← Chapters

အနန္တ အခြေတည် တာအိုစေတီ

Vol. 12 Ch. 163

အနန္တ အခြေတည် တာအိုစေတီ

Vol. 12 Ch. 163

အားလုံး ကြောက်ရွံ့ တွန့်ဆုတ်နေကြချိန်တွင်ပင် ပုံရိပ်တစ်ခုမှာ ထရပ်ကာ အနန္တ အခြေတည် တာအိုစေတီဆီသို့ မြဲမြံသော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွား၏။ သူမကား မိန်ကလေး တစ်ယောက် ဖြစ်သည်။ ရုပ်ရည်အရ သူမမှာ နှစ်ဆယ်ကျော်ခန့်ဟု ထင်ရသည့်တိုင် အမှန်တကယ် အသက်မှာမူ လေးဆယ်နားသို့ ကပ်နေခဲ့ပြီ ဖြစ်သည်။ လှိုင်းဖောက်များသော အညိုရောင် ဆံပင်တိုများနှင့် ပန်းနုရောင် နှုတ်ခမ်းဖူးများက သူမမှာ လှပသူကလေး ဖြစ်ကြောင်း မီး‌‌မောင်းထိုး ပြနေ၏။

သူမသည် ချီပျစ်ခဲခြင်း အဆင့်ခြောက်တွင် ရှိပေသည်။ သူမ၏ အသက်အရွယ်နှင့် နှိုင်းယှဥ်ပါက ထိုအရာမှာ အတော် မြင့်မားသော အဆင့်တစ်ခု ဖြစ်သည်။

“အဲဒါ ဝမ်တိုင်းပြည်ရဲ့ တတိယ မင်းသမီး ဝမ်မင်နာ မလား...”

ချောမောသော လူငယ်လေး တစ်ယောက်က သူ၏ သူငယ်ချင်းကို ကပ်တိုးလေး ပြောလိုက်သည်။ ဤနေရာသို့ ရောက်ရှိလာသူတိုင်းကား အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် ထိပ်ဆုံးမှ ရပ်တည် နေကြသည့် ပါရမီရှင်များ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ အချင်းချင်းမှာ တစ်ဦးကို တစ်ဦး မျက်မှန်းတန်းမိကြပေသည်။

"ဟုတ်တယ်... သူက ဝမ်မျိုးနွယ်ရဲ့ ပါရမီ အရှိဆုံး မျိုးဆက်တွေထဲက တစ်ယောက်ပဲ... သူက နောက် နှစ်သုံးရာ အတွင်းမှာ ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် ဖြစ်လာဖို့ အလားအလာ ရှိတယ် တဲ့... သူ ဘယ်လောက် လုပ်ပြနိုင်မလဲ ငါ စိတ်ဝင်စားနေပြီ”

သူ၏ သူငယ်ချင်းက ပြန်ပြောလိုက်သည်။ များစွာသော လူများမှာ ထိုအချောအလှလေး စမ်းသပ် စစ်ဆေးမှုများကို ဖြတ်‌ကျော်သွားနိုင်ရန် ကြိတ်ကာ ဆုတောင်းပေးလိုက်မိကြ၏။

ဝမ်မင်နာသည် အလွန် သတ္တိရှိသည်။ နောင်ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ် အတွင်း ချီပျစ်ခဲခြင်း အဆင့်ခုနစ်ကို တက်လှမ်းနိုင်ရန် သူမတွင် ယုံကြည်ချက် ရှိပါသည်။ သို့သော်လည်း ကြောက်ရွံ့ ထိတ်လန့်စွာ စောင့်ဆိုင်းနေခြင်းထက် အခွင့်အရေးရတုန်း စွန့်စားရန်သာ သူမ ဆုံးဖြတ်ခဲ့သည်။

သူမ၏ အတွေများမှာ ရိုးရှင်းကာ ကျင့်ကြံခြင်း လောကက မည်မျှ ရက်စက်ကြောင်း သူမ နားလည်သည်။ အထူးသဖြင့် သူမကဲ့သို့ ချောမော လှပသည့် မိန်းကလေးများမှာ အားကြီးသူများ၏ ပစ်မှတ်ထားခြင်းကို ခံရလေ့ ရှိသည်။ အထူးသဖြင့် သူမမှာ မူလယင် မပျောက်ဆုံးသေးသည့် အပျိုစင် တစ်ယောက် ဖြစ်ရာ ထိုအရာကို အလေးအနက်ထား ရသည်။

ဤနေရာတွင် သူမကို ကာကွယ်ပေးမည့် အဖရော၊ အဘိုးရော မရှိချေ။ သို့ဖြစ်ရာ သူမ ကျောထောက်နောက်ခံ တစ်ခုကို ဆုပ်ကိုင်ထားရန် လိုအပ်သည်။ အနန္တဧကရာဇ်ဂိုဏ်းသည် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အင်အား အကြီးဆုံး ဂိုဏ်းကြီး တစ်ဂိုဏ်းဟု ဆိုသည်။ သို့ဖြစ်ရာ ထိုဂိုဏ်းအတွင်း သူမ အမြန်ဆုံး ဝင်ရောက်နိုင်မှ ဖြစ်ပေလိမ့်မည်။

နောက်နားမှ အမျိုးမျိုးသော တီးတိုးဝေဖန်သံများ ထွက်ပေါ်နေသည့်တိုင် ဝမ်မင်နာ၏ ခြေလှမ်းများမှာ မယိမ်းမယိုင် တည်ငြိမ်နေ၏။ တစ်ခဏအတွင်းမှာပင် အနန္တ အခြေတည် တာအိုစေတီ အတွင်း သူမ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

“ဝမ်....”

ပထမ အထပ်မှာ လင်းလက်လာ၏။ လူတိုင်းမှာ အသက်ကို ပြင်းပြင်းရှူရင်း လက်သီးများကို တင်းကြပ်စွာ ဆုပ်လိုက်ကြသည်။ အကယ်၍ ဝမ်မင်နာသာ လုပ်နိုင်ပါက သူတိ့လည်း လုပ်နိုင်ရမည်။

“တစ်စက္ကန့်...” “နှစ်စက္ကန့်...”

လူတိုင်းမှာ ရင်တဒိတ်ဒိတ် ခုန်နေကြ၏။

“ဝမ်...”

တစ်မိနစ်မျှ ကြာပြီးနောက်၌ ဒုတိယမြောက် အထပ်မှာ ဖျပ်ခနဲ လင်းလက်လာတော့သည်။

“သူ ဒုတိယ အထပ်ကို ရောက်သွားပြီ”

ချောမောသော လူငယ်လေးက အော်ဟစ်လိုက်သည်။ မိနစ် အနည်းငယ် ကြာပြီးနောက် တတိယ အထက်မှာလည်း ဆက်လက် လင်းလက်လာ၏။

ထို့နောက် စတုတ္ထမြောက်၊ ပဥ္စမမြောက်...

လူငယ်များ၏ ရင်ခုန်သံများမှာ ပိုမို ကျယ်လောင်လာသလို စိတ်ခွန်အားများမှာလည်း တဟုန်ထိုး တိုးပွားလာခဲ့သည်။ ကြည့်ရသည်က အနန္တ အခြေတည် တာအိုစေတီ စမ်းသပ်မှုက ထင်သလောက် မခက်ခဲသည်လား။

“ဝမ်...”

တစ်နာရီခန့် ဆက်လက် စောင့်ဆိုင်းပြီးနောက်တွင် ဝမ်မင်ယာမှာ ဆဋ္ဌမမြောက် အထပ်အထိ ရောက်ရှိသွား၏။ သူမကား အရှိန်အဟုန်နှင့် အတူ ကြိုးစားနေဟန် ရသည်။

“ဝမ်မင်နာက တကယ့်ကို ပါရမီရှင်ပဲ... သူက အနန္တဧကရာဇ်ဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်လာမှာ သေချာတယ်”

ချောမောသော လူငယ်လေးက ပြောဆိုလိုက်ရာ အခြားလူများမှာလည်း ခေါင်းညိတ်လိုက်ကြသည်။ သို့သော်လည်း လုံချန်မှာမူ မမှိတ်မသုတ် မျက်မှောင်ကြုတ်ရင်း ဆဋ္ဌမမြောက် အထပ်ဆီကိုသာ ကြည့်နေခဲ့၏။

သူတို့ အချိန်ကြာကြာ သိပ်မစောင့်လိုက်ရချေ။

ဘုန်း...

ပေါက်ကွဲသံနှင့် အတူ ပုံရိပ်တစ်ခုမှာ ဆဋ္ဌမ အလွှာမှ နေ၍ တစ္ဆေတစ်ကောင် အလား အောက်သို့ ပြုတ်ကျ လာခဲ့လေ၏။ ၎င်းမှာ အမျိုးမျိုးသော အလင်းများနှင့် ဝန်းရံနေလေရာ ဥက္ကာခဲ တစ်ခုအလားပင် ထင်ရလေသည်။

ဘုန်း...

ထိုပုံရိပ် မြေပြင်ပေါ် မကျမီတွင် လူငယ် အချို့က ခုန်ကာ ဖမ်းယူလိုက်ကြသည်။

“ဝမ်မင်နာ...”

မှန်ပေသည်။ ထိုပုံရိပ်ကား တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသည့် ဝမ်မင်နာပင် ဖြစ်သည်။ သို့သော်လည်း ကံကောင်းစွာပင် သူမကား အသက်ရှင်နေပေသေးသည်။

“အဟွတ်... အဟွတ်...”

ဝမ်မင်နာက ချောင်းဆိုးလိုက်ရင်း သွေးများကို ထွေးထုတ်လိုက်၏။ ထို့နောက် သူမက သိုလှောက် လက်စွပ်ထဲမှ ဆေးလုံးအနည်းငယ်ကို ထုတ်ယူကာ သောက်လိုက်သည်။

လူငယ်များမှာ သူမ နံဘေးသို့ ချည်းကပ်လာကြ၏။

“ဘာဖြစ်သွားတာလဲ... အဆင်ပြေရဲ့လား”

“ငါ...”

ဝမ်မင်နာက စကားပြောရန် ကြိုးစားလိုက်သော်လည်း သူမ၏ လေသံက အတော်လေး အားနည်းနေသည်။ သူမ၏ မျက်ဝန်းတွင်မူ လက်မခံလိုသော အရိပ်အငွေ့များက နေရာယူနေ၏။

ရိုးရှင်းစွာပင် သူမ ကျဆုံးခဲ့ပေသည်။ လူတိုင်းမှာ သက်ပြင်းများ ချလိုက်မိကြ၏။ ဝမ်တိုင်းပြည်၏ တတိယ မင်းသမီး ပင်လျှင်  ကျဆုံးခဲ့ရသည်လား။

“ပဥ္စမမြောက် အလွှာ အရောက်မှာ စေတီက ငါ့ကို ဒီတံဆိပ်လေး ပေးလိုက်တယ်”

သူမက တင်းတင်း ဆုပ်ထားသော လက်သီးကို ဖြန့်လိုက်ရာ ငွေရောင် ပစ္စည်းလေး တစ်ခု ထွက်ပေါ်လာ၏။ ထိုပစ္စည်းလေးပေါ်တွင် “အနန္တဧကရာဇ်ဂိုဏ်း... ဂုဏ်းထူးဆောင် တပည့်” ဟူသော စကားလုံးလေးကို ရေးထွင်းထားပေသည်။

“ဂုဏ်ထူးဆောင် တပည့်... အဲဒါ ဘာလဲ”

လူငယ်တစ်ဦးက မေးလိုက်၏။ ဝိညာဥ် နတ်မိမယ်၏ ပြောစကား အရဆိုလျှင် တပည့် အမျိုးအစား ငါးခုသာ ရှိသည်။ ထိုအထဲတွင် ဂုဏ်ထူးဆောင် တပည့် မပါချေ။

"အဲဒါက အစေခံ တပည့်ကို ပြောတာ”

ဝမ်မင်နာက လက်ထဲရှိ ငွေရောင် ပစ္စည်းလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ထရပ်လိုက်၏။ သူမ၏ ပါရမီက နိမ့်ကျသည့်တိုင် ကြိုးစားနေသမျှ ကာလပတ်လုံး အခြားလူများထက် မြင့်မားလာမည်မှာ သေချာပေသည်။ သူမ လွယ်လွယ်နှင့် အရှုံးပေးလိမ့်မည် မဟုတ်ချေ။

“အစေခံ တပည့်...”

လုံချန်က အနန္တ အခြေတည် တာအို စေတီကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် တရွေ့ရွေ့ ပျောက်ကွယ်သွားသည့် ချင်ချူးမူနှင့် ဝေ့ဝူယင်တို့၏ ပုံရိပ်က ခပ်ရေးရေးပေါ်လာခဲ့၏။

“သူတို့ကို ပြန်တွေ့ဖို့ ဆိုရင် ငါအောင်မြင်မှ ဖြစ်မယ်...”

...

နှစ်ရက်အကြာ...

မှောင်မိုက်နေသည့် ညဥ့်သန်းခေါင်တွင် မှိုင်းမှိုင်းညို့ညို့ တိမ်တိုက်များက တိတ်တဆိတ် ရွေ့လျားသည်။ နန်းတော်များသည် ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ရင်း တိတ်ဆိတ်နေ၏။

အမှောင်ထုမှာ ရှင်သန်ခြင်း...

အမှောင်ထုမှာ ရှင်သန်ခြင်း...

အမှောင်ထုမှာ ရှင်သန်ခြင်း...

ခုတင်ပေါ်၌ လှဲလျောင်းနေသည့် ဝေ့ဝူယင်၏ မျက်နှာက ရှုံ့တွနေ၏။ သူ၏ လက်များက အိပ်ယာခင်းများကို တင်းတင်းကြပ်ကြပ်ပင် ဆုပ်ချေနေသည်။

“အား...”

သူသည် ကျယ်လောင်စွာ အော်ဟစ်ရင်း ချွေးသီးချွေးပေါက်များနှင့် အတူ နိုးထလာ၏။  သူ၏ မျက်လုံးများက ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေကာ သူ၏ တစ်ကိုယ်လုံးမှာ နတ်ပူး သကဲ့သို့ တုန်ရီနေသည်။

သူ အသက်ကို လုယူ၍ ရှူသွင်းလိုက်သည်။

“အိပ်မက်ဆိုးတွေ မက်ပြန်ပြီ”

မင်ရှုဖုန်း၏ အကူအညီနှင့် ငရဲကို တွေ့မြင်ပြီးသည့် နေ့မှ စတင်၍ သူ ထိုအိပ်မက်ဆိုးကို ညတိုင်း မက်နေခဲ့သည်။ သာမန်နေ့များတွင်ပင် သူ ထိုထိတ်လန့်မှု အတွေးကို မနည်းထိန်းချုပ်ထားခဲ့ရသည်။

“ဒီအိပ်မက်တွေက အဆုံးမသတ်တော့ဘူးလား...”

နဖူးထက်ရှိ ချွေးများကို သုတ်ရင်း ဝေ့ဝူယင် မသေမချာ ရေရွတ်လိုက်မိသည်။ ဖြစ်နိုင်လျှင် သူ အရာအားလုံးကို အဆုံးသတ်လိုက်ချင်ပြီ ဖြစ်သည်။ ခုတင်စောင်းသို့ ခြေချလိုက်ရင်း သူ ညာဘက် လက်မောင်းကို ငုံ့ကြည့် လိုက်မိ၏။

ကမ္မတန်ဖိုး... ၅၈၅.၇

ပထမ ကပ်ဘေး လွတ်မြောက်ခင်း... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း... နှစ် ၄၀

“နှစ်လေးဆယ် အချိန်ကျန်သေးတယ်... ကြည့်ရတာ အဲဒီ အချိန်ထိ ငါ အိပ်မက်ဆိုးတွေ ဆက်မက်ရဦးမယ့် ပုံစံပဲ”

သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ မည်သို့ပင် ဆိုစေ အိပ်မက်ဆိုးများ မက်ခြင်းမှာလည်း ကောင်းသော အရာ ဖြစ်ပေသည်။ ယခုအချိန် အနာခံထားမှသာ ကပ်ဘေး ကျဆင်းလာချိန်၌ အလွယ်တကူ ကျော်ဖြတ် နိုင်ပေလိမ့်မည်။

အသက်ကို ပြင်းပြင်းရှုရင်း သူ ကြယ်တာရာ အမတေများကို စုပ်ယူလိုက်သည်။ ချက်ချင်းပင် သူ၏ စိတ်များက ပြန်လည် လတ်ဆတ်လာကာ သက်တောင့်သက်သာ အနေအထား တစ်ခုကို ရောက်ရှိသွား၏။ တုန်ရီနေသည့် သူ၏ ခန္ဓာကိုယ်က ငြိမ်ကျသွားကာ ချွေးစေးများမှာလည်း အငွေ့ပျံသွားသည်။

သတ္တမမြောက် အလွှာရှိ ကောင်းကင် နန်းတော်သို့ သူရောက်ရှိသည်မှာ နှစ်ရက်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ သူသည် ဤနေရာတွင် ဖြည်းညင်းစွာပင် ကျင့်ကြံရင်း ဂိုဏ်း၏ စည်းမျဥ်းများ အကြောင်းကို လေ့လာနေခဲ့သည်။ နေသွေးနီနီဂိုဏ်းနှင့် ခြားနားစွာပင် အနန္တဧကရာဇ်ဂိုဏ်းမှာ စစ်အာဏာရှင် စနစ် ပုံစံမျိုးဖြင့် ဖွဲ့စည်းထားသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ နားလည်ရ လွယ်ကူစေရန် အတွက် ဂိုဏ်းဝင်များ၏ သြဇာအာဏာ ပိုင်ဆိုင်မှုများကို ကိန်းဂဏန်းများဖြင့် ဖော်ပြပေးနိုင်ပေသည်။

ဂုဏ်ထူးဆောင် တပည့်များမှာ မည်သည့် သြဇာအာဏာမျှ မရှိသည့် ကျွန်တပည့်များ ဖြစ်သည်။ သူတို့သည် နေ့စဥ်နေ့တိုင်း အောက်ခြေသိမ်း အလုပ်များကို လုပ်ကိုင်ရန် အတင်းအကြပ် ဖိအားပေးခံရသည်။ သူတို့၏ သြဇာအာဏာကို ဂိုဏ်းထဲတွင် သုည အဖြစ် သတ်မှတ်ရပေလိမ့်မည်။

***

All Chapters