟန်လိသည်လည်း ထိုအပြာရောင်ကျောက်စိမ်းပြားကို လူသွားလမ်းမှာ စောင့်နေသော အရှင်ကူးကို ပြန်ပေးလိုက်သည်။
ထိုအခါ အရှင်ကူး၏ ဟန်အမူအရာသည် အံ့လည်းအံ့အားသင့်၊ တုန်လည်းတုန်လှုပ်၊ ပျော်လည်းပျော်ရွှင်သွားချေသည်။
“အင်မောတယ်ဟန်…၊ ဘယ်လိုတောင် ကျေးဇူးစကား ပြောရမှန်း မသိတော့ဘူး။ ကျေးဇူးပြုပြီး စိတ်ချနေပေးပါ။ ကူးဂိုဏ်းက ခင်ဗျားကို ကတိပေးထားတဲ့အတိုင်း ကျိန်းသေပေါက် ဖြည့်ဆည်းပေးမှာပါ…”
သည်စကားများကို ပြောသည့်အချိန်၌ ဟန်လိ၊ အရှင်ကူးနှင့် ဝမ်ချောင်ချင်းတို့သည် ရထားလုံးထဲတွင် ထိုင်နေပြီး ကူးအိမ်တော်သို့ ပြန်နေကြပြီ ဖြစ်သည်။
ကျေးဇူးတင်စကား အပ်ကြောင်းထပ်အောင် ပြောနေရင်းကနေ သူ့လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းပြားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။ ၎င်းကျောက်စိမ်းပြားက သူ့ထံကနေ ပျံသန်းသွားမည့်အပေါ် စိုးရိမ်ကြောက်ရွှံ့နေသည့်အလား။ ထိုမြင်ကွင်းမှာ တော်တော်လေးတော့ ရယ်ချင်စဖွယ်ပင်။
ရထားလုံးကို မှီနေရင်း ဟန်လိက ခပ်ရောင်ရောင် ပြုံး၍ ပြောသည်။
“အရှင်ကူးဟာ ရည်မှန်းချက် အောင်မြင်ပြီးတဲ့နောက် ခင်ဗျားရဲ့ အကျိုးဆောင်ပေးတဲ့သူကို စွန့်ပယ်တဲ့လူမျိုး မဟုတ်ဘူးလို့ ကျုပ် ယုံတယ်။ အထူးသဖြင့် အဲ့အကျိုးဆောင်ပေးတဲ့သူက ကျင့်ကြံသူတစ်ယောက် ဖြစ်နေတဲ့အချိန်မှာပေါ့…”
ဟန်လိ၏ သတိပေးစကားကို ကြားရသည့်အခါ အရှင်ကူးနှင့် ဝမ်ချောင်ချင်းတို့၏ မျက်နှာများ ဖြူရောကုန်ကြသည်။
ယင်းနောက်တွင်တော့ ဟန်လိသည် တောင်ကုန်းငယ်ပေါ်ရှိ သူ့သစ်သားအိမ်ပေါ် ပြန်ရောက်လာသည်။ ဝိညာဉ်သေကတော့ နာခံစွာဖြင့် သူ့နေအိမ်ကို စောင့်ကြပ်ပေးနေတုန်းပင်။
ဟန်လိသည် သုံးရက်သာ ချီသန့်စင်နေဖို့ အချိန်ရလိုက်သည်။ ထို့နောက်မှာ ဝမ်ချောင်ချင်းက သူ့ကို လာရှာသည်။ ဝမ်ချောင်ချင်းက ဟန်လိကို အခုအခါ အင်မောတယ်တောင်၏ အင်မောတယ်မှတ်တမ်းများအဆောက်အဦထံ သွားနိုင်ပြီ ဖြစ်ကြောင်း၊ မာကြောကြယ်ကျွန်း၌ အမြဲနေထိုင်ခွင့်ရပြီ ဖြစ်ကြောင်းကို လာပြောတာ ဖြစ်သည်။ ယင်းအချက်တို့က ဟန်လိကို ကျင့်ကြံမှုဧရိယာတစ်ခု ထောက်ပံ့ပေးနိုင်လိမ့်မည်။
တကယ်တော့ သည်ကျွန်းပေါ်ရှိ ကျင့်ကြံသူအားလုံးတွင် သူတို့၏ကိုယ်ပိုင် အင်မောတယ်လှိုဏ်ဂူ ရှိကြသည်။
သူသည် မဟာစိတ်ဝိညာဉ်ကုန်းမြေ ပြိုင်ပွဲတွင် မပါဝင်ခဲ့၍ သူ ရရှိသော နေရာမှာ စိတ်ဝိညာဉ်ချီ ပိုနည်းပါးမှာ သေချာသည်။ သို့သော် ၎င်းမှာ ကျင့်ကြံသူဧရိယာတစ်ခုအဖြစ် သတ်မှတ်ဖို့တော့ လုံလောက်ပေသည်။
ဟန်လိသည် ကူးဂိုဏ်းက သူ့ကို ပေးသော အာမခံပေးသူ၏ အထောက်အထားကို အိပ်ကပ်ထဲထည့်ကာ မာကြောကြယ်ကျွန်း၏အလယ်ဗဟိုထံ ပျံသန်းလာခဲ့သည်။ ဝိညာဉ်သေကိုတော့ သူ့အိမ်ငယ်ကို စောင့်ကြပ်ဖို့ ချန်ထားခဲ့သည်။
လမ်းတွင် ဟန်လိသည် မြို့ကြီးခုနစ်မြို့နှင့် မြို့ငယ်ဆယ်ခုကျော်ကို ဖြတ်သန်းပျံသန်းလာခဲ့ပြီးနောက်မှာ ဝမ်ချောင်ချင်း ဖော်ပြခဲ့သော အင်မောတယ်တောင်၏ မြင်ကွင်းမှာ သူ့မျက်လုံးရှေ့တွင် ပေါ်လာသည်။
၎င်းမှာ တိမ်တိုက်များကို ထွင်းဖောက်နေသော မိုးပြာရောင်ရှိ တောင်သုံးလုံးဆိုင်တောင်ထိပ်တစ်ခု ဖြစ်လေသည်။ ထိုမြင်ကွင်းသည် ကြီးကျယ်ခမ်းနားလှသည်။
ယင်းတောင်ထွတ်ကြီးကိုတော့ တောင်ထွတ်ငယ်များစွာ ဝန်းရံထားသည်။
ဟန်လိသည် အကြည့်တချက်ဖြင့် သည်တောင်မှာ မည်မျှကြီးမားကျယ်ပြန့်သည်ကို မပြောနိုင်ပေ။
သူက အင်မောတယ်တောင်ထံ စိုက်ကြည့်နေရင်း အတွေးထဲ နစ်မြောနေသည်။
“ဟန်…ခင်ဗျားက တာအိုရောင်းရင်းဟန်မလား…” ဟန်လိသည် သူ့နောက်ကနေ တစုံတဦးက လှမ်းခေါ်သံကို ကြားသည်။
ဟန်လိသည် နည်းနည်း သတိအနေအထား ဖြစ်သွားပြီး နောက်ဘက်သို့ ခပ်သွက်သွက် လှည့်ကြည့်သည်။ ထိုအသံကို သူ သိသည်။
သူ့နောက်ဘက် မနီးမဝေးတွင် ကြည့်ကောင်းလှသော လူငယ် ဝမ်းချိုက်သည် သူ့ကို ပြုံး၍ ကြည့်နေသည်။ ဝမ်းချိုက်မှာ ပျံသန်းခြင်းမှော်ပစ္စည်းဖြစ်သော သူ၏ မှော်ဘီးပေါ်တွင် ရပ်နေပေသည်။
ခဏ မင်သက်သွားပြီးနောက်မှာ ဟန်လိသည် ရယ်ကာမောကာဖြင့် တုန့်ပြန်သည်။
“ရောင်းရင်းဝမ်းကို၊ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေပါကောလား…”
“ဟားဟား…ကျုပ်လည်း ခင်ဗျားကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ရောင်းရင်းဟန်က တကယ်ပဲ ကာကွယ်ရေးအဖွဲ့ရဲ့ ကျင့်ကြံသူတစ်ယောက်ကို အနိုင်ရနိုင်ခဲ့တာပဲ။ ကျုပ်တော့ ခင်ဗျားကို တကယ်ပဲ လေးစားမိပါတယ်…”
“ကာကွယ်ရေးအဖွဲ့ ဟုတ်လား…” ထိုစကားကို ကြားသည့်အခါ ဟန်လိမှာ မင်သက်သွားမိသည်။