← Chapters

အစွယ်အပွားကျွန်း

Vol. 27 Ch. 372

အစွယ်အပွားကျွန်း

Vol. 27 Ch. 372

ဟန်လိသည် ထိုစာမှတ်ကဒ်မှာ မာကြောကြယ်ကျွန်း၏ အပြည့်အစုံမြေပုံမှန်း သိလိုက်ရသည်။ မြေပုံပေါ်တွင် အဖြူနှင့်ရွှေရောင်အလင်းများ ရောထွေးနေပြီး ဆန်းကြယ်သောအလင်းဖြာထွက်နေ၏။

အရောင်တောက်နေသော ဧရိယာများသည် ကျွန်း၏ ဗဟိုချက်နေရာ ဖြစ်သော မိုးပြာတိမ်တောင်တန်းတွင် တစုတဝေးတည်း ရှိသည်။

ဟန်လိသည် ထိုမိုးပြာတိမ်တောင်တန်းမှာ သူ စိတ်ကူးမိသည်ထက် ပို၍ ကြီးကျယ်ကာ ဈေးများနေတာကို သိလိုက်ရ၏။ ယင်းတောင်တန်းသည် ကျွန်းဒေသ၏ လေးပုံတစ်ပုံကို သိမ်းပိုက်ထားသည်။ ဟန်လိသည် အဖြူရောင်အလင်း တောက်ပနေသော နေရာများကို သေချာ ကြည့်ရှုနေရင်း သူ့မျက်လုံးမှာ အရောင်တလဲ့လဲ့ တောက်လို့နေသည်။

အဖြူရောင်အလင်းများ၏ တောက်ပမှုမှာ အမျိုးမျိုးရှိနေ၏။ အချို့မှာ တောက်ပလွန်းပြီး အချို့ကတော့ မှိန်သည်။

တောက်ပသောအလင်းနှင့် တောင်ထွတ်များကိုတော့ ဟန်လိအနေဖြင့် ထည့်စဉ်းစား၍ပင် မရချေ။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသည် တောင်ထွတ်များကို ရွေးချယ်ဖို့ အရည်အချင်း မပြည့်မှီဟု သက်လတ်ပိုင်းလူကြီးက သူ့ကို ရှင်းပြထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။ တခြားသော နေရာများတွင်မူ အတားအဆီးများ ရှိမနေလျှင် အဖြူရောင်အလင်းဖြင့် သတ်မှတ်ထားသော ဧရိယာတို့ကို ရွေးချယ်နိုင်သည်။ ဝမ်းချိုက် သူ့ကို ပြောပြခဲ့သည့်အတိုင်းသာ။ သို့သော် ရွေးချယ်ဖို့ကျန်သော တောင်ကြားများနှင့် လှိုဏ်ဂူများသည် ခပ်မှိန်မှိန်အဖြူရောင်အလင်းများကိုသာ ပိုင်ဆိုင်ထားသည်။

မြေပုံကို တချက်ကြည့်ပြီးနောက်မှာ ဟန်လိက ခေါင်းမော့ကာ သက်လတ်ပိုင်းလူကို အလေးအနက်လေသံဖြင့် မေးလိုက်သည်။

“ဂျူနီယာ မေးခွန်းတစ်ခု မေးချင်ပါတယ်။ ကျနော်က ကျနော့်ရဲ့ အင်မောတယ်လှိုဏ်ဂူအဖြစ် ထုတ်ဖော်ကြေငြာထားမယ်ဆို အဲ့နားပတ်လည်ရဲ့ ဧရိယာဘယ်လောက်များများမှာ အတားအဆီးတွေ ထားလို့ရပါသလဲ…”

သက်လတ်ပိုင်းလူမှာ အတော်အတန် အံ့အားသင့်သွားသည်။ သို့သော် သူက ထေ့လှောင်သည့်လေသံဖြင့် ပြန်ဖြေသည်။

“မင်းက အစီအရင်မန္တာန်တွေ ချထားနိုင်တယ်။ မင်း ရွေးချယ်ထားတဲ့ ငါးကီလိုမီတာအတွင်းမှာ အတားအဆီးတွေ ချထားနိုင်တယ်…”

ဟန်လိသည် တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျနော် ဒီနေရာကို ရွေးချယ်ပါတယ်။ ဒီနေရာဟာ အဖြူရောင်အလင်းနဲ့ သတ်မှတ်ထားတဲ့အတွက် အဲ့မှာ စိတ်ဝိညာဉ်သွေးကြောတစ်ခုတော့ ရှိမနေလောက်ဘူးမလား…”

ဟန်လိက မြေပုံပေါ်ရှိ နေရာတစ်ခုကို လက်ဖြင့် ထိပြသည်။ အမှတ်အသားအဖြူရောင်အလင်းမှာ အဝါရောင် လင်းလက်သွားသည်။ ထို့နောက်တွင် ဟန်လိသည် စာမှတ်ကဒ်(ဝါ) မြေပုံကို သက်လတ်ပိုင်းလူထံ ပြန်ပေးလိုက်သည်။

“ဒီနေရာလား…” သက်လတ်ပိုင်းလူ၏ ဖြူရောနေသော မျက်နှာထက်တွင် ဟန်လိ ညွှန်ပြသည့်နေရာကို မြင်သည့်အခါ၌ အံ့အားသင့်ဟန် ဖြစ်ပေါ်သွားသည်။ ယင်းနေရာမှာ မာကြောကြယ်ကျွန်း၏ အပြင်ဘက်ဆုံးနေရာဒေသတစ်ခု ဖြစ်ချေသည်။ ၎င်းနေရာရှိ အဖြူရောင်အလင်းမှာ အလွန်အားနည်းလှသည်။

ဒါက အစွယ်အပွားကျွန်းပဲ။ ဒီကျွန်းက သုံးဆယ့်ငါးကီလိုမီတာလောက်တော့ အရှည်ရှိတယ်။ ဒါပေမဲ့ အဲ့ကျွန်းပေါ်မှာ ကီလိုမီတာအနည်းငယ်ပဲ ရှည်လျားတဲ့ “စိတ်ဝိညာဉ်သွေးကြောငယ်တစ်ခုပဲ ရှိတယ်။ ငါတို့က အဲ့ကျွန်းငယ်ပေါ်မှာ အကာအကွယ်မန္တာန်အစီအရင်တစ်ခု ချခင်းထားပြီး ရွာငယ်တစ်ခု တည်ဆောက်ပေးထားတယ်။ အဲ့မှာ နေထိုင်ကြတဲ့ လူဦးရေ ရာဂဏန်းလောက်အတွက်ပေါ့…”

သက်လတ်ပိုင်းလူသည် ဆန်းကြယ်သည့်အပြုံးတစ်ခုကို ပြုံးသည်။ သူ၏ဟန်ပန်တွင် လှောင်ပြောင်သည့်သဘော မသိမသာ ဖြစ်ပေါ်နေသည်။

ဟန်လိသည် ငြိမ်သက်နေသည်။ သူသည် သက်လတ်ပိုင်းလူ၏ ဟန်ပန်ကို ကြည့်၍ သည်ကျွန်းတွင် ရှုပ်ထွေးမှုများ ရှိနေမှာ သေချာလောက်သည်ဟု သိလိုက်သည်။

“ဒီကျွန်းငယ်ဟာ မာကြောကြယ်ကျွန်းရဲ့ စိတ်ဝင်စားစရာ နည်းနည်းကောင်းတဲ့ ကျွန်းတစ်ခုပဲ။ အဲ့ကျွန်းပေါ်မှာ စွန့်ပစ်ထားတဲ့ စိတ်ဝိညာဉ်သွေးကြောတစ်ခုပဲ ရှိတယ်။ ဒီကျွန်းရဲ့ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုဟာ တခြားကျွန်းတွေနဲ့ ယှဉ်ရင် နည်းပါးလွန်းတယ်။ ဒါ့ကြောင့် မင်းသာ ဒီနေရာကို ရွေးချယ်မယ်ဆို တခြားကျင့်ကြံသူတွေဟာ မင်းနဲ့ ပြိုင်နေမှာ မဟုတ်ဘူး။ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုနည်းပါးတဲ့အတွက် မင်းရဲ့ ကျင့်ကြံမှုအမြန်နှုန်းကတော့ တခြားကျင့်ကြံသူတွေထက်စာရင်း အတော်လေး နှေးသွားနိုင်တယ်…”

“အရင်တုန်းက မင်းလိုပဲ သီးသန့်တကိုယ်တည်း ကျင့်ကြံရတာကို ပိုသဘောကျတဲ့ တခြားကျင့်ကြံသူတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ နှစ်အနည်းငယ်လောက်ကြာတော့ အဲ့မှာ ဆက်မနေနိုင်တော့ဘူးလေ၊ ပြန်ရောက်လာကြပြီး စိတ်ဝိညာဉ်ကျောက်တုံး အများအပြား အသုံးပြုပြီး တခြားကျင့်ကြံခြင်းဧရိယာသစ်တစ်ခုကို ရွေးချယ်ကြတော့တာပဲ။ တကယ်တော့ စိတ်ဝိညာဉ်ချီသိပ်သည်းမှုဟာ ကျင့်ကြံသူတွေအတွက် အရေးကြီးဆုံး မဟုတ်လား။ ဒါ့အပြင် ဒီကျွန်းကို ရွေးချယ်တဲ့သူဟာ ဒါကို ကာကွယ်ဖို့လည်း တာဝန်ယူရတယ်။ မင်းအနေနဲ့ ဒီကျွန်းရဲ့ အကာအကွယ်အစီအရင်ကိုပဲ ဆက်အသုံးပြုမယ်ဆိုရင်တော့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏတစ်ခု ပေးရလိမ့်မယ်…”

“ဒီကျွန်းမှာ နေထိုင်တဲ့သူတွေဆီကနေတော့ မင်းအနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏတစ်ခုကိုတော့ ရမှာပေါ့။ ပြီးတော့ မင်းက ကျွန်းသခင်ကိုလည်း မျှပေးစရာတော့ မလိုဘူး။ ဒါပေမဲ့ ငါ မင်းကို သတိပေးလိုက်မယ်။ မင်း ရမယ့် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏနဲ့ အကာအကွယ်အစီအရင်အတွက် နေ့စဉ်အသုံးပြုရမယ့် ပမာဏဟာ ထေ့မိမှာ မဟုတ်ဘူး။ ဒီကျွန်းရဲ့ စိတ်ဝိညာဉ်ကျောက်တုံး ကုန်ကျမှုကို ခုချိန်ထိ မာကြောကြယ်ကျွန်းကနေ အားဖြည့်ပေးနေခဲ့ရတာပဲ…”

သက်လတ်ပိုင်းကျင့်ကြံသူသည် အိပ်ယာဘေးကို လက်ဖြင့် တောက်နေရင်း ပျင်းရိပျင်းတွဲဟန်ဖြင့် ဟန်လိကို ရှင်းပြသည်။

တကိုယ်တည်း တီးတိုး ရေရွတ်နေပြီးနောက်မှာ ဟန်လိသည် လေသံခပ်ပျော့ပျော့ဖြင့် မေးလိုက်သည်။

“ကျနော်သာ အဲ့ကျွန်းငယ်ကို ရွေးချယ်ခဲ့မယ်ဆို ကျနော်က အဲ့ကျွန်းရဲ့ သခင် ဖြစ်လာလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်လား…”

“ဟားဟား…ဟုတ်တယ်…မင်း ထင်တဲ့အတိုင်းပဲ…” သက်လတ်ပိုင်းလူသည် အံ့အားသင့်ဟန်ဖြင့် တုန့်ပြန်သည်။ သူသည် ကျွန်း၏ အခြေအနေကို အတိုချုံး ရှင်းပြခဲ့ပြီး ဖြစ်သည်။ သည်လူငယ်ကသာ ထိုကျွန်းကို ရွေးချယ်ခဲ့လျှင်လည်း သူ့ကိစ္စ မဟုတ်တော့ပေ။

သက်လတ်ပိုင်းလူသည် တွေးတွေးဆဆဖြင့် ဟန်လိကို ခြေဆုံးခေါင်းဆုံး သေချာ ကြည့်ပြီး စိတ်ထဲကနေ နှာခေါင်းရှုံ့သည်။

အများဆုံးမှ နှစ်နှစ်အတွင်း ထိုလူငယ်ကျင့်ကြံသူလေးမှာ ဆံပင်များ မီးခိုးရောင်သမ်း၍ ကျင့်ကြံရန် နေရာသစ်ထပ်ရွေးဖို့ တမှိုင်မှိုင်တတွေတွေဖြင့် ပြန်လာမည်ဟု သူ့အနေဖြင့် သေချာနေသည်။

နောက်ထပ် ထပ်စဉ်းစားပြီးနောက်မှာတော့ ဟန်လိသည် တွေဝေခြင်းမရှိ ပြောလိုက်တော့သည်။

“ဂျူနီယာက ဒီအစွယ်အပွားကျွန်းကိုပဲ ရွေးချယ်ပါတော့မယ်…”

ဟန်လိ၏ သေချာနေသော စကားကို ကြားသည့်အခါတွင် သက်လတ်ပိုင်းလူက ဆက်ပြီး နှေးဖင့်မနေတော့။ သူက ရွှေရောင်စုတ်တံတစ်ခုကို ထုတ်ကာ မြေပုံပေါ်ရှိ ထိုကျွန်းအပေါ်သို့ ထိဆွဲသည်။ ၎င်းကျွန်း၏ အဖြူရောင်အလင်းမှာ ချက်ခြင်းပင် ရွှေ့ရောင်ပြောင်းသွားလေ၏။

ထို့နောက်တွင်တော့ သူ့ဝတ်ရုံထဲကနေ ကျောက်စိမ်းပြားတချပ်ကို ရှာကာ ရွှေရောင်စုတ်တံဖြင့် စာလုံးအနည်းငယ် ရေးသားပြီး ဟန်လိထံ ပစ်ပေးလိုက်သည်။

ဟန်လိက ခေါင်းငုံ့ကာ ထိုကျောက်စိမ်းပြားကို ကြည့်သည်။ သူက ၎င်းပေါ်၌ ရွှေရောင်စာလုံးနှစ်ခုကို မြင်သည်။ ယင်းစာလုံးများကို ရင်းနှီးသလို ရှိ၏။ သူ၏ အမည်ကို သည်ဒေသဘာသာစကားဖြင့် ရေးသားထားတာ ဖြစ်ချေလိမ့်မည်။

“ဒီကျောက်စိမ်းပြားဟာ မင်းရဲ့ ကျင့်ကြံခြင်းနေရာ ဖြစ်တဲ့ အစွယ်အပွားကျွန်းအတွက် သက်သေပဲ ။ ဒီကျွန်းမှာ နေထိုင်တဲ့သူတွေရဲ့ နာမည်တွေလည်း ပါတယ်။ ဒါကို သေချာ ထိန်းသိမ်းထားပါ…” သက်လတ်ပိုင်းလူသည် မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။

ယင်းနောက် သူသည် စာမှတ်ကဒ်(ဝါ) မြေပုံကို သိမ်းဆည်းပြီး ကျောက်အိပ်ယာပေါ်မှာ ပြန်လှဲသည်။ သူက ဟန်လိကို လက်တစ်ဖက် ဝေ့ယမ်းပြပြီး ထွက်သွားခိုင်း၏။

ဟန်လိက သူ့ကို အလျင်အမြန် လေးစားသမှု ပြပြီး ပါးနပ်စွာဖြင့် ပြန်ထွက်လာတော့သည်။

အင်မောတယ်မှတ်တမ်းများအဆောက်အဦထဲကနေ ထွက်လာပြီးသည့်အခါ ဟန်လိသည် မိုးပြာတိမ်တောင်တန်းသို့လည်း လှည့်ပတ်ကြည့်ဖို့ စိတ်ကူးမရှိ၊ တခြားကျင့်ကြံသူများနှင့်လည်း တွေ့ဖို့ စိတ်ကူး မရှိဘဲ ထိုအစား ကူးဂိုဏ်းအိမ်တော်ထံသို့သာ တိုက်ရိုက် ပျံသန်းလာခဲ့သည်။

နောက်တစ်နေ့ မနက်ခင်းတွင် ဟန်လိသည် ကူးအိမ်တော်သခင်အတွက် သူ့အခန်းထဲရှိ စားပွဲပေါ်မှာ စာတစ်စောင် ချန်ထားခဲ့သည်။ ယင်းနောက် သူသည် ဝိညာဉ်သေကိုပါ ခေါ်ပြီး အနီးဆုံးရွာသို့ သွားကာ မာကြောကြယ်ကျွန်းနှင့် အနီးအနား နယ်နိမိတ်ဒေသများ၏ မြေပုံတစ်ချပ်ကို ဝယ်ယူသည်။ ထို့နောက်တွင်တော့ သူသည် ဆိပ်ကမ်းသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့၏။

ဝမ်ချောင်ခင်းက ဟန်လိကို သည်ကျွန်း၏ အကြီးဆုံးမြို့မှာ မာကြောကြယ်မြို့ဟု ပြောထားခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ မာကြောကြယ်ကျွန်း၏ အနောက်ဘက်ပိုင်းမှာ တည်ရှိ၏။ ထိုမြို့၌ အလုံးစုံကောင်းကင်လမ်း ဟု အမည်ရှိသည့် လမ်းတစ်ခု ရှိပြီး ယင်းလမ်း၌ ကျင့်ကြံသူများက မှော်ပစ္စည်းအမယ်များကို အရောင်းအဝယ် ပြုလုပ်ကြသည်။

ဟန်လိသည် သူစိမ်းဒေသတစ်ခုမှ ကျင့်ကြံသူများသည် မည်သည်တို့ကို ပိုင်ဆိုင်သည်၊ သူတို့၏ ကျင့်ကြံမှုများက မည်သို့ဖြစ်သည်ကို သိရှိနိုင်ရန် ထိုနေရာသို့ သွားချင်သော်လည်း ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်က အားနည်းလွန်းနေ၏။ သို့ဖြစ်၍ သူသည် ကျင့်ကြံသူ အမြောက်အများ ရှိနေသော နေရာများထံ သွားရမှာကို စိုးဝံ့နေသေးသည်။ သူက ယင်းစိတ်ကူးအကြံကို လက်လွှတ်လိုက်တော့သည်။

ဟန်လိသည် ဆိပ်ကမ်းသို့ ပျံသန်းလာနေရင်း တကိုယ်တည်း တီးတိုးရေရွတ်လိုက်မိ၏။

“ငါ့ခုလက်ရှိ ခွန်အားက ကင်းမဲ့နေတော့ ငါ့သတ္တိကိုပါ လာထိခိုက်တာပါလား…”

ဟန်လိသည် မိုးပြာတိမ်တောင်တန်း၌ ကျင့်ကြံဖို့ ဧရိယာတစ်ခုကို မရွေးချယ်ဘဲ စိတ်ဝိညာဉ်ချီ ပါးလှပ်သော အစွယ်အပွားကျွန်းငယ်တစ်ခုကိုသာ ဦးစားပေး ရွေးချယ်ခဲ့ပေသည်။ ထိုဆုံးဖြတ်ချက်မှာ သူ၏ ဆန်းကြယ်သောပုလင်းငယ်၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်ဖို့အတွက်ပင်။ တခြားကျင့်ကြံသူများနှင့် အဝေးတွင် ရှိသော တသီးတသန့်ကျွန်းတွင်သာ သူ့အနေဖြင့် ဘေးလူများ၏ အာရုံစိုက်ခြင်းကိုလည်း မခံရဘဲ သူ့ကျင့်ကြံမှုအဆင့် တိုးတက်ရာ၌ လိုအပ်သော စိတ်ဝိညာဉ်ဆေးပင်များကို လွတ်လွတ်လပ်လပ် စိုက်ပျိုးနိုင်လိမ့်မည် မဟုတ်လား။

ရလဒ်အနေဖြင့် သူ၏ ကျင့်ကြံမှုအမြန်နှုန်းအတွက်တော့ ထိခိုက်မှု ရှိနိုင်မည် ဖြစ်သော်လည်း ထိုနေရာတွင် ရှိနေသော စိတ်ဝိညာဉ်ချီက စိတ်ဝိညာဉ်ဆေးပင်များကို ပျိုးထောင်ဖို့အတွက်တော့ လုံလောက်နေသည်သာ။ တကယ်တော့ သူ၏ ကျင့်ကြံမှုအတွက် သူက စိတ်ဝိညာဉ်ဆေးဝါးများ သုံးစွဲခြင်းတွင်သာ အဓိကမှီခိုခဲ့သည့်သူ မဟတု်လား။ စိတ်ဝိညာဉ်ချီ ပါးလှပ်ခြင်းက သူ့အဖို့ ကြီးစွာ လွှမ်းမိုးမှု ရှိမနေလေပေ။

ဟန်လိသည် မာကြောကြယ်ကျွန်း၏ ဆိပ်ကမ်းထံမှ ကျွန်းအကာအကွယ်အတားအဆီးထံကနေ ပျံသန်းထွက်လာခဲ့သည်။ မြေပုံအတိုင်း သူသည် အစွယ်အပွားကျွန်းထံ တန်းတန်းမတ်မတ် ဦးတည်လာ၏။

ထိုမြေပုံအရဆို ၎င်းကျွန်းသည် မာကြောကြယ်ကျွန်း၏ ညာဘက်အရပ်မှာ တည်ရှိသည်။ သို့သော် နတ်လေလှေဖြင့် တနေကုန် ပျံသန်းလာပြီးမှသာ ဟန်လိသည် ထိုကျွန်းကို တွေ့ရလေတော့၏။

ကျွန်းကို လှည့်ပတ်ပျံသန်းပြီးနောက်မှာ ဟန်လိသည် ကျွန်း၏ အစီအရင်မန္တာန်ဝင်ပေါက် ဖြစ်သော ဆိပ်ကမ်းငယ်တစ်ခုကို တွေ့ရသည်။ ထို့နောက် သူက ၎င်းဆိပ်ကမ်းပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

ဆိပ်ကမ်း အနီးအနား၌ လှေငယ်များပေါ်တွင် ထိုင်နေသော ငါးဖမ်းသမား ဆယ့်နှစ်ယောက်လောက်သာ ရှိနေသည်။ သူတို့က ကောင်းကင်ထက်မှ ဆင်းသက်လာသော ဟန်လိနှင့် ဝိညာဉ်သေတို့ကို မြင်သည့်အခါ သူတို့၏ လှေများကို ကမ်းကပ်၍ ဟန်လိကို မြင်ရဖို့ စုဝေးကြသည်။

ထိုအုပ်စုက ဟန်လိထံ လျှောက်လာပြီး တစ်ယောက်ပြီးတစ်ယောက် ဂါဝရပြုကြသည်။ အထူးသဖြင့် လူကောင်ကြီးကြီး၊ မျက်နှာမည်းမည်းနှင့်တစ်ယောက်က လူအုပ်ထဲကနေ တယောက်တည်း ခွဲထွက်ကာ ဟန်လိကို လေးစားသမှု ပေးသည်။ ထိုသူမှာ ငါးဖမ်းသမားအုပ်စု၏ ခေါင်းဆောင်ဖြစ်ပုံ ရသည်။

“ဒီနိမ့်ကျတဲ့သူက ဟိုင်းကွေးပါ။ ကျနော်က အင်မောတယ်အရှင်ကို လေးစားသမှု ပေးပါတယ်…”

“ဒါက အစွယ်အပွားကျွန်းလား…” ဟန်လိသည် တစ်ခုခုမှားယွင်းသည်ဟု မခံစားရသော်လည်း ပိုသေချာရန် မေးလိုက်ခြင်းက အကောင်းဆုံး မဟုတ်လား။

ဟိုင်းကွေးဆိုသူက စဉ်းစားသွားသည့်ဟန်ဖြင့် မေးလာ၏။

“ဟုတ်ပါတယ်…အင်မောတယ်အရှင်၊ အင်မောတယ်အရှင်က စိတ်ဝိညာဉ်ကျောက်တုံးတွေကို အစားထိုးဖို့ ရောက်လာတာ မလား။ သူတို့တွေ နောက်ဆုံးအကြိမ် စိတ်ဝိညာဉ်ကျောက်တုံးတွေ လာလဲတုန်းကတောင် သိပ်မကြာသေးဘူးလေ…”

သည်နေရာမှာ အစွယ်အပွားကျွန်းမှန်း သေချာသွားသည့်အခါ ဟန်လိက စိတ်အေးကာ သက်ပြင်းချသည်။ သူက ခပ်ရေးရေး ပြုံး၍ သည်မှာရှိနေသော သူများကို ပြောလိုက်သည်။

ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံးတွေကို လာအစားထိုးတာ မဟုတ်ဘူး။ ခုချိန်ကစပြီး ကျုပ်က ဒီကျွန်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထောက်ပံ့ပေးမယ့်သူပဲ။ “ဒီကျွန်းငယ်ဟာ ကျုပ်ရဲ့ ကျင့်ကြံခြင်းနေရာဒေသ ဖြစ်သွားပြီ။ မင်းတို့က ကျုပ်ကို အင်မောတယ်ဟန်လို့ ခေါ်နိုင်တယ်…”

ငါးဖမ်းသမားများ၏ အံ့ဩထိတ်လန့်နေသော အကြည့်အောက်မှာပင် ဟန်လိသည် ဝိညာည်သေကို ခေါ်ကာ ကျွန်း၏အလယ်ဗဟိုထံ ပျံသန်းလာခဲ့လေ၏။

All Chapters