← Chapters

အင်ပါယာ တောင်ထွတ်များ

Vol. 12 Ch. 161

အင်ပါယာ တောင်ထွတ်များ

Vol. 12 Ch. 161

နတ်မြင်းပျံ၏ နောက်ကျောသည် ပိုင်လင် အတောင်ပံကုပ်ကာ ဝပ်နေနိုင်သည် အထိ ကျယ်ဝန်းလှသည်။ ဝေ့ဝူယင်၊ စုမေ့နှင့် ပိုကေတို့ သုံးယောက် ထပ်မံ ပေါင်းထည့်လျှင်ပင် ချောင်ချောင်ချိချိပင်။

ချင်ချူးမူမှာ မိုးကုပ်စက်ဝိုင်းသို့ တိုးဝင် ပျံသန်းသွားသည့် နတ်မြင်းပျံကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်၏။

“နင်နဲ့ လုံချန်ကြားမှာ ဘာပြဿနာတွေပဲ ရှိရှိ... နင်က ငါ့အတွက်တော့ အမြဲတမ်း မိတ်ဆွေပဲ... အနာဂတ်မှာ ငါတို့ ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်”

သူမ နှလုံးသားထဲမှ ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ အနာဂတ်တွင် ထိုဆုံးဖြတ်ချက်က အပြောင်းအလဲ များစွာကို ဆောင်ကြည်းပေးလိမ့်မည် ဖြစ်ကြောင်း သူမ သိရှိခဲ့ပါလျှင်....။

...

ဂိုဏ်းတည်ရှိရာ အင်ပါယာ တောင်ထွတ်များဆီသို့ ပျံသန်းရင်း ဝေ့ဝူယင်နှင့် ပိုကေတို့မှာ စကားစမြည် ပြောဆိုနေကြသည်။ သူတို့ နှစ်ယောက်စလုံး၏ အမူအရာများက ပေါ့ပေါ့ပါးပါးပင် ဖြစ်ပြီး မည်သည့် ဖိအားမျှ ရှိဟန် မရချေ။

ပိုကေ၏ အဆိုအရဆိုလျှင် တောင်ထွတ်တစ်ခုချင်းစီမှာ ခြားနားသော တာအိုများကို ကိုယ်စားပြုကာ ရည်ရွယ်ချက်များမှာလည်း တင်းကြပ်လှသည်။ ဖန်တီးခြင်း တောင်ထွတ်မှာ အဂ္ဂိရတ် တာအို၊  ဗိသုကာ တာအိုနှင့် ထွင်းထုခြင်း တာအို ကျင့်ကြံသူများကိုသာ လက်ခံသည်။ သူတို့အားလုံးကို စုပေါင်း၍ ဖန်တီးခြင်း ပညာရှင်များဟု ခေါ်ဆိုကြသည်။

အဂ္ဂိရတ် တာအိုမှာ မှော်ဆေးလုံးများ ဖော်စပ်သည့် လမ်းစဥ်ဟု အကြမ်းဖျဥ်း မှတ်ယူ၍ ရသော်လည်း ဗိသုကာ တာအိုနှင့် ထွင်းထုခြင်း တာအိုများမှာမူ ပိုမို ကျယ်ပြန့်ပြီး ကွဲပြားသည်။ ထွင်းထုခြင်း တာအို ကျင့်ကြံသူများတွင် ပန်းပဲဆရာများ၊ လက်မှုပညာသည်များ၊ အဆောင်ဖန်တီးသူများနှင့် အပ်ချုပ်သမားများ ပါဝင်သည်။ ဗိသုကာတာအို ကျင့်ကြံသူများမှာမူ ကျောင်းတော်သားများနှင့် ပိုမို တူညီကြသည်။ သူတို့သည် ဝိညာဥ် အစီအရင်များ၊ ဝင်္ကပါများ၊ ကျင့်ကြံခြင်း နည်းလမ်းများ၊ ကြယ်တာရာ ကျင့်စဥ်များကို သုတေသန ပြုလုပ်ကာ ရှာဖွေ ဖန်တီးကြရသည်။

သို့ရာတွင် ထိုပညာရပ်နှစ်ခုကြား၌ ဆက်နွယ်မှုများလည်း ရှိနေသေးသည်။ ဥပမာအားဖြင့် ဝင်္ကပါနှင့် အစီအရင် ပညာရပ်များကို ထွင်းထုခြင်း တာအိုတွင်လည်း သုံးဆွဲရကာ အစီအရင်နှင့် ကျင့်စဥ်များတွင် အဆောင်များကိုလည်း ဝင်္ကပါ အလံ အဖြစ် လိုအပ်သည်။

ဒုတိယ တောင်ထွတ်ဖြစ်သည့် စစ်တောင်ထိပ်မှာမူ တိုက်ခိုက်ရေး တာအိုကိုသာ အာရုံစိုက်ကြသည်။ ထိုအထဲတွင် ဆေဘာ၊ ဓား၊ လှံ၊ သတ်ဖြတ်ခြင်း စသည့် လက်နက် တာအိုများလည်း အကျဥ်းဝင်သည်။ ထိုတောင်ထွတ်တွင် နေထိုင်ကြသူများမှာ ရည်ရွယ်ချက် အမျိုးမျိုးကို ကျင့်ကြံကြကာ အစွမ်းထက်သည့် တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

“တကယ်လို့ လုံချန်သာ စစ်ဆေးပွဲကို ဖြတ်ကျော်နိုင်ခဲ့ရင် စစ်တောင်ထိပ်ကို အပို့ခံရမှာ လောက်တယ်”

ဝေ့ဝူယင် စိတ်ထဲမှ မှတ်ချက်ချမိလိုက်၏။

တတိယမြောက်မှာ မူလ တောင်ထွတ် ဖြစ်ကာ ဒြပ်စင်ကိုးခု၊ သွေး၊ ကျောက်စိမ်း စသည်ဖြင့် ရုပ်တာအိုများကို အာရုံစိုက်ကြသည်။

စတုတ္ထမြောက်မှာ တစ်နှစ်ပတ်လုံး နတ်ဆိုး စွမ်းအင် အငွေ့အသက်များနှင့် ဖုံးလွှမ်းနေသည့် နတ်ဆိုးတောင်ထွတ် ဖြစ်သည်။ ၎င်းသည် နတ်ဆိုး ကျင့်ကြံသူများ အတွက် အမှန်တကယ်ပင် သင့်တော်သော နေရာတစ်ခု ဖြစ်ကာ နတ်ဆိုး ကိုးဆယ် ရာခိုင်နှုန်းမှာ ထိုနေရာတွင် နေထိုင်ကြသည်။ နတ်ဆိုး အင်ပါယာ သူတော်စင်သည် ကျင့်ကြံခြင်းကို အာရုံမစိုက်သည့် သာမန် မျိုးနွယ်ဝင်များကိုပင် ထိုနေရာ၌ လက်ခံထားသည်။

ပိုကေသည် နတ်ဆိုးတောင်ထွတ်တွင် နေထိုင်သော်လည်း ဖန်တီးခြင်း တောင်ထွတ်၏ တပည့် တစ်ယောက် ဖြစ်သည်။ နတ်ဆိုးတောင်ထိပ်အတွက် တစ်ဘဝလုံ ရင်းနှီးမြှုပ်နှံထားသည့် နတ်ဆိုး ကျင့်ကြံသူများ ရှိသည့်တိုင် ၎င်းမှာ တောင်ထွတ် ငါးခုလုံးတွင် လူဦးရေ အနည်းဆုံးသာ ဖြစ်သည်။ ၎င်း၏ တစ်နှစ်ပတ်လုံး ဖုံးလွှမ်းထားသော နတ်ဆိုးစွမ်းအင်များမှာ အခြားမျိုးနွယ်များ မှီတင်း နေထိုင်ရန် မသင့်လျော်ချေ။ နတ်ဆိုးများ သာလျှင် ထိုနေရာတွင် နေထိုင်နိုင်ပေသည်။

နောက်ဆုံး တောင်ထွတ်မှာ ဧကရာဇ် တောင်ထွတ်ဖြစ်၏။ ၎င်းသည် တောင်ထွတ် ငါးခုတွင် အမြုတေ သဖွယ် သတ်မှတ်နိုင်သော်လည်း အကြီးအကဲအချို့နှင့် အင်ပါယာ သူတော်စင်များ အတွက်သာ ဖြစ်သည်။ ထိုနေရာမှာ အဆင့်မြင့် ကျင့်ကြံသူများ အတွက် ကောင်းကင်ဘုံ သဖွယ် ဖြစ်သည်။ သို့သော်လည်း ဧကရာဇ်တောင်ထွတ်၏ အဓိက ရည်ရွယ်ချက်မှာ စိန်ခေါ်ပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပရန်သာ ဖြစ်သည်။ ထိုထက်ပိုမို၍ ပြောရလျှင် အနန္တ ဧကရာဇ်ဂိုဏ်း တစ်ခုလုံး၏ ကျင့်ကြံခြင်း နည်းလမ်းများ၊ အစီအရင်များ၊ ရတနာများနှင့် ကျင့်စဥ်များကို ထိုနေရာတွင် သိမ်းဆည်းထားပေသည်။

အချိန်တစ်ခဏ ပျံသန်းပြီးနောက် သူတို့သည် တောင်ထွတ်ငါးလုံးကို ထင်ထင်ရှားရှား မြင်နိုင်သည်အထိ  နီးကပ်လာခဲ့သည်။ တောင်ထွတ်တစ်လုံးကို စိုက်ကြည့်လိုက်ရုံဖြင့်ပင် ဝေ့ဝူယင်၏ အသိစိတ် အာရုံမှာ တုန်ရီသွား၏။ ထိုတောင်ထွတ်အား ခရမ်းရောင် မြူနှင်းများက ဝန်းရံနေသည်။ ၎င်းတို့သည် အံ့သြ စွဲမက်ဖွယ် ကောင်းသော ပုံစံဖြင့် တောင်ထွတ်တစ်ဝိုက် အလိပ်လိုက် ဝေ့ဝဲမြူးထူးနေကြ၏။ ကြည့်ရသည်က ထိုခရမ်းရောင် မြူများမှာ အသက်ရှိ နေသလိုပင်။

အသိစိတ် ပင်လယ် အတွင်းရှိ အဂ္ဂိရတ် ဧဒင်ချီ ဇာတိဝိညာဥ်ထံမှ ပြင်းပြသည့် ဆန္ဒတစ်စုံကို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ၎င်းသည် ရှင်းလင်းထင်ရှားစွာပင် ခရမ်းရောင် မြူနှင်းများ အကြားကို တိုးဝင်ချင်နေပေသည်။

ထိုအဂ္ဂိၕတ် ဧဒင် ဇာတိဝိညာဥ်မှာ နတ်ဆိုးစွမ်းအင်များကို အလိုရှိနေသလော။ နတ်ဆိုးများ၏ မူလ ဇစ်မြစ်ကို ပြန်လည် တွေးတောရင်း ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့က သစ်ပင်တစ်ပင်၊ ရေတစ်ပေါက်၊ သွေးတစ်စက်မှ ဝိညာဥ်ဖြစ်တည်လာသည့် သက်ရှိများ ဖြစ်သည်။ ဧဒင်သစ်ပင်ကြီးမှာလည်း ထိုကဲ့သို့ ပေါက်ဖွားလာသည့် နတ်ဆိုးတစ်ကောင်ပင် ဖြစ်သည်။

သူ၏ အဂ္ဂိရတ် ဧဒင် ဇာတိဝိညာဥ်သည် ဧဒင်သစ်ပင်ကြီးနှင့် ကြီးစွာသော ဆက်စပ်မှုများ ရှိသည်။ ၎င်းသည် ယခုထိ မသေဆုံးသေးပဲ အဂ္ဂိရတ် ဇာတိ ဝိညာဥ် အဖြစ် ပြောင်းလဲသွားခြင်းမျိုးပင် ဖြစ်နိုင်ချေ ရှိသည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ နတ်ဆိုးတောင်ထွတ်ကို မော့ကြည့်လိုက်၏။

“အခွင့်အရေး ရှိရင် ငါ စစ်ဆေးကြည့်ရမယ်”

…

သိပ်မကြာခင်မှာပင် သူတို့သည် ဖန်တီးခြင်း တောင်ထွတ်၏ လေပိုင်နက် အတွင်းကို ရောက်ရှိလာခဲ့သည်။ သိမ်းငှက် ကဲ့သို့ သားရဲများကို စီးနင်းကာ စောင့်ကြပ်နေကြသည့် ကင်းသမားများသည် သူတို့ကို လျစ်လျူထား၏။

သိမ်းငှက်များကို ကြည့်ရင်း ဝေ့ဝူယင် အံ့သြသွားခဲ့၏။ စူးရှသည့် မျက်လုံး၊ ချွန်ထွက်နေသည့် လက်သည်များနှင့် ကြီးမားသော ခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ၎င်းတို့၏ အငွေ့အသက်များမှာလည်း ကြယ်တာရာ အမြုတေ အဆင့်တစ် “လောကပင်လယ် အဆင့်”နှင့်ပင် နှိုင်းယှဥ်နိုင်ကြပေသည်။

“အဲဒီ သိမ်းငှက်တွေကို အစောင့်သိမ်းငှက်လို့ ခေါ်တယ်... သူတို့မှာ ဝိညာဥ် အငွေ့အသက် ပမွှားလေးကိုတောင် အာရုံခံနိုင်စွမ်း ရှိတဲ့ ဝိညာဥ်မျက်လုံးတွေကို ပိုင်ဆိုင်ထားတယ်... အရှင်းလင်းဆုံး ပြောရရင် ညီလေးဝေ့ရယ်... ပုရွက်ဆိတ် တစ်ကောင်တောင် သူတို့ ရှေ့က ဖြတ်မသွားနိုင်ဘူး... သူတို့က ကြယ်အဆင့် သားရဲတွေ မဟုတ်ဘူး ဆိုပေမဲ့လည်း အသုံးတော့ အတော်လေး ဝင်ကြတယ်”

ပိုကေက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။

“တကယ် အံ့သြဖို့ ကောင်းတာပဲ...”

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ရင်း ကောင်းကင်သို့ ထိုးဖောက် ဝင်ရောက်လုနီးပါး တောင်ထွတ်ကြီးကို လှမ်းကြည့်လိုက်သည်။ ပိုမို နီးကပ်လာသည်နှင့် အမျှ ၎င်းမှာ ပိုမို အံ့သြဖွယ်ကောင်းကြောင်း ဝေ့ဝူယင် တွေ့ရှိလာရ၏။ သို့သော်လည်း ထိုကဲ့သို့ တောင်ထွတ်မျိုး ဖွဲ့စည်းပုံမျိုးကို သူ မမြင်ဖူးသည်တော့ မဟုတ်ချေ။ နေသွေးနီနီတာင်မှာလည်း ထိုကဲ့သို့ ထီးထီး ချွန်ထွက်နေသည့် တောင်မျိုး ဖြစ်သည်။ ဖန်တီးခြင်းတောင်ထိပ်မှာ ယင်းထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို ကြီးမားရုံသာ ဖြစ်သည်။

တောင်ထွတ်ကြီး၏ တစ်ဝိုက်တွင် ကွေ့ကောက်စွာ ဖောက်လုပ်ထားသော လမ်းများ၊ ကျယ်ပြန့်သော မြေများ၊ ဥမင်ပေါက်များ၊ အမျိုးမျိုးသော အဆောက်အဦများ၊ လယ်ကွင်းများ... စသည်ဖြင့် များစွာသော အရာများကို သူ တွေ့မြင်ရ၏။

မြင်ကွင်းတစ်ခုလုံးမှာ ထူးထူးခြားခြား သက်ဝင်လှုပ်ရှားနေကာ အသက်ပေါင်း များစွာကို လွှမ်းခြုံ သိမ်းပိုက်ထားသည်။

ဝေ့ဝူယင် အသက်ကို ရှူသွင်းလိုက်ရာ မီးခိုးနံ့၊ စက္ကူနံ့၊ ဆေးနံ့နှင့် ရေနံ့များကို ရရှိလိုက်သည်။ တောင်ထွတ်ကြီး တစ်လျှောက်၌ ပုံမှန် မဟုတ်သော နည်းလမ်းများနှင့် စီးဆင်းနေသည့် မြစ်ကြီးများစွာ ရှိနေ၏။ အောက်သို့ စီးကျရမည့် အစား အပေါ်သို့ ပြောင်းပြန် မြင့်တက်လာနေသည့် ရေတံခွန်များကိုပင် ဝေ့ဝူယင် တွေ့မြင်ရ၏။ ၎င်းတို့မှာ အစီအရင်များ၊ ဝင်္ကပါများဖြင့် စီမံပြင်ဆင်ထားသည့် ဆည်မြောင်းစနစ် တစ်ခု ဖြစ်ကြောင်း ထင်ရှားပါသည်။

တောင်ထွတ်ပေါ်၌ မီးခိုးလှိုင်းများကို ထုတ်လွှတ်နေသည့် အဆောက်အဦများကိုလည်း ဝေ့ဝူယင် တွေ့ရသည်။ အနည်းငယ် လေ့လာလိုက်သည်နှင့် ၎င်းတို့မှာ ထွင်းထုခြင်း အလုပ်ရုံများ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။ ၎င်းတို့သည် အကြီး၊ အငယ်၊ အလတ် စသည်ဖြင့် အရွယ်အစားမျိုးစုံ ရှိကာ ဆန်းကြယ်သော တည်ဆောက်ပုံများ ရှိ၏။

“အကိုပို... တောင်ထွတ်မှာ အဆင့်တွေ ခွဲထားသေးတာလား...”

ဝေ့ဝူယင်က မျက်ခုံးပင့်ရင်း မေးလိုက်၏။ သူ တွေ့မြင်ရသလောက် ဆိုလျှင် တောင်ထွတ်ကို အောက်ခြေမှ နေ၍ တိမ်များဆီသို့ ရောက်သည်အထိ အဆင့်ခြောက်ဆင့် ခွဲခြားထားသည်။ တိမ်များအထက်ကို မော့ကြည့်ရန် ကြိုးစားလိုက်တော့ အမြင်အာရုံကို တားဆီးထားသည့် အလွှာလေး တစ်ခု ရှိနေသည်ကို သိလိုက်ရသည်။ မည်မျှ ဆန်းကြယ်လိုက်သနည်း။

“တောင်ထွတ်မှာ အဆင့်ကိုးခု ရှိတယ်... အဆင့်တစ်ကနေ အဆင့်ခြောက် မရောက်ခင် အထိကို ဘာအတားအဆီးမှ မရှိဘူး... ဒါပေမဲ့ အထက်ကို ဆက်တက်ဖို့ ဆိုရင်တော့ ကန့်သတ်ချက်တွေ ရှိတာပေါ့လေ”

ဝေ့ဝူယင်မှာ နားလည်လိုက်သည်။ အဂ္ဂရတ်၊ ထွင်းထုခြင်း၊ ဗိသုကာ မည်သည့် ပညာရပ်ကို လေ့လာသူ ဖြစ်စေ အားလုံး၏ ရည်ရွယ်ချက်မှာ ကျင့်ကြံခြင်း လမ်းစဥ်ကို လျှောက်လှမ်းပြီး ကိုယ်ပိုင် စွမ်းအားများကို ရှာဖွေရန် ဖြစ်သည်။ သို့ဖြစ်ရာ ကန့်သတ်ချက်များ ရှိသည်က သဘာဝသာ ဖြစ်သည်။

“ညီလေးဝေ့က ကောင်းကင်နိုဘယ် တပည့် တစ်ယောက်ဆိုတော့ အဆင့်ခြောက် အပြင် အဆင့်ခုနစ်ကိုပါ လွတ်လွတ်လပ်လပ် တက်ခွင့်ရှိတယ်... ကောင်းကင် ဗိုလ်ချုပ် အဆင့်၊ အင်ပါယာ သူတော်စင် အဆင့်နဲ့ ဆေးဧကရာဇ်တွေကတော့ အဆင့်ရှစ်ထိ တက်ခွင့် ရှိတာပေါ့... အဆင့်ကိုးကတော့ မဟာ အင်ပါယာ သူတော်စင်နဲ့ သူဖိတ်ခေါ်တဲ့ ဧည့်သည်တွေ အတွက် သီးးသန့်ပဲ”

ပိုကေက မိုးကောင်ကင်ကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးတွင် ဆန္ဒတစ်စုံတစ်ရာ ရှိနေခဲ့၏။ သူသည် ကမ္ဘာဗိုလ်ချုပ် တစ်ယောက် ဖြစ်သည့်တိုင် အဆင့်ခုနစ်သို့ ယခုအချိန်အထိ တက်လှမ်းခွင့် မရသေးချေ။

အားလုံးထဲ၌ ကောင်းကင်နိုဘယ်များအဆင့် တပည့်များ သာလျှင် ထိုအခွင့်အရေးကို ပိုင်ဆိုင်နိုင်ပေသည်။ ဖန်တီးခြင်း တောင်ထွတ်၌ ဝေ့ဝူယင်သည် ကောင်းကင်နိုဘယ် အဆင့် တပည့် ဖြစ်နိုင်သည့် တစ်ဦးတည်းသော အရည်အချင်း ပြည့်မှီသူ ဖြစ်သည်။ သူနှင့် အဂ္ဂိရတ် အဆင့်အတန်း တူညီသော ကျင့်ကြံသူ အားလုံးလိုလိုမှာ အသက် ငါးကို ကျော်ခဲ့ကြပြီး ဖြစ်သည်။

“အကိုပို အားရင် ကျွန်တော့်ဆီ လာလည်လို့ ရပါတယ်”

ဝေ့ဝူယင်က ဆိုလိုက်၏။

“တကယ်လား”

ပိုကေမှာ ထိုဖိတ်‌ခေါ်မှုကြောင့် အံ့အားသင့်သွားဟန် ရသည်။

“ကျွန်တော့်ကို ညီအကို တစ်ယောက်လို သဘောထားရင် တကယ်ပါပဲ”

ဝေ့ဝူယင်က ပြုံးရင်း ဆိုလိုက်လေ၏။

***

All Chapters