ဝိညာဉ်နှင်းရေနှင့် ကောင်းကင်မီးရည်
Vol. 27 Ch. 376
ထိုအမျိုးသမီးနှစ်ယောက်နှင့် သူတို့ကို မခွဲချင်၍ နီးနီးကပ်ကပ် လိုက်ပါလာသော အမျိုးသားသုံးယောက်တို့သည် ဆိုင်ထဲ ဝင်သွားသည့်အခါ ဟန်လိနှင့် ဝိညာဉ်သေတို့သည် အဆောက်အဦတစ်ခု၏ နောက်ကွယ်၌ ပေါ်လာသည်။ ထိုအမျိုးသမီးနှစ်ယောက်သည် ဆိုင်ထဲ ဝင်သွားတာကို မြင်သည့်အခါ ဟန်လိသည် အတွေးများနေဟန် အမူအရာ ဖြစ်ပေါ်သည်။
အချိန်ခဏလောက် ကြည့်နေပြီးနောက်မှာ သူက ဝိညာဉ်သေကို နောက်ထပ်လမ်းတစ်ခုကို ခေါ်သွားလေ၏။
တချက်ကြည့်ရုံဖြင့် သည်နေရာတွင် ဆိုင်များစွာ ရှိနေပြီး အပြင်ဘက်မှ သေမျိုးဆိုင်များနှင့် ကွာခြားမှု မရှိလှပေ။ သည်နေရာရှိ ဆိုင်များသည် လမ်းမတဖက်တချက်စီတွင် စီတန်းတည်ရှိပြီး ဆိုင်းဘုတ်အမည် အမျိုးမျိုးဖြင့်ပင်။
ဟန်လိသည် ထိုဆိုင်များသို့ မဝင်ကြပေ။ ထိုအစား သူသည် ကောင်းကင်မြို့တော်ဈေး၏ ဗဟိုချက်နေရာထံ သွားဖို့သာ ရွေးချယ်၏။
ဟန်လိ၏ အတွေ့အကြုံများအရ ဆိုင်ကောင်းကြီးများသည် အကောင်းဆုံးဧရိယာ၌သာ တည်ရှိလိမ့်မည်။ အိပ်မက်တိမ်အဆောက်အဦ၏ အောက်ဘက်မှ ဆိုင်ကောင်းကြီးများ ရှိပါလိမ့်မည်။ ဟန်လိ နီးကပ်လာသည့်အခါ သူသည် ကောင်းကင်ထက်ရှိ ခမ်းနားစိတ်ကူးယဉ်ဖွယ်အဆောက်အဦကို ကြည့်၍ သူ့ခြေလှမ်းများကို ပိုသွက်သွက် လှမ်းမိသည်။
ထိုအခိုက်တွင် ကျင့်ကြံသူများကလည်း ဈေးလမ်းများအတိုင်း သွားလာနေကြလျက်။
တစ်ကီလိုမီတာအကွာအဝေးလောက် လျှောက်လာပြီးနောက်မှာ ဟန်လိသည် နေရာမှန်တစ်ခုကို ရှာတွေ့ပြီမှန်း သိလိုက်သည်။ သူက ဧကတစ်ဝက်လောက်ရှိသော ရင်ပြင်ကြီးတစ်ခုကို မြင်ရသည့်အခါ သူ့မျက်လုံးမှာ အရောင်တောက်သွားလေ၏။
ရင်ပြင်ကြမ်းပြင်တွင် အစင်းကြားများ ပါသော အဖြူရောင်ကျောက်စိမ်းများ ခင်းကျင်းထားသည်။ လှပသည့် မြင်ကွင်းတစ်ခုပင်။ ရင်ပြင်၏ ဗဟိုအလယ်နေရာတွင်တော့ ၎င်းအထက်၌ လွင့်မြောနေသော အိပ်မက်တိမ်အဆောက်အဦတစ်ခုကလွဲ၍ ဗလာကင်းမဲ့နေသည်။ ၎င်းအဆောက်အဦမှာ တံခါးတင်းကျပ်စွာ ပိတ်ထားပြီး လည်ပတ်သူများကို မဖိတ်ခေါ်ထားပေ။
ရင်ပြင်ပတ်ပတ်လည်ထံ နန်းတော်တမျှ အဆောက်အဦငယ် ခြောက်ခုလောက်သည် ဗဟိုချက်နေရာကနေ တူညီသော အကွာအဝေးမှာ ရှိနေသည်။ မည်သူကမျှ ရင်ပြင်ရှိ သည်ခြောက်ဆိုင်ကြားမှာ နေရာလာယူပြီး ဆိုင်မဖွင့်ဝံကြပေ။
လွင့်မြောနေသော အဆောက်အဦကို တချက်ကြည့်ပြီးနောက်မှာ ဟန်လိသည် မြေပြင်တွင် ရှိနေသော နန်းတော်ကဲ့သို့ အဆောက်အဦခြောက်ခုထံ အကြည့်ရောက်သွားသည်။
“တောင်တန်းပင်လယ်အဆောက်အဦ၊ ရေဖြူအဆောက်အဦ၊ ကျောက်စိမ်းနှောင်ကြိုး အဆောက်အဦ….”
ဟန်လိသည် ထိုဆိုင်များ၏ အမည်များကို ခပ်တိုးတိုး ရေရွတ်နေရင်း ယင်းအဆောက်အဦများထံ ဝင်ချည်၊ထွက်ချည် လုပ်နေကြသော အနီးအနားရှိ တခြားကျင့်ကြံသူများကို လေ့လာကြည့်နေသည်။ ဟန်လိသည် မြင့်မားသောအဆင့်အတန်းတစ်ခုဖြင့် ဆိုင်ထဲသို့ ဝင်ချင်နေသည်။
သို့သော် ခဏစည်းစားပြီးနောက်မှာ ဟန်လိသည် မျက်မှောင်ကြုံ့သွားပြီး စိတ်ထဲကနေ ကျိတ်၍ ကျိန်ဆဲမိသွားသည်။ ထို
ဟန်လိသည် ဆိုင်ခြောက်ဆိုင်ကို သေချာအာရုံစိုက်၍ စူးစမ်းကြည့်၏။ သည်တစ်ကြိမ်၌ သူသည် ထူးခြားတာတစ်ခုကို ရှာတွေ့သွားသည်။ ဆိုင်များ၏ ဆိုင်းဘုတ်အလံများမှာ တမူထူးပြီး လေးနက်သော အဓိပ္ပာယ်များ ရှိနေကြသည်။
တောင်တန်းပင်လယ်ဆိုင်၏ ဆိုင်းဘုတ်အလံတွင် ဒဏ္ဌာရီလာ အပြာရောင်သတ္တဝါတစ်ကောင်ကို ရေးထွင်းထား၏။ ရေဖြူဆိုင်တွင်မူ ရွှေရောင်ဓားငယ်တစ်လက်၊ ကျောက်စိမ်းနှောင်ကြိုးဆိုင်တွင်တော့ အစိမ်းရောင်မှိုတစ်ခုကို ရေးထွင်းထားသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် သူ တစ်ခုခုမှားနေသလို ခံစားမိသည်။
ဤသို့ တချက်တွေးမိသွားပြီးနောက်မှာ သူက အနီးဆုံးဆိုင်ဖြစ်သော ရေဖြူအဆောက်အဦထဲသို့ လှမ်းဝင်လာသည်။ ဝိညာဉ်သေသည် သူ၏နောက်မှ အသံတစက်မျှ မထွက်ဘဲ လိုက်ပါလာသည်။
ရေဖြူအဆောက်အဦ၏ ပင်မခန်းမထဲ ဝင်လာပြီးသည့်နောက်မှာ သည်နေရာမှာ မီတာရာချီလောက် ကျယ်ဝန်းတာ မြင်ရသည်။ အဖြူရောင်ကျောက်စိမ်းစင်တန်းများ ရှိ၏။ ၎င်းစင်များပေါ်၌ အရောင်စုံသော မှော်ပစ္စည်းများစွာ ခင်းကျင်းပြသထား၏။ သို့သော် သူက ခပ်သွက်သွက်သာ တချက်ကြည့်သည်။ ထိုပစ္စည်းများ၌ အကောင်းဆုံးမှ အဆင့်မြင့်မှော်ပစ္စည်းများသာ ဖြစ်မှန်း ဟန်လိက သိလိုက်သည်။ ယင်းတို့မှာ သူ၏ လိုအပ်ချက်ကို မပြည့်မှီနိုင်ပေ။
စင်မြင့်များ၏ ရှေ့တွင် မိုးပြာရောင်ဝတ်စုံဖြင့် ဆိုင်ဝန်ထမ်းငါးယောက် ရပ်နေကြပြီး သူတို့အားလုံးက မှော်ပစ္စည်းများကို ရွေးချယ်နေသော ကျင့်ကြံသူရှစ်ယောက်ကို အရေးပေးနေကြသည်။ သို့သော် ဟန်လိနှင့် ဝိညာဉ်သေတို့ ဝင်လာသည့်အခါ မျက်စိလျင်သော ဆိုင်ဝန်ထမ်းတစ်ယောက်က ဝိညာဉ်သေသည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်ကို သတိပြုမိသွားသည်။
သူက ဝိညာဉ်သေ၏ ကျင့်ကြံခြင်းကို အတိအကျ မသိနိုင်သော်လည်း တက်ကြွစွာဖြင့် အလျင်အမြန် ပြေးလာကြိုသည်။
ဝိညာဉ်သေကို ထုံးတမ်းအစဉ်အလာအတိုင်း ဂါဝရပြုပြီးနောက်မှာ သူက ပါးနပ်စွာ မေးလာသည်။
“စီနီယာ ဘာမှော်ပစ္စည်းကိုများ ဝယ်ချင်ပါသလဲ။ သာမန်မှော်ပစ္စည်းတွေကတော့ စီနီယာ့ အမြင်ကို တိုးနိုင်မှာ မဟုတ်တာ သေချာမှတော့ စီနီယာ့ကို ကျနော်က ဘေးအခန်းကို လိုက်ပို့ပေးရမလား။ ဆိုင်ရှင်မှာတော့ ထိပ်တန်းမှော်ပစ္စည်းအသစ်တချို့ ရှိထားပါတယ်။ ကျနော်တို့ သွားကြည့်ကြမလား…”
ဟန်လိသည် ထိုဝန်ထမ်းဖြစ်သူ၏ ပါးပါးနပ်နပ် စကားများကို ကြားသည့်အခါ မပြုံးမိဘဲ မနေနိုင် ဖြစ်ရသည်။
“လမ်းပြပါ…ကျုပ် တချက်လောက် သွားကြည့်မယ်…”
ဝိညာဉ်သေ၏ မော်ကြွားသောလေသံကို ကြားသည့်အခါ ထိုဝန်ထမ်းက ပို၍ ကျေနပ်သွား၏။ သူက ဟန်လိတို့နှစ်ယောက်ကို ပင်မအခန်းထဲကနေ ဘေးအခန်းသို့ ဖိတ်ခေါ်သည်။ ယင်းနောက် သူက ဆိုင်ရှင်ကို သွား၍ အကြောင်းကြားပေးမည်ဟု ဆိုကာ ထွက်သွားသည်။
သူ ထွက်သွားရုံရှိသေး လှပသောအစေခံကောင်မလေးတစ်ယောက်က ဟန်လိတို့အတွက် ထူးခြားသော သင်းရနံ့နှင့် လဘ္ဘက်ရည်နှစ်ခွက်ကို ယူလာပေးပြီး သူမ တိတ်တဆိတ် ပြန်ထွက်သွားလေသည်။ ဟန်လိလည်း အားနာပါနားနှင့် လဘ္ဘက်ရည်ခွက်ကို လှမ်းယူကာ မြည်းကြည့်လိုက်၏။ သို့သော် သိပ်မကြာခင်မှာ သက်လတ်ပိုင်းအရွယ်လူထူးခြားတစ်ယောက်က ရောက်လာသည်။
သူက ရွှင်လန်းတောက်ပစွာ ပြုံး၍ အခန်းထဲ ဝင်လာခဲ့၏။ သို့သော် ဝိညာဉ်သေ၏ ကျင့်ကြံမှု အတိမ်အနက်ကို မြင်သွားသည့်အခါ တုန်လှုပ်သွားဟန် ဖြစ်ပေါ်သွားပြီး အလျင်အမြန်ပင် ဝိညာဉ်သေကို ဂါဝရပြု နှုတ်ဆက်ကာ ပြောလေသည်။
“ရောင်းရင်းက အတုအယောင်အမြုတေအဆင့်ကို ရောက်နေလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ ဂုဏ်ယူပါတယ်။ ကျုပ်ကတော့ ဆိုင်ရှင် ကောလုပါ။ ရောင်းရင်းအနေနဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်ဖို့ ကျုပ် အနေနဲ့ အကောင်းဆုံး ဆန္ဒပြုပါတယ်…”
ထိုသူ၏ လေးနက်မှု၊ လေးစားမှု ဟန်အမူအရာအပေါ် ဟန်လိသည် မင်သက်အံ့အားသင့်သွားသည်။
ထိုခဏ၌ သူသည် အတွေးများစွာ ဖြတ်ပြေးသွားသည်။ ဟန်လိက ဝိညာဉ်သေကို စကားပြောခိုင်းလိုက်၏။ “တာအိုရောင်းရင်းကတော့ နောက်ပြီ။ အမြုတေဖွဲ့စည်းခြင်းကို ရောက်ဖို့ ဘယ်လိုလုပ် လွယ်ပါ့မလဲ။ တကယ်တော့ ကျုပ်က အဲ့ကိစ္စအတွက် ပြင်ဆင်ဖို့ လာခဲ့တာပဲ။ ဒါပေမဲ့လည်း ကျုပ်က ကောင်းကင်မြို့တော်ဈေးကို ခုမှ ရောက်လာတာ ဖြစ်တော့ ကျုပ် လိုအပ်တဲ့ ဝိညာဉ်နှင်းရေနဲ့ ကောင်းကင်မီးအရည်တို့ကို ဘယ်နေရာကို သွားရှာရမလဲ မသိဘူး ဖြစ်နေတယ်။ ရောင်းရင်းက ကျုပ်ကို အကြံတခုခု ပေးနိုင်မလား…”
ဝိညာဉ်သေက ထိုသို့ ဆိုသည်။ ယင်းထူးခြားသော သက်လတ်ပိုင်းလူမှာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်တွင် ရှိနေ၏။
ဆိုင်ရှင်ကောသည် ချက်ခြင်း ပြန်ဖြေသည်။
“ဟားဟား…ဒါက ပြဿနာ မရှိပါဘူး။ ကျုပ်တို့ရဲ့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ အပြန်အလှန် လေးစားမှု ရှိပြီးသားပါ။ ကျောက်စိမ်းနှောင်ကြိုးဆိုင်ရဲ့ ရောင်းရင်း ချူယောင်ရှိကနေ ရောင်းရင်းလိုချင်တဲ့ မှော်ပစ္စည်းတွေကို ပို့ခိုင်းလိုက်ပါ့မယ်…”
ပြောပြောဆိုဆိုဖြင့် သူက အသံပို့လွှတ်ခြင်းအဆောင်ကို ထုတ်ကာ စကားတချို့ ပြော၍ ၎င်းကို ပစ်လွှတ်လိုက်သည်။ ထိုအဆောင်သည် အနီရောင်အလင်းအဖြစ်သို့ ပြောင်းကာ အခန်းထဲကနေ ပျံသန်းထွက်သွားလေ၏။
ယင်းနောက် ဆိုင်ရှင်ကောသည် ဝိညာဉ်သေနှင့် စကားစမြည် ပြောနေသည်။ သူက ဝိညာဉ်သေ၏ ဇစ်မြစ်နှင့် အဆက်အသွယ်များကို မေးမြန်းကြည့်နေတာ ဖြစ်၏။
သို့သော် ဟန်လိသည် သူ ခုမှ တွေ့သည့် သူစိမ်းတစ်ယောက်ကို ထိုသို့သော လျှို့ဝှက်ချက်များ ပြောပြဖို့မှာ မဖြစ်နိုင်ပေ။ သူက ဝိညာဉ်သေကို သည်ကျွန်းပေါ်သို့ ခုမှ ရောက်လာသော ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း၊ သည်ကျွန်းပေါ်မှာ မထင်မှတ်ဘဲ သူ၏ သိုင်းတူလေးဖြစ်သော ဟန်လိနှင့် လာဆုံ၍ မာကြောကြယ်ကျွန်းပေါ်တွင် အချိန်တစ်ခုကြာ နေထိုင်ဖို့ ဆုံးဖြတ်ထားကြောင်းကိုသာ ပြောခိုင်းလိုက်သည်။
ဆိုင်ရှင်ကော၏ အပြုံးက ပို၍ ပီပြင်လာသည်။ သူ၏ ဖော်ရွှေမှုက အဆင့်တစ်ခုထိ ရောက်လာသဖြင့် ဟန်လိအဖို့ လက်ခံနိုင်ရန်ပင် ခက်ခဲလာသည်။ ဟန်လိ၏ စိတ်ထဲ သံသယများစွာ ဖြစ်ပေါ်နေစဉ် မုတ်ဆိတ်ဗရပွနှင့် မိုးပြာရောင်ဝတ်စုံဖြင့် ကျင့်ကြံသူတစ်ယောက်က အခန်းထဲ လမ်းလျှောက်ဝင်လာသည်။ သူ့မျက်နှာမှာ နီမြန်းမြန်း။ သူက တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေသည်။ သူသည် ရဲရင့်ကာ အစွမ်းထက်မည့်ဟန်ပန် ပေါ်နေ၏။
“ရောင်းရင်းကော…ရုတ်တရက်ကြီး ဘာကြောင့်များ ဝိညာဉ်နှင်းရေနဲ့ ကောင်းကင်မီးအရည်တို့ကို လိုချင်သွားတာလဲ။ တယောက်ယောက်ကများ သူတို့ရဲ့ အမြုတွေဖွဲ့စည်းချင်တာ များလား…”
ထိုသူသည် အခန်းထဲသို့ ပြုံး၍ ဝင်လာသည်။ သူက ဟန်လိကို တချက်သာ လှမ်းကြည့်ပြီးနောက် သူ့အာရုံက ဝိညာဉ်သေထံ ရောက်သွားသည်။
ဟန်လိသည် စိတ်ထဲကနေ မျက်မှောင်ကြုတ်မိသွားသည်။ ထိုသူက မေးလည်းမေး အဖြေလည်း ပါပြီးသား ဖြစ်နေလေသည်။ သူသည် သူ့ပုံပန်းသွင်ပြင်ကဲ့သို့ ရဲရင့်ဖြောင့်မတ်ပုံ မရပေ။ ထိုသူမှာ ကျိန်းသေပေါက် ဉာဏ်များသူသာ ဖြစ်ရမည်။ စိတ်ထဲ ထိုသို့ တွေးမိပြီး ဟန်လိက ထိုသူနှင့်ပတ်သတ်၍ ပိုသတိထားသည်။
ဟန်လိနှင့် ဝိညာဉ်သေတို့က တည်ငြိမ်သော ဟန်ပန်နှင့်သာ ရှိနေပြီး သူတို့က ခပ်ရေးရေးပင် ပြုံး၍ နေသေး၏။
“ဟားဟား…ရောင်းရင်း ချူယောင်ရေ ကျုပ် မိတ်ဆက်ပေးပါရစေ။ သူကတော့ တာအိုရောင်းရင်းဝိညာဉ်သေပါ။ သူက ဒီကျွန်းကို ရောက်တာ သိပ်မကြာသေးဘူး။ ဒါကတော့ သူ့ရဲ့ တူလေးဟန်လိတဲ့။ ကျုပ်တို့ ကျွန်းမှာ နေထိုင်သူပေါ့။ တာအိုရောင်းရင်း ဝိညာဉ်သေဟာ အတုအယောင်အမြုတေအဆင့်ကို ရောက်နေပြီး သူ့အမြုတွေကို ဖွဲ့စည်းချင်စိတ် ပြင်းပြနေတာပေါ့…”
ကောလုသည် ဝိညာဉ်သေနှင့် ဟန်လိတို့ကို ညွှတ်ပြပြီး ပြုံး၍ ပြောပြနေသည်။
“ဟားဟား…ဂုဏ်ယူပါတယ်…တာအိုရောင်း။ ရောင်းရင်းသာ အမြုတေဖွဲ့စည်းနိုင်ရင် မာကြောကြယ်ကျွန်းပင်လယ်ရဲ့ နောက်ထပ် ခွန်အား ထောက်တိုင်တစ်ခု ပိုင်ဆိုင်ပြီပေါ့ဗျာ…”
ချူးယောင်ဆိုသူသည် အားပါးတရ ပြုံး၍ ထိုသို့ ပြောသည်။
ရုတ်တရက် သူက တစုံတခုကို တွေးမိသွားပုံ ရသည်။ သူက သူ့ခေါင်းကိုသူ ပုတ်ကာ ရှက်ရှက်နှင့် ပြောသည်။
“အား…ကျုပ်ရဲ့ ဒီသောက် မှတ်ဉာဏ်ကတော့။ ရောင်းရင်း ဝိညာဉ်သေ လိုအပ်နေတဲ့ ဝိညာဉ်နှင်းရေနဲ့ ကောင်းကင်မီးအရည်တို့ကို လိုအပ်နေတဲ့အကြောင်း ကျုပ် မေ့သွားတာပဲ။ ဒါပေမဲ့ စိတ်ချနေပါ။ ကျုပ်က လူနှစ်ယောက်လောက် သူတို့ရဲ့ အမြုတေတွေကို ဖွဲ့စည်းဖို့အတွက်ထိ လုံလောက်အောင်လို့ကို ယူလာပေးပါတယ်…”
ချူယောင်က ပြောပြောဆိုဆိုဖြင့် အဝါရောင်တောက်ပနေသော ကျောက်စိမ်းသေတ္တာနှစ်ခုကို ထုတ်ကာ ဟန်လိ၏ရှေ့ရှိ စားပွဲပေါ် တင်လိုက်သည်။
“ဒီသေတ္တာနှစ်ခုဟာ စိတ်ဝိညာဉ်အရာဝတ္ထုတွေကို ထိန်းသိမ်းထားပေးနိုင်တယ်လေ။ ဒီသေတ္တာတွေကို ပင်လယ်အနက်ပိုင်းထဲက မြေဓာတ်ကျောက်စိမ်းနဲ့ ထွင်းထုထားတာ။ ထူးခြားတဲ့ ရတနာအဖြစ် သတ်မှတ်လို့ ရနိုင်တယ်။ ဒါပေမဲ့ ဒီသေတ္တာတွေထဲမှာ ပါတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ ယှဉ်ရင်တော့ ဒီဟာတွေက ဘာမှ မဟုတ်ပါဘူးလေ…”
ထိုချူယောင်၏ စကားများက အရေးမစိုက်ဟန် ထင်ရသော်လည်း သူက ၎င်းသေတ္တာနှစ်ခုထဲရှိ မှော်ပစ္စည်းအမယ်တို့နှင့် ပတ်သတ်ပြီး ချီးကျူးလိုက်တာသာ။
“ဒီလိုဆိုမှတော့ ကျုပ်က ခင်ဗျားကို တကယ်ပဲ ကျေးဇူးတင်ရပါတယ်…” ဝိညာဉ်သေသည် ကျေးဇူးတင်ကြောင်း ပြောပြီးနောက် သေတ္တာနှစ်ခုကို ဖွင့်ကြည့်သည်။
ထိုထဲမှ တစ်ခုတွင် ကြည်လင်လှသည့် အရည်တစ်ခု ပါဝင်နေ၏။ ၎င်း သေတ္တာကို ဖွင့်သည်နှင့် အံ့ချီးဖွယ်အေးစက်ယင်ချီက ဝိညာဉ်သေကို ရိုက်ခတ်သွားသည်။ တခြားသေတ္တာတွင်မူ ၎င်း၏ဆန့်ကျင်ဘက်ပင်။ မီးရောင်တောက်နေသော အရည်တစ်ခု ပါဝင်ပြီး လေထုကို ခြစ်ခြစ်တောက် ပူပြင်းစေမည့် ဓာတ်သဘာဝကို ထုတ်လွှတ်နေသည်။
ထိုပစ္စည်းနှစ်ခုကို အချိန်တစ်ခုကြာ သေချာကြည့်ရှုစစ်ဆေးပြီးနောက် ဝိညာဉ်သေက ၎င်းသေတ္တာများ၏ အဖုံးကို ကျေနပ်သွားဟန်ဖြင့် ပြန်ပိတ်သည်။ သူက ခေါင်းမော့ကာ မေးလာသည်။ “ဒီပစ္စည်းတွေအတွက် ရောင်းရင်းက စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်များများ လိုချင်ပါသလဲ…”
ဝိညာဉ်နှင်းရေနှင့် ကောင်းကင်မီးအရည်တို့မှာ နှစ်တစ်ထောင်သက်တမ်းရှိသည့် စိတ်ဝိညာဉ်ဆေးပင်များလောက် မရှားပါးသော်လည်း ၎င်းတို့မှာလည်း ရှာတွေ့ရန် ခက်ခဲလှသည်။ သို့ပေမည့် ထိုပစ္စည်းနှစ်ခုမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ရာ၌ လိုအပ်သော ပစ္စည်းအမယ်များ ဖြစ်နေ၍ ဟန်လိသည် ၎င်းတို့ကို အရယူဖို့ ဆုံးဖြတ်ထားပေသည်။