ဆုံးဖြတ်ချက်
Vol. 12 Ch. 164
အလားတူပင် အခြေတည် ဖုန်မှုန့် တပည့်များမှာလည်း နိမ့်ပါးလှသည်။ သူတို့သည် အောက်ခြေသိမ်း အလုပ်များကို မလုပ်ကိုင်ရသည့်တိုင် နေ့စဥ်နေ့တိုင်း တာဝန်တစ်ခုကို ပြီးမြောက်အောင် တာဝန်ယူရသည်။ အကယ်၍ သုံးကြိမ်တိုင်တိုင် ကျဆုံးခဲ့ပါက ဂိုဏ်းမှ ထုတ်ပယ်ခံရသည်။
ထိုအရာက ပြင်းထန်သည့် ဒဏ်ပေးမှု တစ်ခုဟု ဆိုသော်လည်း အမှန်တကယ်တွင် သူတို့ လုပ်ကိုင်ရသည့် တာဝန်များမှာ ခက်ခဲခြင်း သိပ်မရှိလှချေ။ သေမျိုးဘုံ တပည့်များနှင့်၊ ကမ္ဘာရွေးချယ်ခံ တပည့်များ၏ လက်အောက်ငယ်သား အဖြစ်တောင် လုပ်ဆောင်ခြင်းကပင်လျှင် ထိုနေ့စဥ်တာဝန်ကို ပြီးမြောက်စေသည်။ အရှင်းလင်းဆုံး ဆိုရပါက ၎င်းမှာ အဖွဲ့ခွဲများတွင် ပါဝင်ရန် တွန်းအားပေးခြင်း တစ်မျိုးသာ ဖြစ်ပေသည်။
အကယ်၍ သူတို့၏ သြဇာအာဏာကို ဂဏန်းအဖြစ် သတ်မှတ်ရမည် ဆိုပါက ၀.၅ ဖြစ်ပေလိမ့်မည်။
သေမျိုးဘုံတပည့်များ အားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့်များနှင့် အဂ္ဂိရတ် သခင်များ ဖြစ်ကြသည်။ သူတို့၏ သြဇာအာဏာ အဆင့်အတန်းက ၁ ဖြစ်၏။
ကမ္ဘာရွေးချယ်ခံများမှာမူ ၂ ဖြစ်ပြီး ကောင်းကင်နိုဘယ်များက ၃.၅ ရှိသည်။ ကောင်းကင်ဧကရာဇ် အဆင့် တပည့်များကမူ ၄.၅ ဖြစ်၏။
အကြီးအကဲများ အကြားတွင်လည်း တာဝန်များ ဝတ္ထရားများ ရှိပြီး တပည့်များ ကဲ့သို့ပင် လိုက်နာရမည့် အမိန့်များ ရှိသည်။
သေမျိုးခေါင်းဆောင် အဆင့် အကြီးအကဲများ ပိုင်ဆိုင်နိုင်သည့် သြဇာအာဏာမှာ ၁.၅ မှ ၂.၅ အထိ ကွဲပြားနိုင်သည်။ ကြယ်တာရာ အမြုတေ အဆင့်တစ် လောကပင်လယ် အဆင့်၌ ရှိသည့် အကြီးအကဲများ၏ သြဇာအာဏာက ၁.၅ ဖြစ်သည်။ အဆင့်နှစ် ကောင်းကင် အုပ်စိုးသူများမှာမူ ၂ ဖြစ်ကာ၊ အဆင့်သုံး ဝိညာဥ် ဆင်းတုများမှာ ၂.၅ ရှိသည်။
ကောင်းကင်နိုဘယ် အဆင့်တစ်ယောက်၏ သြဇာအာဏာက သေမျိုးခေါင်းဆောင် အဆင့် အကြီးအကဲ အားလုံးထက် ပိုမို မြင့်မားသည်။ ကောင်းကင်နိုဘယ် တစ်ယောက်၏ စကားမှာ သူတို့ အားလုံး အတွက် ဥပဒေ ဖြစ်လာပေလိမ့်မည်။ အကယ်၍ ထိုသက်ရောက်မှုကို ရှောင်ရှားချင်လျှင် ပိုမို သြဇာအာဏာ မြင့်မားသည့် ကျောထောက်နောက်ခံမျိုး ရှိဖို့ လိုအပ်သည်။
ကောင်းကင်ဗိုလ်ချုပ်များ၏ သြဇာအာဏာမှာလည်း ၃.၅ ပင် ဖြစ်၏။ သူတို့သည် အဆင့်မြင့် အကြီးအကဲများ ဖြစ်သည့်တိုင် ကောင်းကင်ဧကရာဇ် အဆင့် တပည့်များထက် သြဇာအာဏာ နိမ့်ပါးလှသည်။
ထိုအထက်တွင်.. အင်ပါယာ သူတော်စင်၊ မူလ အင်ပါယာ သူတော်စင်နှင့် မဟာ အင်ပါယာ သူတော်စင်တို့မှာ သြဇာအာဏာ တန်ဖိုး ၄ ၊ ၅ ၊ ၆ တို့ဖြင့် အစဥ်လိုက် ရပ်တည်နေသည်။
အနန္တဧကရာဇ်ဂိုဏ်း၏ လည်ပတ်ပုံသည် အာဏာရှင်စနစ်နှင့် တူညီကြောင်း ဖော်ပြပြီး ဖြစ်ရာ သာရာစား နယ်မြေ တစ်ခု ဖြစ်ကြောင်း မြင်သာပေလိမ့်မည်။ အဓိက အားဖြင့် တောင်ထွတ်ငါးခုဟု ဆိုသည့်တိုင် ဂိုဏ်းထံတွင် မရေမတွက်နိုင်သည့် အဖွဲ့ငယ်များစွာ ရှိပြီး ကျောထောက်နောက်ခံ ကောင်းကောင်း ရှိသူက ထင်တိုင်း ကြဲနိုင်သည်။
ဥပမာအားဖြင့် ဝေ့ဝူယင်၏ နောက်လိုက် တစ်ယောက်သည် မည်မျှပင် သြဇာအာဏာ အဆင့် နိမ့်ကျနေစေကာမူ ကောင်းကင်ဧကရာဇ် တစ်ယောက်၏ အမိန့်မှ လွဲ၍ မည်သည့် အမိန့်ကိုမဆို ငြင်းဆန်ပိုင်ခွင့် ရှိသည်။ ထိုအရာက နောက်ခံကောင်းကောင်း ပိုင်ဆိုင်ခြင်း၏ အခွင့်အရေး ဖြစ်သည်။
သို့သော်လည်း အဖွဲ့တစ်ခုထဲသို့ ဝင်ရောက်ပြီးသည်နှင့် ထိုလူမှာ အဖွဲ့ခေါင်းဆောင်အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိရသည်။ ခေါင်းဆောင့် ကိုယ့်ကိုယ်ကို သတ်သေဟု ခိုင်းလျှင်ပင် သင့်တွင် ငြင်းဆန်ခွင့် မရှိချေ။ မည်သို့ပင် ဆိုစေ... ထိုအရာက သင်ကိုယ်တိုင် ရွေးချယ်သည့် အဖွဲ့ဖြစ်သည် မဟုတ်ပါလား၊
ဝေ့ဝူယင် ပြန်လည် စဥ်းစားနေစဥ်မှာပင် နေရောင်ခြည်က လိုက်ကာစကို ဖြတ်ကာ သူ့အခန်းတွင်း ကျဆင်းလာသည်။ မှောင်မိုက်သော ညသည် နေအလင်း၏ ဝါးမြိုမှုကို ခံရကာ တဖြည်းဖြည်း လွင့်ပါး သွား၏။ ငွေရောင် မျက်လုံးအတွင်း အလင်းရောင် စိမ့်ဝင်လာသည်နှင့် အမျှ ဝေ့ဝူယင်၏ စိတ်ထဲတွင် ရည်မှန်းချက် တစ်ခုက နေရယူလာခဲ့သည်။
“ဒီကမ္ဘာမှာ ခြေကုပ်ရယူဖို့ အတွက် ငါ ကိုယ်ပိုင် အဖွဲ့ တစ်ခုကို တည်ထောင်ရမယ်”
သူက ဆုံးဖြတ်ချက် ချလိုက်၏။ ကြောက်မက်ဖွယ် အိပ်မက်ဆိုးကြီး အပြီး၌ အမှတ်မထင် ချမှတ်ခဲ့သည့် ထိုဆုံးဖြတ်ချက်သည် နောင်အခါတွင် အနန္တဧကရာဇ်ဂိုဏ်းနှင့် သုံးလွှာ ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံးကိုပင် တုန်လှုပ်စေလိမ့်မည်စု မည်သူက ထင်မိခဲ့လိမ့်မည်နည်း။
...
အခန်းအတွင်း နေရောင်ခြည် ဖြာဖြာဝင်လာချိန်တွင် ဝေ့ဝူယင်က ခုတင်ပေါ်မှ ထကာ အကြောဆန့် လိုက်သည်။ ထို့နောက် ခုတင်ဘေးနားတွင် ချိတ်ထားသည့် ဖန်တီးခြင်း တောင်ထွတ် တပည့် ဝတ်စုံကို ဗလာထီး ခန္ဓာကိုယ်ထက် ဝတ်ဆင်လိုက်၏။
အနန္တ ဧကရာဇ်ဂိုဏ်းတွင် တောင်ထွတ်များ အလိုက် တပည့်များ၏ ဝတ်စားဆင်ယင်ပုံကို အရောင် ခွဲခြားထားသည်။ မူလတောင်ထွတ် တပည့်များမှာ အဖြူရောင်ကို ဝတ်ဆင်ရကာ စစ်တောင်ထွတ် တပည့်များမှာ သွေးနီရောင်ကို ဆင်မြန်းရသည်။ ဖန်တီးခြင်း တောင်ထွတ်သားများ၏ ဝတ်စုံများမှာမူ အနက်ရောင် ဖြစ်၏။
“အဖွဲ့တစ်ခု တည်တောင်ဖို့...”
ခပ်တိုးတိုး ရေရွတ်ရင်း ဝေ့ဝူယင် အခန်းထဲမှ ထွက်ခွာလာခဲ့၏။ ဤသည်မှာ စနစ်တကျနှင့် အသေးစိတ် ပြီးမြောက်အောင် လုပ်ဆောင်သင့်သည် ဖြစ်စဥ်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ ပြီးမြောက်ရန် အတွက် လုံလောက်သည့် အဆင့်အတန်း တစ်ခု အပြင် အဖွဲ့ စီးဆင်းလည်ပတ်မှု အတွက် အင်ပါယာ အမှတ်များလည်း ရှိထားရန် လိုအပ်ပေသည်။
အင်ပါယာ အမှတ် ဆိုသည်က အဘယ်နည်း။ ၎င်းတို့မှာ တာဝန် ပြီးမြောက်သူများကို ဂိုဏ်းမှ ချီးမြှင့်လေ့ ရှိပြီး ဆုလာဒ်များ ဖြစ်ပြီး ကျင့်စဥ်များ၊ လက်နက်များ၊ အထွတ်အမြတ် နယ်မြေတွင် ကျင့်ကြံခွင့်များနှင့် ဖလှယ် ရယူနိုင်သည်။
ပုံမှန်အားဖြင့် ဆိုပါက အင်ပါယာ အမှတ်များ ရရှိရန် သိပ်မလွယ်ကူလှချေ။ ဂုဏ်ထူးဆောင် တပည့်များမှာ အင်ပါယာ အမှတ်တစ်မှတ် ရရှိရန် အတွက် နှစ်နှင့်ချီ၍ အလုပ်လုပ်ကြရသည်။ သို့သော်လည်း ဖန်တီးခြင်း ပညာရှင်များမှာမူ အဆင့်ခြောက်၊ အဆင့်ခုနစ် ထုတ်ကုန်များကို ဖန်တီးပေးခြင်းဖြင့် အင်ပါယာ အမှတ် ရာနှင့်ချီကို ရယူနိုင်စွမ်း ရှိသည်။
လုပ်ဆောင်ရမည့် ကိစ္စများကို စိတ်ထဲတွင် တန်းစီရင်း ကောင်းကင်နန်းတော် အပြင်သို့ ဝေ့ဝူယင် ရောက်ရှိလာခဲ့သည်။ ရွှေရောင် တိမ်စိုင်များ အကြား၌ နေရောင်ခြည် ထိုးဖောက် စိမ့်ဝင်ရန် ကြိုးစားနေပုံကို မြင်ရခြင်းက အလွန်ပင် ပနံသင့်လှသည်။
ဂီး...
ပိုင်လင်သည် ကြယ်တာရာ အမြုတေများကို စုပ်ယူရင်း ကောင်းကင်တွင် ပျံသန်းနေ၏။ ကြည့်ရသည်က ဤပတ်ဝန်းကျင်မှာ လူသား ကျင့်ကြံသူများ အတွက်သာ မက သားရဲများ အတွက်ပါ အလွန်တရာ အကျိုးရှိပုံ ရသည်။
ဝှစ်...
ပိုင်လင်သည် ရွှေရောင် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ဝေ့ဝူယင်၏ ရှေ့သို့ ဆင်းသက်လာ၏။ ထို့နောက် သူမက ခေါင်းဖြင့် ဝေ့ဝူယင်၏ လက်ကို တိုးဝှေ့ရင်း ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။
“အိုး... မင်းက အသွင်ပြောင်းမှု ဖြစ်စဥ်ထဲကိုတောင် ဝင်တော့မှာပေါ့”
ဝေ့ဝူယင်မှာ ပိုင်လင်၏ စကားကြောင့် အနည်းငယ် အံ့သြသွား၏။ သူက ချက်ချင်းပင် ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ ပိုင်လင်၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ ထိုအခါ သူမ၏ သွေးများက ဆူပွက်ကာ ရွှေရောင် အဖြစ် ပြောင်းလဲနေသည်ကို သူ တွေ့လိုက်ရ၏။
“ဒါက ဖီးနစ် နိုးထခြင်း ဖြစ်စဥ် ဆိုတာလား...”
သားရဲထိန်းချုပ်ခြင်းဂိုဏ်း၏ မှတ်တမ်းမှတ်ရာများ အရ ဒဏ္ဍာရီ ဆန်သည့် ဖီးနစ် နိုးထခြင်း ဖြစ်စဥ် အကြောင်းကို သူသိရှိခဲ့ပြီး ဖြစ်သည်။ ၎င်းသည် သွေးမျိုးဆက်ကို နိုးထစေကာ အဆုံးမဲ့သည့် ပင်ကိုယ် စွမ်းအင်များကို ရရှိစေ၏။
“ဒီကြိုးကြာက တစ်နေ့ကျရင် ဖီးနစ်ငှက် တစ်ကောင် တကယ် ဖြစ်လာမှာလား...”
ဝေ့ဝူယင် တွေးလိုက်မိ၏။ ပိုင်လင်၏ မောက်မာကာ ကြွစောင်းစောင်း အမူအရာကို ကြည့်ရင်း ထိုအရာက ဖြစ်နိုင်လောက်သည်ဟု သူ မှတ်ချက်ချ လိုက်မိသည်။
“အဲဒါဆိုလည်း မင်း ဆက်ပြီး လေ့ကျင့်နေလိုက်ဦး... ငါ အောက်ကမ္ဘာကို သွားလိုက်ဦးမယ်... မကြာခင် ပြန်လာမယ်”
သူက ပြောလိုက်သည်။ ပိုင်လင်က စိတ်လှုပ်ရှားစွာပင် ခေါင်းညိတ်ကာ ကောင်းကင်ပေါ်သို့ ပြန်လည် ပျံတက်သွားတော့၏။ သူမသည် ဝေ့ဝူယင်နှင့် အတူ လိုက်ချင်သော်လည်း လက်ရှိ ပိုင်ဆိုင်ထားသော ခွန်အားဖြင့် ကောင်းကင် အလွှာကို မထိုးဖောက်နိုင်သေးကြောင်း နားလည်သည်။ သို့ဖြစ်ရာ သူမ အနေဖြင့် အလျှင်မြန်ဆုံး ကြယ်အဆင့်သို့ ရောက်ရှိရန် ကြိုးစားရမည် ဖြစ်သည်။
“ရွှစ်...”
ဝေ့ဝူယင်က လေတစ်ချက် ချွန်လိုက်ရာ နတ်မြင်းပျံမှာ ချက်ချင်းပင် သူ၏ နံဘေးသို့ ရောက်ရှိလာသည်။ တစ်ချက် ခုန်တက်ရုံဖြင့်ပင် နတ်မြင်းပျံ၏ ကျောထက်သို့ သူ ရောက်ရှိသွား၏။ ထို့နောက်တွင် သူတို့ နှစ်ယောက်မှာ ကောင်းကင် အလွှာကို ထိုးဖောက်ကာ အောက်ကမ္ဘာသို့ ဆင်းသက်ကြလေတော့သည်။
ပိုင်လင်တို့နှင့် မတူညီစွာပင် နတ်မြင်းပျံများမှာ ကြယ်အဆင့် သတ်မှတ်ချက်ဖြင့် မွေးဖွားလာသည့် သားရဲများ ဖြစ်ကြသည်။ သူတို့သည် ချီပျစ်ခဲခြင်း အဆင့်များထက် အဆများစွာ ပိုမို အစွမ်းထက်ကာ ကြယ်တာရာ အမြုတေ အဆင့်များနှင့်ပင် ယှဥ်နိုင်ကြသည်။
အဆင်းသည် အတက်ထက် ပိုမို လျှင်မြန်လှ၏။ ဝေ့ဝူယင်တို့မှာ မိနစ်ပိုင်း အတွင်းမှာပင် ကောင်းကင်အလွှာကို ထိုးဖောက်ကာ အောက်သို့ ရောက်ရှိလာခဲ့သည်။
ရေတံခွန်မျာ၊ မြစ်များ၊ အဆောက်အဦများ၊ တပည့်များနှင့် ခမ်းနားလှသော ဖန်တီးခြင်း တောင်ထွတ်၏ မြင်ကွင်းက သူ၏ အမြင်အာရုံ အတွင်း ပြန်လည် ဝင်ရောက်လာခဲ့သည်။ သူ အသက်ကို ပြင်းပြင်းရှူရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“အကိုပို ပြောပုံ အရဆို... အဖွဲ့တစ်ခု တည်ထောင်မယ် ဆိုရင် အရင်ဆုံး အင်ပါယာ အမှတ်တွေကို သုံးပြီး မှတ်ပုံတင်ရမယ် တဲ့... အဲဒါပြီးမှ အဖွဲ့ဝင်မယ့် လူတွေကို ဆက်ရှာလို့ရမှာ”
နေသွေးနီနီဂိုဏ်းတွင် အောက်ခြေဘဝမှ စတင်ကာ ကျင်လည်ခဲ့ဖူးသူ တစ်ယောက် အနေဖြင့် အဖွဲ့တစ်ခု ပိုင်ဆိုင်ထားခြင်း၏ အကျိုးအမြတ်များ အကြောင်းကို ဝေ့ဝူယင် နားလည်သည်။ အရှားပါးဆုံး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ဟန်ယု ကဲ့သို့ ပါရမီရှင်များပင် သူ၏ အမိန့်ကို တသွေမတိမ်း လိုက်နာခဲ့ရဖူးသည်။ အရှင်းလင်းဆုံး ဆိုရပါက အဖွဲ့တစ်ခုကို ပိုင်ဆိုင်ထားခြင်းမှာ မိမိ အတွက် တိုက်ခိုက်ပေးမည့် စစ်တပ် တစ်ခု ရရှိလိုက်သလိုပင်။
ဟူး...
ဝေ့ဝူယင်၏ အမိန့်နှင့် အတူ ကောင်းကင် နတ်မြင်းပျံသည် ဆဋ္ဌမ အလွှာရှိ အဂ္ဂိရတ် တာအို နန်းတော်သို့ ဆင်းသက်လာခဲ့သည်။
အဆောက်အဦးက မြင့်မားခြင်း၊ အရောင်စုံလင်ခြင်း သို့မဟုတ် ပြိုးပြိုးပြက်ပြက် အလင်းများ တောက်ပနေခြင်း မရှိသည့်တိုင် ထူးခြားသည်။ ၎င်းသည် အထပ်နှစ်ထပ် ပါရှိကာ စတုဂံ ပုံသဏ္ဌာန် ရှိသည်။ ၎င်း၏ အနက်ရောင် နံရံများမှာ ဆွဲဆောင်မှု မရှိသလို နှစ်လိုဖွယ်လည်း မရှိချေ။ ၎င်းတွင် ထူးထူးခြားခြား အမှတ်အသားများနှင့် ဗိသုကာ အလှဆင်မှုများ ကင်းမဲ့နေသည်။ အပြင်ပန်း ပုံပန်း သဏ္ဌာန် အရ ဆုံးဖြတ်ရပါက ထိုအဆောက်အဦမှာ ပုံမှန်သာ ဖြစ်ပေသည်။
သို့သော်လည်း ထူးဆန်းစွာပင်... ဝေ့ဝူယင်သည် ထိုအဆောက်အဦကို မျက်စိ ကျွတ်ကျမတတ် ငေးမောနေခဲ့သည်။ အဘယ်ကြောင့်နည်း။
အဖြေကား ရှင်းလင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဂ္ဂိရတ် တာအို နန်းတော် တစ်ဆောင်လုံးကို အဂ္ဂိရတ် စွမ်းအင်များဖြင့် တည်ဆောက်ထားသောကြောင့်ပင်။
***