ဆိပ်ကမ်းပြာ
Vol. 9 Ch. 2
၁၁နာရီကျော်ကြာအောင် လေယာဥ်စီးလာပြီးတဲ့နောက်မှာတော့ Sao Pauloမြို့ရဲ့လေဆီပ်ကို ခြေချမိကြပြီ။ လေဆိပ်က အတော်သားနားတယ်။ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်ပြီးနောက် သူတို့တွေ လေဆိပ်ပင်မခန်းမထဲ ရောက်လာကြတယ်။
“အံ့မခန်းပဲ။ နိုင်ငံထဲမှာဖြစ်နေတဲ့ ပိုးကောင်စစ်ပွဲသတင်းတွေကို နိုင်ငံတကာလေဆိပ်မှာ တိုက်ရိုက်ပြနေတာလား။”
မက်ဒါနာက ပင်မခန်းမကြီးထဲမှာ မျောလွင့်နေတဲ့ လက်မနှစ်ရာကျော်ကျယ်တဲ့ တီဗီကြီးတစ်ခုကိုကြည့်ရင်း အံ့ဩတကြီးပြောလိုက်တယ်။ ပင်မခန်းမကြီးထဲမှာ ခေတ်ရှေ့ပြေးမျောလွင့်တီဗီပေါင်း တစ်ဒါဇင်ထက်မနည်းရှိနေပြီး လက်ရှိဖြစ်ပွားနေတဲ့ ဂွိုင်အာပြည်နယ်နားက ပိုးကောင်နဲ့မဟာမိတ်စစ်ပွဲကို ပြသနေတာပါ။
“ဟုတ်၊ လက်ရှိဘရာဇီးနိုင်ငံသမ္မတ မာရီယာ အန်တိုနီယိုက လူစိတ်ဓာတ်မကျစေဖို့ သူတို့တိုက်ခိုက်နိုင်သေးတယ်ဆိုတာပြဖို့ အခုလိုအမိန့်ပေးထားတာလို့ ပြောပါတယ်။” အေမီက အထုပ်အပိုးတွေသယ်လာရင်း မက်ဒါနာရဲ့ဘေးမှာရပ်ပြီး ပြောလိုက်တယ်။
တိုက်ရိုက်ထုတ်လွှင့်နေတဲ့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ မဟာမိတ်က ဘရာဇီးကိုထောက်ပံထားပေမဲ့ စစ်နတ်သမီးတွေ၊ ဘရာဇီးရဲ့ဟီးရိုးတွေနဲ့ စစ်သည်တွေက ထောင်သောင်းချီတဲ့ ပိုးကောင်တွေကိုယှဥ်ပြီးတိုက်နေတယ်။ မကြာခင်မှာပဲ မိုးပေါ်ကနေ ဧရာမနဂါးကြီးတစ်ခုပေါ်လာပြီး အတောင်ပံကိုခတ်လိုက်ပါပြီ။ လေမုန်တိုင်းတစ်ခုက တိုက်ပွဲနေရာမှာ ချက်ချင်းပေါ်လာပြီး ပိုးကောင်တစ်ဝက်လောက် မြောက်တက်လာတယ်။ အဲဒီနောက် နဂါးက လေထဲမှာ ခြေကားယားလက်ကားယားဖြစ်နေတဲ့ ပိုးကောင်အုပ်ထဲဝင်ပြီး တစ်စစီကိုက်ဖြတ်ပစ်တော့တာပဲ။
“လီဆာလား၊ သူ့ရဲ့တိုက်ရည်ခိုက်ရည်က တိုးလာတာပဲ။” မက်ဒါနာက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ အေမီကလည်း သတိပေးလိုက်တယ်။
“မမလေး၊ အချိန်ရှိတုန်း Sao Pauloကနေ ရီယိုဒီဂျနေးရိုးကို သွားကြရအောင်။ တိုက်ပွဲပြီးသွားရင် သူအဲဒီကို ပြန်လာလိမ့်မယ်ထင်တယ်။”
“အင်း။” မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ပြသနေတဲ့ တိုက်ပွဲကို သူတို့အဆုံးအထိကြည့်စရာမလိုပါဘူး။ လီဆာက သာမန်ပိုးကောင်တွေကို အသာလေး အနိုင်ယူပစ်နိုင်စွမ်းရှိပြီး ပိုးကောင်ဗိုလ်ချုပ်တွေပေါ်မလာသမျှ အဆင်ပြေနေမှာပါ။
မက်ဒါနာနဲ့လီဆာက လေဆိပ်ပင်မခန်းမထဲက ထွက်လိုက်တယ်။ သူတို့က လူကုံထံမိန်းကလေးတွေပုံစံပေါက်နေတော့ တက္ကစီသမားတွေအများကြီး စီးကြိုပြီးဝိုင်းဆွဲဖို့ကြိုးစားကြပါလေရော။
“မိန်းကလေးတို့၊ ဘယ်သွားမှာလဲ။”
“ကျုပ်တက္ကစီက အဲကွန်းအေးတယ်ဗျ။”
“သူ့ကိုမယုံနဲ့၊ အဲဲဒီကောင်လိမ်နေတာ။ သူ့ကားက ဟောင်းလွန်းလို့ ထိုင်ခုံတွေတောင် ပြုတ်ထွက်နေပြီ။” တက္ကစီသမားဆယ်ယောက်လောက်က မက်ဒါနာနဲ့အေမီတို့ကိုဝိုင်းထားပြီး သူတို့ကားတွေကိုစီးကြဖို့ ဝိုင်းတိုက်တွန်းနေကြပါတယ်။
“မမလေး၊ ကျွန်မနောက်မှာနေပါ။ မစိုးရိမ်ပါနဲ့။” အေမီက မက်ဒါနာကိုနောက်ပို့လိုက်ပြီး ငွေရောင်အိတ်ကို ဆွဲထုတ်လိုက်တယ်။ တက္ကစီသမားဦးလေးကြီးတွေကို စစ်နတ်သမီးဝတ်စုံဝတ်ပြီး ရိုက်လွှတ်တော့မယ့်အတိုင်းပဲ။
“ဟဲ့ဟဲ့၊ အေမီရေ။ သာမန်အရပ်သားတွေကို နင့်ဝတ်စုံနဲ့ အနိုင်ကျင့်လို့မရဘူးလေ။” မက်ဒါနာက အေမီကို ဖမ်းဆွဲလိုက်ပြီး တက္ကဆီသမားတွေကို ပြုံးပြလိုက်တယ်။ သူ့စိတ်ထဲ အခုလိုပြုံးပြရင် ကြောက်လန့်ကုန်တဲ့ တက္ကစီသမားတွေ အကြောက်ပြေသွားမယ်ထင်နေတာ။ ဒါပေမဲ့ တက္ကစီသမားတွေဆီကနေပြီး အူကြောင်ကြောင်နဲ့ပြန်ပြုံးပြတဲ့ အပြုံးတွေကိုပဲ ပြန်ရပါတယ်။
“ကျွန်မတို့က ရီယိုဒီဂျနေးရိုးကို သွားမှာပါ။ တက္ကစီနဲ့သွားလို့ရတယ်မဟုတ်လားဟင်။” မက်ဒါနာက ဒီလိုအနေအထားမျိုးနဲ့ ကြာကြာဆက်မနေချင်တာကြောင့် ပြောလိုက်တော့ ဘာကြောင့်မှန်းမသိတဲ့ တက္ကစိသမားတွေ စိတ်ပျက်ပြီး သူတို့နားကနေ ထွက်သွားကြလေရဲ့။
“ဟမ်၊ ငါဘာမှားပြောမိလို့ ငါတို့ကို ထားသွားတာလဲ။” မက်ဒါနာက နားမလည်နိုင်စွာနဲ့ပြောလိုက်တော့ အေမီက ရယ်ချင်နေတဲ့ပုံစံနဲ့ ခုလိုပြောလိုက်ပါလေရောလား။
“မမလေး၊ Sao Paulo နိုင်ငံတကာလေဆိပ်နဲ့ ရီယိုဒီဂျနေးရိုးက ကီလိုမီတာလေးရာလောက်ဝေးတာလေ။တက္ကစီနဲ့သွားရင် ငါးနာရီလောက်သွားရမှာ။”
မက်ဒါနာက စိတ်ပျက်ပျက်နဲ့ကောင်းကင်ကြီးပေါ်ကိုမော့ကြည့်လိုက်တယ်။ သူတို့အမေရိကန်ကနေထွက်လာတော့ ညရှစ်နာရီပါ။ လမ်းမှာ ဆယ့်တစ်နာရီလေယာဥ်စီးလာရတာဖြစ်ပြီး ယခုအချိန်က ဝါရှင်တန်စံတော်ချိန်နဲ့ဆိုရင် မနက်ခုနစ်နာရီပါ။ ဒါပေမဲ့ ဘရာဇီးလိယာစံတော်ချိန်နဲ့ဆိုရင် မနက်ကိုးနာရီဖြစ်နေပါပြီ။
“တက္ကစီသမားတွေ စိတ်ပျက်ပြီးတော့ ငါတို့ကိုထားခဲ့တာ အံ့ဩစရာတော့မဟုတ်ဘူးပဲ။ ဘယ်သူမှ ဒီလောက်အကြာကြီး ကားမောင်းချင်မှာမဟုတ်ဘူး။”
မက်ဒါနာက လေပူတွေကို မှုတ်ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ အေမီက ရီယိုဒီဂျနေးရိုးကိုကားနဲ့သွားဖို့မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ဘာလို့သူလေဆိပ်အပြင်ထွက်တာကို မတားတာလဲ။
“အေမီ၊ ဒါဆိုရင် ငါတို့က ဘယ်လိုခရီးဆက်မှာလဲ။ လေယာဥ်နဲ့ဆိုရင် လေဆိပ်ထဲမှာဘဲ ပြောင်းစီးလို့ရတယ်မဟုတ်ဘူးလား။”
မက်ဒါနာပြောလိုက်တော့ အေမီက ခေါင်းညိတ်ပြတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ သူတို့ထွက်လာရတဲ့ အကြောင်းအရင်းကို ပြောလိုက်လေရဲ့။
“မနက်စာစားဖို့လေ။ လေယာဥ်ပေါ်က စားစရာတွေက ဒီလောက်ကြီးမကောင်းဘူး၊ လေဆိပ်ဆိုင်တွေက စျေးကြီးတယ်။ ပြီးတော့ ရီယိုဒီဂျနေးရိုးကိုသွားမယ့်လေယာဥ်က နောက်တစ်နာရီလောက်နေမှစိုက်မှာ။”
“အဲဒီလိုလား။” မက်ဒါနာက နှုတ်ခမ်းပေါ်လက်တင်ပြီး စဥ်းစားလိုက်တယ်။ ကြည့်ရတာ အေမီက အကုန်လုံးပြင်ဆင်ပြီးတဲ့ပုံပဲ။
“မမလေး၊ ကျွန်မသိရသလောက်တော့ လေဆိပ်နားမှာ ဘူဖေးဆိုင်တစ်ဆိုင်ရှိတယ်လို့ကြားတယ်။ အဲဒီကိုသွားကြမလား။”
“နင်ကြိုပြီးစုံစမ်းထားပြီးသားဆိုတော့ သွားကြတာပေါ့။” အဲဒီနောက်တော့ သူတို့က လမ်းတစ်ဖက်ကို ဖြတ်ကူးပြီး လေဆိပ်နဲ့တစ်ဘလောက်ကျော်မှာရှိတဲ့ ဘူဖေးဆိုင်ကို သွားဖို့လုပ်ကြတယ်။
လမ်းပေါ်မှာတော့ မက်ဒါနာက Sao Paulo မြို့ကြီးရဲ့အထပ်မြင့်တိုက်တွေကို ငေးမောကြည့်နေမိတယ်။ ရုပ်ရှင်တွေထဲမှာက ဘရာဇီးနိုင်ငံကို သိပ်မတိုးတက်သေးတဲ့နိုင်ငံတစ်ခုအဖြစ် ဖော်ပြတတ်ကြပေမဲ့ Sao Pauloက နယူးယောက်နဲ့တအားကွာခြားနေတာမျိုးမဟုတ်တဲ့ တိုးတက်ပြီးမြို့ပြတစ်ခုပါ။
ဒီမြို့က သူတော်စင်စိန့်ပေါကို အစွဲပြုနာမည်ပေးထားတဲ့မြို့ဖြစ်ပြီး Sao Pauloပြည်နယ်မြို့တော်လည်းဖြစ်တယ်။ ဘဏ္ဍာရေးအရအချက်အချာကျတဲ့နေရာဖြစ်ပြီး ဘရာဇီးမှာ မိုးမျှော်တိုက်တွေအများဆုံးရှိတဲ့မြို့ပါ။
“မမလေး၊ ရောက်ပါပြီရှင့်။” မက်ဒါနာတစ်ယောက် အတွေးလွန်နေတုန်း အေမီက သူ့ရှေ့မှာရပ်လိုက်ပြီး စားသောက်ဆိုင်တံခါးကို ညွန်ပြလိုက်တယ်။ အေမီက သူ့ကိုပြုံးကြည့်နေတာကြောင့် အသည်းယားလာတဲ့ မက်ဒါနာက အေမီ့ခေါင်းက ဆံပင်တွေကိုလက်နဲ့ပွတ်လိုက်တယ်။
“အား၊ မမလေးကလဲ။ ဆံပင်ပုံပျက်ကုန်တော့မှာပဲ။”
“ငါ့ရဲ့အိမ်စေမလေးက အလိုက်သိပြီးတော်လို့ ဆုချတာ။” သူက အဲဒီလိုပြောလိုက်ပြီးတဲ့နောက် အေမီရဲ့လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်လိုက်တယ်။
....
မနက်စာစားပြီးတဲ့နောက်မှာတော့ မက်ဒါနာနဲ့အေမီတို့က ရီယိုဒီဂျနေးရိုးကိုသွားမယ့် လေယာဥ်ပေါ်ကို ရောက်နေကြပြီ။ မက်ဒါနာက ပျင်းရိစွာနဲ့သန်းဝေလိုက်တယ်။
“အေမီရေ၊ မနက်စာကို အပြင်ကဆိုင်မှာစားလိုက်တာ မှန်သွားတယ်။ လေယာဥ်ဆက်တိုက်စီးနေရရင် ပျင်းလွန်းလို့သေသွားနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ငါရနေပြီ။”
“ကျေးဇူးပြုပြီးတော့ ခနပဲသည်းခံပေးပါ၊ မမလေးရှင့်။ ဒီပြည်တွင်းလေယာဥ်ခရီးစဥ်က တစ်နာရီပဲကြာမှာပါ။”
....
အေမီပြောသလိုပဲ တစ်နာရီလောက်ကြာတော့ သူတို့လေယာဥ်က ရီယိုဒီဂျနေးရိုးလေဆိပ်မှာ ဆင်းသွားတယ်။ ရီယိုဒီဂျနေးရိုးက သိပ်ကိုလှတဲ့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး မြို့အလယ်မှာကို စိမ်းစိုနေတဲ့တောတောင်တွေ သစ်တောတွေရှိနေတာကြောင့် တကယ့်ကို ရင်သပ်ရှုမောစရာပါ။
“အေမီ၊ လီဆာက ဒီမြို့မှာနေတယ်ဆိုတာ တကယ်ပဲလား။” မက်ဒါနာက မေးလိုက်တော့ အေမီက ခေါင်းကိုညိတ်ပြပါတယ်။ အခုသူတို့နှစ်ယောက်က အရင်တစ်ခါလိုပဲ လေဆိပ်အပြင်ဘက်ကို အတူထွက်လာကြပြီး တက္ကစီသမားတွေနှောင့်ယှက်တာခံကြရပြန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ အေမီက သူတို့ကို မောင်းမထုတ်တော့ဘဲ အကောင်းဆုံးတက္ကစီတစ်ခုကိုရွေးပြီး သူတို့တည်းမယ့်နေရာဆီ မောင်းခိုင်းတယ်။
တက္ကစီပေါ်ရောက်တာနဲ့ မက်ဒါနာက သူတို့တည်းမယ့်နေရာကို ဖုန်းနဲ့လိုင်းပေါ်မှာရှာကြည့်ပြီး စိတ်ပျက်သွားလေရဲ့။ အဲဲဒီနောက် ဘေးမှာအတူထိုင်နေတဲ့ အေမီကိုကြည့်လိုက်ပြီး
“အေမီရေ၊ ငါတို့တည်းမယ့်နေရာက ဘယ်လိုလုပ်ပြီးတော့ စားသောက်ဆိုင်နဲ့တွဲထားတဲ့ နှစ်ထပ်တည်းခိုဆောင်သေးသေးလေး ဖြစ်နေရတာလဲ။”
အေမီက မက်ဒါနာရဲ့စကားကိုကြားတော့ ပြန်ပြုံးပြပါတယ်။ အဲဲဒီနောက်တော့ အေမီက မက်ဒါနားနားကိုကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။
“ဒါက လျှို့ဝှက်ချက်လေ။” မက်ဒါနာကတော့ အေမီလုပ်နေတာတွေကို နားမလည်နိုင်တော့တာကြောင့် စိတ်ပြောင်းအောင်လို့ တက္ကစီပြတင်းပေါက်အပြင်ဘက်က စိမ်းစိုတဲ့မြို့ပြကြီးရဲ့ရှုခင်းတွေကို ကြည့်နေလိုက်တယ်။
ခနနေတော့ သူတို့အဲဲဒီတည်းခိုဆောင်ကိုရောက်လာကြပြီ။ အေမီက တက္ကစီသမားကိုပိုက်ဆံရှင်းပေးပြီး အထုပ်အပိုးတွေကို ကားပေါ်ကနေချတယ်။ မက်ဒါနာကတော့ တည်းခိုဆောင်ကို သေချာကြည့်လိုက်ပါတယ်။ တည်းခိုဆောင်နာမည်က ဆိပ်ကမ်းပြာတဲ့။
အဆောက်အဦးဒီဇိုင်းက ဟောင်းနွမ်းနေပြီး ပေါ်တူဂီကိုလိုနီခေတ်လက်ကျန်တိုက်တစ်လုံးလိုပဲ။ နှစ်ထပ်ဖြစ်ပေမဲ့ သိပ်မကျယ်ဘူး။ နံရံတွေကို ဆေးအဝါသုတ်ထားပြီး ရှေးပုံစံသစ်သားတံခါးတွေရှိနေဆဲပါ။ အောက်ထပ်ကို ရပ်ကွက်စားသောက်ဆိုင်အဖြစ် ဖွင့်ထားပုံပေါ်ပြီး အတွင်းထဲမှာပါ နေရာမလောက်လို့ ခြံထဲမှာပါ စားပွဲဝိုင်းတချို့ချထားတယ်။ အပေါ်ထပ်ကိုတော့ တည်းခိုခန်းငှားစားပုံပေါ်ပေမဲ့ အခန်းက လေးငါးခန်းထပ်တော့ မပိုနိုင်ဘူးရယ်။
“နာမည်နဲ့လိုက်တော့လိုက်သားပဲ။” မက်ဒါနာက ခနလောက်စူးစမ်းလေ့လာပြီးတဲ့နောက် ပြောလိုက်တယ်။ တိုက်အဝါလေးက ကမ်းခြေက ဆိပ်ကမ်းနဲ့နီးပြီးတော့ ပင်လယ်ပြာကြီးကိုမြင်နေရတယ်။ ရှုခင်းကောင်းတဲ့နေရာပါ။ ပြီးတော့ စားသောက်ဆိုင်ထဲမှာ လူတွေပြည့်နေတဲ့အတွက်ကြောင့် စီးပွားရေးလည်းကောင်းပုံပဲ။
“ဒီနေရာကို နင်ဘယ်လိုလုပ်ပြီး ရှာတွေ့လာတာလဲ။” မက်ဒါနာက မေးလိုက်တော့ အေမီက ဂုဏ်ပြုနေတဲ့ ပုံစံနဲ့ မက်ဒါနာကိုဦးညွှတ်ပြီး ပြန်ဖြေပါတယ်။
“ကျွန်မတို့ခရီးသွားဖို့ပြင်နေတုန်း တည်းဖို့အတွက် ဟိုတယ်တွေရှာတော့ ဘရာဇီးဟိုတယ်လမ်းညွန်ဝက်ဆိုက်ထဲ အသစ်တက်လာတဲ့ မိသားစုပိုင်တည်းခိုဆောင်လေးတွေ့မိတာနဲ့ စုံစမ်းလိုက်မိတာလေ။ ဝက်ဆိုက်ပေါ်တက်လာတာ လအနည်းငယ်ပဲရှိသေးပေမဲ့ စားသုံးသူတွေဆီကနေ ရီဗြူးကောင်းတွေ ရထားတယ်လေ။”
အေမီက စကားပြောနေရင်းနဲ့ မက်ဒါနာရဲ့အထုပ်တွေအပိုးတွေကို တည်းခိုဆောင်ခြံဝင်းထဲ စပြီးသယ်တယ်။ မကြာခင်မှာပဲ စားသုံးသူတချို့အတွက်ဟင်းပွဲချပေးနေတဲ့ ဆံပင်အညိုရောင်၊ ဘရာဇီးရိုးရာစတိုင် ခဲရောင်ဂါဝန်စကပ်နဲ့ လူလတ်ပိုင်းအမျိုးသမီးက သူတို့ကိုသတိထားမိသွားပြီး အထုပ်အပိုးတွေလာသယ်ပေးတယ်။
“တည်းခိုဖို့လာကြတာလား။ အမျိုးသမီးက နည်းနည်းဝဲပြီးထစ်အနေတဲ့ အင်္ဂလိပ်စကားနဲ့ပြောလိုက်တော့ အေမီက အတော်လေးပီသတဲ့ ပေါ်တူဂီစကားနဲ့ပြန်နှုတ်ဆက်ပါတယ်။ အဲဒီအမျိုးသမီးက အေမီပေါ်တူဂီလိုမျိုးပြောတတ်တဲ့အတွက် အံ့ဩသွားတဲ့ပုံပဲ။ မက်ဒါနာအတွက်တော့ သိပ်မထူးဆန်းပါဘူး။ အေမီက အဆင့်မြင့်ဉာဏ်ရည်တုစက်ရုပ်လေ။
“ဘရာဇီးလူမျိုးတော်တော်များများက အင်္ဂလိပ်လို သိပ်မပြောတတ်ကြဘူးလေ။ ဒါကြောင့်မမလေးလည်း လေ့လာသင့်ပါတယ်။”
မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ ပေါ်တူဂီဘာသာစကားကို လေ့လာဖို့က သူ့အတွက်သိပ်မခက်ဘူး။ ဖရာလီတာနဲ့မက်ဒါနာတို့နှစ်ယောက်လုံးက ဘာသာစကားတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်း မြန်မြန်ဆန်ဆန်လေ့လာနိုင်ကြတဲ့သူတွေလေ။ ဂျပန်မှာတုန်းကလည်း အဲဒီလိုပဲလုပ်ခဲ့ကြတာ။
သူတို့က ဆိုင်ကစားပွဲထိုးမိန်းကလေးအကူအညီနဲ့ အထုပ်အပိုးတွေကို တည်းမယ့်အခန်းဆီ ရွှေ့ခဲ့ကြတယ်။ အမျိုးသမီးက သူတို့ကိုနေရာချပေးပြီးတာနဲ့ အောက်ထပ်ကိုပြန်ဆင်းသွားပြီ။ ဆိုင်အလုပ်တွေ လုပ်ကြရဦးမယ်မဟုတ်လား။
မက်ဒါနာက အခန်းပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဟိုတယ်ကြီးတွေလိုမျိုး အပြင်အဆင်မရှိပေမဲ့ သေသပ်သန့်ရှင်းပြီး အခန်းကျယ်တယ်။ ကိုယ့်အိမ်ကိုယ့်ရာလို ခံစားရတဲ့နေရာတစ်ခုပါ။
“မဆိုးဘူးပဲ၊ ဒါပေမဲ့ အေမီရေ။ နင်ငါ့အတွက် ဒီနေရာမှာ ဘိုကင်တင်ပေးထားတာ နေရာကောင်းလို့သက်သက်ပဲလား။”
မက်ဒါနာမေးတော့ အေမီက ဆွဲဆောင်မှုရှိစွာပြုံးလိုက်ပြန်တယ်။ အဲဒီနောက် မက်ဒါနာတစ်ချိန်လုံးသိချင်နေတဲ့အဖြေကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ဖြေလိုက်လေရဲ့။
“မဟုတ်ပါဘူးရှင့်၊ မမလေး ခနနေရင် သိရပါလိမ့်မယ်။” မက်ဒါနာက တိုက်ရိုက်အဖြေမရတဲ့အတွက် စိတ်ဓာတ်ကျချင်လာတယ်။ ဒါပေမဲ့ ခနနေတော့ သူ့နှာခေါင်းထဲမှာကို ထူးခြားတဲ့မွှေးရနံတစ်ခုက တိုးဝင်လာတဲ့အတွက် ဗိုက်ကအသံစုံမြည်လာပါလေရော။
ဂွီ... ဂွမ်....
“ဟမ်၊ ငါတို့ဒီကိုမလာခင်ကမှ မနက်စာစားလာတာပါ။ ဘယ်လိုဟင်းလျာမျိုးက အနံရရုံနဲ့တင် မနက်စာစားပြီးသားသူကို ဗိုက်ပြန်ဆာလာအောင် လုပ်နိုင်ရတာလဲ။”
အေမီကတော့ ဗိုက်ဆာလို့ ဗိုက်ပေါ်လက်တင်ပြီးနှိပ်နေတဲ့ မက်ဒါနာကိုကြည့်ရင်း သွားဖြူဖြူလေးတွေပေါ်တဲ့အထိ ပြုံးလိုက်ပြန်တယ်။ အဲဒီနောက်တော့ ခုလိုရှင်းပြပါတယ်။
“မနက်ဆယ်နာရီခွဲနေပြီဆိုတော့ နေ့လယ်စာစားချိန်နဲ့ပြန်နီးသွားလို့နဲ့တူပါရဲ့။ ဟင်းနံက အောက်ထပ်က လာတာလို့ထင်ပါတယ်။ သွားကြည့်ကြမလား။”
ဒီတော့မှ မက်ဒါနာလည်း သူတို့တွေ တည်းခိုခန်းနဲ့စားသောက်ဆိုင်တွဲထားတဲ့နေရာဖြစ်မှန်း ပြန်သတိရတော့တယ်။ မက်ဒါနာလည်း ဟင်းနံကိုစိတ်ဝင်စားနေတာနဲ့ အေမီနဲ့အတူအောက်ထပ်ကို ပြန်ဆင်းတယ်။ လှေကားရဲ့အဆုံးကိုရောက်တဲ့နောက် သူတို့ရပ်လိုက်ပြီး စားသောက်ဆိုင်ထဲကို အခြေအနေကြည့်လိုက်တယ်။ အစောပိုင်းကလိုပဲ စားသောက်ဆိုင်ထဲမှာ လူရှုပ်နေပြီးတော့ ထိုင်ခုံအလွတ်တောင်မရှိဘူး။ မက်ဒါနာက ဟင်းနံတွေမွှေးကြိုင်နေတဲ့ မီးဖိုချောင်ထဲကို ကြည့်လိုက်တော့ ပိန်ပိန်ပါးပါးအဖွားအိုတစ်ယောက်က စားဖိုမှူးဝတ်စုံနဲ့ဟင်းချက်နေတာ တွေ့လိုက်ရတယ်။
“ဟင်းနံက စားဖိုချောင်ထဲက လာနေတာပဲ။ ဒီလောက်မွှေးနေတာ ဘာဟင်းများဖြစ်မလဲ။”
“ကျွန်မမေးလိုက်ပါမယ်ရှင့်။” အေမီက မက်ဒါနာကို ဦးညွှတ်လိုက်ပြီး ဟင်းပွဲယူဖို့မီးဖိုထဲပြန်ဝင်လာတဲ့ စားပွဲထိုးအမျိုးသမီးကို ပေါ်တူဂီလိုမေးလိုက်တယ်။ အမျိုးသမီးကပြန်ဖြေတော့ အေမီကမက်ဒါနာကို တစ်ဆင့်ဘာသာပြန်ပေးပါတယ်။
“ပေါ်တူဂီရိုးရာငါးအသားလုံးကြော် Bolinho de Bacalhauပါတဲ့။”
“ငါး... ငါးအသားလုံးကြော်။” ငါးကြော်ဆိုတဲ့အသံလည်းကြားရော မက်ဒါနာရဲ့မျက်လုံးတွေက ကြောင်လိုဒေါင်လိုက်ဖြစ်သွားပြီး ဆံပင်မွှေးတချို့ထောင်လာတယ်။ အဲဒီနောက် စားသုံးသူတချို့စားစရာရှိတာစားပြီး ထပြန်သွားတဲ့ဝိုင်းဆီ ချက်ချင်းဝင်ထိုင်လိုက်တယ်။ ဝိုင်းကိုသန့်ရှင်းရေးမလုပ်ရသေးလို့ စားပွဲထိုးအမျိုးသမီးက အားနာနာနဲ့ချက်ချင်းရှင်းပေးရတယ်။ မက်ဒါနာကတော့ ခပ်တည်တည်နဲ့ပဲ ခုနလေးမှသင်လာတဲ့ ပေါ်တူဂီစကားစုနဲ့ ပြောလိုက်လေရဲ့။
“ငါးအသားလုံးကြော်တစ်ပွဲ။”
သိပ်မကြာခင်မှာပဲ မက်ဒါနာရှေ့ကို ရွှေအိုရောင်သန်းနေတဲ့ ငါးအသားလုံးကြော်တစ်ပွဲရောက်လာတယ်။ မက်ဒါနာက ခက်ရင်းကိုတောင်မေ့သွားပြီး ပထမဆုံးငါးအသားလုံးကို လက်ကိုင်စားတယ်။ အေမီက တားဖို့လုပ်ပေမဲ့ နောက်ကျသွားတယ်။
“အွန်း... လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိလိုက်တာ။” မက်ဒါနာက ညည်းညူရင််းပြောလိုကိတယ်။ ငါးအသားကိုအရသာခံကြည့်ရုံနဲ့တင် အေးခဲထားတဲ့ အသားမျိုးမဟုတ်ဘဲ လတ်ဆတ်တဲ့ငါးဆိုတာ သူသိနေတယ်။ သဘာဝချိုမြိန်တဲ့အရသာက ရှိနေသေးပြီးခြောက်ကပ်ကပ် ပေါ့ရွတ်ရွတ်ဖြစ်မနေဘူး။
ကလင်... ကလင်...
အဲဒီအချိန်မှာပဲ တည်းခိုဆောင်တံခါးပွင့်လာပြီး အရပ်ရှည်ပြီးကြည်လို့ကောင်းတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ဝင်လာတယ်။ အဲဒီမိန်းကလေးက ချက်ချင်းဆိုသလိုပဲ မီးခိုချောင်ထဲဝင်လာပြီး အဖွားအိုကိုပြုံးပြလိုက်တယ်။
“ဖွားဖွား၊ သမီးပြန်ရောက်ပြီ။” လို့ပြောရင်း မီးဖိုချောင်တစ်နေရာမှာတင်ထားတဲ့ အေပရွန်ကိုဝတ်လိုက်ပါလေရော။ အဖွားအိုကလည်း ကောင်မလေးကို သဘောတကျနဲ့ခေါင်းညိတ်ပြတယ်။ နောက်တော် အဲဒီကောင်မလေးက ခါးပေါ်လက်နှစ်ဖက်ထောက်လိုက်ပြီး ခေါင်းညိတ်လိုက်လေရဲ့။
“ကောင်းပြီ၊ အလုပ်ကူလုပ်ပေးရသေးတာပေါ့။” ကောင်မလေးက ဆိုင်ကိုမျက်လုံးကစားပြီး ကြည့်လိုက်ပြီးမကြာခင်မှာပဲ တစ်ခုခုလွဲနေမှန်း သတိထားမိသွားတယ်။ ငါးအသားလုံးတွေကို လက်နဲ့ကိုင်ပြီးစားနေတဲ့ မက်ဒါနာနဲ့မျက်လုံးချင်းဆိုင်မိသွားတာလေ။
မက်ဒါနာလည်း ကောင်မလေးအကြည့်ကိုသတိထားမိသွားပြီး အသားလုံးပန်းကန်နဲ့မျက်နှာခွာလိုက်ပြီး ပြောလိုက်တယ်။
“လီဆာ....”
“သောက်ရူးမကြီး၊ ဘာလို့ဒီအထိလိုက်လာတာလဲ။” လီဆာက မက်ဒါနာကိုတွေ့တာနဲ့ပုတ်သင်တစ်ပိုင်းပြောင်းပြီး လက်သီးနဲ့ပြေးထိုးတော့တာပဲ။
“.....” မြင်နေရတဲ့မြင်ကွင်းကို မယုံနိုင်ဖြစ်နေတဲ့ အေမီနဲ့ဆိုင်ထဲကလူများ။
....
တည်းခိုဆောင်ရဲ့တစ်ဖက်မှာ အထပ်မြင့်တိုက်တစ်လုံးရှိတယ်။ အဲဒီတိုက်ရဲ့ခေါင်မိုးပေါ်မှာ ကော်ဖီရှော့တစ်ခုရှိတယ်။ အနက်ရောင်ဘလောက်ဇာနဲ့ နီဖြူအပျောက်တွေပါတဲ့ ဂါဝန်ကိုဝတ်ထားတဲ့ အမျိုးသမီးက တည်းခိုဆောင်ထဲကို လှမ်းကဲကြည့်ရင်း ပြောလိုက်တယ်။
“ဟမ်၊ အမေနဲ့သမီးရန်ဖြစ်နေတာလား။ သူတို့အုပ်စုက ထင်ထားတာထက် စိတ်ဝင်စားစရာကောင်းနေတာပဲ။”
ပုံမှန်လူဆိုရင် တည်းခိုဆောင်ထဲမှာ ဖြစ်နေတဲ့ကိစ္စတွေကို ဒီလောက်အဝေးကြီးကနေ မြင်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ အိုလီက သာမန်လူမှမဟုတ်တာ။ အိုလီက သောက်လက်စ ကော်ဖီခွက်ကိုချပြီး သူ့ရှေ့မှာ ဆန်းဝှစ်ကို ရွံစရာကောင်းတဲ့ပုံစံနဲ့ဝါးစားနေတဲ့ အရပ်ရှည်ရှည်လူကြီးကို ကြည့်ပြီးပြောလိုက်တယ်။ လူကြီးကတော့ စားစရာကိုပဲ ဂရုစိုက်နေတုန်းပဲ။