သတ္တမမြောက် အလွှာ
Vol. 12 Ch. 162
ကြီးမားသော အပြုံးတစ်ခုက ပိုကေ၏ မျိုးနွယ်စု တက်တူးများဖြင့် ပြည့်နေသည့် မျက်နှာထက်တွင် ပေါ်လွင်လာခဲ့သည်။ ထို့နောက် သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်၏။
“ဪ ညီလေးဝေ့... အဆင့်ခြောက် အပေါ်ပိုင်းက ကောင်းကင်အလွှာကို ထိုးဖောက်ဖို့ဆိုရင် ကြယ်တာရာ အမြုတေ အဆင့်နှစ် ကျင့်ကြံခြင်း အခြေခံကို လိုအပ်တယ်... မဟုတ်ရင်လည်း နတ်မြင်းပျံ တစ်ကောင်ပေါ့ကွာ... ညီလေးဝေ့က ခုမှ ချီပျစ်ခဲခြင်း အဆင့်ရှစ်မှာပဲ ရှိနေသေးတာ ဆိုတော့ နတ်မြင်းပျံ မရှိရင် အပေါ်ကို တက်နိုင်မှာ မဟုတ်ဘူး”
ကြယ်တာရာ အမြုတေ အဆင့်၌ အောက်အလွှာ သုံးလွှာမှာ လောကပင်လယ်၊ ကောင်းကင် အုပ်စိုးသူနှင့် ဝိညာဥ်ဆင်းတု အလွှာတို့ပင် ဖြစ်သည်။
ချင်ချီ (ချင်ချူးမူ၏ အဖေ)သည် လောကပင်လယ် အဆင့် ဖြစ်ကာ၊ ဝူကျိုးမှာ ကောင်းကင် အုပ်စိုးသူ အဆင့် ဖြစ်သည်။ ဝိညာဥ် နတ်မိမယ် ရှန်းလင်မှာမူ ဝိညာဥ်ဆင်းတု အဆင့် ဖြစ်၏။ အဆင့်တစ်ခုချင်းစီက အလွန်ပင် ကွာခြားကာ ကောင်းကင်အုပ်စိုးသူ အဆင့်သို့ ရောက်ရှိသည့် ကျင့်ကြံသူများမှာ မန်နာကို အသုံးပြု၍ ပျံသန်းခြင်း၊ ခုခံခြင်း၊ တိုက်ခိုက်ခြင်း၊ လွှမ်းမိုးခြင်းများကို ပြုလုပ် နိုင်ကြသည်။
ပိုကေက ဆက်ပြောလိုက်၏။
“ညီလေးဝေ့ အတွက် ဂိုဏ်းက နတ်မြင်းပျံ တစ်ကောင် စီစဥ်ထားတယ်... အဲဒါကို သွားယူ လိုက်ကြရအောင်... ညီလေးရဲ့ ကြိုးကြာသားရဲက အလားအလာ ရှိတယ် ဆိုပေမဲ့ ကြယ်အဆင့်ကို မရောက်သေးဘူးလေ... ဒီတော့ ကောင်းကင်အလွှာကို ထိုးဖောက်နိုင်မှာ မဟုတ်သေးဘူး”
ဝေ့ဝူယင်မှာ ပိုင်လင်၏ အငွေ့အသက် အနည်းငယ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသဖြင့် ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။
“အားမငယ်နဲ့... နင်လည်း အချိန်တို အတွင်းမှာ ကြယ်အဆင့်ကို ရောက်မှာ သေချာပါတယ်”
များမကြာခင်မှာပင် သူတို့သည် ဖန်တီးခြင်း တောင်ထွတ် ဆဋ္ဌမ အလွှာရှိ မွေးမြူရေးခြံ တစ်ခုကို ရောက်ရှိလာ၏။ ထိုနေရာ၌ သိမ်းငှက်များ၊ လင်းယုန်များနှင့် အခြားသားရဲများစွာအား မွေးမြူထားသည်ကို ဝေ့ဝူယင် သတိထားလိုက်မိသည်။ ထိုမွေးမြူရေး ခြံထဲ၌ မျိုးနွယ်ခြား အသီးသီးမှ လာရောက်သည့် တပည့်များမှာ အလုပ်လုပ် နေကြသည်။
သူတို့က ပိုကေ၏ နတ်မြင်းပျံ ဆင်းသက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် ဦးညွှတ်ကာ နှုတ်ဆက် လိုက်ကြ၏။
“အဆင့်မြင့် အကြီးအကဲပိုပါလား... သူက အဂ္ဂိရတ် ဧကရာဇ်လောင်း တစ်ယောက်ကို ကြိုဆိုဖို့ ထွက်သွားတယ်လို့ ကြားတယ်”
"ဟုတ်လား... အဲဒီ အဂ္ဂိရတ် ဧကရာဇ်လောင်းက အထီးလား အမလားကွ... ဟီးဟီး.. ငါကတော့ လှပတဲ့ ကောင်မလေး တစ်ယောက် ဖြစ်ဖို့ပဲ မျှော်လင့်မိတယ်”
"ထွီ... ချိုပေါက်နေတဲ့ ခွေးကောင်... မိန်းမလှလေး တစ်ယောက်လာရင်တောင် မင်းနဲ့ ဘာဆိုင်မှာ မလို့လဲ”
“ဟမ့်... မင်းနဲ့ရော ဆိုင်မှာမလို့လား”
တပည့်များမှာ တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးရင် အတော်လေး စိတ်လှုပ်ရှား နေကြပုံ ရသည်။ ဖန်တီးခြင်း တောင်ထွတ်တွင် သူ့အကြောင်းများ ပျံ့နှံ့နေပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်၏။
အချိန်နှင့် နာရီကို ပြန်လည် ရေတွက်ရပါက... သူ အဂ္ဂိရတ် ဧကရာဇ်တစ်ယောက် ဖြစ်ကြောင်း ရှန်းလင် သတိထားမိသည်မှာ နေ့တစ်ဝက်ပင် မပြည့်သေးချေ။ သတင်းများကား အတောင်ပံ မပါသည့်တိုင် လျှင်မြန်စွာ ခရီးသွားနိုင်ပုံ ရသည်။
ပိုကေမှာ အဆင့်နိမ့် တပည့်များနှင့် အချိန်ဖြုန်းရန် စိတ်ပါပုံ မရချေ။ နတ်မြင်းပျံ မြေပြင်ပေါ် ဆင်းသက်သည်နှင့် တိုက်ရိုက်ပင် “အကြီးအကဲနူး” ဟု လှမ်းခေါ်လိုက်၏။
မရှေးမနှောင်းတွင်ပင် အညိုရောင် အသားအရေနှင့် လူသားယောက်ျား တစ်ဦးမှာ ဂူတစ်ခု အတွင်းမှ ထွက်ပေါ်လာ၏။ သူက ပိုကေကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် အကြည့်များကို ဝေ့ဝူယင်ဆီ ပြောင်းလိုက်သည်။ အခြားလူများနှင့် မတူညီစွာပင် အကြီးအကဲနူးသည် ဝေ့ဝူယင်နှင့် အချက်အလက် အသေးစိတ်ကို သိရှိပြီး ဖြစ်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် ကောင်းကင်နိုဘယ်ဝေ့...”
ဝေ့ဝူယင်ကလည်း နတ်မြင်းပျံပေါ်မှ ခုန်ဆင်းကာ လက်နှစ်ဖက်ကို ယှက်လိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် အကြီးအကဲနူး...”
ပိုကေမှာလည်း နတ်မြင်းပျံပေါ်မှ ခုန်ချလိုက်သည်။
“ဒါနဲ့ သူ့အတွက် နတ်မြင်းပျံရော...”
အကြီးအကဲနူးက ပြုံးလိုက်၏။
“မလောပါနဲ့ အဆင့်မြင့် အကြီးအကဲပိုရဲ့”
ထို့နောက် သူက လေတစ်ချက် ချွန်လိုက်ရာ မီတာခြောက်ဆယ်ခန့် မြင့်မားသည့် ငယ်ရွယ်ဟန် ရသော နတ်မြင်းပျံ ပေါက်စတစ်ကောင်က ပျံသန်း ရောက်ရှိလာသည်။ ၎င်းသည် အတော်လေး ဉာဏ်ရည်ထက်မြက်ပုံ ရ၏။ ချက်ချင်းပင် ဝေ့ဝူယင်၏ နံဘေးတွင် ဆင်းသက်ကာ ခေါင်းငုံ့ နှုတ်ဆက်လိုက်သည်။ သူသည် အခြေအနေကို လျှင်မြန်စွာ အကဲခတ်ကာ ဝေ့ဝူယင်မှာ သူ၏ သခင် အသစ်ဖြစ်ကြောင်း နားလည်ခဲ့ဟန် ရသည်။
ဝေ့ဝူယင်က နတ်မြင်းပျံလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ရယ်မောလိုက်၏။
သခင် အဖြစ် အသိအမှတ်ပြုမှု ချောမွေ့စွာ ပြီးဆုံးသွားသည် ကြည့်ကာ ပိုကေက ခေါင်းညိတ်လိုက်သည်။ ပုံမှန်အားဖြင့် နတ်မြင်းပျံ မျိုးနွယ်များမှာ အလွန် မောက်မာပြီး သူတို့အား အရည်အချင်း နိမ့်ပါးသူ စီးနင်းမည်ကို လက်မခံ လိုကြချေ။ ကြည့်ရသည်က အကြီးအကဲနူးမှာ ဝေ့ဝူယင်၏ ပါရမီနှင့် အရည်အချင်းများ အကြောင်းကို ထိုနတ်မြင်းပျံ ပေါက်စလေးအား ပြောပြကာ ကြိုတင် နားချထားဟန် ရသည်။
ပိုင်လင်က နတ်မြင်းပျံ ပေါက်စလေးကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေ၏။ ထိုသတ္တဝါလေးမှာ သူမနှင့် ရွယ်တူခန့် ရှိပေသည်။
“ညီလေးဝေ့... ဒီနတ်မြင်းပျံကို မင်းပိုင်သွားပြီ... သူက အပြည့်အဝ အရွယ်မရောက်သေးဘူး ဆိုတော့ ကြီးထွားဖို့ အချိန်တော့ ယူရဦးမယ်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... သူ့သွေးမျိုးဆက် နိုးထလာတဲ့ အချိန်ကျရင်တော့ ငါ့ထက်တောင် ပိုပြီး မြန်မြန် ပျံသန်း လာနိုင်လိမ့်မယ်”
ဝေ့ဝူယင်၊ စုမေ့နှင့် ပိုင်လင်တို့မှာ အချိန် တစ်ခဏအတွင်းမှာပင် နတ်မြင်းပျံလေးနှင့် ရင်းနှီးသွားသည်။ ထိုသတ္တဝါလေးသည် မာန တစ်ဆယ်သားပင် မရှိပဲ ဝေ့ဝူယင် အပေါ် ရိုကျိုး၏။ ကလေးသာသာ အရွယ်တွင်သာ ရှိသောကြောင့်လည်း ဖြစ်နိုင်ပေသည်။
တစ်ခုတည်းသော ပြဿနာက ၎င်း၏ အရွယ်အစားမှာ ပိုကေ၏ နတ်မြင်းပျံလောက် မကြီးခြင်းပင် ဖြစ်သည်။ ထို့ကြောင့်ပင် ပိုင်လင်တစ်ယောက် ၎င်း၏ ကျောပေါ်တွင် ထိုင်လိုက်နိုင်ခြင်း မရှိချေ။
ဝေ့ဝူယင်မှာ ပိုင်လင်ကို လိုက်ပို့ပေးရန် ပိုကေထံ ခွင့်တောင်းရတော့သည်။ ပိုကေလလည်း ချက်ချင်းပင် သဘောတူ၏။
ထိုအချိန်တွင်ပင် အကြီးအကဲနူးက ဝေ့ဝူယင်ထံ စာရွက်တစ်ခု လက်ကမ်းပေး၏။
“ကောင်းကင်နိုဘယ်ဝေ့... ဒါက ပိုင်ဆိုင်ကြောင်း သက်သေခံပါ... အခုကနေ စပြီး သေဆုံးတဲ့ အထိ... နောက်ဆုံး မင်းဂိုဏ်းကနေ ထွက်သွားခဲ့ရင်တောင် ဒီနတ်မြင်းပျံလေးက မင်းအပိုင် ဖြစ်သွားပြီ”
ဝေ့ဝူယင်က စိတ်လှုပ်ရှားစွာပင် စာရွက်ကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းတွင် ထူးခြားသည့် အရောင်အဝါ တစ်မျိုး ရှိကာ နတ်မြင်းပျံကို ခြေရာ ခံနိုင်ရန် ထည့်သွင်းထားသည်။ ထို့အပြင် ထိုစာရွက်ဖြင့် ဆိုပါက နတ်မြင်းပျံလေး၏ အသက်ကိုပင် ထိန်းချုပ်နိုင်သလို ဝေ့ဝူယင် ခံစားရ၏။ ထိုအရာမှာ စာရွက်လေး တစ်ရွက် ဖြစ်သည့်တိုင် အတော်လေး လေးလံသည်ဟု သူတွေးလိုက်မိသည်။
ဝေ့ဝူယင်နှင့် အကြီးအကဲနူးတို့မှာ တိုတိုတုတ်တုတ် စကားပြောပြီးနောက် ဆက်သွယ်ရေး သလင်းကျောက်များကို ဖလှယ်ခဲ့ကြသည်။
“ကဲ... ညီလေးဝေ့... မင်းလည်း ပင်ပန်းလာတယ် ဆိုတော့ အနားယူလို့ရအောင် မင်းခြံဝန်းဆီ အရင် သွားလိုက်ကြတာပေါ့... နောက်မှ အခြားနေရာတွေ လိုက်ပြမယ်”
ပိုကေက ဆိုလိုက်၏။ ဝေ့ဝူယင်ကလည်း သဘောတူလိုက်သည်။ ထိုခရမ်းလမ်းတွင် ဝေ့ဝူယင်နှင့် စုမေ့တို့က နတ်မြင်းပျံ အသစ်လေးကို စီးသည်။ ပိုကေနှင့် ပိုင်လင်တို့က အခြားတစ်ကောင်ကို စီးနင်း၏။
မကြာခင်မှာပင် ကောင်းကင်အလွှာထံ သူတို့ ရောက်ရှိလာကြသည်။ ချက်ချင်းပင် ကြီးမားသော ဖိအားကြီး တစ်ခုက သက်ရောက်လာကာ သူတို့ကို အောက်သို့ ပြန်တွန်းချမည့်ပုံ ပြုသည်။ ဝေ့ဝူယင်နှင့် စုမေ့တို့မှာ နတ်မြင်းပျံကို တင်းတင်း ဆုပ်ကိုင်ရင်း ဘုရားတ နေရ၏။
ဝေ့ဝူယင်သည် သူပိုင်ဆိုင်ထားသည့် ခွန်အားဖြင့်ပင် ထိုအလွှာကို ထိုးဖောက်နိုင်ရန် မဖြစ်နိုင်ကြောင်း သိရှိလိုက်သည်။ ထိုကောင်းကင်အလွှာက မည်ကဲ့သို့ ဖြစ်ပေါ်လာကြောင်း သူမသိသော်လည်း နတ်မြင်းပျံများတွင်မူ ၎င်းကို ဖြတ်ကျော်နိုင်သည့် ထူးခြားသော စွမ်းအားတစ်ခု ရှိနေပုံ ရသည်။
“နတ်မြင်းပျံတွေနဲ့ ကောင်းကင်အုပ်စိုးသူတွေပဲ ဝင်နိုင်တာ မထူးဆန်းတော့ဘူး”
သူ ခပ်တိုးတိုး မှတ်ချက်ချလိုက်၏။
ကောင်းကင်အလွှာသည် ကီလိုမီတာ အနည်းငယ်မျှသာ ကျယ်ဝန်းသည်။ သို့သော်လည်း ကြီးမားသော ဖိအားများကြောင့်ပင် ထိုနေရာကို ဖြတ်ကျော်ရန် အတွက် နတ်မြင်းပျံများပင်လျှင် တစ်နာရီ ကျော်ကျော် အချိန်ယူလိုက်ရသည်။
သတ္တမ အဆင့်သို့ ရောက်သည်နှင့် ထိုဖိအားများမှာ ပြန်လည် ပြေလျော့သွား၏။ ဝေ့ဝူယင်နှင့် စုမေ့တို့မှာ ရေနစ်နေသူ ကုန်းပေါ်ရောက် သကဲ့သို့ အသက်ကို လုကာ ရှူလိုက်ရသည်။ ပတ်ဝန်းကျင်ကိုပင် စက္ကန့် အနည်းငယ် အချိန်ယူပြီးမှသာ သူတို့ လေ့လာနိုင်တော့သည်။
သို့သော်လည်း ခမ်းနားလှသည့် မြင်ကွင်းများကို မြင်တွေ့လိုက်ရစဥ်၌ ဖိအား အားလုံးမှာ ရုတ်ချည်းပင် ကွယ်ပျောက်သွား၏။ သူတို့ အရှေ့ရှိ ကမ္ဘာကြီး တစ်ခုလုံးကား ရွှေရောင် မြူနှင်များနှင့် ဖုံးအုပ်နေပေသည်။ ထိုမြူများမှာ ထွင်းဖောက် မြင်နိုင်သည့်တိုင် ရွှေရောင် အလင်း ဖျော့ဖျော့ကို ထုတ်လွှတ် နေကြပေသည်။
“ဒါက ကြယ်တာရာ အမတေတွေပဲ...”
ပိုကေက စိတ်လှုပ်ရှားစွာပင် ရေရွတ်ရင်း အသက်ကို ပြင်းပြင်းရှူကာ မြူနှင်းများကို စုပ်ယူလိုက်သည်။ ရုတ်ချည်းပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ စွမ်းအင်များဖြင့် ပြည့်လျှံလာ၏။
ကြယ်တာရာ အမြုတေ...
၎င်းသည် ရှုပ်ထွေးပွေလီသော နက္ခတ္တဗေဒနှင့် ဂြိုဟ်လည်ပတ်မှု၏ ရလဒ်တစ်ခု ဖြစ်သော်လည်း ရိုးရိုးရှင်းရှင်း ပြောရပါက ကြယ်တာရာ ကွင်းပြင်ဆီမှ ရောက်ရှိလာသည့် အဆင့်မြင့် စွမ်းအင် တစ်မျိုးပင် ဖြစ်သည်။ အရှင်းလင်းဆုံး ဆိုရလျှင် ကြယ်တာရာ အမြုတေသည် ကောင်းကင်နှင့် မြေကြီး အမတေ၏ အရည်အသွေး မြင့်မားသော အဆင့်တစ်ခု ဖြစ်သည်။
စုမေ့နှင့် ပိုင်လင်တို့မှာလည်း စိတ်လှုပ်ရှားစွာပင် အသက်ကို ရှူသွင်းလိုက်ကြသည်။ တစ်ခဏအတွင်းမှာပင် စုမေ့မှာ သူမ၏ စိတ်၊ ရုပ်နှင့် အမတေတို့နှင့် တိုးတက်မှုများ ဖြစ်ပေါ်လာကြောင်း တွေ့ရှိလိုက်ရ၏။ သတ္တမမြောက် အလွှာပင်လျှင် ဤမျှ ကောင်းမွန်နေပါက အဋ္ဌမမြောက်နှင့် နဝမမြောက် အလွှာများမှာ မည်ကဲ့သို့ နေမည်နည်း။
တစ်နာရီခန့် ကြာအောင် မရပ်မနား ကျင့်ကြံပြီးနောက် ပိုကေက... “အားတောင်နာတယ် ညီလေးဝေ့ရယ်... အကို အသိစိတ် လွတ်သွားတယ်... လာ... အခု အကို မင်းအိမ်ကို လိုက်ပို့ပေးမယ်...”
မကြာခင်မှာပင် သူတို့ အဖွဲ့မှာ ဝူနက္ခတ် မျှော်စင်နှင့် ပုံစံတူ ဆောက်လုပ်ထားသော နန်းတော်များ ဆီသို့ ရောက်ရှိလာကြသည်။ ၎င်းတို့သည် ကောင်းကင်အလွှာပေါ်၌ အခြေတည်ကာ လေထဲတွင်ပင် သည်အတိုင်း မြောလွင့် နေကြသည်။ နန်းတော် တစ်ခုချင်းစီမှာ ကြီးကျယ် ခမ်းနားလှပြီး ရွှေရောင် တိမ်တိုက်များ အကြား၌ တည်ရှိနေပုံက နတ်ဘုံနတ်နန်း ရောက်နေသလိုလိုပင်။
...
အနန္တ အခြေတည် တာအိုစေတီရှေ့၌...
တစ်ရာသော အနန္တ ကုန်းမြေတိုက်ကြီး၏ ပါရမီရှင်များမှာ တိတ်တဆိတ်ပင် ကျင့်ကြံ နေကြသည်။ ရှန်လင် ထွက်ခွာသွားသည်မှာ တစ်ရက်ခန့် ကြာခဲ့ပြီး ဖြစ်သည်။ ထိုအတောအတွင်း ချီပျစ်ခဲခြင်း အဆင့်ခုနစ် လူငယ် အချို့မှာ ဝင်ရောက် ကြိုးပမ်းခဲ့ကြသော်လည်း အားလုံး သေဆုံးခဲ့ကြသည်။
လုံချန်၊ ဝူပိုင်ကျိုး၊ လျဲ့ယု၊ နာ့ရှင်းရီ၊ လင်းကျိရန်နှင့် မင်ရှုဖုန်းတို့မှာ စက်ဝိုင်း ပုံသဏ္ဌာန် ဝိုင်းပတ် ထိုင်ကာ ကျင့်ကြံနေခဲ့ကြသည်။ သူတို့ အားလုံး၏ မျက်လုံးများက ဖိအားများ၊ စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေ၏။ မည်သူမျှ ဤနေရာတွင် မသေလိုကြချေ။
“ငါတို့တွေ အကုန် အဆင်ပြေသွားမှာပါ”
လုံချန်က နှစ်သိမ့်စကား ဆိုလိုက်၏။
***