ပြင်ပပြန်လည်မွေးဖွားခြင်း
Vol. 27 Ch. 373
သည်ကျွန်းငယ်၏ တစ်ခုတည်းသော ရွာလေးမှာ ကမ်းစပ်အနီးအနား အရှေ့ဘက်ဆုံးအပိုင်းတွင် တည်ရှိပေသည်။ ကျွန်းအနောက်ဘက်မှာတော့ ဆယ်ကီလိုမီတာလောက် ရှည်လျားမည့် တောင်တန်းငယ်တစ်ခု ရှိသည်။ ယင်းတောင်တန်းတွင် တောင်ဟူ၍ နှစ်ခုသာ။ ပိုမြင့်သော တောင်မှာ တစ်ကီလိုမီတာလောက် ရှိ၍ ကျန်တောင်ကတော့ မီတာလေးရာလောက်သာ အမြင့်ရှိပေသည်။
ဟန်လိသည် သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ အဝေးရှိ ထိုတောင်များထံ အကြည့်ရောက်နေလေသည်။ သူက ဦးဆုံးအနေဖြင့် ရွာသို့ တခေါက်လောက် သွားလည်မည်ဟု ဆုံးဖြတ်ထားသည်။ ဟန်လိနှင့် ဝိညာဉ်သေတို့က ရွာထဲ ရောက်လာသည့်အခါ အတော်လေး အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ ရွာလူကြီးဖြစ်သော အဘိုးအိုတစ်ယောက်က ဟန်လိနှင့်တွေ့ဖို့ ရှေ့ကို ချက်ခြင်း ခြေလှမ်းလာသည်။
ထိုအဘိုးအိုသည် ကျောက်စိမ်းပြားပေါ်ရှိ ရွှေရောင်သင်္ကေတများကို စစ်ဆေးပြီးသည့်နောက်မှာ သူက ခုချိန်မစ၍ တရွာလုံးသည် သည်အင်မောတယ်၏ အမိန့်များကို နာခံရမည်ဟု ချက်ခြင်း ကြေငြာချက်ထုတ်သည်။
ဟန်လိမှာ သေမျိုးများ၏ အကူအညီကို မလိုမှာကတော့ သဘာဝပင်။ ထိုအစား သူက သူ အစိုးရိမ်ရဆုံး ကိစ္စနှင့် ပတ်သတ်ပြီး မေးမြန်းကြည့်သည်။ ယင်းတို့မှာ သည်ကျွန်း၏ အခြေအနေများနှင့် ရွာသားများအနေဖြင့် ကျွန်း၏ အကာအကွယ်အစီအရင်ကို ထိန်းသိမ်းဖို့ ထည့်တင်ပေးနိုင်သော စိတ်ဝိညာဉ်ကျောက်တုံး ပမာဏတို့ပင်။ ၎င်းရွာသားများ ထည့်ဝင်ပေးနိုင်သော ပမာဏက ဘာဆိုဘာမျှ မဟုတ်လေသည်ကို ကြားသိရသည့်အခါ ဟန်လိသည် သုန်မှုန်သွား၏။
သို့ဖြစ်၍ ထိုအကာအကွယ်အစီအရင်အတွက် စိတ်ဝိညာဉ်ကျောက်တုံးအားလုံးနီးပါးကို သူတစ်ယောက်တည်းကသာ ထည့်ဝင်ပေးရမည်ဟု အဓိပ္ပာယ် ရနေပြီ မဟုတ်လား။ ကြည့်ရတာ သည်ရွာသားများက အပေါ်ယံအားပေးစကားများသာ ပြောတတ်ပုံ ရသည်။ သူတို့၏ အကူအညီက ဘာဆိုဘာမျှ မဟုတ်လေပေ။ ဟန်လိသည် စိတ်ထဲကနေ အင်မောတယ်မှတ်တမ်းများ အဆောက်အဦတွင် တွေ့ခဲ့ရသော သက်လတ်ပိုင်းလူကို ကျိန်ဆဲမိတော့သည်။ သို့ပေမည့် သူက ရွာလူကြီးအဘိုးအိုကိုတော့ နှစ်သိမ့်စကားတချို့သာ ပြောခဲ့ပေသည်။ သူသည် ကုန်ကျနိုင်မည့် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏများကို ခန့်မှန်းကာ အဘိုးအိုတို့ရွာသားများဘက်မှ ပေးနိုင်မည့် ပမာဏတို့ကို ခန့်မှန်း၍ နှိုင်းဆကြည့်သည်။ ယင်းနောက်မှာ ဟန်လိသည် အစီအရင်ကို ထိန်းသိမ်းဖို့အတွက် တစ်နှစ်စာ စိတ်ဝိညာဉ်ကျောက်တုံးပမာဏအား ယင်းအဘိုးအိုကို ပေးလိုက်သည်။
ထို့နောက်တွင် သူက အဘိုးအိုကို လာမည့်နှစ်တွင်လည်း လိုအပ်မည့် စိတ်ဝိညာဉ်ကျောက်တုံးများကို သူ့အင်မောတယ်လှိုဏ်ဂူသို့ လာယူနိုင်ကြောင်းကိုပါ ပြောထားခဲ့သည်။ သည့်နောက်မှာတော့ သူသည် အဘိုးအို၏ ထပ်တလဲလဲ ကျေးဇူးတင်စကားများကို အရေးမစိုက်တော့ဘဲ ဝိညာဉ်သေကိုခေါ်ကာ ကျွန်း၏ အနောက်ဘက်ခြမ်းထံ ပျံသန်းလာခဲ့တော့သည်။
ဟန်လိသည် ကျွန်း၏ ဒေသခံများအခေါ် အစွယ်အပွားတောင်များဟု သိကြသော တောင်တန်းထံ ဝင်လာပြီးနောက်မှာ စိတ်ဝိညာဉ်ချီ ခပ်ဖျော့ဖျော့ကို ခံစားမိသည်။ သူ့စိတ်ထဲ လှုပ်ခတ်သွားမိ၏။ ခဏအကြာတွင် သူက သူ၏နတ်လေလှေပေါ်တွင် ရပ်လျက် သည်တောင်ထွတ်နှစ်ခုကို လှည့်ပတ်ကြည့်သည်။
တောင်နှစ်ခုတွင် ပိုမြင့်သော တောင်၏ စိတ်ဝိညာဉ်ချီက ပိုကြွယ်ဝတာ သိသာသည်။ ၎င်းသည် အင်မောတယ်တစ်ယောက်၏ လှိုဏ်ဂူအတွက်လည်း ပိုသင့်တော်ရုံသာမက အရင်က နေထိုင်ခဲ့သော ကျင့်ကြံသူတစ်ယောက်၏ လှိုဏ်ဂူပါ ရှိနေသေးသည်။ ခုလက်ရှိထိ ၎င်းအင်မောတယ်လှိုဏ်ဂူမှာ မထိမခိုက်မပျက်မစီးသေးပေ။ ချက်ခြင်းနေဖို့အတွက် သင့်တော်သည်။ ဟန်လိသည် နတ်လေလှေပေါ်တွင် တွေးနေသည်။ ယင်းနောက် သူ့မျက်လုံးမှာ စိတ်အားတက်ကြွမှုဖြင့် လင်းလက်သွားပြီး သူက ဆုံးဖြတ်ချက်တစ်ခု ချ၏။
အရင်ဆုံး သူက ပိုနိမ့်သော တောင်ထိပ်ထံ ပျံသန်းလာပြီး အင်မောတယ်လှိုဏ်ဂူတစ်ခုအတွက် အလျှို့ဝှက်ဆုံးနေရာထိ ဝင်လာခဲ့သည်။ ယင်းနောက် သူသည် သူ့မှော်ပစ္စည်းများဖြင့် မြေကို ခပ်ကြမ်းကြမ်း တူးသည်။
နေ့တစ်ဝက်လောက် ကြာပြီးနောက်မှာတော့ မြေအောက်ဝင်ပေါက်တစ်ခု၏ စဦးအမှတ်အသားများကို ဖန်တီးခဲ့ပြီး လေပြီ။ ထိုမြေအောက်လှိုဏ်ဂူမှာ အချင်းကိုးမီတာ ရှိပြီး တောင်ခြေထံ တန်းတန်းမတ်မတ် ဦးတည်ထားသည်။
သို့ပေမည့် ဟန်လိ၏ လမ်းကြောင်းက တောင်ခြေ၏ အောက်ဘက် ဆယ့်နှစ်မိတာလောက်သို့ ရောက်လာခဲ့သည့်အချိန်တွင်မူ သူက ရုတ်တရက် တစ်ကီလိုမီတာအကွာဝေးလောက်မှာ ရှိနေသော တခြားတောင်တစ်ခု၏ အခြေထံ ဦးတည်ရာ ပြောင်းလဲသည်။
ဟန်လိ၏ မှော်လက်နက်ပစ္စည်းတို့မှာ ထက်ရှလှသော်လည်း ဝိညာဉ်သေကပါ ကူညီပေး၍ သူ့အဖို့ သည်မြေအောက်လမ်းကို ဖောက်ခြင်းသည် နှစ်ရာသာ ကြာလိုက်သည်။
တောင်နှစ်ခု၏ အခြေကြားမှာ လမ်းကြောင်းတစ်ခုကို ဖော်ပြီးသည့်နောက်တော့ ဟန်လိသည် ပိုမြင့်သော တောင်၌ သူ၏ အင်မောတယ်လှိုဏ်ဂူအသစ်ကို အရင်တုန်းက ကောင်းကင်တောင်ပိုင်းဒေသတွင် ရှိခဲ့သော သူ၏ အင်မောတယ်လှိုဏ်ဂူပုံစံအတိုင်း တည်ဆောက်သည်။ ယခုအင်မောတယ်လှိုဏ်ဂူအသစ်သည် ထိုက်ယွဲ့တောင်တန်းတွင် သူ တည်ဆောက်ခဲ့ဖူးသော အင်မောတယ်လှိုဏ်ဂူနှင့် ပုံစံအသွင်ခြင်း ထပ်တူထပ်မျှ နီးပါး တူလေသည်။ သို့သော် သည်တစ်ကြိမ်၌ ခြွင်းချက်ဟူ၍ မြေအောက်လမ်းကြောင်းကလွဲ၍ ထွက်ပေါက်ဟူ၍ မရှိနေခြင်းပင်။
ဤနေရာမှာ ဟန်လိ ကျင့်ကြံမည့်၊ စိတ်ဝိညာဉ်ဆေးပင်များ စိုက်ပျိုးမည့် နေရာ ဖြစ်ချေ၏။
သူ၏ အင်မောတယ်လှိုဏ်ဂူကို အပြီးသပ်ပြီးနောက်မှာတော့ ဟန်လိသည် ပိုနိမ့်သောတောင်၏ ဝင်ပေါက်တွင် ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကို အရင်ဆုံး ချခင်းလိုက်သည်။
သို့ပေမည့် ဟန်လိသည် သည်တောင်နှစ်လုံးကို ခဏလှည့်ပတ် ပျံသန်းကြည့်ပြီးနောက်မှာ သူက အဆင်မပြေသေးဟု ခံစားမိနေတုန်းပင်။
သူက ရှင်းယုယင် သူ့ကို ပေးခဲ့သော အစီအရင်မန္တာန် ချခင်းရာတွင် အသုံးပြုသော မှော်ပစ္စည်းများကို ထုတ်ကာ ယင်းတို့ထဲမှ ပိုကောင်းမည်ထင်သော ကောင်းကင်လေကြမ်းအစီအရင်နှင့် ပုံရိပ်ယောင်အစီအရင် တို့ကိုပါ ထိထိရောက်ရောက် အသုံးချသည်။
ထိုအစီအရင်မန္တာန်နှစ်ခုသည် ကျယ်ပြောပြီး တောင်နှစ်ခုလုံးကို ဖုံးအုပ်စေဖို့ငှာ လုံလောက်သည်။ ယင်းအစီအရင်နှစ်ခုသည် ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်လောက် အံ့အားသင့်ဖွယ် မကောင်းလှသော်လည်း အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများကိုတော့ အတော်လေး ပြဿနာ ပေးနိုင်သည်သာ။ ထိုသို့ဖြင့် ဟန်လိ၏ လှိုဏ်ဂူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအောက်ရှိ အကုန်လုံးထံကနေ လုံးဝ ဘေးကင်းသွားလေပြီ။
ထိုအစီအရင်၏ အပြင်ဘက် ကောင်းကင်ထက်ကနေ ကြည့်ပါက ယင်းတောင်တန်းနှစ်ခုသည် မြူများ သိပ်သည်းလွှမ်းခြုံနေပြီး မြင်ရဖို့ ခက်လှသည်။ ဟန်လိသည် ထိုမြင်ကွင်းကို ကြည့်၍ ခပ်ရေးရေး ပြုံးပြီး မြူထုအတွင်း ဖြည်းဖြည်းသက်ဆင်း၍ မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့သည်။
သူ၏အင်မောတယ်လှိုဏ်ဂူထဲ ဝင်လာပြီးနောက်မှာတော့ ဟန်လိသည် အနားယူရမည့်အစား သူ့ကိုယ်သူ အလုပ်ဆက်ရှုပ်နေစေသည်။
အရင်ဆုံး သူက စိတ်ဝိညာဉ်ဆေးပင်အချို့နှင့် လျှို့ဝှက်ဆေးဥယျာဉ်တစ်ခုကို တည်ဆောက်သည်။ တကယ်တော့ သူသာ ယင်းဆေးပင်များကို ရင့်မှည့်စေချင်လျှင် ထိုအပင်များသည် ဦးဆုံး အစို့အညှောင့်များ ပေါက်လာမှ ဖြစ်မည် မဟုတ်လား။
ထို့နောက်တွင်တော့ ဟန်လိသည် သူ့အသက်ကဲ့သို့ အဖိုးတန်လေသော ဥယျာဉ်ထောင့်၌ မြှုပ်ထားသည့် ဆန်းကြယ်ပုလင်းငယ်ကို လှမ်းကြည့်သည်။ ၎င်းပုလင်းကို သူ ဟိုးလွန်ခဲ့သော အချိန်များတည်းက ဝယ်ယူခဲ့သော မှော်ရတနာအစိတ်အပိုင်းဖြင့် ဖုံးကွယ်ထားလေ၏။ သူသည် လှိုဏ်ဂူနံရံ၌ လေဝင်လေပေါက်ကိုလည်း ဖောက်ထားသဖြင့် ထိုဆန်းကြယ်ပုလင်းအနေဖြင့် အစိမ်းရောင်အရည်ကို သိပ်သည်းစေနိုင်လိမ့်မည်။
ယင်းနောက် သူသည် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူ၏ အင်းဆက်ပျိုးထောင်ခြင်းအသိပညာရပ်များ အတိုင်း အရွယ်အစားအမျိုးမျိုးရှိသော လျှို့ဝှက်အခန်းဆယ်ခုလောက်ကို ဖန်တီးသည်။ သူက ထိုအခန်းများထဲ၌ အဖြူရောင်ပင့်ကူများနှင့် တခြားသော အံ့အားသင့်ဖွယ်အင်းဆက်များကို နေရာချသည်။ ယင်းနောက် ၎င်းအင်းဆက်များ အဝေးသို့ ထွက်မပြေးနိုင်အောင် အတားအဆီးများကို ချထား၏။
အရေးကြီးဆုံး ကိစ္စများကို လုပ်ပြီးသည့်နောက်မှာ ဟန်လိသည် တရားထိုင်ပြီး ချီသန့်စင်ဖို့ မဆုံးဖြတ်သေးပေ။ ထိုအစား သူသည် အင်ပါယာယွဲ့ထံမှ ရခဲ့သော မီးခိုးရောင်ကျောက်စိမ်းပြားကို သေချာ ထုတ်ယူသည်။ ၎င်းထဲ၌ ဟိုးလွန်ခဲ့သော နှစ်များတည်းက သူ မျက်စိကျခဲ့သော ပြင်ပပြန်လည်မွေးဖွားခြင်း အပါအဝင် ထူးခြားသော လျှို့ဝှက်ပညာရပ်များစွာ ပါရှိသည်။
ဟန်လိ၏ စိတ်ဝိညာဉ်အာရုံက သည်ကျောက်စိမ်းပြားထဲ နစ်မြုပ်သွားပြီး ထိုကျင့်ကြံခြင်းပညာရပ်ကို အကြိမ်ကြိမ် သေချာ ဖတ်ကြည့်သည်။ ယင်းနောက် သူက သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းပြီး သူ ဖတ်ရှုခဲ့သမျှကို စတင်စဉ်းစားကြည့်နေသည်။ ဟန်လိသည် အရင်တည်းက ဆုံးဖြတ်ချက်တစ်ခု ချပြီး ဖြစ်သော်ငြားလည်း ၎င်းပညာရပ်ကို ဂရုတစိုက် တွေးကြည့်ပြီးသည့်နောက်မှာ အနှီပညာရပ်ကို ကျင့်ကြံခြင်းသည် အမှန်တကယ် အန္တရာယ်ရှိသည်ဟု ခံစားမိရသည်။
ထိုကျောက်စိမ်းပြားထဲက အတိုင်းဆို သူ၏ သန့်စင်ထားသော ကိုယ်ပွားမှာ ဖျက်စီးခံခဲ့ရလျှင် ထိုကိုယ်ပွားအတွင်း ပျိုးထောင်ထားသော စိတ်ဝိညာဉ်အာရုံပါ ဖျက်စီးခံရမည် ဖြစ်ပြီး ပြန်ကောင်းမွန်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် သူ၏ ကျန်နေသေးသော စိတ်ဝိညာဉ်အာရုံကသာ လုံလောက်အောင် အားမကောင်းခဲ့ပါက ကြီးစွာ ထိခိုက်မှု ဖြစ်သွားလိမ့်မည်။ အကောင်းဆုံးကတော့ ရူးသွားနိုင်သည်။ အဆိုးဆုံးကတော့ ချီဓာတ် ဖောက်လွှဲဖောက်ပြန်ဖြစ်ကာ သေဆုံးသွားနိုင်ခြင်းပင်။ ထို့အပြင် သူ့အနေဖြင့် ၎င်းပြင်ပပြန်လည်မွေးဖွားခြင်း ပညာရပ်ကို အောင်မြင်နိုင်ခဲ့လျှင်တော့ ကျင့်ကြံနိုင်သော အဆင့်မြင့် ရုပ်သေးကိုသာ လွယ်ကူစွာ ထိန်းချုပ်နိုင်မည် ဖြစ်၏။ ဤသည်မှာ အများပြောကြသော လူတစ်ယောက်ကို နှစ်ကိုယ်ခွဲသည့် စွမ်းရည်နှင့်လည်း မတူ၊ တချို့သော ကျင့်ကြံခြင်းဂိုဏ်းများက ပိုင်ဆိုင်သော နတ်စွမ်းရည်များကိုလည်း မှီမည် မဟုတ်ပေ။
သို့ပေမည့် ဟန်လိ၌ ဒြပ်စင်ငါးခုသွေးအမြုတေများ ပိုင်ဆိုင်ထားသည်။ သို့ဖြစ်၍ မိစ္ဆာအမြုတေနှင့် ကိုယ်ပွားတစ်ယောက်ကို ဖန်တီးနိုင်မည့် အခွင့်အရေးတစ်ခုက သူ့မှာ ရှိနေသည်။ ဆိုလိုသည်မှာ မိစ္ဆာအမြုတေနှင့်ဆို သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် ခွန်အားနှင့် ရုပ်သေးသက်တော်စောင့်တစ်ယောက်ကို ရရှိနိုင်လိမ့်မည်။ ထိုရုပ်သေးကား အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်တွင်သာ ရှိမည် ဖြစ်သော်လည်း မည်သည့်အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူကိုမဆို ကာကွယ်နိုင်သည့် စွမ်းအားကို သူ ရနိုင်လိမ့်မည်သာ။
ကိုယ်ပွားတစ်ခုကို ဖန်တီးဖို့အတွက် အခက်အခဲဆုံးကတော့ စိတ်ဝိညာဉ်ရင်းမြစ်များနှင့် အလောင်းတစ်ခုကို ရဖို့ပင်။ သို့ပေမည့် ဟန်လိတွင်မူ သင့်တော်သော အလောင်းတစ်ခု ရှိနှင့်ထားပြီးသား။ ၎င်းမှာ ဝိညာဉ်သေတည်း။
ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ထုတ်နှုတ်ယူခြင်း၊ အထူးသဖြင့် အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ထံမှ စိတ်ဝိညာဉ်ကို ထုတ်နှုတ်ယူခြင်းသည် အသုံးပြုသော မှော်ပညာရပ်၏ လွှမ်းမိုးသည့် သဘောသဘာဝကြောင့် ထိုခန္ဓာကိုယ်၏ သွေးကြောများသည် ပျက်စီးသွားနိုင်သည်။ ထိုအခါ ၎င်းခန္ဓာကိုယ်ကို အလောင်းကောင်အဖြစ် သန့်စင်ပြီးနောက် ဆက်၍ ကျင့်ကြံစေနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် လူအများသည် ဝိညာဉ်သေကို မြင်ရသည့်အချိန်၌ ၎င်းထံမှ စိတ်ဝိညာဉ်ချီလှိုင်းများကို မြင်သည့်အခါ အံ့အားတသင့် ဖြစ်ကုန်ကြတာပင်။ ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကနေ သွေးကြောများကို မထိမခိုက်စေဘဲ စိတ်ဝိညာဉ်ကို ထုတ်နှုတ်ယူခြင်း ကိစ္စရပ်များ ရှိသော်ငြားလည်း အကြိမ်တစ်ရာတွင် တစ်ကြိမ်သာ ကြုံရခဲကာ ကံအကြောင်းတိုက်ဆိုင်လွန်းမှ ဖြစ်နိုင်သည့်အရာသာ။
သည် ပြင်ပပြန်လည်မွေးဖွားခြင်းပညာရပ်အတွက်လည်း စိတ်ဝိညာဉ်ကို ထုတ်နှုတ်ယူပြီးနောက် မထိမခိုက်အကောင်းတိုင်း ကျန်ခဲ့သော ချီစုဆောင်းခြင်း အဆင့်ခြောက် သို့မဟုတ် ထိုအဆင့်ထက် နိမ့်သော အလောင်းခန္ဓာကိုယ်တစ်ခု လိုအပ်သောကြောင့်ပင်။ ထိုသင့်တော်သော အလောင်းကို ရဖို့မှာ ခက်ခဲလှချေ၏။
ဟန်လိသည် ယင်းသို့သော ထူးဆန်းသည့်အချက်များ မည်သည့်အတွက်ကြောင့် လိုအပ်မှန်း မသိသော်လည်း စိတ်ဝိညာဉ်အာရုံအမျှင်တန်းက ၎င်းခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးနောက်မှာ အလောင်းကို လွယ်ကူစွာ ထိန်းချုပ်နိုင်ဖို့ကြောင့် ဖြစ်နိုင်သည်ဟု သူ ထင်သည်။
ဟန်လိသည် ယွီကျစ်ထုံနှင့် သမားတော်မော့တို့က ဝိညာဉ်သေကို မည်သို့ဖန်တီးခဲ့သလဲကို အတိအကျ မသိနိုင်ခဲ့ပေ။ သို့သော် ဝိညာဉ်သေကတော့ ပြင်ပပြန်လည်မွေးဖွားခြင်း ပညာရပ်အတွက် လိုအပ်သော အချက်များနှင့် ကျိန်းသေပေါက် ကိုက်ညီမှု ရှိပေသည်။
အင်ပါယာယွဲ့သည် သင့်တော်သော အလောင်းခန္ဓာတစ်ခုကို မရခဲ့ခင်က အဆင့်နိမ့်ကျင့်ကြံသူ မည်မျှ သေဆုံးပေးခဲ့ရသည်ကို သိနိုင်လိမ့်မည် မဟုတ်ပါ။
ဟန်လိသည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်နေလျက် အချိန်အကြာကြီး စဉ်းစားနေသည်။ ယင်းနောက်တွင် သူသည် အလောင်းကို မသန့်စင်ခင်မှာ မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ဒုတိယအဆင့်သို့ ရောက်ရန် အရင် ကျင့်ကြံရမည်ဟု ဆုံးဖြတ်သည်။ ထိုအဆင့်သို့သာ သူ ရောက်နေခဲ့လျှင် အကယ်၍ သူ၏ ကိုယ်ပွားက ဖျက်စီးခံခဲ့ရလျှင်ပင် သူ့အဖို့ များများစားစား ထိခိုက်နိုင်တော့မည် မဟုတ်ပေ။ သူသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ အံ့အားသင့်ဖွယ် သက်ရောက်မှုများကို ကောင်းကောင်းကြီး သဘောပေါက်ထားပြီးသား ဖြစ်သည်။ ယင်းပညာရပ်ကား သူ၏ စိတ်ဝိညာဉ်အာရုံကို အားကောင်းစေနိုင်၏။
ထိုမဟာဖွံ့ဖြိုးခြင်းပညာရပ်ကို မကျင့်ကြံခင်မှာ သူ့အနေဖြင့် သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပြန်ရနိုင်ဖို့ အရင်ဆုံး လုပ်ရမည်။ ပြင်ပပြန်လည်မွေးဖွားခြင်းပညာရပ်ကို ကျင့်ကြံနိုင်ဖို့ငှာ သူက အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်ကိုလည်း ကျင့်ကြံရလိမ့်မည်။
ကိုယ်ပွားကို သန့်စင်ရာတွင်မူ ရှုံးနိမ့်သည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ ဟန်လိသည် အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်း နှင့်ပတ်သတ်ပြီး ကျင့်ကြံဖို့ကိုလည်း စမ်းတဝါးဝါး လုပ်ရဦးမည်သာ။ တကယ်တော့ မိုးပြာအနှစ်သာရဓားပညာရပ်နှင့်အတူ ၎င်းပညာရပ်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ တက်လှမ်းနိုင်ဖို့ ကြမ်းလှသောလမ်းကြောင်းတစ်ခု ဖြစ်ပေသည်။
သူ၏ အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဟန်လိသည် သူ့အင်မောတယ်လှိုဏ်ဂူထဲရှိ လျှို့ဝှက်အခန်းထဲ ဝင်လာခဲ့သည်။ ဆေးလုံးများ၏ အကူအညီဖြင့် ချီသန့်စင်မှုကို စတင်၏။
သူက အဝါရောင်နဂါးဆေးလုံး နှင့် ရွှေရိုးတွင်းခြင်ဆီ ဆေးလုံးတို့ကို ခုချိန်တွင် သောက်သုံးသည်။ ၎င်းတို့မှာ အဆင့်နိမ့်ဆေးလုံးများသာ။ သူ၏ ခုလက်ရှိအဆင့်၌ အခြေခံတည်ဆောက်ခြင်းဆေးလုံးများကို သောက်သုံးပါက သူ့ခန္ဓာကိုယ်အတွက် အပြင်းအထန်၊ ဗရမ်းဗတာ ဖြစ်သွားပေလိမ့်မည်။ ချီစုဆောင်းခြင်းအဆင့်ခုနစ်သို့ ရောက်မှ အနှီဆေးလုံးများကို အသုံးပြုတာ ပို၍ သင့်တော်နိုင်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် အတားအဆီး မရှိခဲ့လျှင် ဟန်လိသည် သူ၏ ကျင့်ကြံမှုမှာ အလျင်အမြန် ပြန်တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု မှတ်ယူထားပေသည်။