ကျင့်ကြံခြင်းဟာ အချိန်မဲ့
Vol. 27 Ch. 374
တနေ့ပြီးတနေ့ အချိန်ကုန်လာခဲ့လေပြီ။
နဂါးဝါဆေးလုံးနှင့် ရွှေရိုးတွင်းခြင်ဆီဆေးလုံးတို့အတွက် လိုအပ်သော စိတ်ဝိညာဉ်ဆေးပင်များကို ရင့်မှည့်စေခြင်းကလွဲ၍ ဟန်လိသည် တချိန်လုံး တရားထိုင်ကာ ကျင့်ကြံနေတော့သည်။ သူသည် အဖြူရောင်ပင့်ကူများနှင့် တခြားအင်ဆက်များကိုလည်း အင်းဆက်ကျင့်ကြံခြင်းအသိပညာများအတိုင်း သေချာ လေ့ကျင့်ပေးသည်။
ဟန်လိသည် သူ့အနေဖြင့် ချီစုဆောင်းခြင်းအဆင့်ကိုးသို့ ရောက်ရန် တစ်နှစ်လောက်ကြာမည်ဟု ခန့်မှန်းထားသည်။ အခုအမြန်နှုန်းသည် အရင်တုန်းကထက်စာလျှင် အပြတ်အသတ် သာ၏။ သို့သော် ဟန်လိက မကျေနပ်သေးပေ။ သူသည် အဆင့်ကိုးသို့ ရောက်ပြီးနောက် အခြေခံတည်ဆောက်ခြင်းကို ရောက်ပြီးလျှင် အခြေခံတည်ဆောက်ခြင်းဆေးလုံးသုံးလုံးကို ဖော်စပ်မည်။ ၎င်းဆေးလုံး၏ အားကောင်းလှသော ဆေးစွမ်းအားနှင့်ဆို အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ နောက်တစ်နှစ်ကျလျှင် အသုံးပြုနိုင်ပေမည်။
အခု သူသည် မူလအစစ်အမှန်မီးကို အသုံးပြုနိုင်စွမ်း ရှိနေလေပြီ။
ဟန်လိသည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်အတွက် သင့်တော်သော ဆေးလုံးများကို သန့်စင်ဖို့ စမည် ဖြစ်၏။
ဟန်လိ၏အထင် ချီသန့်စင်ခြင်းအမှုန့်သည် သူ့အပေါ် သက်ရောက်မှု မရှိဟု ထင်သည်။ အကြောင်းမှာ ၎င်းကို သူသည် အရင်တုန်းက များစွာ သုံးစွဲခဲ့ဖူးသောကြောင့်ပင်။ တခြားဆေးလုံးသုံးလုံး၏ ဖော်စပ်နည်းများကတော့ သူ့အနေဖြင့် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်သို့ တိုးတက်စေလိမ့်မည်။
သို့သော် သူ၏ မူလအစီအစဉ်များအတိုင်းဆို ဟန်လိသည် ချက်ခြင်း လေးလေးနက်နက် မကျင့်ကြံဖို့ ဖြစ်သည်။ ထိုအစား သူသည် ဆေးလုံးများစွာကို ဖော်စပ်ထားပြီး ကိုယ်ပွားကို သန့်စင်ဖန်တီးဖို့ ပြင်ဆင်နိုင်ရန် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံမည်ဟု စိတ်ကူးထားခဲ့တာ ဖြစ်သည်။ မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ပထမအဆင့်ထိ ကျင့်ကြံဖို့သည် သူ့အတွက် နှစ်တစ်ဝက်လောက် အချိန်လိုအပ်လိမ့်မည်။ ၎င်းပညာရပ်၏ အကျိုးအမြတ်များကိုလည်း ရပေလိမ့်မည်။ ဟန်လိသည် ဒြပ်စင်မှော်ပညာရပ်များနှင့် ပတ်သတ်ပြီး သူ့ပါရမီက ဆိုးဝါးလှသည့်အပေါ် မကျေမချမ်း ခံစားမိသော်လည်း မဟာဖွံ့ဖြိုးခြင်းပညာရပ်တွင်တော့ သူ့အနေဖြင့် သိသိသာသာ ထူးချွန်နေခဲ့သည်။
သို့ဖြစ်၍ ဟန်လိသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ဒုတိယအဆင့်သို့ ရောက်အောင် ကျင့်ကြံဖို့ ယုံကြည်မှုများစွာ ရှိနေသည်။
မဟာဖွံ့ဖြိုးခြင်းပညာရပ်သည် ပြီးပြည့်စုံခြင်း မရှိသော်လည်း သူ့စိတ်ဝိညာဉ်အာရုံသည် အဆများစွာ ပိုအားကောင်းလာခဲ့ပေသည်။ သူသည် သူ့အသိစိတ်ကို အမျှင်တန်းရာချီအဖြစ်ထိ ခွဲထုတ်နိုင်စွမ်း ရှိခဲ့သည်။ ရုပ်သေးပညာရပ်ကိုပါ ပူးတွဲလိုက်ပါက မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ကြောက်မက်ဖွယ်အရှိန်အဟုန်ကို အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်၏။
သူသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ဒုတိယအဆင့်ကို ရောက်အောင် ကျင့်ကြံဖို့သည် ပထမအဆင့်ထက် ပိုခက်ခဲမည်ကို သိသော်လည်း ဟန်လိ ထင်ထားသည်ထက် အချိန်များစွာ ပိုကုန်ခဲ့ပေသည်။ သူသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ဒုတိယအဆင့်ကို ရောက်ဖို့ အချိန်သုံးနှစ်လောက် ယူရမည်ဟု အစတုန်းက တွေးထင်ထားခဲ့သည်။ သို့သော် တကယ့်တကယ်တွင်မူ ခြောက်နှစ်လောက် အသည်းအသန် လေ့ကျင့်ပြီးမှ ဒုတိယအလွှာသို့ ရောက်ရုံသာ ရောက်နိုင်ခဲ့သည်။ သူ ထင်ထားသည်ထက် ကြာချိန်က နှစ်ဆ ဖြစ်သွားသည့်အတွက် ဟန်လိမှာ အတော်လေး ကူရာကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။
မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံနေသော တတိယမြောက်နှစ်တွင် အင်မောတယ်မှတ်တမ်းများအဆောက်အဦမှ သက်လတ်ပိုင်းလူ၏ တပည့်သည် ဟန်လိကို စိန်ခေါ်ဖို့ အစွယ်အပွားကျွန်းကို ရောက်လာခဲ့ပေသည်။ ရလဒ်အနေဖြင့် သူသည် သုံးရက်လုံးလုံး ဟန်လိ၏ အစီအရင်များထဲ၌ ပိတ်မိသွားခဲ့၏။ နောက်မှ ဟန်လိသည် သတိပြုမိကာ သူ့ကို လွှတ်ပေးခဲ့ရသည်။
မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကျင့်ကြံရတာ ခက်ခဲမှုကြောင့် ဟန်လိသည် ထိုကိစ္စနှင့် ပတ်သတ်၍ လုံးဝ မေ့သွားခဲ့တာ ဖြစ်သည်။
အမည်မဲ့ထိန်းချုပ်ခြင်းပညာရပ်ကို အသုံးပြု၍ သူ့အစစ်အမှန်ကျင့်ကြံခြင်းကို ဖုံးကွယ်ကာ ဟန်လိသည် အသာစီးရရုံလေးဖြင့် အနိုင်ယူခဲ့ပေသည်။ ဤသို့ဖြင့် သက်လတ်ပိုင်းလူ၏ တပည့်မှာ မကျေမချမ်းဖြင့် ပြန်သွားခဲ့တော့၏။
နောက်သုံးနှစ်တွင် ဟန်လိသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ဒုတိယအဆင့်သို့ ရောက်နိုင်ခဲ့ပြီး ပြင်ပပြန်လည်မွေးဖွားခြင်းပညာရပ်ကို ကျင့်ကြံဖို့ အခုအခါတွင် ပြင်ဆင်နေပြီ။
အရင်ဆုံး သူက ရက်အတော်အတန် အနားယူသည်။ သူ၏ စိတ်ဝိညာဉ်က အထွတ်အထိပ်အခြေအနေတွင် ရှိနေပြီးမှ သူသည် ဝိညာဉ်သေကို ခေါ်ကာ သူ့လျှို့ဝှက်လေ့ကျင့်ခန်းသို့ ဝင်လာပြီး ဝိညာဉ်သေ၏ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။
ဟန်လိသည် သူ့လက်ကို ဝေ့ယမ်းကာ အခန်းတံခါးကို ပိတ်သည်။ ဝိညာဉ်သေကို အချိန်အတော်ကြာ စိုက်ကြည့်နေ၏။
ဝိညာဉ်သေ၏ ရုပ်စိုးလှသော တရင်းတနှီးရှိသော မျက်နှာကို ကြည့်နေရင်း ဟန်လိ၏စိတ်ထဲ စိတ်ခံစားချက်များ ဖြတ်ပြေးသွားသည်။ သူသည် ကြာပြီဖြစ်သော အတိတ်ကကိစ္စများကို ပြန်စဉ်းစားမိသည်။
ချီးရွှမ်ဂိုဏ်း(ခုနစ်ထွေဆန်းကြယ်ဂိုဏ်း၊ သက်တံတောင်တန်းနှင့် သေချာရင်းနှီးသောပုံရိပ်) သည်ဖြစ်ရပ်များကို ပြန်ပြောင်းတွေးမိပြီး သူက အလျင်အမြန် ပြန်မေ့ဖျောက်ပစ်သည်။
ဝိညာဉ်သေ၏ အေးစက်မှုန်မှိုင်းကာ စိတ်ဝိညာဉ်ကင်းမဲ့သော အကြည့်ကို စိုက်ကြည့်နေပြီးနောက်မှာတော့ ဟန်လိသည် သက်ပြင်းချသည်။ ဆက်၍ တွေဝေမနေတော့ဘဲ သူက သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ သူ့ခန္ဓာကိုယ်မှာ မိုးပြာအလင်း ဖြာထွက်ကာ အခန်းထဲရှိ ခပ်မှိန်မှိန်အလင်းကို အစားထိုး လွှမ်းခြုံ့၏။
ခဏအကြာတွင် ဟန်လိ၏ မျက်နှာသည် အစိမ်းရောင်ဖန့်ဖန့် ဖြစ်လာကာ သူ့နှဖူးထက်တွင် ချွေးများ သီးလာ၏။ သူ၏မျက်လုံးထံမှ စူးရှတောက်ပသော အဖြူရောင်အလင်းတစ်ခု ဖြာထွက်သည်။
“ယား…” ဟန်လိသည် ထူးခြားသော မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်စေနေရင်း ရုတ်တရက် မာန်သွင်းအော်ဟစ်လိုက်၏။ သူက လက်မအရွယ်အစိမ်းရောင်အလင်းလုံးတစ်ခုကိုလည်း ထွေးထုတ်၏။ ၎င်းအလင်းလုံးသည် ဝိညာဉ်သေ၏ နှာခေါင်းပေါက်ထံ ပျံသန်းဝင်ကာ ၎င်း၏ ခန္ဓာကိုယ်ထဲ ရောက်သွားလေ၏။
ယင်းအခိုက်မှာ ဟန်လိ၏ မျက်နှာမှာ သေလောက်အောင် ဖြူရောနေ၏။ သူ့မျက်နှာတွင်လည်း ချွေးများစွာဖြင့်။ သို့သော် သူ၏ မျက်လုံးမှ တောက်ပသောအလင်းကမူ ပိုအားကောင်းလာသည်။ သူ၏မျက်လုံးထံမှ အဖြူရောင်အလင်းတန်းနှစ်ခုသည် ဝိညာဉ်သေ၏မျက်လုံးများထံ တိုးဝင်သွား၏။ ဟန်လိနှင့် ဝိညာဉ်သေတို့၏ ခန္ဓာကိုယ်များသည် အလိုလို တုန်တုန်ရင်ရင် ဖြစ်နေချေသည်။
သည်လျှို့ဝှက်လေ့ကျင့်ခန်း၏ ကျောက်တံခါးမှာ တလလုံး ပိတ်ထားပေသည်။ နောက်လလယ်လောက်မှ ယင်းတံခါးမှာ ဖြည်းဖြည်းချင်း ပွင့်ဟလာပြီး အလွန်အမင်း စိတ်လှုပ်ရှားဟန်ပေါက်နေသော ဟန်လိ ပေါ်လာ၏။ သူသည် တစ်လကျော်လောက် ကိုယ်ပွားသန့်စင်မှုကို ခက်ခက်ခဲခဲ၊ ပင်ပင်ပမ်းပမ်းနှင့် လုပ်ဆောင်ခဲ့ရပေသည်။ သို့သော် ရလဒ်ကတော့ အောင်မြင်ခဲ့ပါ၏။ သူက ၎င်းကိုယ်ပွားအဖြစ် မည်သို့မည်ပုံ ပြောင်းလဲသွားတာကို မသိသော်လည်း အနည်းဆုံးတော့ သူ မကျရှုံးခဲ့တာကိုတော့ သိလေ၏။ သူ၏ ကျင့်ကြံခြင်းအပေါ် တန်ပြန်ဒဏ်လည်း ဘာမှ မဖြစ်ခဲ့၍ ဟန်လိမှာ များစွာ စိတ်အေးနိုင်သွား၏။
သို့ပေမည့် ဟန်လိသည် ထိုလျှို့ဝှက်ခန်းကနေ ထွက်လာပြီးပြီးချင်း နောက်ထပ်အခန်းတစ်ခုထံသို့ သွားကာ တံခါးပိတ် ကျင့်ကြံပြန်သည်။ ကိုယ်ပွားသန့်စင်ဖန်တီးခြင်းမှာ သူ၏ မူလချီကို သိသိသာသာ ထိခိုက်သွားစေခဲ့၏။ သူသာ သူ၏ ချီကို အချိန်မီ မသန့်စင်၊ ဆေးဝါးကို ချက်ခြင်း မသုံးစွဲလျှင် သူ့ကျင့်ကြံမှုအဆင့်သည် ချီစုဆောင်းခြင်းအဆင့်သို့ ထပ်မံ၍ ပြုတ်ကျသွားနိုင်မည့် အန္တရာယ် ရှိလေ၏။
ကိုယ်ပွားအဖြစ် သန့်စင်ခြင်း ခံလိုက်ရပြီ ဖြစ်သော ဝိညာဉ်သေကမူ လျှို့ဝှက်ခန်းထဲတွင်သာ ဆက်ရှိနေသည်။
လအနည်းငယ် ကြာပြီးနောက်မှာတော့ ဟန်လိသည် သူ၏မူလချီထိခိုက်မှုကနေ အပြည့်အဝ ပြန်ကောင်းမွန်၏။ သို့သော် သူက တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်ခွာရမည့်အစား အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်း ပညာရပ်ကို စတင် လေ့လာကြည့်နေတော့သည်။
အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်း ပညာရပ်သည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ရောက်သည့်အချိန်ကျမှ လူတစ်ယောက်က သူ၏ ကျင့်ကြံမှုကို မိုးပြာအနှစ်သာရဓားပညာရပ်နှင့် ပြန့်ကြဲပြိုကွဲစေရမည်။ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ကနေ ပြန်ကျင့်ကြံရမည် ဟူ၍ပင်။ ယင်းပညာရပ်မှာ လူတစ်ယောက်၏ အစစ်အမှန်အနှစ်သာရကို ဖိသိပ်ကျစ်လစ်စေကာ အမြုတေဖွဲ့စည်းခြင်းအဆင့်အတွက် အဆင့်တစ်ဆို့မှုကို အားနည်းသွားအောင် ပြုလုပ်ခြင်း ဖြစ်၏။
ထိုပညာရပ်ကို ဖန်တီးခဲ့သော ကျွမ်းကျင်သူ၏ ထင်မြင်ယူဆချက်အရဆို ထိုကဲ့သို့ ပြန်လည်ကျင့်ကြံခြင်း သုံးကြိမ်သုံးခါ ပြုလုပ်ပြီးသည့်နောက် လူတစ်ယောက်သည် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ချေ ငါးဆယ်ရာခိုင်နှုန်းထိ ရှိနိုင်လာသည်။
ဟန်လိသည် သူ၏ကျင့်ကြံမှုကို အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်မှ ပြိုကွဲစေမည့်အစား အလယ်အဆင့်တွင် မမျှော်လင့်ဘဲ ပြန့်ကြဲစေခဲ့သော်လည်း သူသည် နည်းနည်းလေးမျှ အရေးမစိုက်ပေ။ သူ့အဖို့ ထိုမျှလောက် ကွာဟချက်က အနှစ်သာရသိပ်သည်းခြင်းအဆင့်အနည်းငယ်သာ ကွာခြားချက် ရှိမည်ဟု ထင်သည်။ သည်ပညာရပ်၏ အဓိက သဘောတရားမှာ အစစ်အမှန်အနှစ်သာရကို ဗဟိုချက်၌ သိပ်သည်းခြင်းနှင့် အထည်ဒြပ်ဖြစ်စေခြင်း ဖြစ်၍ သူ့အနေဖြင့် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်တွင် နောက်ထပ်နှစ်ကြိမ် သူ့ကျင့်ကြံမှုကို ပြန့်ကြဲစေမည်ဆိုလျှင်လည်း ပြဿနာကြီးကြီးမားမား မဖြစ်နိုင်လောက်ပေ။
အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်း ပညာရပ်ကို စိတ်သပ်သပ်ဖြင့် လပေါင်းများစွာ လေ့လာခဲ့ပြီးသည့်နောက်မှာ သူ့အနေဖြင့် ၎င်းပညာရပ်ကို အပြည့်အဝ နားလည်သဘောပေါက်ခဲ့လေပြီ။ သူက လျှို့ဝှက်ခန်းထဲသို့ ဆေးလုံးမြောက်များစွာဖြင့် ဝင်လာခဲ့သည်။
သူသည် သည်ကျင့်ကြံခြင်းပညာရပ်၏ ပထမအဆင့် ဆင့်ကဲတိုးတက်ခြင်း မပြီးမချင်း၊ မိုးပြဓားအနှစ်သာရ ပညာရပ်၏ အဆင့်ခြောက်သို့ မရောက်မချင်း တံခါးပိတ်ကျင့်ကြံနေရာကနေ မထွက်တော့ဟု ခိုင်မာစွာ ဆုံးဖြတ်ထားသည်။
ဟန်လိ၏ စိတ်ဝိညာဉ်အာရုံနှင့် ခုချိန်မှာ လုံးဝ ပေါင်းစပ်နေပြီ ဖြစ်သော ဝိညာဉ်သေအတွက်ကိုတော့ ဟန်လိသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးများကို ကြိုပြင်ဆင်ပေးထားခဲ့သည်။ ဝိညာဉ်သေသည် ဒြပ်စင်သုံးခုနှင့် စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားသည်ဖြစ်၍ သူက ဟန်လိကဲ့သို့ ဒြပ်စင်လေးခု ပိုင်ဆိုင်သော တနည်းအားဖြင့် အတုအယောင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူထက် ပါရမီများစွာ ပိုကောင်းနေသည်။ သို့ဖြစ်၍ ဝိညာဉ်သေ၏ ကျင့်ကြံမှုမှာ ဆေးလုံးများ၏ အကူအညီဖြင့်ဆို အဆများစွာ မြန်ဆန်မည် ဖြစ်ရာ ဟန်လိ၏ ကျင့်ကြံမှုအမြန်နှုန်းထက် နှေးလေမည် မဟုတ်။
ဟန်လိ၏ မှန်းဆချက်အရ ၎င်းအဖို့ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ဖို့ နှစ်နှစ်လောက်သာ ကြာနိုင်လိမ့်မည်။
ထို့အပြင် ဟန်လိသည် ဝိညာဉ်သေ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက် ကျင့်ကြံနိုင်ရန် အင်ပါယာယွဲ့ထံမှ ရခဲ့သော ကျောက်စိမ်းပြားထဲမှ နတ်သွေးအလင်း မိစ္ဆာပညာရပ်ကို ရွေးထား၏။ တကယ်တော့ ဟန်လိသည် အင်ပါယာယွဲ့ထံကနေ သည်မိစ္ဆာပညာရပ်၏ ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခဲ့သည် မဟုတ်လား။
ထိုပညာရပ်က အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများအတွက် လုံလောက်အောင် အစွမ်းထက်၊ မထက်ကိုတော့ ဟန်လိသည် စိတ်ထဲ အများကြီး ထားမနေပေ။ အကြောင်းမှာ ဝိညာဉ်သေသည် မိစ္ဆာအမြုတေကို ဖွဲ့စည်းပြီးခဲ့လျှင် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်တွင်သာ ထာဝရ ရှိနေတော့မည် ဖြစ်သောကြောင့်တည်း။
ဟန်လိ၏ ကျင့်ကြံမှု အချိန်အပိုင်းအခြား ကာလမှာ အမှန်တကယ် ရှည်ကြာလေတော့မည်။
ကျင့်ကြံခြင်းသည် အချိန်မဲ့၏၊အဆုံးမဲ့၏ ဆိုသော အများပြောနေကြ ဆိုရိုးအတိုင်းသာ။ မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းနှစ်ဆယ်ကျော် ကုန်လွန်သွားခဲ့လေပြီ။
ထိုမျှ ရှည်လျားသော နှစ်ကာလများအတွင်း ဟန်လိသည် သူ၏ အင်မောတယ်လှိုဏ်ဂူထံမှ ခြေတစ်လှမ်းပင် မထွက်ခဲ့၊ ကျွန်းဒေသခံများရှေ့သို့လည်း သူ့ကိုယ်သူ မဖော်ပြခဲ့ပေ။ ဟန်လိသည် အစွယ်အပွားကျွန်းသို့ ရောက်လာသည့်အချိန်မှစ၍ သည်ကျွန်းဒေသခံများအပေါ် ဘာမျှ သက်ရောက်မှု မရှိဟု ပြော၍ ရနိုင်သည်။ သူတို့က ငါးဖမ်းချင်လျှင် ငါးဖမ်း၊ လယ်စိုက်ချင်လျှင် လယ်စိုက်၊ သူတို့၏ လုပ်ရိုးလုပ်စဉ် အလုပ်များကို သူ မရောက်ခင်ကကဲ့သို့ လုပ်နိုင်ကိုင်နိုင် ကြသည်။
ဒေသခံများသည် သူတို့၏ မူလတောင်နှစ်လုံးမှာ အခုအခါ၌ ထူထဲသော အဖြူရောင်မြူများဖြင့် ခြုံလွှမ်းထားသည့်အပေါ် အတော်လေး မသက်မသာ ဖြစ်ခဲ့ကြသည်။ သို့သော် အချိန်ကာလ ကြာလာသည်နှင့် ဒေသခံရွာသားများသည် ထိုမြင်ကွင်းနှင့် အသားကျသွားကြကာ မည်သူကမျှ သည်မြူများကို အရေးအယူလုပ်ကာ သတိပြုမနေကြတော့ပေ။
သို့ပေမည့် ရွာအကြီးအကဲကတော့ ရွာ၏ ကလေးများကို ထိုတောင်တန်းနှစ်ခု၏ မြူများနား မည်သည့်အခြေအနေတွင်ဖြစ်ဖြစ် မသွားရောက်ကြရန် အထပ်ထပ် မှာကြားထားသည်။ အကြောင်းမှာ တစုံတယောက်သည် ထိုမြူများကြားထဲ ဝင်သွားမိသည်နှင့် ရက်များစွာ ပိတ်မိနေပြီး ‘အင်မောတယ်အရှင်ဟန်’ဟု အကြိမ်ကြိမ် အော်ခေါ်မှသာ ထွက်လမ်းတစ်ခုကို ရှာတွေ့နိုင်သည်။ ယင်းသို့သော ကိစ္စများ လေးငါးကြိမ်လောက် ဖြစ်ပွားခဲ့ပြီးနောက် ရွာသားများသည် အင်မောတယ်ဟန်သည် တခြားသူများက သူ့ကို နှောက်ယှက်တာ သဘောမကျကြောင်း နားလည်သွားသည်။
ထင်းခွေ၊ သစ်သီးရှာတာကလွဲ၍ မည်သူကမျှ အစွယ်အပွားတောင်များ၏ အနီးအနားသို့ မသွားကြတော့ပေ။
ကျွန်း၏ အကာအကွယ်အစီအရင်အတွက် အသုံးပြုရသော နှစ်စဉ် စိတ်ဝိညာဉ်ကျောက်တုံးများအတွက်ကတော့ ရွာသားများသည် တောင်များ ရှိရာစီ အကြိမ်အနည်းငယ်လောက် ခပ်ကျယ်ကျယ် အော်ပြောရုံဖြင့် အဖြူရောင်မြူများထံမှ နှစ်စဉ်စိတ်ဝိညာဉ်ကျောက်တုံးပမာဏတစ်ခုက ပျံသန်းထွက်လာခဲ့သည်သာ။
သည်နှစ်နှစ်ဆယ်အတွင်း မူလရွာအကြီးအကဲမှာ ကွယ်လွန်သွားခဲ့ပေပြီ။ ခုလက်ရှိ ရွာလူကြီးမှာ ဟန်လိ သည်ကျွန်းကို စစရောက်တုန်းက တွေ့ခဲ့ဖူးသော မျက်နှာမည်းမည်းနှင့် ငါးဖမ်းသမား ဟိုင်းကွေး ဖြစ်၏။
ထိုသို့ဖြင့် ကျွန်း၏ ဒေသခံများသည် အင်မောတယ်ဟန်အပေါ် သစ္စာရှိလှကြသည် မဟုတ်။ သူတို့က သူနှင့် ပတ်သတ်ပြီး အထင်အမြင်ပါ သေးနေသေးသည်။
ယနေ့။
ဟန်လိသည် သူ၏ အင်မောတယ်လှိုဏ်ဂူထံမှ လှမ်းထွက်လာချေ၏။