အလှလေးနှစ်ယောက်
Vol. 27 Ch. 375
မာကြောကြယ်ကျွန်း၏ ဆိပ်ကမ်းသည် အရင်တုန်းကကဲ့သို့ အသက်ဝင်နေတုန်းသာ။ အရွယ်စုံဆိုဒ်စုံ သင်္ဘောကြီးငယ်များစွာသည် ဆိပ်ကမ်းနားမှာ ရှိနေကြသည်။ ပင်လယ်သို့ ထွက်သည့် သင်္ဘောများကထွက်၊ ကမ်းကပ်ထားသည့် သင်္ဘောများက ကမ်းကပ်ထားလျက်။ ကောင်းကင်ထက်တွင်လည်း အရောင်မျိုးစုံ တောက်ပလျက်။ ကျင့်ကြံသူများ ပျံသန်းနေကြတာပင်။ အောက်ဘက်ရှိ သေမျိုးများအဖို့ သည်မြင်ကွင်းမှာ မထူးခြားတော့၊ အသားကျနေလေပြီ။
ယနေ့တွင်တော့ အဖြူရောင်အလင်းတန်းတစ်ခုသည် လျင်မြန်လှသောနှုန်းဖြင့် ကျွန်းထံ ပျံသန်းလာသည်။ ၎င်းအလင်းသည် ဆိပ်ကမ်းနားမှာ ခဏရပ်ပြီးနောက် ကျွန်း၏ အတွင်းပိုင်းသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ ယင်းအဖြူရောင်အလင်းအတွင်း၌ လူနှစ်ယောက် ရှိနေသည်။ သူတို့မှာ အခြေခံတည်ဆောက်ခြင်းအထွတ်အထိပ်မှော်စွမ်းအားနှင့် ဟန်လိရယ်၊ ဆေးလုံးများစွာ၏ အကူအညီကြောင့် သူနှင့် ကျင့်ကြံခြင်းအဆင့်တူသော ဝိညာဉ်သေတို့ပင်။ ဟန်လိသည် အနှစ်သာရသုံးခုဆင့်ကဲတိုးတက်ခြင်း ပထမအဆင့်ကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။
နှစ်ပေါင်းနှစ်ဆယ်ကျော် သူ၏ အစစ်အမှန်အနှစ်သာရကို သိပ်သည်းစေပြီးနောက်မှာ ဟန်လိ၏ ကျင့်ကြံမှုသည် သူနှင့် အဆင့်တူသူများထက် ပို၍ သန့်စင်၊ ပို၍ နက်ရှိုင်းခဲ့လေပြီ။ ဝိညာဉ်သေအတွက်လည်း ဟန်လိမှာ ကျေနပ်ရလေ၏။ ၎င်းသည်လည်း သူ့ကျင့်ကြံမှုအဆင့်ကို အမှီလိုက်နိုင်ခဲ့သည် မဟုတ်လား။
ဝိညာဉ်သေအတွက် မိစ္ဆာအမြုတေ ဖွဲ့စည်းဖို့ရာမှာ ပါဝင်အမယ်များ လိုအပ်ခြင်းကြောင့်သာ မဟုတ်ပါက ဟန်လိသည် အစွယ်အပွားကျွန်းရှိ သူ၏ အင်မောတယ်လှိုဏ်ဂူကနေ ထွက်လာခဲ့မည် မဟုတ်ပေ။
ထွက်လာဖြစ်မှတော့ ဟန်လိသည် အရင်တုန်းက အရှင်ကူး ကတိပေးထားသော စိတ်ဝိညာဉ်ကျောက်တုံးများကို သွားယူပြီး သူ၏ ကိစ္စများကို ကိုင်တွယ်ပြီးလျှင် သူက အစွယ်အပွားကျွန်းသို့ တန်းတန်းမတ်မတ် ပြန်မည်သာ။ သူ၏ ကျင့်ကြံမှု၌ အရေးကြီးသော အခြေအနေတွင် ရှိနေသဖြင့် ဟန်လိမှာ ဘာတစ်ခုမျှ အနှောက်အယှက် ဖြစ်ခံမည် မဟုတ်ချေ။
ထိုအတွေးဖြင့် ဟန်လိနှင့် ဝိညာဉ်သေတို့သည် မာကြောကြယ်ကျွန်း၏ အတွင်းပိုင်းထိ ပျံသန်းလာခဲ့သည်။ သူ့၌ စိတ်ဝိညာဉ်ကျောက်တုံး တချို့တလေ ရှိထားသည် ဖြစ်၍ သူ့အဖို့ ကူးအိမ်တော်ထံ အလျင်စလို သွားနေရန် မလိုသေးချေ။ အရင်ဆုံး သူက ကူးအိမ်တော် မသွားရောက်ခင် သည်ကျွန်းမှာ လှည့်ပတ်ကြည့်ရှုပြီး ပစ္စည်းတချို့တလေ ဝယ်ယူဦးမည်။
နာရီများစွာ ကြာပြီးနောက်မှာ ဟန်လိသည် မြို့နံရံကြီးတစ်ခုကို ဝါးတဝါး လှမ်းမြင်ရသည်။ သူသည် မာကြောကြယ်မြို့ကို အရင်တုန်းက မရောက်ဖူးသော်လည်း မြေပုံပေါ်ရှိ အမှတ်အသားများအရ သူ မြင်ရသော မြို့၏ အရှိန်အဝါကြောင့် အနှီမြို့မှာ မာကြောကြယ်မြို့မှန်း သံသယဝင်နေရန် မလိုတော့ပါ။ ရုတ်တရက် ဟန်လိက နတ်လေလှေပေါ်တွင် ခြေစောင့်နင်းကာ အောက်သို့ သက်ဆင်းရန် ဟန်ပြင်သည်။ သို့ပေမည့် ဟန်လိကို အံ့အားသင့်သွားစေသည်မှာ ချခင်းထားသော အတားအဆီးတစ်ခုကို ဖြတ်သန်းလိုက်ရခြင်းပင်။ သည်မြို့မှာ မာကြောကြယ်ကျွန်း၏ အကြီးဆုံးမြို့ဟု ခေါ်ဖို့ရာ ထိုက်တန်၏။ မြို့နှင့် အဝေးထိ ကောင်းကင်တခွင်မှာ ကြီးမား ကျယ်ပြန့်သော အတားအဆီးတစ်ခု ရှိနေသည် မဟုတ်လား။
အမှန်တော့ ဟန်လိ၏ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ဖြင့် သူသည် ၎င်းအတားအဆီးများကို လွယ်လင့်တကူ ချိုးဖျက်ကာ သူ့လမ်းကိုသူ ဆက်နိုင်သည်။ အများဆုံးမှ မှော်စွမ်းအားနည်းနည်းလောက် အသုံးပြုလိုက်ရုံသာ။ သို့သော် ဟန်လိသည် အာရုံစိုက်တာ မခံချင်ပေ။ ထိုအစား သူသည် သူ၏ နတ်လေလှေကို ရှေ့အဆုံးနားထိ ဆက်သွားစေပြီးမှ ဖြည်းဖြည်းချင်း ဆင်းသက်စေသည်။
ဟန်လိနှင့် ဝိညာဉ်သေတို့သည် နတ်လေလှေပေါ်က တည်တည်ငြိမ်ငြိမ် ဆင်းလာကြသည်။ နတ်လေလှေကို သူ၏ သိုလှောင်အိတ်ထဲ သိမ်းဆည်းပြီးနောက်မှာ ဟန်လိသည် အကွာအဝေးတစ်ခုတွင် ရှိနေသော မြို့ကြီးကို လှမ်းကြည့်သည်။ ယင်းနောက် သူက ထိုမြို့ထံ အေးအေးဆေးဆေး လျှောက်လာသည်။
မာကြောကြယ်မြို့သည် အရှေ့ကျောက်တုံးမြို့ထက် လေးဆမျှ ပိုကြီးမားပေသည်။ ဟန်လိသည် သည်မြို့ထဲရှိ လမ်းတချို့ပေါ် လျှောက်လာနေရင်း လမ်းများမှာ ရထားလုံးများ ဘေးချင်းယှဉ်သွား၍ရလောက်သည့်အထိ အကျယ်ရှိကြောင်းကို သတိပြုမိသည်။
တအောင့်အကြာတွင် ဟန်လိသည် ကောင်းကင်မြို့တော်ဈေး၏ တည်နေရာကို သေမျိုးတစ်ယောက်ကို မေးမြန်းကြည့်သည်။ ထို့နောက် သူနှင့် ဝိညာဉ်သေတို့သည် မြို့၏ မြောက်ပိုင်းသို့ ဦးတည်လာကြသည်။
“ဒါက ကောင်းကင်မြို့တော်ဈေးတဲ့လား…” ဟန်လိသည် သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ အံ့အားတသင့် ဖြစ်သွားမိ၏။
သူသည် မာကြောကြယ်မြို့၏ မြောက်ပိုင်းတခုလုံးကို သိပ်သည်းထူထဲသောမြူအရံအတားဖြင့် ဖုံးအုပ်ထားတာကို မြင်လိုက်ရပေသည်။ အနည်းဆုံးတော့ သည်မှာ လမ်းပေါင်းတစ်ရာလောက် ရှိချေလိမ့်မည်။
ဟန်လိကို အံ့အားအသင့်စေဆုံးကတော့ မြို့မြောက်ပိုင်း၏ အလယ်ဗဟိုတွင် လေထဲရှိ မီတာတစ်ရာလောက်တွင် မြောလွင့်တည်ရှိနေသော အဆောက်အဦကြီးတစ်ခုသာ။ ထိုအဆောက်အဦသည် အစိမ်းရောင်ဖြည့် ထည်ဝါခမ်းနားလှပြီး တဖိန့်ဖိန့် တောက်ပနေလျက် ရှိသည်။ မျက်စိပဒေသ ဖြစ်လှ၏။
ဟန်လိသည် နေရောင်ခြည်အလင်း ပြန်နေသော ထိုအဆောင်အဦကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူသည် ထိုအဆောက်အဦမှာ မည်သည့်အတွက်ကြောင့် လေထဲတွင် မြောလျက် တည်ရှိနေမှန်းကို မသိသော်လည်း ၎င်းမှာ မြင်ရခဲသော မြင်ကွင်းတစ်ခုဟု သူ ခံစားမိ၏
ထိုအခိုက်တွင် ဟန်လိ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ရုတ်တရက် သူက သူ့စိတ်ဝိညာဉ်ချီကို ထိန်းချုပ်လိုက်ပြီး ချီစုဆောင်းခြင်းအဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်အဖြစ် ရှိစေသည်။ တအောင့်အကြာတွင် ဟန်လိသည် သူ၏နောက်မှ ခြေသံများကို ကြားရ၏။
သာယာကြည်မွေ့သော အမျိုးသမီးတစ်ယောက်၏ အသံလည်း သူ့နောက်မှ ထွက်ပေါ်လာသည်။
“စီနီယာနဲ့ တာအိုရောင်းရင်းတို့ဟာ ကောင်းကင်မြို့တော်ဈေးကို ခုမှ ပထမဆုံး ရောက်ဖူးတာလား။ အိပ်မက်တိမ်အဆောက်အဦကို ပထမဆုံး မြင်ဖူးတဲ့ ကျင့်ကြံသူတွေဟာ အချိန်အတော်ကြာတဲ့အထိ တုန်လှုပ်မင်သက် ဖြစ်ကြရတာပါပဲ…”
ထိုအမျိုးသမီး၏ အသံမှာ ကျေးငှက်တေးသီသံနှယ် သာယာတာတော့ အမှန်သာ။ ဟန်လိ နောက်သို့ လှည့်ကြည့်သည်။ အမျိုးသားသုံးယောက်နှင့် အမျိုးသမီးသုံးယောက်တို့မှာ သူနှင့် ခြေဆယ့်နှစ်လမ်းအကွာတွင် ရပ်နေတာကို မြင်သည်။
အမျိုးသမီးနှစ်ယောက်သည် အတော်လေးကို စွဲဆောင်မှုရှိကာ လှပ၏။ နီရဲရဲ ဝတ်စုံကို ဝတ်ထားလျက် ရှိ၏။ ထိုဝတ်စုံတို့က ဖြူဖွေးသန့်စင်သော သူမတို့၏ လက်မောင်းသားနှစ်ဖက်နှင့် ပြစ်မျိုးမှဲ့မထင် ခြေအောက်ပိုင်းအလှတို့ကို ဖော်ကျူးလှစ်ဟနေပေသည်။
သို့သော် မျက်စိဖမ်းစားအနိုင်ဆုံးကတော့ သူမတို့၏ နဖူးနှင့် လက်ကောက်ဝတ်တို့တွင် ဝတ်ထားသော ရွှေရောင်တောက်တောက်သိုင်းကြိုးများပင်။
အမျိုးသားသုံးယောက်ကတော့ သာမန်သွင်ပြင်သာ။ သူတို့ထဲမှ တစ်ယောက်ဆို မျက်နှာတွင် ကျောက်ပေါက်မာများဖြင့်ပင် ပြည့်နေသေးပြီး ရုပ်ဆိုးသည်ဟုပင် ပြော၍ ရသည်။ ထိုငါးယောက်မှာ ချီစုဆောင်းခြင်းအဆင့်တစ်ဆယ်လောက်မှာ ရှိကြသည်။
ထိုငါးယောက်အုပ်စုထံ လှမ်းကြည့်ပြီးနောက်မှာ ဟန်လိသည် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
“တာအိုရောင်းရင်းတို့က ဘာကိစ္စများလဲ…”
“ဒီမိန်းမလှလေးက ကျမရဲ့ သူငယ်ချင်းကောင်းပါ။ ကျမတို့ဟာ အနီးအနားကျွန်းက လေလွင့်ကျင့်ကြံသူတွေပါ။ ဒီကျွန်းမှာ တခြားကျွန်းက ရှားပါးသတ္တုအမယ်တွေ ဒီကနေ့ ရောင်းချယ်မယ်လို့ ကျမတို့ ကြားသိခဲ့ရပါတယ်။ ဒီသုံးယောက်ကတော့ ကျမတို့ လမ်းမှာ စုံခဲ့တဲ့ တာအိုရောင်းရင်း သုံးယောက်ပါ။ ကျမတို့က အတူတူ ဒီကို လာကြည့်ကြတာပါ…”
ထိုသို့ ပြောလာသူမှာ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းမလှတစ်ယောက် ဖြစ်သည်။ သူမက ဟန်လိနှင့် ဝိညာဉ်သေတို့ကို စူးစမ်းသည့်အကြည့်ဖြင့် ပြည့်နေပြီး ပြောဆိုနေရင်းကနေ ပြုံးနေလျက် ရှိသည်။ သူမ၏ အသံအရ အစောပိုင်းတုန်းက စကားပြောခဲ့သော တစ်ယောက် ဖြစ်ပုံ ရသည်။
သူမ၏ ဘေးရှိ အမျိုးသမီးကမူ အံ့ဩထိတ်လန့်ဖွယ်ကောင်းလောက်အောင် လှရက်သည်။ သူမ၏ အသားအရေမှာ နှင်းထက်ပင် နူးညံ့ဦးမည်၊ ဖြူစင်ဦးမည်။ သူမ၏ ချပ်ချပ်ရပ်ရပ် ဝတ်ထားမှုကြောင့် သူမ၏ ကျက်သရေရှိလှပြီး ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ်အလှကို ဖော်ကျူးနေလေ၏။ သူမကို မြင်ရသော ယောက်ျားသားတို့အဖို သတွေးအလိုလို မျိုချမိသွားနိုင်သည်။ သူမက အမှန်တကယ်ပင် ပြည်လုံးခြုံ အလှ၊ နိုင်ငံကျော်အလှကို ပိုင်ဆိုင်ထားသူလေးသာ။
သို့သော် ထိုအမျိုးသမီးက ဟန်လိကို မကြည့်။ သူမ၏ ရွှန်းလဲ့လှပသော မျက်လုံးတို့က ဝိညာဉ်သေထံသာ ကျရောက်နေသည်။ သူမ၏ နတ်သမီးလေးနှယ် လှပသော မျက်နှာထက်တွင် ထိတ်လန့်အံ့အားသင့်ဟန် ပေါ်နေလျက်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲကနေ မျက်မှောင်ကြုံ့သွားသည်။
ဟန်လိသည် သူ၏ ကျင့်ကြံမှုအမှန်ကို ဖုံးကွယ်ထားသော်လည်း ဝိညာဉ်သေကတော့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူအဖြစ် ပွင့်လင်းမြင်သာစွာ ရှိနေပေ၏။ ဟန်လိ၏အထင် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်က သူနှင့်အတူ ရှိနေခြင်းဖြင့် သူသည် ပြဿနာတော်တော်များများကို ရှောင်နိုင်လိမ့်မည် သူ့အပေါ် မကောင်းပစ်မှတ်ထားတာမျိုးကို ရှားနိုင်လိမ့်မည် ဟူ၍ပင်။ ဝန်ခံရပါက ဝိညာဉ်သေကဲ့သို့ ခွန်အားမျိုး ပိုင်ဆိုင်ထားသူမှာ နည်းနည်းတော့ အာရုံစိုက်ခံရနိုင်သည်ပင်။
ထိုအတွေးဖြင့် ဟန်လိသည် ပြောလိုက်၏။
“ကျုပ်တို့က ရောင်းရင်းတို့ အမြင်မှာ ရယ်စရာများ ဖြစ်နေပြီလား။ ကျုပ်ကတော့ ဟန်လိပါ။ သူကတော့ ကျုပ်ရဲ့ သိုင်းဦးလေးဝိညာဉ်သေပါ။ ကျုပ်တို့က ကောင်းကင်မြို့တော်ဈေးကို ခုမှ ပထမဆုံး ရောက်ဖူးတာပဲ…”
နတ်သမီးကဲ့သို့ အမျိုးသမီးသည် စွဲဆောင်မှုရှိလှစွာ တခစ်ခစ်ရယ်မောလျက် ပြောလာ၏။
“ကျမ ပြောလိုက်တဲ့အတိုင်းပေါ့။ ဒါဆို စီနီယာဝိညာဉ်သေနဲ့ ရောင်းရင်းဟန်တို့ဟာ အိပ်မက်တိမ်အဆောက်အဦကို ခုမှ ပထမဆုံး မြင်ဖူးကြတာ မလား။ မဟုတ်ရင် ဘယ် ရပ်ကြည့်နေပါ့မလဲ။ ကျမတို့ အတူတူ သွားကြရင် ကောင်းမလား။ စီနီယာအစ်မနဲ့ ကျမတို့က ရှင်တို့ကို ဒီဈေးရဲ့ ဆိုင်ခန်းတော်တော်များများကို မိတ်ဆက်ပြောပြ ပေးနိုင်ပါတယ်။ ကျမတို့က မာကြောကြယ်ကျွန်းရဲ့ ဒေသခံတွေ မဟုတ်ပေမယ့်လည်း ဒီကောင်းကင်မြို့တော်ဈေးကို တစ်ကြိမ်မက လာလည်ပတ်ဖူးတယ်။ ဒါ့ကြောင့် ဒီဈေးအကြောင်း ကျမတို့ ကောင်းကောင်း သိပါတယ်…”
ပြိုင်ဘက်ကင်းအလှနှင့် ယွမ်ယောင်ဆိုသော မိန်းကလေးကတော့ စွဲဆောင်မှုရှိလှစွာ ပြုံး၍ ယောက်ျားသားများ မငြင်းဆန်နိုင်လေမည့် လေသံဖြင့် ပြောလာသည်။
“ဒါပေမဲ့ စီနီယာဝိညာဉ်သေကသာ အဆင်ပြေမယ်ဆို ကျမတို့ညီအစ်မက စီနီယာအတွက် လမ်းညွှန်ပြသပေးမှာပေါ့။ ဒီလိုဆို ရှင်တို့ ဝယ်ချင်တဲ့ ပစ္စည်းအမယ်တွေကို ရှာဖို့အတွက် အချိန်ကုန်တာ သက်သာသွားမှာပဲ…”
ထိုစကားကို ကြားသည့်အခါ သူမတို့နှင့် အတူတူ လာခဲ့သော အမျိုးသားကျင့်ကြံသူသုံးယောက်သည် မျက်နှာပျက်သွားကြလေသည်။ သို့ပေမည့် ဝိညာဉ်သေမှာ အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာ ဖြစ်နေ၍ သူတို့သည် ငြိမ်သက်စွာသာ ဆက်ရှိနေရသည်။
ဟန်လိမှာ မင်သက်သွားမိ၏။
ဤသည်မှာ မိန်းမလှများက သူ့ကို အတူတူ သွားဖို့လာဖို့ ပြောလာတာ ပထမဆုံးအကြိမ်ပင်။ သို့ပေမည့် သူတို့နှစ်ယောက်သည် ဝိညာဉ်သေ၏ နက်နဲသော ကျင့်ကြံမှုကိုသာ စိတ်ဝင်စားနေပုံ ရသည်။
သူသည် ထိုအမျိုးသမီးနှစ်ယောက်၏ စိတ်ထဲ၌ မည်သည့်အတွေးတို့ ရှိနေမှန်း သိရသော်လည်း ခုလောက်လှပသော မိန်းမလှနှစ်ယောက်နှင့် အတူတူသွားဖို့လာဖို့တော့ စိတ်မကူးထားပေ။
ဤသို့ဖြင့် ဟန်လိသည် ဝိညာဉ်သေကို တိတ်တဆိတ် ထိန်းချုပ်၍ ကြမ်းရှရှလေသံဖြင့် စကားပြောစေလိုက်သည်။
“မလိုဘူး။ ကျုပ်က လူအများကြီးနဲ့ အတူတူ ရှိရတာကို သဘောမကျတတ်ဘူး။ သိုင်းတူလေးဟန်…ကျုပ်တို့ ကိုယ့်လမ်းကိုယ်ပဲ ဆက်သွားကြမယ်…”
ဝိညာဉ်သေသည် အားနာသည့်ဟန်ပေါက်နေသော ဟန်လိကို ဆွဲခေါ်ကာ အလင်းအရံအတားထံ ဦးတည်လှမ်းသွားပြီး ထိုအမျိုးသမီးနှစ်ယောက်နှင့် စကားဆက်မပြောချင်ကြောင်းကို ပြသလေသည်။
ဝိညာဉ်သေသည် လွှမ်းမိုးမှုအပြည့်ဖြင့် ထွက်သွားသည့်အခါ မိန်းမလှနှစ်ယောက်မှာ မင်သက်စွာ ကျန်ခဲ့လေ၏။ သူတို့သည် စိတ်ပျက်လက်ပျက် ဖြစ်သွားကြစဉ် အမျိုးသားသုံးယောက်ကတော့ စိတ်အား တက်ကြွလာပြီး စိတ်ထဲကနေ အတော်လေး ကြိတ်ပျော်နေကြသည်။
“တို့လည်း သွားကြမယ်လေ။ အဲ့စီနီယာဟာ ထူးခြားတဲ့ စိတ်နေစရိုက်ရှိတဲ့ အမျိုးသားတစ်ယောက် နေမှာပေါ့။ ကျုပ်တို့ဘာသာ သွားတာပဲ ပိုကောင်းပါတယ်…”
ကျောက်ပေါက်မာနှင့် အမျိုးသးက ထိုသို့ ဝင်ပြောကာ အမျိုးသမီးနှစ်ယောက်ကို မျက်နှာလို မျက်နှာရ လုပ်၏။
အလှလေးနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ အတင်းအားတင်းပြုံး၍ သဘောတူလိုက်ကြပြီး အလင်းအရံအတားထံ ပေါ့ပေါ့ပါးပါး ခြေလှမ်းကာ ဝင်ရောက်လာသည်။
ဟန်လိနှင့် ဝိညာဉ်သေတို့သည် ဈေးလမ်းများအတိုင်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့လေပြီ။ အမျိုးသမီးနှစ်ယောက်က ထိုသည်ကို မြင်သည့်အခါ အကူအညီမဲ့ဟန်ဖြင့် အနီးအနားရှိ ကြုံရာဆိုင်ခန်းတစ်ခုထံ ဝင်လိုက်ကြသည်။