← Chapters

အင်မောတယ်မှတ်တမ်းများ အဆောက်အဦ

Vol. 27 Ch. 371

အင်မောတယ်မှတ်တမ်းများ အဆောက်အဦ

Vol. 27 Ch. 371

“တာအိုရောင်းရင်းဟန်ရေ…ဂိုဏ်းကြီးတွေက အတော်လေး အကုန်ကျခံပြီး ကျွန်းရဲ့ ကာကွယ်ရေးအဖွဲ့က ကျင့်ကြံသူဆယ်ယောက်ကျော်ကို ငှားယမ်းခဲ့တယ်။ သူတို့ရဲ့ ကျင့်ကြံမှုက မမြင့်မားလှပေမယ့်လည်း သူတို့ရဲ့ အတွေ့အကြုံနဲ့ ပညာရပ်တွေဟာ သာမန်ကျင့်ကြံသူတွေထက် အများကြီး ပိုသာတယ်။ သူတို့က ပင်လယ်ထဲမှာ နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်နေကြ၊ တခြားကျွန်းက သူတွေနဲ့ လက်ရေစမ်းနေကြလေ။ ကျင့်ကြံခြင်းအဆင့်တူတဲ့ ရန်သူတွေ မဆိုနဲ့အုံး သူတို့ထက် သုံးဆင့်လောက် ပိုမြင့်တဲ့ သူတွေကိုပါ အနိုင်ယူရင်တောင် အဲ့တာက သူတို့အတွက် မထူးဆန်းနေဘူး…”

ဝမ်းချိုက်သည် လျှာခလုတ်တိုက်တော့မည်ဟန်နှင့် ချီးကျူးပြောဆိုလေသည်။

ဟန်လိက ပြုံး၍ နှိမ့်ချစွာသာ ပြန်ပြောသည်။ “ထူးထူးထွေထွေ မဟုတ်လှပါဘူး။ ကျုပ်က ကံကောင်းသွားရုံပါ…”

ဟန်လိသည် တိုက်ပွဲနှင့် ပတ်သတ်လျှင် အတွေ့အကြုံများခဲ့ပြီး ဖြစ်သူပင်။

လူငယ်ဝမ်းက မိုးပြာတောင်ထံ လှမ်းကြည့်ပြီး တဖက်သို့ ခေါင်းလှည့်ကာ ပြုံး၍ မေးလိုက်သည်။

“အို…ဟုတ်သားပဲ။ ဒါနဲ့ တာအိုရောင်းရင်းဟန် ဒီကိုလာခဲ့တာ အင်မောတယ်မှတ်တမ်းများအဆောက်အအုံမှာ လုပ်ဆောင်စရာ ကိစ္စ ရှိလို့မလား…”

ဖုံးကွယ်ထားစရာ ကိစ္စမဟုတ်၍ ဟန်လိက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။

“ရောင်းရင်းဝမ် ခန့်မှန်းတာ အမှန်ပါပဲ။ ကျုပ်က ဒီကျွန်းပေါ်မှာ အထိုင်ချဖို့ လိုအပ်မယ့် ကိစ္စလေးတွေအတွက် လာခဲ့တာပါ။ ကျင့်ကြံသူတစ်ယောက်ရဲ့ နေဖို့ထိုင်ဖို့နေရာတစ်ခု ရွေးချယ်ဖို့အတွက်ပါ…”

ဟန်လိ၏ လာရင်းကိစ္စကို ကြားရသည့်နောက် ဝမ်းချိုက်သည် ချက်ခြင်းပင် အကြုံတစ်ခု ပေးလာသည်။

“ဟားဟား…ကျုပ်က အင်မောတယ်အာဏာတက်ခြင်းအဆောက်အဦကို အကြိမ်ကြိမ် ရောက်ခဲ့ဖူးတယ်။ ကျုပ်က ရောင်းရင်းဟန်ကို လမ်းတစ်လျှောက် ခေါ်သွားပေးရမလား။ ခင်ဗျားတစ်ယောက်တည်းဆို ရှာဖို့ ခက်နေအုံးမယ်။ ဒီမိုးပြာတောင်တန်းရဲ့ အရွယ်အစားက အတော်လေး ကြီးမားလို့လေ…”

ဟန်လိသည် ထိုသူက အားတက်သရော ပြောတာ မြင်သည့်အခါ နည်းနည်းတော့ အံ့အားသင့်သွားသေးသည်။ သို့ပေမည့် သူက ကျေးဇူးတင်ကြောင်း ပြောကာ သဘောတူလေသည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် တောင်တန်းကြီးထံ ပျံသန်းလာလေသည်။

လူငယ်သည် လမ်းတစ်လျှောက် ဦးဆောင်လာနေပြီး သူက ဟန်လိကို သည်တောင်တန်းနှင့် ပတ်သတ်ပြီး ရှင်းပြပေးနေသည်။

“ကျုပ်တို့ကျွန်းရဲ့ မိုးပြာတောင်တန်းထဲမှာက တောင်ထွတ်ကြီးသုံးခု ရှိတယ်။ ကောင်းကင်တိုင်လုံး၊ ကောင်းကင်ညနဲ့ ကောင်းကင်ဂိတ်တံခါးလို့ ခေါ်တယ်။ ဒီတောင်ထွတ်ကြီး သုံးခုကိုတော့ တောင်ထွတ်ငယ်ခြောက်ဆယ့်သုံးခုက ဝန်းရံထားတယ်။ ဒီတောင်တွေကြားထဲမှာ မရေမတွက်နိုင်တဲ့ လှိုဏ်ဂူတွေ ရှိတယ်။ ပြီးတော့ အများစုဟာ ကျင့်ကြံနိုင်တဲ့ နေရာတွေပဲ…”

“မိုးပြာတောင်တန်းရဲ့ အများစုမှာ စိတ်ဝိညာဉ်သွေးကြောကြီးတွေ ရှိပေမ့် စိတ်ဝိညာဉ်ချီ ပေါကြွယ်မှုကတော့ အမျိုးမျိုးပေါ့။ တောင်ပိုမြင့်လေလေ စိတ်ဝိညာဉ်ချီ သိပ်သည်းလေလို့ ပြောနိုင်တယ်။ စိတ်ဝိညာဉ်ချီ အသိပ်သည်းဆုံးနဲ့ တောင်ထွတ်သုံးဆယ့်ခြောက်ခုကတော့ မဟာဝိညာဉ်ကုန်းမြေ ပြိုင်ပွဲရဲ့ ဆုလဒ်တွေပေါ့။ ဒီတောင်ထွတ်သုံးဆယ့်ခြောက်ခုရဲ့ အရှင်တွေထက် ကျင့်ကြံမှုအဆင့် ပိုသာတယ်လို့ ခံစားမိတဲ့သူတွေကတော့ သူတို့ကို စိတ်ကြိုက် စိန်ခေါ်နိုင်တယ်။ တောင်ထွတ်တွေကြားက ကွာခြားမှုကတော့ မသိသာပါဘူး။ ကျင့်ကြံသူတစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်နိုင်တာနဲ့ သူတု့ဟာ ဒီတောင်ထွတ်တွေထဲက တစ်ခုကို ကျင့်ကြံခြင်းနေရာအဖြစ် ယူနိုင်စွမ်း ရှိပြီ။ ချီစုဆောင်းခြင်းကျင့်ကြံသူတွေကတော့ တောင်ကြားတစ်ခု၊ ဒါမှမဟုတ် လှိုဏ်ဂူတစ်ခုခုကိုပဲ ကျင့်ကြံခြင်းနေရာအဖြစ် အသုံးပြုဖို့ ရှာရဖွေရတာပေါ့…”

“အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေဟာ သူတို့ဘာာသာ တောင်ထွတ်တစ်ခုလုံးကို ကြီးစိုးတယ်လို့ ပြောပိုင်ခွင့် ရှိတယ်လား…”

ဟန်လိသည် အတော်လေး အံ့အားတသင့် ဖြစ်နေသည်။

လူငယ်သည် သူ့ကိုယ်သူ လှောင်ပြောင်သည့်လေသံဖြင့် ပြောလာသည်။

“အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်းရဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေဟာ နေရာအများစုကို သိမ်းပိုက်ထားပြီပြီလေ။ ကျုပ်တို့လို ချီစုဆောင်းခြင်းကျင့်ကြံသူတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အများကြီး မမျှော်လင့်ထားသင့်ဘူး…”

“အို…” ဟန်လိ၏ စိတ်ထဲ၌ အတွေးများ ဖြတ်ပြေးသွားသည်။ သူသည် စိတ်လှုပ်တရှား ပိုဖြစ်လာ၏။

ဟန်လိသည် ရုတ်တရက် တစုံတစ်ခုကို တွေးမိသွားပြီး မေးလိုက်သည်။

“အို…အမြင့်ဆုံးတောင်ထွတ်သုံးခုကတော့ စိတ်ဝိညာဉ်ချီအသိပ်သည်းဆုံးပေါ့…ဟုတ်တယ်မလား…”

“ဒါပေါ့။ အမြင့်ဆုံး တောင်ထွတ်ဖြစ်တဲ့ ကောင်းကင်တိုင်လုံးဆို ကျုပ်တို့ ကျွန်းသခင်၊အရှင်မူလုံရဲ့ ကျင့်ကြံခြင်းနေရာပဲ။ ဒီတောင်ထွတ်ဟာ တားမြစ်နေရာပဲ။ ကျုပ်တို့ ကျွန်းရှင်ဟာ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်လို့ ပြောနိုင်ပြီး သူ့နတ်စွမ်းရည်ဟာ အထင်ကြီးစရာပဲ။ ကောင်းကင်ဂိတ်တံခါးနဲ့ ကောင်းကင်ညတောင်ထွတ်တို့ဟာ အရှင်ယွမ်ကျွင်းနဲ့ အရှင်ခန်းချင်းတို့ အသီးသီး သိမ်းပိုက်ထားကြတယ်။ ကောင်းကင်တိုင်လုံးနဲ့ ယှဉ်မယ်ဆို စိတ်ဝိညာဉ်ချီဟာ နည်းနည်းလျော့ပါးပေမယ့် တခြားနေရာတွေထက်တော့ အပုံကြီးသာတယ်…”

ဝမ်းချိုက်သည် မနာလိုအားကျစွာဖြင့် ထုတ်ပြောလာသည်။

ဟန်လိသည် မျက်ခုံးပင့်ကာ ဖြည်းဖြည်းချင်း ပြောလေသည်။

“ရောင်းရင်းဝမ်း၊ အဲ့နှစ်ယောက်ကကော အမြုတေဖွဲ့စည်းခြင်းအဆင့် စီနီယာတွေပဲလား…”

ဝမ်းချိုက်သည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်သည်။ “သူတို့ကတော့ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် နှစ်ယောက် ဖြစ်တဲ့အပြင် တာအိုလက်တွဲဖော်တွေဆိုလည်း ဟုတ်တယ်…”

ဟန်လိသည် အလိုလို မျက်မှောင်ကြုတ်သွားမိသည်။ မာကြောကြယ်ကျွန်းတွင် မထင်မှတ်ဘဲ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူသုံးယောက် ရှိပေသည်။ ဤသည်မှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

ဟန်လိသည် အတွေးထဲ နစ်မြောနေရင်းဖြင့် ဝမ်းချိုက်နှင့်အတူ မိုးပြာတောင်တန်း၏ ဗဟိုချက်ထံ ရောက်လာသည်။

သူတို့သည် လမ်းတစ်လျှောက်တွင် တခြားကျင့်ကြံသူများနှင့်လည်း ဆုံသေးသည်။ သို့သော် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရုံသာ ကြည့်ကြပြီး ကိုယ့်ကိစ္စနှင့်ကိုယ် ဆက်၍ ပျံသန်းလာသည်။

မိနစ်ပိုင်းလောက် ကြာပြီးနောက်မှာတော့ ဟန်လိနှင့် ဝမ်းချိုက်တို့သည် အတော်အတန် မြင့်မားသော တောင်ထွတ်တစ်ခုထံ ရောက်လာခဲ့သည်။

ထိုတောင်ထွတ်ပေါ်တွင် သက်တမ်းမည်ရွှေ့၊မည်မျှ ရှိပြီမှန်း မသိရသော နှစ်ထပ်အဆောက်အဦငယ်တစ်ခု ရှိလို့နေသည်။ ၎င်း၏ အပြင်ပိုင်းအပြင်အဆင်သည် ယိုယွင်းနေရုံသာမက ဂိတ်တံခါးပေါ်ရှိ ဆိုင်းဘုတ်ထောင့်နေရာမှာ လွတ်နေသည်။ “အင်မောတယ်မှတ်တမ်းများအဆောက်အဦ…” ဟူသည့် စာသားကို ၎င်းဆိုင်းဘုတ်ပေါ်တွင် ရေးသားထားပေသည်။

ဟန်လိသည် ၎င်းအဆောက်အဦကို စိုက်ကြည့်နေသည်။ သူက ထိုဆိုင်းဘုတ်ကို မြင်သည့်အခါ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေသည်။ သူသည် ဝမ်းချိုက်ဘက်သို့ လှည့်ကာ မမေးမိဘဲ မနေနိုင်ဖြစ်ကာ လှမ်းမေးသည်။

“ဒါက…”

“ကျုပ် အနေနဲ့ ဝန်မခံချင်ပေမယ့်လည်း ဒါက တကယ့်ကို အင်မောတယ်မှတ်တမ်းများ အဆောက်အဦပါ…” လူငယ်သည် အကူအညီမဲ့စွာဖြင့် သူ၏လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။

လူငယ်က သူ့လက်ကို ဝေ့ယမ်းကာ ဟန်လိကို သတိပေးပြီးနောက် ထွက်ခွာရန် ပြင်သည်။

“ကျုပ် သွားတော့မယ်။ ဒါပေမဲ့ ရောင်းရင်းအနေနဲ့ ဒီအင်မောတယ်မှတ်တမ်းများအဆောက်အဦရဲ့ တာဝန်ရှိတဲ့ စီနီယာဟာ ထူးခြားတဲ့ စိတ်နေစရိုက်ရှိကြောင်းကိုတော့ မှတ်ထားပေးပါ…”

ဟန်လိသည် လူငယ် ပျောက်ကွယ်သွားတာကို သည်အတိုင်း လှမ်းကြည့်နေလိုက်သည်။ စိတ်ထဲ၌ ခေါင်းခါယမ်းပြီး သူက ထိုအဆောက်အဦ၏ ရှေ့မှာ ဆင်းသက်ပြီး တည်ငြိမ်သောမျက်နှာဟန်ပန်ဖြင့် လှမ်းဝင်သွားသည်။

သူ အဆောက်အဦ၏ တံခါးနား ရောက်လာချိန်တွင် သုန်မှုန်သောအသံတစ်သံကို ကြားလိုက်ရသည်။

“ဝင်လာခဲ့။ တံခါး သော့ခတ်မထားဘူး…” ဟန်လိသည် ရုတ်ချည်းထွက်ပေါ်လာသော သည်စကားသံကြောင့် လန့်သွား၏။ သို့သော် သူသည် ၎င်းအဆောက်အဦထဲ ခပ်သွက်သွက်ဖြင့်သာ ဆက်လျှောက်လာခဲ့သည်။ အထဲသို့ ဝင်လာပြီးနောက်မှာ ဟန်လိသည် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

အတွင်းပိုင်းကမူ အပြင်ပိုင်းအပြင်အဆင်နှင့် ဆန့်ကျင်ဘက်ပင်။ အဆောက်အဦ၏ အတွင်းပိုင်းမှာ သေချာကျနစွာ အလှဆင်ထားပေသည်။ ကြမ်းပြင်ကို အနီရင့်ရောင်ပိုးသားဖြင့် ခင်းထားပြီး နံရံများကိုတော့ ရွှေများဖြင့်၊ မျက်နှာကြက်များပေါ်တွင်လည်း တဖိတ်ဖိတ်တောက်နေသော ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသေးသည်။ အဆောက်အဦ၏ ထောင့်နေရာများတွင်လည်း လှပသော အပင်များစွာကို စိုက်ပျိုးထားသေးသည်။ ယင်းအပင်များကိုတော့ ဟန်လိသည် အရင်က လုံးဝ မမြင်ဖူးခဲ့ပေ။

သူနှင့် မျက်နှာချင်းဆိုင်တွင်မူ ထူးခြားသောကျောက်အိပ်ယာတစ်ခု ရှိပြီး ထူးဆန်းသောအပြာရောင်အလင်းနှင့် တောက်ပလျက်။ ၎င်းကို မည်သည့်အရာနှင့် ပြုလုပ်ထားမှန်း သူ မသိသော်လည်း အဖိုးတန်သတ္တုအမယ်များနှင့် ဖန်တီးပြုလုပ်ထားမှာတော့ သေချာသည်။

သက်လတ်ပိုင်းလူတစ်ယောက်သည် ခုလက်ရှိ၌ ၎င်းကျောက်အိပ်ယာထက်တွင် ထိုင်နေသည်။ သူ့ ဝတ်စုံမှာ တလက်လက်တောက်ပနေပြီး မီးနတ်ဆိုးသားရဲမွှေးများဖြင့် ချုပ်လုပ်ထားပုံ ရသည်။ သူက အဖြူရောင်ပုလဲကြီးတစ်လုံးကို ပွေ့ကိုင်ထားပြီး ဟန်လိကို မထူးခြားနားဟန်ဖြင့် လှမ်းကြည့်သည်။

ဟန်လိသည် အံ့အားသင့်မှုကို ဖုံးဖိထားပြီး ဦးညွှတ်သည်။ ထို့နောက်တွင် သူက တလေးတစားလေသံဖြင့် ပြောသည်။

“စီနီယာ့ကို နှုတ်ဆက်ပါတယ်။ ကျနော်က ဒီကျွန်းမှာ နေထိုင်ဖို့နေရာတစ်ခုအတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ချင်လို့ပါ။ စီနီယာက ဒီကိစ္စအတွက် တာဝန်ရှိတဲ့သူလားလို့ မေးပါရစေ…”

သက်လတ်ပိုင်းလူသည် ပေါ့ပေါ့ပါးပါး သက်ပြင်းချပြီးနောက် သူသည် တက်ကြွစွာဖြင့် မေးလေသည်။

“နေဖို့အတွက်လား။ မင်းမှာ အာမခံပေးတဲ့သူ တစ်ယောက်ရှိလို့လား…”

“ရှိပါတယ်ဗျ…” ဟန်လိသည် အရှင်ကူး သူ့ကို ပေးခဲ့သော စာရွက်စာတမ်းကို ချက်ခြင်းထုတ်ကာ သူ့ရှေ့မှလူထံ ရှေ့သို့ တိုး၍ မေးလိုက်သည်။ ဟန်လိသည် ထိုသူ စိတ်ကသိကအောက် ဖြစ်သွားအောင် မလုပ်ဝံ့ပေ။ သူ့ထံမှ အားကောင်းသော စိတ်ဝိညာဉ်လှိုင်းအရ ဤလူမှာ အစွမ်းထက်သော အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်မှန်းကို ပြသနေပေသည်။

သက်လတ်ပိုင်းလူသည် ဟန်လိထံမှ ရသော စာရွက်စာတမ်းကို ယူ၍ ဖတ်ကြည့်သည်။ ယင်းနောက် သူ၏ မျက်လုံးက တောက်ပသွားပြီး ဟန်လိကို သေချာကြည့်ရှုသည်။

သူ့ရင်ခွင်ထဲ ပွေ့ပိုက်ထားသော ပုလဲလုံးကို ပွတ်သပ်ကာ ထိုသက်လတ်ပိုင်းလူသည် မထူးခြားနားဟန်ဖြင့် မေးလိုက်သည်။

“ကျုပ် ကြားတာကတော့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်ကို အနိုင်ရခဲ့တဲ့ ကျွန်းပေါ်ကို အသစ်ရောက်လာတဲ့ ကျင့်ကြံသူတစ်ယောက် ရှိတယ်တဲ့။ သူ့ကျင့်ကြံမှုအဆင့်ကလည်း ချီစုဆောင်းခြင်းအဆင့်ငါးပဲ ရှိသေးတယ်တဲ့။ အဲ့တစ်ယောက်က မင်းလား…”

ဟန်လိသည် နည်းနည်းတော့ အံ့အားတသင့် ဖြစ်သွားသည်။ သို့သော် သူက နှိမ့်ချသောလေသံဖြင့် ခပ်သွက်သွက် ပြန်ဖြေသည်။

“ဂျူနီယာက ကံကောင်းထောက်မလို့ အနိုင်ရခဲ့တာပါ။ တကယ်တော့ အထင်ကြီးစရာ အဲ့လောက် မကောင်းပါဘူး…”

“ဟက်…ကံကောင်းထောက်မလို့ ဟုတ်လား…” ထိုသက်လတ်ပိုင်းလူမှာ အေးစက်စက်ပြုံး၍ နှာခေါင်းရှုံ့လေသည်။

ဟန်လိမှာလည်း စိတ်ထဲကနေ မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားမရ ဖြစ်သွားသည်။

“ဒီတိုက်ပွဲသတင်းက လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှပါ။ ဒီလူက ဘယ်လိုလုပ်များ သိသွားတာလဲ…”

သက်လတ်ပိုင်းလူသည် ဟန်လိ၏ စိတ်ထဲ ရှုပ်ထွေးနေမှုကို တွေ့မြင်သည့်အလား သူက တည်ငြိမ်စွာ ပြောလေသည်။

“ကာကွယ်ရေးအဖွဲ့က မင်းကို ရှုံးနိမ့်သွားတဲ့သူဟာ ငါ့တပည့် ဖြစ်လာမယ့်သူပဲ။ သူ့ထက် ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ တစ်ယောက်ကို ရှုံးနိမ့်ခဲ့လို့ ငါ သူ့ကို အပြစ်ပေးတဲ့အနေနဲ့ တံခါးပိတ်လေ့လာလေ့ကျင့်ခိုင်းထားတယ်…”

ဟန်လိသည် ခဏ မင်သက်သွားပြီးနောက်မှာ ခါးသက်စွာသာ ပြုံးနိုင်တော့သည်။ တိုက်ဆိုင်လိုက်လေခြင်း။ ဟန်လိမှာ စိတ်လည်း ပူသွားသည်။ ထိုသူက သူ့တပည့်၏ ကိုယ်စား သူ့အား သင်ခန်းစားတစ်ခုခု ပေးချင်နေတာများလား။

သက်လတ်ပိုင်းလူသည် ဟန်လိကို မျက်လုံးကစား၍ လှမ်းကြည့်ပြီး ရေခဲတမျှ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

“စိတ်မပူနဲ့။ ဒါက မင်းတို့ ဂျူနီယာတွေကြားက ဖြစ်တဲ့ ကိစ္စပဲ။ စီနီယာတစ်ယောက်အနေနဲ့ ကျုပ်က ဘာမှ အနိုင်ဝင်ကျင့်မှာ မဟုတ်ဘူး။ မင်းအနေနဲ့ ကျုပ်ရဲ့ တပည့်ဖြစ်လာမယ့်သူနဲ့ နောက်တစ်ကြိမ်လောက် တိုက်ခိုက်ပေးဖို့တော့ ကျုပ် မျှော်လင့်တယ်။ အဲ့ကျရင် ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကိစ္စကို ကျုပ် ဘာမှ ဆက်ပြောတော့မှာ မဟုတ်ဘူး…”

သို့မှသာ ဟန်လိသည် စိတ်အေးနိုင်တော့သည်။

“စီနီယာက တောင်းဆိုမှတော့ ဂျူနီယာ့အနေနဲ့ ငြင်းဖို့ ဘယ်သင့်ပါ့မလဲ…”

ဟန်လိက လိုလားစွာ လက်ခံသည်ကို မြင်သည့်အခါ ထိုသက်လတ်ပိုင်းလူသည် နည်းနည်းတော့ အံ့အားသင့်သွားသေးသည်။ သို့သော် ခဏအကြာတွင် သူ့ပုံစံက စိတ်ကျေနပ်ဟန် ဖြစ်ပေါ်သည်။

ထိုသူ၏ လက်သည် အဖြူရောင် ဖြတ်ခနဲ လင်းလက်သွားပြီး ပုလဲလုံးသည် ပျောက်ကွယ်သွားသည်။ ယင်းနောက်မှာ သူက ထရပ်ပြီး ဖြည်းဖြည်းချင်း ပြောလေ၏။

“ကဲ…ဒါဆိုလည်း မင်း နေထိုင်ခွင့်ကိစ္စအတွက် ကျုပ် လုပ်ကိုင်ပေးမယ်…”

နေထိုင်ခွင့်အတွက် လုပ်ရိုးလုပ်စဉ်များသည် အတော်လေး ရိုးရှင်းပါသည်။ သက်လတ်ပိုင်းလူက ရွှေရောင်စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ၎င်းပေါ်၌ ဟန်လိ၏ အမည်ကို ရေးသွားသည်။ ဟန်လိသည် သူ ဆိပ်ကမ်းတုန်းက ရခဲ့သော အစိမ်းရောင်ကျောက်စိမ်းတံဆိပ်ပြားနှင့် အပြာရောင်ကျောက်စိမ်းဆွဲသီးကို လဲလှယ်ရသည်။

ထိုကျောက်စိမ်းဆွဲသီးမှာ အပြာရောင်အလင်းဓာတ်ကို ပေးကာ အဆင့်နိမ့်မှော်ပစ္စည်းတစ်ခုပင်။ သက်လတ်ပိုင်းလူ၏ အပြောအရ သည်ဆွဲကြိုး၌ ရေဒဏ်ခံနိုင်သော အစွမ်းသတ္တိ ရှိသည် ဟူ၏။ ထိုသက်ရောက်မှုမှာ လက်တွေ့ကျသည်။

ယင်းနောက် သက်လတ်ပိုင်းလူသည် ငွေရောင်စာမှတ်ကဒ်တစ်ခုကို ဟန်လိထံ ပစ်ပေးလိုက်သည်။

“ရွှေရောင်တောက်တဲ့ နေရာအားလုံးဟာ လူ ရှိပြီးသား။ အဖြူရောင်ရှိနေတဲ့ နေရာတွေကတော့ လူလွတ်တယ်။ မင်းရဲ့ ကျင့်ကြံခြင်းဧရိယာအတွက် နေရာတစ်ခုကို ရွေးပါ။ အဟွတ်…အဟွတ်…”

စကားအနည်းငယ်ကို ခပ်မြန်မြန် ပြောပြီးသည့်နောက်မှာ သူသည် အဆက်မပြတ် ချောင်းဆိုးလေတော့သည်။ ထိုသူသည် ပြင်းထန်သောရောဂါတစ်ခုခု ရှိနေပုံ ရလေ၏။

All Chapters