ဘရာဇီးခရီးစဥ်
Vol. 9 Ch. 1
"Fox5NYမှ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့အတွက် ညနေခင်းသတင်းများကို စတင်တင်ဆက်ပေးပါမယ်ရှင်။
ပထမဆုံးတင်ဆက်ပေးချင်တဲ့ သတင်းတစ်ခုကတော့ ဇန်နဝါရီလ ရှစ်ရက်နေ့ ဒီကနေ့မနက်မှာ ငြိမ်းချမ်းရေးမဟာမိတ်က သူတို့ရဲ့ပထမဆုံး ကမ္ဘာမြေကာကွယ်ရေးဂြိုဟ်တု ဂိုင်ယာ ၀၁ ကို လွှတ်တင်ခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။
ကျူးဘားနိုင်ငံကနေတစ်ဆင့် လွှတ်တင်ခဲ့တာဖြစ်ပြီး ဂြိုဟ်တုကို ယခင်လပိုင်းက ပန်ဒရာဂွန်ကုမ္ပဏီနဲ့မက်တယ်ပလာဒင်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ဂြိုဟ်တုမှာ ကာကွယ်ရေးအတွက် အလိုလျောက်လေဆာလက်နက်တွေပါဝင်ပြီး စစ်ကူလိုအပ်တဲ့နိုင်ငံတွေကို မိနစ်အနည်းငယ်အတွင်း စစ်နတ်သမီးတပ်ဖွဲ့တွေ တိုက်ရိုက်စေလွှတ်နိုင်တဲ့ စနစ်လည်းပါဝင်ပါတယ်။"
မက်ဒါနာက လက်ထဲမှာဖုန်းပြားကြီးကိုကိုင်ထားပြီး သတင်းကိုအာရုံစိုက်ပြီး ကြည့်နေတယ်။ သူက အခုစမ်းသပ်ခန်းထဲမှာ ဖရာလီတာ၊ ဖလေရာတို့နဲ့အတူရှိနေတာဖြစ်ပြီး ကင်းလှည့်ပြီးနောက် ခနနားနေတာပါ။
သတင်းကိုအပြီးထိကြည့်ပြီးတဲ့နောက် မက်ဒါနာက ဖရာလီတာနဲ့ဖလေရာတို့ကို ကြည့်လိုက်ပါပြီ။ မက်ဒါနာက မြို့ပြခုခံရေးစနစ်ကို တီထွင်ပေးပြီးတဲ့နောက် ဖရာလီတာကလည်း ကိုယ်ပိုင်ဒီဇိုင်းတစ်ခုကို ဖန်တီးခဲ့တယ်။ အဲဒါကတော့ ဂိုင်ယာဂြိုဟ်တုပါ။
"နောက်ဆုံးတော့ နင်တို့ပြောတဲ့ မဟာမိတ်ရဲ့ခံစစ်အဆောက်အအုံသစ်ကို လွှတ်တင်နိုင်ခဲ့ပြီပေါ့။" မက်ဒါနာက ဖလေရာနဲ့ဖရာလီတာကို ပြောလိုက်တယ်။ ဒါပေမဲ့ သူနားမလည်တာ တစ်ခုရှိနေပါသေးတယ်။
"ဒါနဲ့ နင်တို့နှစ်ယောက်က အမြဲလိုလိုဖက်ပြိုင်နေတာ မဟုတ်ဘူးလား။ အခုကျ ပူးပေါင်းနေကြသလိုပဲ။"
လောလောဆယ် ဖရာလီတာနဲ့ဖလေရာတို့က အချစ်ပြိုင်ဖက်တွေတင်မကဘဲ စီးပွားပြိုင်ဖက်တွေပါ ဖြစ်ကုန်ပြီ။ နဂိုကတော့ မက်တယ်ပလာဒင်က သာမန်အလယ်အလတ်တန်းစား နည်းပညာကုမ္ပဏီဆိုပေမဲ့ လော့ဟက်မာတင်ကျဆုံးပြီးတဲ့နောက် ရှယ်ယာစျေးတွေထိုးတက်ကုန်ပြီး အမေရိကန်ရဲ့အကြီးဆုံးဟီးရိုးနည်းပညာကုမ္ပဏီဖြစ်သွားတယ်။ ပန်ဒရာဂွန်တွေက အစကတည်းက ဥရောပရဲ့အကြီးဆုံးဖြစ်လို့ နဂိုက မက်တယ်ပလာဒင်ကိုဂရုမစိုက်ပေမဲ့ အခုတော့သူတို့က တန်းတူဖြစ်သွားပြီ။
"အဲဒီကိစ္စကလား၊ ငါတို့က တကယ်ပဲပြိုင်ဖက်တွေဖြစ်နေတယ်ဆိုပေမဲ့ မဟာမိတ်တစ်ခုတည်းမှာလေ။ ဒီတော့ အချင်းချင်းစျေးကွက်ပြိုင်ဆိုင်နေမယ့်အစားဘယ်သူက မဟာမိတ်ကို ပိုအကျိုးပြုနိုင်လဲဆိုပြီးပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ။" ဖလေရာက လက်ကိုပိုက်ထားရင်း ဖရာလီတာကို ပြုံးပြကာ ပြောလိုက်ပါတယ်။
ဖရာလီတာကတော့ ဟွန့်ခနဲနှာမှုပ်လိုက်ပြီး အခုလိုပြောလာတယ်။ "ငါကတော့ နင်တို့ကိုခုထိ ဂျူနီယာပါတနာလို့ပဲ မြင်တာပါနော်။ ဂြိုဟ်တုတစ်ခုလုံးမှာ နင်တို့ဒီဇိုင်းဆိုလို့ လေဆာအမြောက်တစ်ခုပဲပါတာ။"
မက်ဒါနာလည်း ရယ်ကျဲကျဲနဲ့ပဲ သူတို့ကိုပြုံးပြလိုက်တယ်။ တကယ်လည်း မက်တယ်ပလာဒင်က နည်းပညာပိုင်းအရ ပန်ဒရာဂွန်တွေကို ယှဥ်နိုင်စရာမရှိဘူး။ ဖလေရာကတော့ မက်ဒါနာကို ရုတ်တရက် ကောက်ကျစ်တော့မယ့်ပုံစံနဲ့ ကြည့်လိုက်ပြီး မက်ဒါနာရဲ့လက်မောင်းကို ဖမ်းဆွဲပြီး သူ့ရင်ခွင်ထဲထည့်လိုက်လေရဲ့။
"ဘာပဲပြောပြော တို့မက်ဒါနာက ငါတို့ရဲ့စက်မှုဒီဇိုင်းအင်ဂျင်နီယာလေ။ ခုထိ ငါသူ့ကိုဝန်ထမ်းစာရင်းကနေ မထုတ်ရသေးဘူး။ ဒီတော့ သူထွင်သမျှကို တို့ကထုတ်လုပ်ပေးလို့ရတယ်။"
မက်ဒါနာက ဖလေရာကို အံ့ဩတကြီးနဲ့ကြည့်လိုက်တယ်။ အချိန်ပြည့်ဟီးရိုးဖြစ်လာပြီးတဲ့နောက် မက်တယ်ပလာဒင်လုပ်ငန်းစုကို သူပြန်မသွားတော့တာကြာပြီ။ သူ့ဘာသာသူ အလုပ်ထွက်စာတင်ခဲ့လား မတင်ခဲ့လားမမှတ်မိတော့ပေမဲ့ ဖလေရာကတော့ သူ့ကိုဝန်ထမ်းစာရင်းကနေ မထုတ်ပစ်ခဲ့တဲ့ပုံပဲ။
"ဟေး၊ အဲဒါမမျှတဘူးလေ။ ငါတို့က မက်ဒါနာကိုရဖို့ပြိုင်နေတာလေ။ မက်ဒါနာရဲ့အကူအညီကိုယူပြီးပြိုင်ရင် ဘယ်လိုလုပ်တရားမှာလဲ။"
ဖရာလီတာက ရှေ့ကိုတက်လာပြီး မက်ဒါနာကိုရန်တွေ့တယ်။ ဖလေရာကတော့ ခါးကိုကော့ ရင်ကိုမော့ပြီး ဖရာလီတာရဲ့နဖူးကို လက်ညိုးနဲ့ထောက်ပြီးပြောလိုက်လေရဲ့။
"အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့၊ မက်ဒါနာရေ နင့်ဖုန်းပြားကြီးထဲက ဒီဒီဇိုင်းတွေ ငါယူသုံးမယ်နော်။ ပြီးမှမူပိုင်ခွင့်ကြေးလွှဲပေးလိုက်မယ်။"
ဖလေရာက မက်ဒါနာလက်ထဲက ဖုန်းပြားကြီးကို လုယူလိုက်တယ်။ မက်ဒါနာကျောင်းအုပ်လုပ်နေတုန်းက အချိန်ပိုရှိတာနဲ့ တကယ်မထွင်ဖြစ်ဘဲ အကြံထွက်တိုင်းလျှောက်ဆွဲထားတဲ့ ဒီဇိုင်းမူကြမ်းတွေက အဲဒီဖုန်းထဲမှာရှိတယ်။ ဒါပေမဲ့ ဒီဇိုင်းအကုန်လုံးက တကယ်အသုံးဝင်ပြီး စွမ်းအားကြီးနေတာမျိုးတော့မဟုတ်ဘူး။ တချို့ဟာတွေဆို ဟီးရိုးအကူပစ္စည်းတောင်မဟုတ်တဲ့ အိမ်သုံးပစ္စည်းတွေပါ။
မက်ဒါနာကတော့ သက်ပြင်းချလိုက်ပြီး "ယူသုံးတာက ပြဿနာမရှိပေမဲ့ တချို့ဒီဇိုင်းတွေက စိတ်ကူးပေါက်တိုင်း လျှောက်ဆွဲထားတာတွေနော်။ တကယ်အသုံးတည့်မတည့် ငါလည်းမသိဘူး။"
"စိတ်မပူပါနဲ့၊ ငါတို့ဘာသာစမ်းသပ်ကြည့်ပြီး အသုံးဝင်တာတွေပဲ ထုတ်မှာပေါ့။" ဖလေရာက ပြောပြောဆိုဆိုနဲ့ ဖုန်းပြားကြီးကို ဒါဗင်ချီကုတ်စာအုပ်လိုသဘောထား ရင်ခွင်ထဲပိုက်ပြီး အခန်းထဲကနေ ထွက်သွားလေရဲ့။ ပြီးတော့ 'အားဟားဟား' ဆိုတဲ့ အော်ရယ်သံကြီးကိုလည်း အခန်းထဲမှာ ထားခဲ့သေးတယ်။
"ဟေး၊ မက်ဒါနာ။ နင်ဘာလို့ အဲဒီအရူးမလက်ထဲ ဒီဇိုင်းတွေအလွယ်တကူပေးလိုက်တာလဲ။" ဖရာလီတာကတော့ မက်ဒါနာက ဖလေရာကိုမတားဘဲလွှတ်ထားပေမဲ့အတွက် စိတ်ဆိုးနေလေရဲ့။
"ပြောရရင် အဲဒီဒီဇိုင်းတွေက ငါ့အတွက်ဒီလောက်ကြီး အရေးကြီးတာမဟုတ်ဘူးလေ။ လက်နက်ဒီဇိုင်းတချို့လည်းပါပေမဲ့ ငါတို့ကျောင်းဝတ်စုံမှာသုံးတဲ့ ဓားလောက်ပဲစွမ်းတာပါ။ ကျောင်းသားတွေ ဓားအပြင် တခြားဟာတွေရောသုံးချင်မလားအတွေးနဲ့ ဖန်တီးဖြစ်ရုံပဲ။"
"ဒါပေမဲ့ အဲဲဒီဟာမက နင့်ဒီဇိုင်းတွေကို ဇက်သတ္တုအစစ်နဲ့လက်နက်ထုတ်ရင် အများကြီးအဆင့်မြင့်သွားမှာပေါ့။"
"ဒါပေမဲ့ မဟာမိတ်ကိုပဲရောင်းမှာမလို့ လူသားတွေအတွက် အကျိုးမရှိဘူးလား။" မက်ဒါနာက ခုလိုပြောလိုက်တော့ ဖရာလီတာပြောစရာစကားရှာမရတော့ဘဲ မျက်နှာကြီးနီရဲသွားပြီး နှုတ်ခမ်းကိုစူလိုက်ပါလေရော။
"မက်ဒါနာ၊ အရူးမ။ သူများကို ဘယ်လိုဂရုစိုက်ပေးရမှန်း မသိတဲ့ဟာမကြီး။" ဖရာလီတာက ဒေါက်ဖိနပ်နဲ့ မက်ဒါနာ့ခြေထောက်ကိုနင်းပြီး စမ်းသပ်ခန်းထဲကနေ ထွက်သွားတယ်။ ခြေထောက်အကြောတွေသေနေလို့ နာကျင်မှုကိုမခံစားရပေမဲ့ ခြေခုံပေါ်ထင်းနေတဲ့ ဒေါက်ဖိနပ်ရာကိုကြည့်ရင်း မက်ဒါနာမျက်နှာမဲ့လိုက်မိလေရဲ့။
"ငါတော့ မိန်းကလေးတွေကို နားမလည်နိုင်တော့ဘူး။" သူဒီလိုပြောလိုက်တယ်။
ဒေါက်... ဒေါက်... ဒေါက်
ဖရာလီတာထွက်သွားပြီးမကြာခင်မှာပဲ သာယာညိမ့်ညောင်းတဲ့ ခြေသံတစ်သံကို မက်ဒါနာစကြားရပါတယ်။ မကြာခင်မှာပဲ တံခါးပွင့်သွားပြီး 'ဝင်ခွင့်ပြုပါ' လို့ခွင့်တောင်းသံနဲ့အတူ ညိုချောမိန်းကလေးတစ်ယောက် အခန်းထဲဝင်လာတယ်။ လက်ထဲမှာ သေချာခေါက်ထားတဲ့ မဟာမိတ်ယူနီဖောင်းကို ကိုင်ပြီးဝင်လာတဲ့ အေမီပါ။ အေမီက မက်ဒါနာကို ပြုံးပြလိုက်ပြီး စနောက်လိုက်တယ်။
"မမလေး၊ မမလေးက အခုမိန်းကလေးဖြစ်နေတာမဟုတ်လား။ ဘယ်လိုလုပ်ပြီး မိန်းကလေးတွေကို နားမလည်နိုင်ဖြစ်နေတာလဲ။"
"....." အေမီရဲ့စကားကြောင့် မက်ဒါနာပြောစရာစကားမဲ့သွားတယ်။ နောက်တော့ ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံးနီမြန်းသွားပြီး ကြောင်မလေးတစ်ကောင်လိုမျိုး စတင်ပြုမူပါတော့တယ်။
"ငါပြောချင်တာက... ငါပြောချင်တာက..." မက်ဒါနာက ဘယ်လိုရှင်းပြရမှန်းမသိတဲ့အတွက် လက်ချောင်းလေးနှစ်ချောင်းကို အချင်းချင်းတို့ပြီး မပြီးပြတ်တဲ့ စကားတစ်ခွန်းတည်းကိုဘဲ အထပ်ထပ်အခါခါပြောနေတယ်။ ဒါပေမဲ့ အေမီက အလိုက်သိစွာနဲ့ဘဲ မက်ဒါနာပြောချင်တဲ့စကားကို ဖြည့်ပြောလိုက်လေရဲ့။
"ဖရာလီတာ ဘာကြောင့်စိတ်ဆိုးသွားမှန်း မသိတာမဟုတ်လား။"
"အွန်း..."
"ဖရာလီတာက မမလေးအထင်ကြီးစေဖို့ တီထွင်မှုတွေ တစ်ခုပြီးတစ်ခုလုပ်နေတာလေ။ ဒါမှမမလေး သူ့ကိုစိတ်ဝင်စားလာပြီး သူနဲ့အတူတီထွင်မှုတွေလုပ်မှာမဟုတ်လား။ ဒီအထိနားလည်တယ်မဟုတ်လား။"
"အွန်း..." အေမီရှင်းပြတဲ့စကားကို နားထောင်ပြီးတဲ့နောက် မက်ဒါနာက ခေါင်းညိတ်ပြီး နားလည်တဲ့အကြောင်း ပြလိုက်တယ်။ အေမီကတော့ သခင်မလေးကို ဆက်ပြီးရှင်းပြဖို့ အသင့်ဖြစ်နေပြီ။
"မမလေးက သူထွင်ထားတဲ့ဂြိုဟ်တုကို သေချာချီးကျူးမပေးဘဲ ဖလေရာကို ရှိသမျှဒီဇိုင်းတွေအကုန်လုံးပေးလိုက်တယ်လေ။ သူဘယ်လိုလုပ် စိတ်မဆိုးဘဲနေနိုင်မှာလဲ။"
"နားလည်ပြီ။" မက်ဒါနာနားလည်ကြောင်းပြောလိုက်မှပဲ အေမီခေါင်းညိတ်လိုက်တော့တယ်။ မက်ဒါနာက အေမီနောက်ကို ကျော်ပြီးလူရှိမရှိ ကြည့်လိုက်တယ်။ ဒါပေမဲ့ အခန်းထဲကို အေမီတစ်ယောက်တည်းဝင်လာတာမလို့ တခြားဘယ်သူမှမရှိနေဘူး။
"အယ်၊ ထူးဆန်းလိုက်တာ။ ခါတိုင်းဒီအချိန်လောက်ဆို လင်ဒါဒီကိုလာပြီး စကားပြောနေကျပါ။ ဒီနေ့တစ်နေ့လုံး သူ့ကိုမတွေ့မိသလိုပဲ။"
"မမလေး၊ ကျွန်မဒီကိုလာခဲ့တာလည်း အဲဒီကိစ္စကိုပဲ ပြောမလို့ပါ။" အေမီက မက်ဒါနာလက်ထဲကို သူကိုင်ထားတဲ့ အဝတ်ခေါက်ကို ထည့်ပေးလိုက်တယ်။ အဝတ်ပုံရဲ့အထက်စာတော့ စာတစ်စောင်ရှိနေပြီး လင်ဒါသုံးနေကျ ရေမွှေးနံကို ဖြန်းထားတယ်။
"မစ်လင်ဒါက မမလေးကိုစိတ်ဆိုးပြီး အဖွဲ့ထဲကနေ ထွက်သွားပါပြီ။" အေမီက ပြောလိုက်တယ်။ မက်ဒါနာကတော့ စာအိတ်ကိုဖောက်ပြီး လင်ဒါထားခဲ့တဲ့စာကိုဖတ်ကြည့်ပါတယ်။
'မက်ဒါနာ၊ နင်စိတ်မပြောင်းမချင်း မစ်ရှင်အဖွဲ့ကိုပြန်မလာဖို့ ငါဆုံးဖြတ်လိုက်ပြီ။ ကွင်းကိုပဲ ပြန်သွားတော့မယ်။ ငါ့ရဲ့စိတ်နှလုံးက အဲဒီနေရာမှာပဲ ရှိနေသေးတယ်။' မက်ဒါနာက အဲဒီစာကိုကိုင်ပြီး အချိန်အကြာကြီး ရပ်နေမိလေရဲ့။ လင်ဒါရဲ့စိတ်က ကွင်းမြို့က နယ်မြေရဲစခန်းငယ်လေးမှာ တကယ်ရှိနေဆဲပဲလား။ သူမသိဘူး။ ခနနေတော့ သူသတိပြန်ဝင်လာပြီး ပြောလိုက်ပါတယ်။
"ဒါပေမဲ့ ဖရန့်ကိုကယ်ဖို့ကလည်း မလုပ်ဘဲနေလို့မရတဲ့ အရာတစ်ခုပဲ။ ဆိုဖီယာနဲ့ဖရက်တို့နှစ်ယောက် ဝိညာဥ်စွမ်းအားစုဆောင်းနေတယ်ဆိုပေမဲ့ လီဆာရဲ့အကူအညီကို လိုရင်လိုဦးမှာပဲ။"
"ဒါဆို မမလေးက အစီအစဥ်ကို မဖျက်သိမ်းချင်ဘူးပေါ့။" အေမီက မေးလိုက်တော့ မက်ဒါနာက ခေါင်းကိုညိတ်ပြတယ်။ အဲဒီနောက်
"အေမီ၊ လီဆာ ဘယ်နေရာမှာရှိနေလဲ နင်ခန့်မှန်းလို့ရတယ်မဟုတ်လား။ ဒီညခရီးစထွက်သင့်ပြီထင်တာပဲ။" အမှန်တော့ မက်ဒါနာက ဖရန့်ကိစ္စသိလိုက်ရတဲ့ညကတည်းက ခရီးထွက်ချင်နေတာ။ ဒါပေမဲ့ အေမီက ဖမ်းဆွဲထားပြီး လီဆာရှိနေတဲ့နေရာကို သူတို့အတိအကျမသိသေးတဲ့အကြောင်း ပြောထားလို့ ရှစ်ရက်နေ့အထိ စောင့်နေရတာ။
"အခုမဟာမိတ်ရဲ့ဂြိုဟ်တုဂိုင်ယာလည်း ရှိနေပြီဆိုတော့ တစ်ကမ္ဘာလုံးက ကွန်ယက်တွေကို စောင့်ကြည့်ပြီး ကျွန်မသူ့ကိုရှာလို့ရပါပြီ။" အေမီက ခေါင်းညိတ်ပြပြီး စအလုပ်လုပ်တယ်။ သူက နံရံတစ်ခုနားကိုကပ်လိုက်ပြီး အိမ်စေစတိုင်အပြည့်နဲ့ ရပ်လိုက်ပါပြီ။ သူ့မျက်လုံးထဲက မှန်ဘီလူးတွေ ဆုံချက်ပျောက်ဆုံးသွားပြီး အေမီရဲ့အသိစိတ်က ခန္ဓာကိုယ်ထဲမှာရှိမနေတော့ဘူး။ အဲဒီအစား ကြိုးမဲ့ဆက်သွယ်မှုတွေကနေတစ်ဆင့် ကောင်းကင်အမြင့်မှာရှိနေတဲ့ ဂြိုဟ်တုဂိုင်ယာနဲ့ တိုက်ရိုက်ဆက်သွယ်လိုက်တယ်။
အေမီရဲ့သိစိတ်ထဲမှာတော့ ဂြိုဟ်တုဂိုင်ယာရဲ့ပင်မဉာဏ်ရည်တုကထောက်ပံပေးတဲ့ ဒေတာတွေတစ်ခုပြီးတစ်ခု ပေါ်လာတယ်။ နိုင်ငံပေါင်းစုံက လုံခြုံရေးဗီဒီယိုတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ထောက်လှမ်းရေးအချက်အလက်တွေက အေမီရဲ့ခေါင်းထဲ ချက်ချင်းဝင်ရောက်လာတယ်။
"တွေ့ပြီ။" အေမီရဲ့ပြင်ပခန္ဓာကိုယ်က အလိုလိုပြုံးလိုက်တယ်။ ကောင်းကင်ပေါ်မှာရှိနေတဲ့ ဂိုင်ယာက ကမ္ဘာ့သတင်းအချက်အလက်တွေကို စောင့်ကြည့်လက်ခံနေတဲ့နေရာဖြစ်ပြီး အေမီကတော့ အဲဒီသတင်းအချက်အလက်တွေကို သုံးသပ်ပါတယ်။ ဒီကနေတစ်ဆင့် အလွန်တရာတိကျတဲ့ ခန့်မှန်းချက်တွေကို အေမီကပြုလုပ်နိုင်တယ်။ ဒါကြောင့် ဂြိုဟ်တုဂိုင်ယာရဲ့တည်ရှိမှုက မစ်ရှင်အဖွဲ့ရဲ့လုပ်ဆောင်နိုင်စွမ်းကို နောက်တစ်ဆင့်တက်သွားစေတယ်။
"မမလေး၊ ဂိုင်ယာမှာရှိနေတဲ့ ဒေတာတွေအရဆိုရင် ဒီညပိုင်းမှာ လီဆာက ဘရာဇီးရဲ့မြို့တော်ဟောင်းဖြစ်တဲ့ ဒီရိုဒီဂျနေရိုးမှာရှိနေပါတယ်။ မစ်ရှင်အဖွဲ့ရဲ့ကာကွယ်မှုအားနည်းနေတဲ့ တောင်အမေရိကဒေသတွေကို အဲဒီကနေတစ်ဆင့် ကာကွယ်ပေးနေပုံပါပဲ။"
"ကောင်းပြီ၊ သွားကြစို့။ လေယာဥ်လက်မှတ်ဝယ်လိုက်တော့ အေမီ။" မက်ဒါနာက တက်ကြွစွာနဲ့ပြောလိုက်တော့ အေမီလည်း သက်ပြင်းချလိုက်မိလေရဲ့။
....
မကြာခင်မှာပဲ သူတို့နှစ်ယောက်က နယူးယောက်ကနေ ဘရာဇီးက ဆောပလီယိုလေဆိပ်ကိုတိုက်ရိုက်ရောက်တဲ့ လေယာဥ်ပထမတန်းခုံပေါ်မှာ ထိုင်နေကြပြီ။
အေမီက လက်ထဲမှာ နည်းပညာသေတ္တာတွေကိုပိုက်ထားပြီး မစ်ရှင်အဖွဲ့လက်မှတ်နဲ့မလို့ ဒီပစ္စည်းတွေကို သူတို့နဲ့အတူယူထားလို့ရတာပါ။ မက်ဒါနာကတော့ လေယာဥ်ပြတင်းပေါက်နဲ့ကပ်လျက်မှာထိုင်နေပြီး အပြင်ကိုငေးကြည့်နေပါတယ်။ အေမီကတော့ မက်ဒါနာကို ဘရာဇီးနဲ့ပတ်သက်ပြီး သိထားသင့်တာမှန်သမျှ ပြောပြနေတယ်။
"မမလေး၊ ဘရာဇီးက တောင်အမေရိကမှာအကြီးဆုံးနိုင်ငံဖြစ်ပြီး ဒေသအင်အားကြီးနိုင်ငံနှစ်ခုအနက် တစ်ခုအပါအဝင်ပါ။ မြို့တော်ကတော့ ဘရာဇီးလီယာ လူသားမဟာမိတ်ကျဆုံးပြီးတဲ့နောက် ငြိမ်းချမ်းရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်လာပြီး သူတို့မှာ A အဆင့်ဟီးရိုးသုံးယောက်ရှိပါတယ်။"
မက်ဒါနာကတော့ အေမီပြောပြတာတွေကို သိပ်ပြီး စိတ်မဝင်စားတဲ့အတွက် သက်ပြင်းချလိုက်တယ်။ အပြင်ဖက်က ညမြင်ကွင်းမလို့ မှောင်မည်းနေပြီး တိမ်တွေကိုမမြင်ရဘူး။ ခနနေတော့ နှုတ်ခမ်းနီတွေရဲနေအောင်ဆိုးထားတဲ့ လေယာဥ်မယ်အလှလေးက သူတို့နားရောက်လာပြီး ညစာစားမလားလာမေးတယ်။
"အစာပြေ ပေါင်မုန့်ဆန်းဝှစ်ပဲပေးပါရှင့်၊ သခင်မလေးက အပြင်စာတွေသိပ်မစားလို့ပါ။" အေမီက မက်ဒါနာအစား အစားဖြေပေးတယ်။ တကယ်လည်း မက်ဒါနာက အေမီလက်ရာကိုအကြိုက်တွေ့ပြီးကတည်းက အပြင်စာတွေသိပ်မစားတော့ဘူး။ နောက်ပြီး လေယာဥ်ပေါ်ကစားစရာတွေကလည်း သိပ်မကောင်းဘူးလေ။
"ညမအိပ်ခင် အသားအရေအတွက် ဝိုင်နီသောက်ဦးမလားရှင့်။" လေယာဥ်မယ်က ထပ်မေးတော့ အေမီက မက်ဒါနာကိုထပ်ကြည့်လိုက်ပြီး "နွားနို့ပဲပေးပါ၊ သခင်မလေးက အယ်ကိုဟောသိပ်မသောက်ဘူး။"
လေယာဥ်မယ်က အိမ်စေမလေးအေမီရဲ့အလိုက်သိပုံကိုကြည့်ပြီး အတော်သဘောကျသွားတဲ့ပုံနဲ့ ပြုံးပြတယ်။ အဲဒီနောက် သူတို့မှာသမျှချပေးပြီးထွက်သွားပါတယ်။
"မမလေး၊ ဘရာဇီးနိုင်ငံအကြောင်း ဆက်ပြောပြရဦးမလား။" အေမီက မေးလိုက်တော့ မက်ဒါနာက ပြတင်းပေါက်ကိုပဲ ငေးကြည့်နေရာကနေ အေမီကို ပြန်လှည့်ကြည့်လိုက်ပြီး မဲ့ပြတယ်။ အဲဒီနောက် ခေါင်းကိုခေါက်လိုက်ပါလေရော။
"အား... မမလေးရဲ့၊ နာပါတယ်ဆို။"
"ဟဲ့၊ အေမီ။ နင်နည်းနည်းလောက် ငါ့ဘေးမှာငြိမ်ငြိမ်လေး ထိုင်နေလို့မရဘူးလား။ ဘရာဇီအကြောင်း ငါသိသင့်သလောက်သိပါတယ်ဟဲ့။"
မက်ဒါနာက အေမီကို ခေါင်းခေါက်လိုက်ပြီးလက်ကိုပိုက်ကာ လေပူတွေမှုတ်ထုတ်လိုက်တယ်။ ဒါပေမဲ့ အေမီကတော့ မက်ဒါနာကို ယုံသေးပုံမပေါ်ပါဘူး။ ဒါကြောင့် အခုလိုမေးလိုက်တယ်။
"ဒါဆို မမလေးကို ပထဝီဝင်မေးခွန်းတွေမေးပါမယ်။ဘရာဇီးကို ဖက်ဒရယ်စနစ်နဲ့မအုပ်ချုပ်ခင်က ဘာစနစ်နဲ့အုပ်ချုပ်တာလဲ။"
"ဘရာဇီးအင်ပါယာဆိုပြီး စည်းမျဥ်းခံတစ်ပိုင်းနဲ့ အုပ်ချုပ်တာမဟုတ်ဘူးလား။" မက်ဒါနာက အေမီကို ခပ်ချေချေကြည့်ပြီး ပြန်ဖြေလိုက်တယ်။ အေမီကို ပညာလာမစမ်းနဲ့ဆိုပြီး ပြောချင်နေတဲ့ မျက်နှာမျိုးနဲ့ပါ။ အေမီကတော့ အခုထိလက်လျှော့မယ့်ပုံမပေါ်သေးဘူး။
"ပြည်နယ်ကရော ဘယ်လောက်ရှိလဲ။"
"ပြည်နယ်နှစ်ဆယ့်ခြောက်ခုနဲ့ ဖက်ဒရယ်မြို့တော်စီရင်စုတစ်ခုမဟုတ်လား။ အဲဒါကြောင့် ကြယ်နှစ်ဆယ့်ခုနစ်ခု အလံမှာပါတာလေ။"
"ဒန်ဒန်... မှန်ပါတယ်ရှင့်။" အေမီက အကြောင်းအရင်းမရှိဘဲ အခုလိုမျိုးသူ့ကိုမေးနေလို့ အစပိုင်း စိတ်ရှုပ်မိပေမဲ့ ခနနေတော့ မက်ဒါနာရဲ့မျက်နှာက နည်းနည်းပျော့ပြောင်းသွားတယ်။ အေမီလည်း အဲဒီအတွက် စိတ်ချမ်းသာသွားတဲ့ပုံပဲ။ သူက တတိယမြောက်မေးခွန်းကို ထပ်ပြီးမေးလိုက်ပြန်တယ်။
"နေထိုင်တဲ့ လူမျိုးတွေကရော..."
"အများစုက ပါဒိုလို့ခေါ်တဲ့ အသားညိုတဲ့ ကပြားလူမျိုးစပ်တွေမဟုတ်လား။ သူတို့က ၆၆ ရာခိုင်နှုန်းရှိတယ်။ အမေဇုန်တောတွင်းမှာနေတဲ့ လူမျိုးစု ၃၆၀ ကျော်ရှိပြီး သူတို့လူဦးရေက ၁၃ ရာခိုင်နှုန်းရှိတယ်။ ကျန်တာက ဘရာဇီးဖွား အာဖရိကန်နွယ်ဖွားနဲ့လူဖြူတွေမဟုတ်လား။ ပြီးတော့ ဘရာဇီးက ဂျပန်နိုင်ငံပြီးရင် ဂျပန်လူမျိုးနေထိုင်မှုအများဆုံးမဟုတ်လား။"
အေမီက မက်ဒါနာရဲ့အဖြေကိုနားထောင်ရင်း သူ့ခေါင်းကို ခေါင်းညိတ်လိုက်တယ်။ ဘရာဇီးက တကယ့်ကိုချစ်ဖို့ကောင်းတဲ့ ဓလေ့ပေါင်းစုံဆုံရာပါ။
"ဒါပေမဲ့ အဲဒါတွေထက်အရေးကြီးတာက ပိုးကောင်တွေကို သူတို့နိုင်ငံ ဘယ်လိုရင်ဆိုင်နေရလဲဆိုတာပဲ။" မက်ဒါနာက ပထမဆုံးအနေနဲ့ အေမီကို မေးခွန်ပြန်မေးလိုက်တယ်။ အေမီလည်း သက်ပြင်းချလိုက်ပြီး
"အွန်း၊ သူတို့ဆီမှာလည်း ပိုးကောင်ကျူးကျော်မှုက တော်တော်ဆိုးတယ်။ နယ်မြေရဲ့၆၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေဇုန်သစ်တောဒေသတွေကို ပိုးကောင်တွေ လွှမ်းမိုးထားတယ်။ ဘရာဇီးအစိုးရက အရှေ့ဘက်နဲ့မြောက်ဘက်ကမ်းရိုးတန်းတွေမကျအောင်ထိန်းထားပြီး စိုက်ပျိုးရေးအတွက်အရေးပါတဲ့ လွင်ပြင်ဒေသတွေမှာ စစ်ဖြစ်နေတယ်။"
"အင်း၊ ဒါဆိုသူတို့အခြေအနေက အမေရိကန်နဲ့သိပ်မကွာဘူးပဲ။" မက်ဒါနာက ပြောလိုက်တယ်။ ဘရာဇီးလို ဒေသအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ အခုထိရပ်တည်နိုင်နေသေးတာ ကံကောင်းလို့ပါ။
"ဒါနဲ့၊ မမလေးကို ပြောဖို့တစ်ခုရှိသေးတယ်။ ဂိုင်ယာနဲ့ကျွန်မဆက်သွယ်တုန်းက ရေဂင်ရဲ့ခြေရာလက်ရာတွေကို တောင်အမေရိကတိုက်တစ်လျှောက်မှာတွေ့ထားသေးတယ်။ ကံကောင်းရင် ကျွန်မတို့သူ့ကိုပါ အမိဖမ်းနိုင်မယ့်ပုံပဲ။"
"မဆိုးဘူး။ ငါတို့သွားမယ့်ခရီးက ဒီလောက်ဆိုရင် တန်သွားပြီ။"