ကောင်းကင်နိုဘယ်
Vol. 12 Ch. 160
ဝေ့ဝူယင်တို့မှာ ခေါင်းမော့ရင်း မျှော်ကြည့်လိုက်ကြသည်။ လက်ခါးချောင်း အင်မော်တယ် တောင်စဥ်တန်းကြီးမှာ သူတို့နှင့် မိုင်ပေါင်းများစွာ မကွာဝေးတော့ချေ။ တစ်ခဏမျှ ခရီးနှင်သည်နှင့် သူတို့ ထိုနေရာကို ရောက်ရှိတော့မည်။
ထိုအချိန်တွင်ပင် ခပ်လှမ်းလှမ်း အကွာအဝေးမှ အရိပ်တစ်ခု လျှင်မြန်စွာ ချည်းကပ်လာနေသည်ကို သူတို့ သတိထားလိုက်မိကြသည်။ ၎င်းသည် အတောင်ပံ ပါရှိသည့် သားရဲတစ်ကောင် ဖြစ်ကာ သေမျိုးကမ္ဘာမှ မြင်းနှင့် ပုံသဏ္ဌာန်ချင်း ဆင်တူသည်။
ထိုသားရဲပေါ်မှ လိုက်ပါလာသူ၏ အငွေ့အသက်ကို ခံစားမိသည်နှင့် ရှန်းလင်၏ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ကြည့်ရတာ ဂိုဏ်းက နင်ရောက်လာတာကို အတော်လေး အလေးအနက်ထားပုံ ရတယ်...”
သူမက ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်ရင်း ဂုဏ်ပြုဟန်ဖြင့် ဆိုလိုက်သည်။
“ကျွန်တော့်အတွက် စမ်းသပ် စစ်ဆေးမှုတွေ ရှိဦးမှာလား... အကြီးအကဲရှန်း”
ဝေ့ဝူယင်က မေးလိုက်၏။ သူ၏ မျက်လုံးထဲတွင် စိုးရိမ်မှုအချို့က နေရာယူနေသည်။ သူသည် အဆင့်ခုနစ် ဆေးလုံးများထဲတွင် ကြယ်တာရာ တူးဖော်ခြင်း ဆေးတစ်မျိုးကိုသာ ဖော်စပ်ဖူးသည်။ ထိုအရာက အဟန့်အတား တစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်သည်။
အကြီးအကဲရှန်းက ပြုံးကာ ခေါင်းခါလိုက်၏။
“ကောင်လေး... နင်က ငါတို့ဂိုဏ်းကို အတော် အထင်သေးနေတဲ့ ပုံပဲ... နင်သာ အဂ္ဂိရတ် ဧကရာဇ် တစ်ယောက် မဟုတ်ဘူး ဆိုရင် ဒီနေရာအထိ ရောက်လာလိမ့်မယ် ထင်လား... နင် နာ့ရှင်းရီဆီ ပေးလိုက်တဲ့ ကြယ်တာရာ တူးဖော်ခြင်း ဆေးကို ငါ အကုန် စစ်ဆေးပြီးပြီ... အဲဒီထဲမှာ နင့်ရဲ့ ဝိညာဥ် အငွေ့အသက်ရှိတယ်... အဲဒီအချက်က အဲဒီဆေးကို နင် ကိုယ်တိုင် လုပ်ထားကြောင်း အတည်ပြုနိုင်တယ်... ဒါပေမဲ့ အစစ်အမှန် ဆေးဧကရာဇ် ဖြစ်ဖို့ဆိုရင် ငါ ခုနက ပြောခဲ့တဲ့ အတိုင်း အောင်မြင်မှုနှုန်း ငါးရာခိုင်နှုန်း ရှိဖို့တော့ လိုအပ်တာပေါ့... နင်က အခု အစစ်အမှန် ဆေးဧကရာဇ် မဖြစ်သေးရင်တောင် ဖြစ်ဖို့ အလားအလာတွေ ရှိနေပြီလို့ ဆိုနိုင်တယ်... အဲဒါကတင် ဂိုဏ်းအတွက် လုံလောက်ပါတယ်”
သူတို့ စကားပြောနေစဥ်မှာပင် မိုးကုပ်စက်ဝိုင်းဆီမှ ပုံရိပ်မှာ မခန့်မှန်းနိုင်လောက်သော အမြန်နှုန်းဖြင့် ချည်းကပ်လာနေခဲ့သည်။ ၎င်းသည် မူလက ကီလိုမီတာ ရာချီ ကွာဝေးခဲ့ဟန် ရသော်လည်း စက္ကန့်ပိုင်း အတွင်းမှာပင် ခရီးတစ်ဝက်ခန့်ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။
ဝေ့ဝူယင်၏ နှလုံးသားမှာ တုန်ရီသွား၏။ ထိုအမြန်နှုန်းက ရှန်းလင်နှင့်ပင် ယှဥ်နိုင်စွမ်း ရှိသည်။ မည်မျှ အထင်ကြီးဖွယ် ကောင်းလိုက်သနည်း။
“အဲဒါကို ကောင်းကင် နတ်မြင်းပျံ သားရဲလို့ ခေါ်တယ်... ဂိုဏ်းထဲက ရာထူးကြီးတွေပဲ စီးခွင့်ရှိတဲ့ ကြယ်အဆင့် သားရဲ တစ်မျိုးပေါ့... ပုံမှန် နတ်မြင်းပျံ တစ်ကောင်က ကြယ်တာရာ အမြုတေ အဆင့်တစ် ကျင့်ကြံသူတွေနဲ့ ခွန်အားချင်း ယှဥ်နိုင်တယ်... ဒါပေမဲ့ သူတို့ရဲ့ အစစ်အမှန် စွမ်းရည်က အမြန်နှုန်းနဲ့ လွတ်လပ်ခြင်းပဲ”
“သူတို့က ငါ့ပျံသန်းတဲ့ အမြန်နှုန်းလောက် နီးနီး ပျံသန်းနိုင်တဲ့ အပြင် ကောင်းကင်အလွှာတွေကို ဖြတ်သန်းပြီး ကြယ်တာရာ ကောင်းကင်ထဲမှာတောင် သွားလာနိုင်စွမ်း ရှိတယ်... အဲဒါကြောင့်ပဲ သူတို့ကို ကြယ်အဆင့် သားရဲလို့ ခေါ်တာပေါ့... ကောင်းကင် နတ်မြင်းပျံ တစ်ကောင် ပိုင်ဆိုင်ဖို့ ဆိုရင် အနိမ့်ဆုံး ကောင်းကင်နိုဘယ် တပည့် ဒါမှမဟုတ် ကမ္ဘာဗိုလ်ချုပ် အဆင့် အကြီးအကဲ ဖြစ်ဖို့လိုအပ်တယ်”
ရှန်းလင်က အလိုက်တသိပင် ရှင်းပြလိုက်၏။ သို့သော်လည်း သူမ၏ လေသံထဲတွင် မနာလိုခြင်း အရိပ်အငွေ့ အချို့က ရောယှက်နေသည်။
တစ်ခဏ အကြာ၌ ပုံရိပ်မှာ ရှင်းလင်းစွာ မြင်တွေ့နိုင်သော အကွာအဝေး အထိ ရောက်ရှိလာသည်။ ၎င်းသည် အမြင့် တစ်ရာမီတာ နီးနီးရှိသည့် အဖြူရောင် စွတ်စွတ် မြင်းတစ်ကောင် ဖြစ်သည်။ သို့သော်လည်း ၎င်း၏ တောင်ပံများမှာမူ အလွန်ပင် ကြီးမားလှ၏။ အရင်းမှ အဖျားအထိ မီတာလေးရာကျော်ခန့် ရှိလောက်မည် ဖြစ်ပြီး နေရောင်ကိုပင် ဖုံးအုပ်ထားမည့်ဟန် ရသည်။
၎င်းတွင် ထူထဲသော အမွေးများ၊ အလွန် အားကောင်းပုံ ရသည့် ခြေထောက်များနှင့် ကောင်းကင်ကို ပကတိ ကျင်လည်ရာ နယ်မြေအဖြစ် သတ်မှတ်ထားဟန် ရသည့် ဉာဏ်ကောင်းသော မျက်လုံးများ ရှိသည်။ ၎င်း၏ တောင်ပံများမှာ နူးညံ့ကာ အသန့်စင်ဆုံးသော အလင်းများဖြင့် တောက်ပနေ၏။
ဝေ့ဝူယင်သည် ဘဝတစ်လျှောက်လုံးတွင် ထိုသားရဲထက် ပိုမိုကြီးသည့် အခြား သားရဲတစ်ကောင်ကိုသာ တွေ့မြင်ဖူးသည်။ သားရဲထိန်းချုပ်ခြင်းဂိုဏ်း မြေအောက်တွင် တွေ့မြင်ခဲ့ရသည့် အဇူရာ အကြေးခွံ ပိုင်ရှင် အန်နုပင် ဖြစ်၏။ အမှန်အတိုင်း ဆိုရလျှင် အန်နု၏ မျက်လုံးတစ်လုံး ပင်လျှင် ထိုနတ်မြင်းပျံထက် အဆပေါင်း များစွာ ပိုမို ကြီးမားသည်။
“အကြီးအကဲ ရှန်းလင်...”
အင်အားကြီးသည့် မိုးခြိမ်းသံ တစ်ခုမှာ ကောင်းကင် နတ်မြင်းပျံ၏ ကျောထက်မှ ထွက်ပေါ်လာသည်။ ထိုအသံတစ်ခုတည်းက ပင်လျှင် လေထုကို ဖိအားများဖြင့် ပြည့်နှက်သွားစေ၏။
ရှန်းလင်၏ အမူအရာက ချက်ချင်းပင် လေးစား ရိုးကျိုးသည့် ပုံစံတစ်ခုသို့ ပြောင်းလဲသွား၏။
“အဆင့်မြင့် အကြီးအကဲပို...”
အဆင့်မြင့် အကြီးအကဲပိုသည် ကောင်းကင် နတ်မြင်းပျံ သားရဲ၏ ကျောထက်မှ ခွာကာ လေထုကို နင်းလျှက် ဆင်းသက်လာ၏။ သူသည် ယောက်ျားတစ်ဦး ဖြစ်ကာ “ကမ္ဘာဗိုလ်ချုပ်” ဟူသော တံဆိပ် ခတ်နှိပ်ထားသည့် ရောင်စုံ ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူသည် လူသားမျိုးနွယ် တစ်ယောက် မဟုတ်ချေ။ သူ၏ ပါးပြင်နှင့် နဖူးထက်တွင် အလင်းရောင် ဖျော့ဖျော့ တောက်ပနေသည့် မျိုးနွယ်စု တက်တူးများ ရှိသည်။ သူ၏ အသားအရေက အစိမ်းရင့်ရောင် ခပ်တောက်တောက် ဖြစ်၏။ သူ၏ မျက်လုံးများမှ အထူးဆန်းဆုံး ဖြစ်သည်။ သူ့တွင် မျက်သားဖြူနှင့် သူငယ်အိမ်များ မရှိပဲ ထို့အစား အစိမ်းရောင် အလင်းတန်း တစ်ခုသာ ရှိသည်။ သူ့တွင် မျက်တောင်များ မရှိသလို မျက်ခွံများလည်း မရှိရာ သူ မျက်တောင်ခပ်၊ မခပ်ကိုပင် ပြောရန် ခက်ခဲလှသည်။
သူ၏ ဆံပင်များမှာ မီးခိုးရောင်နှင့် အဖြူရောင်များ ဖြစ်ပြီး ကျောပြင်ထက်သို့ ကျဆင်းနေသည်။ ထိုအရာက ဝေ့ဝူယင်၏ ဘဝတစ်လျှောက်လုံးတွင် အလှပဆုံး ဆံပင်များထဲမှ တစ်ခုကို မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သူ၏ အငွေ့အသက်သည် လူသားတစ်ယောက်နှင့် ကွာခြားလှကာ ဒဏ္ဍာရီများထဲမှ နတ်သူငယ် တစ်ကောင်နှင့်ပင် ပိုမို တူသည်။ သူ၏ နားရွက်များမှာမူ အယ်ဗန်မင်စာများ ကဲ့သို့ပင် ရှည်လျား ချွန်ထက်လှ၏။
သို့သော်လည်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် နတ်ဆိုး အငွေ့အသက်များ အရ အဆင့်မြင့် အကြီးအကဲပိုမှာ နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက် ဖြစ်ကြောင်း ဝေ့ဝူယင် ခန့်မှန်းလိုက်နိုင်ပေသည်။
အဆင့်မြင့် အကြီးအကဲပိုသည် တည်ငြိမ်စွာ လျှောက်လာခဲ့၏။ သူက ဝေ့ဝူယင်၏ အရှေ့သို့ ရောက်သည်နှင့် ရပ်လိုက်သည်။
“မင်းက ဝေ့ဝူယင် ဖြစ်ရမယ်... ငါ့နာမည်က ပိုကေ... ငါ့ကို အဆင့်မြင့် အကြီးအကဲပို ဖြစ်ဖြစ် အကိုပို ဖြစ်ဖြစ် ကြိုက်တာခေါ်လို့ရတယ်... ဟားဟား...”
သူက အားရပါးရ ရယ်မောလိုက်၏။
ဝေ့ဝူယင်မှာ အနည်းငယ် လန့်ဖျန့်သွားသော်လည်း သူက ချက်ချင်းပင် ပြုံးကာ ပြန်လည် နှုတ်ဆက်လိုက်၏။
“တွေ့ရတာ ဝမ်းသာပါတယ် အကိုပို...”
ကျင့်ကြံသူတို့၏ ဆဋ္ဌမ အာရုံအရ ပိုကေသည် ရှန်းလင်ထက် အဆပေါင်းများစွာ ပိုမို သန်မာကြာင်း သူ ခံစားနိုင်သည်။ ထိုနတ်ဆိုးမျိုးနွယ်သည် လေတစ်ချက် မှုတ်ရုံဖြင့်ပင် သူ့ကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်နိုင်လောက်သည်။ ထိုကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်၏ ဖော်ရွေမှုကို သူ့အနေဖြင့် မည်ကဲ့သို့ မတုန့်ပြန်ပဲ နေရမည်နည်း။
ပိုကေက ကျေနပ်စွာ ပြုံးရင်း ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်မှာ အနန္တ ကုန်းမြေတိုက်ကြီးမှ လာကြောင်းနှင့် ထိုနေရာတွင် မျိုးနွယ်ခွဲခြားမှုများ ပြည့်နှက်နေကြောင်း သူ ကြားဖူးသည်။ သို့သော်လည်း ထိုလူငယ်လေးသည် သူကဲ့သို့ နတ်ဆိုး မျိုးနွယ် တစ်ယောက်ကို ချက်ချင်းပင် ဖော်ရွေစွာ တုန့်ပြန်ခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်လေးမှာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေနိုင်စွမ်း မြင့်မားပုံကို ရသည်။
“ဪ... သူတို့က ကျွန်တော့်ရဲ့ အယုံကြည်ရဆုံး နောက်လိုက် စုမေ့နဲ့ သားရဲ ပိုင်လင်ပါ”
တစ်ဆက်တည်းပင် ဝေ့ဝူယင်က စုမေ့နှင့် ပိုင်လင်တို့ကို ညွှန်ပြရင်း မိတ်ဆက်ပေးလိုက်၏။
ပိုကေက ခေါင်းညိတ်လိုက်၏။
“ဖီးနစ်သွေးမျိုးဆက် သားရဲနဲ့ ပါရမီမြင့်မားတဲ့ နောက်လိုက်... ညီလေးဝေ့က အတော်လေး ရွေးချယ်တတ်တာပဲ... မင်းတို့ နှစ်ယောက်စလုံးကို တွေ့ရတာ ဝမ်းသာပါတယ်”
သူက ဝေ့ဝူယင်ထက် မလျော့သော လေးစားမှုမျိုးဖြင့် နှုတ်ဆက်လိုက်၏။
ဝေ့ဝူယင်မှာ အကြီးအကဲပိုကို ကြည့်ရင်း ပိုမို ခင်မင်လာမိသည်။ သူသည် သူ တစ်သက်လုံး ကြားခဲ့ဖူးသည့် နတ်ဆိုး မျိုးနွယ်ဝင်များနှင့် ခြားနားစွာပင် မောက်မာမှု ကင်းမဲ့ကာ ဖော်ရွေလွန်းလှသည်။ နေသွေးနီနီဂိုဏ်းတွင် ဆိုလျှင် လူသား အချင်းချင်းပင် အဆင့်အတန်း ခွဲခြားမှုများပြား လွန်းလှသည်။
ပိုကေက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ကာ ဝေ့ဝူယင်ထံ ပစ်ပေးလိုက်၏။
“ညီလေးဝေ့... ငါမင်းကို ဖန်တီးခြင်း တောင်ထွတ်ဆီ ခေါ်သွားပေးမယ်... ဪ ဟုတ်သား... မင်းအတွက် သားရဲလည်း သွားထုတ်ရဦးမယ်”
ဝေ့ဝူယင်က ကျောက်စိမ်းပြားကို ဖမ်းယူကာ စစ်ဆေးကြည့်လိုက်၏။ ချောမွေ့သော မျက်နှာပြင်ထက်၌ စကားစု သုံးခုကို ထွင်းထု ရေးသားထားကြောင်း သူတွေ့ရသည်။ ပထမ စာလုံးမှာ “အနန္တဧကရာဇ်ဂိုဏ်း” ဟူ၍ ဖြစ်ကာ ဒုတိယ စကားလုံးမှာ “ကောင်းကင်နိုဘယ်” ဟူ၍ ဖြစ်သည်။ “ဖန်တီးခြင်း တောင်ထွတ်” ဟူသော စကားလုံးမှာမူ အောက်နားသို့ နည်းနည်းကျ၏။
“အဲဒါက မင်းရဲ့ ကိုယ်ပိုင် အမှတ်အသားပြားပဲ... အဲဒါနဲ့ဆိုရင် ကောင်းကင်နိုဘယ် တစ်ယောက်ရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ပိုင်ဆိုင်လိမ့်မယ်... လမ်းမှာ သန့်စင်လိုက်”
ဆက်လက်၍ ပိုကေမှာ ဂိုဏ်းအကြောင်း သိသင့်သိထိုက်သည့် အချက်အလက်များကို ဝေ့ဝူယင်အား ဆက်လက် ပြောပြနေခဲ့သည်။
...
တစ်ချိန်တည်း၌ ရှန်းလင်သည် လုံထျန်းယုနှင့် ချင်ချူးမူတို့အား ပိုကေ၏ အဆင့်အတန်းနှင့် မျိုးနွယ်စု အကြောင်းကို ရှင်းပြရင်း စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
ပိုကေသည် လေပြင်းသစ်ရွက် နတ်ဆိုးမျိုးနွယ်တွင် မွေးဖွားလာသည့် နတ်ဆိုး တစ်ယောက် ဖြစ်သည်။ ဤအနန္တဧကရာဇ်ဂြိုဟ်တွင် နတ်ဆိုးနှစ်မျိုး ရှိပြီး သဘာဝ အတိုင်း မွေးဖွားလာသူများနှင့် မျိုးဆက်ပွားများ ဟူ၍ ဖြစ်သည်။ ပထမ တစ်မျိုးမှာ တကယ့် အစစ်အမှန် နတ်ဆိုးများဟု ဆိုနိုင်ပေသည်။
လူသားများ၊ အယ်ဗန်များ၊ ရှို့ရန်များ၊ နတ်ဆိုးများနှင့် ခြားနားစွာပင် အစစ်အမှန် နတ်ဆိုးတို့၏ မူလပုံစံက လူသားပုံစံမျိုး မဟုတ်ချေ။ သူတို့သည် လုံးဝ ကွာပြားသည့် မျိုးစိတ်များ ဖြစ်ကြပြီး ရေတစ်စက်၊ သစ်ရွက် တစ်ရွက်၊ ရေခဲတစ်စ၊ နောက်ဆုံး သွေးတစ်စက်မှပင် မွေးဖွားနိုင်သည်။ ၎င်းတို့သည် ဝိညာဥ်လွဲချော်ခြင်း ဟူသော သဘာဝ မကျသည့် ကောင်းကင် ဖြစ်စဥ်တစ်ခု၏ ရလဒ်များပင် ဖြစ်ကြသည်။
ဒုတိယ တစ်မျိုးဖြစ်သည့် မျိုးဆက်ပွား နတ်ဆိုးများမှာမူ ကျယ်ပြန့်ကာ အရေအတွက်အားဖြင့်လည်း ပိုမို များပြားလှသည်။ သူတို့သည် အစစ်အမှန် နတ်ဆိုးများနှင့် လူသား၊ အယ်ဗန်တို့ မျိုးစပ်ကာ ပေါက်ဖွားလာသည့် သတ္တဝါများ ဖြစ်ကြသည်။
ပိုကေသည် ဒုတိယ နတ်ဆိုးမျိုးနွယ် ဖြစ်ပြီး လေပြင်းသစ်ရွက် နတ်ဆိုး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူသည် အယ်ဗန်မှင်စာမျိုးနွယ်နှင့်လည်း နီးစပ်မှု ရှိ၏။
လုံထျန်းယုနှင့် ချင်ချူးမူတို့ အံ့အားသင့်နေကြစဥ်မှာပင် ဝေ့ဝူယင်က ရှန်းလင်ကို လှမ်းမေးလိုက်သည်။
“အကြီးအကဲရှန်း... ခင်ဗျားရော လိုက်ဦးမှာလား”
ရှန်းလင်က ခေါင်းခါလိုက်၏။
“ငါ ချင်ချူးမူကို အင်ပါယာ သူတော်စင်ဆီ သွားပို့ရဦးမယ်”
“အိုး...”
ပိုကေက ဇာပုဝါနောက်မှ ချင်ချူးမူကို လှမ်းကြည့်လိုက်သည်။
“ဒီကောင်မလေးက သူ့ရဲ့ မျိုးဆက် ဆိုတာလား.. ယင်သစ်သား အမတေ ခန္ဓာ၊ အသက်မြက်ကိုးခု စွမ်းအင် သွေးကြော၊ ခရမ်းရောင် သစ်သား ဝိညာဥ် နန်းတော်... မဆိုးဘူး မဆိုးဘူး”
ပိုကေ၏ မျက်လုံးတွင် ချီးကျူးလိုသော အရိပ်အငွေ့များ ပေါ်လာခဲ့၏။ ချင်ချူးမူ၏ မျက်နှာမှာ ဇာပုဝါနောက်တွင်ပင် အနည်းငယ် ရှက်ရောင်သမ်း သွားခဲ့သည်။
တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာမူ ရှန်းလင်ကို ကြည့်နေခဲ့၏။ သူမကား အလွန်တရာ လှပရာ သူ စိတ်ဝင်စား မိပေသည်။ သို့သော်လည်း ကံဆိုးစွာပင် သူမတွင် အခြားလုပ်စရာများ ရှိနေသေးရာ ခွဲခွာရတော့မည် ဖြစ်သည်။
“နောက်မှ ပြန်တွေ့ကြတာပေါ့”
ဝေ့ဝူယင်က လက်နှက်ဖက်ကို ယှက်ရင်း ရှန်းလင်နှင့် ချင်ချူးမူတို့ကို နှုတ်ဆက်လိုက်၏။ ထို့နောက် ပိုကေ၏ ဦးဆောင်မှုနှင့် အတူ သူတို့ နတ်မြင်းပျံ၏ ကျောထက်သို့ တက်လိုက်ကြတော့သည်။
***