ဝမ်မင်ယာနှင့် ပြန်လည် ဆုံတွေ့ခြင်း
Vol. 59 Ch. 813
“အာရုဏ်ဦး နေမီးတောက် ဆေးလုံး...”
စတုတ္ထ မင်းသား၏ အမူအရာက အလွန် အံ့သြသွားပုံ ပေါ်၏။ ဝမ်မင်ယာမှာ ဘယ်တုန်းက အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သောက်လိုက်သနည်း။ ထို့အပြင်... သူမ၏ လောကနယ်မြေမှာ မာ့လုလင်းထက်ပင် ပိုမို၍ ခိုင်မာပုံ ပေါ်သည်။
သို့ပေမဲ့...သူမက မည်ကဲ့သို့ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ရရှိခဲ့သနည်း။ ရွှေလေလံပွဲကို အောင်မြင်သွားခဲ့သည်က ကြယ်ကိုးပွင့် ရှန့်ထိုခန်းမ မဟုတ်လော။
သူ ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့လေရာ အဘွားဖြစ်သူကို ကြည့်လိုက်မိ၏။ သို့သော်လည်း... သူ ပြန်လည် ရရှိလိုက်သည့် အဖြေက အပြုံးတစ်ခုသာ ဖြစ်ပေသည်။
“ဝမ်မင်ယာကို မတားနဲ့တော့... သူက ငါ့ကိုယ်စား တာဝန် တစ်ခုကို ထမ်းဆောင်ပေးလိမ့်မယ်”
ထိုကဲ့သို့ ညွှန်ကြားပြီးနောက် မဟာ ပုရောဟိတ်မှာ ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့တော့သည်။
စတုတ္ထ မင်းသားမှာ အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ရွှေရောင် အလင်းတန်း အချို့က သူ့ မျက်လုံးများထဲ ဖျပ်ခနဲ တောက်ပသွားသည်။ သို့သော်လည်း... သူ မည်သည့် အရာကိုမှ ထိုးဖောက် တွေ့မြင် နိုင်ခြင်း မရှိပါချေ။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။
ဝမ်မင်ယာ ထိုနေရာမှ ထွက်ခွာကာ အနီးဆုံး ဟင်းလင်းပြင် ဂိတ်တံခါးထံ ပျံသန်း သွားခဲ့၏။ ထို့နောက် သူမက ဟင်းလင်းပြင် ဓာတ်လုံးကို မတုန့်မဆိုင်းပင် ထုတ်ယူကာ ချိတ်ဆက် လိုက်သည်။
ဝမ်... ဝမ်...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူမကား ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သူမ ပျောက်ကွယ် သွားပြီး မကြာခင်မှာပင် ပုံရိပ် တစ်ခုမှာ ထိုနေရာတွင် ခပ်ရေးရေး ပေါ်လာခဲ့၏။ သူမကတော့ မဟာ ပုရောဟိတ်ပင် ဖြစ်လေသည်။
ရင့်ကျက် တည်ငြိမ်သည့် ထိုအမျိုးသမီးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ကြည့်ရတာ သူက ဝေ့ဝူယင်နဲ့ ချိတ်ဆက်နေတဲ့ပုံ ပေါ်တယ်”
သူမက လက်ဟန် ချိပ်စည်း အချို့ကို ဆက်တိုက် ဆိုသလိုပင် ဖန်တီးလိုက်၏။ ရွှေရောင် အလင်းတန်းများက သူမ၏ အဖြူရောင် မျက်သားထက်တွင် ဖြန့်ကျက်ကာ ပျံ့နှံ့သွားသည်။ တစ်ခဏ ကြာပြီးနောက် အားလုံးက ပုံမှန် ပြန်ဖြစ်သွား၏။
“သူလား... ထန်ရီဝူလား... ဘာလို့ မရှင်းလင်းတော့တာလဲ”
မဟာပုရောဟိတ်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။
...
ဟူး... ဟူး...
လေးပင် မောပန်းနေသည့် အသက်ရှူသံများမှာ အဖြူရောင် ဟင်းလင်းပြင် သင်္ဘော အသေး တစ်စင်း အတွင်းမှ ထွက်ပေါ်နေ၏။ သင်္ဘောငယ်လေးမှာ လေးညို့မှ ပစ်လိုက်သည့် မြှားတစ်ခု သဖွယ် အမှောင် ဟင်းလင်းပြင်ကို ခွဲဖျက်ကာ တရိပ်ရိပ် ပြေးလွှားနေသည်။ လေးပင်သည့် အသက်ရှူသံများ၏ ဇစ်မြစ်ကတော့ ဝေ့ဝူယင်မှ တစ်ပါး အခြား မရှိလေပြီ။
ပိုင်လင်မှာ အတောင်ပံများကို မတင်ရင်း စိုးရိမ်မကင်း ဖြစ်နေသာ မျက်လုံးများဖြင့် သခင် ဖြစ်သူ၏ အခြေအနေကို ကြည့်နေခဲ့၏။ သူမနှင့် ဆန့်ကျင်ဘက် အရပ်တွင်တော့ ဝူယုက လက်နှစ်ဖက်ကို ပိုက်ကာ အသာအယာ ပြုံးရင်း ရပ်နေခဲ့သည်။ လူလတ်ပိုင်း အရွယ် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့်တိုင် ထိုဝူယုမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် ခန့်ညား ချောမောသူ တစ်ယောက် ဖြစ်ပေသည်။
“အဲဒါက မဖြစ်နိုင်ဘူးလို့ ကျုပ် မပြောဘူးလား... အဲဒီ တန်ခိုးရှင် အဆင့် အင်အားစုကြီးတွေ အားလုံးမှာ ဝိညာဥ် ဆက်သွယ်မှုကို တားမြစ်နိုင်တဲ့ အစီအရင်တွေ နည်းလမ်းတွေမှ အများကြီးပဲ... ဒါကြောင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ဆက်သွယ်ရေး အဆောင်တွေကိုပဲ ပိုသုံးကြတာ”
သူတို့ သုံးယောက်သားမှာ လွန်ခဲ့သည့် ရက်အနည်းငယ် ခန့်ကပင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင်... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ်က တင်းကြပ်မှု သိပ်မရှိလှပါချေ။
ထို့အပြင်... ဝူယုမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်လေရာ သူ့ ကျင့်ကြံခြင်း အဆင့်က အများစုကို ဖြဲခြောက်ရန် လုံလောက်နေပြီ ဖြစ်သည်။ လျူမျိုးနွယ်ပိုင် ကောင်းကင် ဆုတ်ဖြဲခြင်း နယ်မြေကို ဝင်ရောက်ခွင့် အတွက်ပင် သူတို့ တစ်ခဏမျှသာ စောင့်ဆိုင်းခဲ့ရသည်။
ဝေ့ဝူယင်မှာ ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ဖွင့်လှစ်ကာ အဆုံးမဲ့ ကောင်းကင်ကို တိုက်ရိုက် ဝင်ရောက်နိုင်သည့်တိုင် ဝူယုက ထိုကဲ့သို့ မပြုလုပ်ရန် တားဆီးခဲ့သည်။ ဟင်းလင်းပြင် ပေါ်တယ်များက သေမျိုး တစ်ပိုင်း အရှင် အဆင့်နှင့် မြေကြီး ရှန့်ထိုများ၏ အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထိုနောက်ကွယ်၌ ထင်မှတ် မထားသည့် အကျိုးဆက်များ ရှိနိုင်လေရာ သူတို့မှာ သမာရိုးကျ နည်းလမ်းဖြင့် သွားလာရန်သာ ဆုံးဖြတ်ခဲ့ကြပေသည်။
အဆုံးမဲ့ ကောင်းကင်ကို ရောက်ရှိပြီးနောက် ဝေ့ဝူယင်တို့မှာ ကောင်းကင် ဆုတ်ဖြဲခြင်း နယ်မြေမှ ထာဝရ နယ်မြေသို့ ရောက်ရှိရန် နှစ်ပတ်ကျော်မျှ အချိန်ပေးခဲ့ရသည်။ ထာဝရ နယ်မြေကို ဝင်ရောက်ဖို့က အနည်းငယ် ပိုမို ခက်ခဲခဲ့သည့်တိုင် ဝူယု၏ အော်ရာကို ထုတ်ဖော် ပြသလိုက်သော အခါတွင်တော့ လွတ်လပ်စွာပင် ဝင်ရောက်ခွင့် ရရှိခဲ့သည်။
ဝေ့ဝူယင်မှာ မြင်မြင်ရသမျှကို အံ့အားသင့် နေခဲ့သော်လည်း ဝူယုကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၌ ခြောက်နှစ်ကျော် ခုနစ်နှစ် အချိန်ဖြုန်းပြီး နောက်တွင် သူ ဤနေရာရှိ စည်းမျဥ်းစည်းကမ်းများကို နားလည် နေချေပြီ ဖြစ်လေသည်။
ဆယ်ရက် ဆက်တိုက် နေ့မနားညမနား ခရီးဆက်ခဲ့ပြီး နောက်တွင်တော့ ထာဝရ နယ်မြေနှင့် လောကကိုးပါးဘုံ နယ်စပ်ဆီသို့ သူတို့ ရောက်ရှိလာခဲ့သည်။ ကံမကောင်းစွာပင်... လောကကိုးပါးဘုံ အတွင်း ဝင်ရောက်ခွင့်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။
ထိုနေရာသို့ ရောက်ရှိပြီးနောက်... ဝေ့ဝူယင်က ဝမ်မင်ယာက ဝိညာဥ် ဆက်သွယ်မှု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ဝူယုက တားမြစ်ခဲ့သည်။ လောကကိုးပါးဘုံမှာ အလွန်ပင် တင်းကြပ်သည့် နယ်မြေ တစ်ခု ဖြစ်ကာ ပြင်ပမှ ဝင်ရောက်လာသည့် မည်သည့် ဝိညာဥ်အာရုံနှင့် ဆက်သွယ်မှုကို မဆို တားမြစ်ထားသည်။
ကျင့်ကြံသူများ အနေဖြင့် လောကကိုးပါး ဘုံသားတို့နှင့် ဆက်သွယ်လိုပါက ဆက်သွယ်ရေး အဆောင်များကို အသုံးပြုရန် လိုအပ်ပေသည်။ ၎င်းတို့ကို လောကကိုးပါးဘုံ အပြင်ဘက်၌ ဝယ်ယူ၍ ရသည်။ ထိုအရာက လောက ကိုးပါးဘုံသားတို့ စီးပွားရေး ပြုလုပ်သည့် နည်းလမ်း တစ်ခု ဖြစ်သည်။
သို့တိုင်အောင်... ဆက်သွယ်ရေး အဆောင်များကို သုံးလျှင်ပင် မိမိ အလိုရှိသူထံ တိုက်ရိုက် ဆက်သွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်သေးချေ။ ၎င်းတို့က မိမိ ပြောဆိုလိုသည့် အကြောင်းအရာကို အနီးစပ်ဆုံး အကိုင်းအခက်များ၊ အဆောင် ဖန်တီးသူများထံသို့ ဆက်သွယ်ပေးသည်။ လောကကိုးပါးဘုံမှ နိမိဖတ် ပညာရှင်များ၊ ပုရောဟိတ်များကို တွေ့ခွင့် ရရန်၊ ဆက်သွယ်ခွင့် ရရန်မှာ အလွန် ခက်ခဲလှသည်။ အဆုံးမဲ့ ကောင်းကင်တွင် ခုနစ်နှစ် နီးပါး ကျင်လည်ခဲ့သည့် အတောအတွင်း ဝူယုမှာ ထိုအရာ အားလုံးကို ကောင်းကောင်း သိပြီး ဖြစ်သည်။
ဝေ့ဝူယင်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ မောပန်းနေသည့် ကြားမှပင် အောင်နိုင်သူ အပြုံးမျိုးဖြင့် သူက ဝူယုကို မော့ကြည့် လိုက်သည်။
“ကျုပ် ပို့လိုက်တယ်...”
“ဘာကြီး...”
ဝူယုမှာ ပါးစပ် အဟောင်းသားဖြစ်သွား၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် ဝေ့ဝူယင် ပြောသည်ကို သူ ရှင်းလင်းစွာ ကြားပြီး ဖြစ်သည်။ နောက်တစ်ကြိမ် ထပ်မေးစရာ မလိုပါချေ။ သူက ထိုအရာကို မယုံကြည်နိုင်ခြင်းသာ ဖြစ်ပေသည်။ သူက မည်ကဲ့သို့ လုပ်လိုက်သနည်း။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့်ပင် သူ ထိုကဲ့သို့ ပြုလုပ်ရန် ယုံကြည်ချက် မရှိပါချေ။
ဝေ့ဝူယင်က မဖြေပါချေ။ ပြုံးရုံသာ ပြုံးကာ တုန့်ပြန်လိုက်၏။ ထိုကဲ့သို့ ပြုလုပ်ရန် အတွက် သူ ဝိညာဥ် စွမ်းအင်၏ ၈၅ ရာခိုင်နှုန်း အထိကို အသုံးပြု ခဲ့ရသည်။
ဤနေရာတွင် တစ်ခု သတိထားရမည်က... ထိုရှစ်ဆယ့်ငါး ရာခိုင်နှုန်းမှာ သာမညောင် သာမည ရှစ်ဆယ့်ငါး ရာခိုင်နှုန်း မဟုတ်ခြင်းပင်။ ၎င်းတို့က... ရှစ်ဆယ့်တစ် စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေ လေးခု၏ ရှစ်ဆယ့်တစ် ရာခိုင်နှုန်းပင် ဖြစ်သည်။ ထိုအချက် တစ်ခုတည်းကပင် ၎င်းတာဝန်ကို ပြီးမြောက်ရန် မည်မျှ ခက်ခဲကြောင်း ဖော်ပြနေသည်။
သို့တိုင်အောင် သူ ပို့လွှတ်လိုက်သည့် ဝိညာဥ် ဆက်သွယ်မှုထဲတွင် စာတစ်လုံးမှ မပါဝင်ချေ။ အလွန်သေးငယ်သည့် ဝိညာဥ်အလင်းစ တစ်ခုသာလျှင် ထည့်သွင်းထားခြင်းဖြစ်သည်။
ဝူယုမှာ စိတ်ကို တည်ငြိမ်စေရန် မနည်း ကြိုးစား လိုက်ရ၏။ သူက ဝေ့ဝူယင်ကို ကြည့်ရင်း ပိုမို၍ပင် ထိတ်လန့် လာခဲ့မိသည်။ ထိုလူငယ်၏ ထူးချွန်မှုက အံ့သြဘနန်း ဖြစ်စရာ ကောင်းလွန်းလှသည်။ အကယ်၍ သူသာ ဝေ့ဝူယင် အကြောင်းကို သေချာ မသိပါက ထိပ်တန်း ကျင့်ကြံသူ တစ်ယောက် ပြန်လည် ဝင်စားသည်ဟုပင် ယုံကြည် မိလိမ့်မည် ဖြစ်သည်။
ဝိညာဥ်အာရုံကို ထုတ်လွှတ်ပြီးနောက်... ဝေ့ဝူယင်မှာ ပိုင်လင်၏ သားမွေးများကြားထဲသို့ တိုးဝင်ကာ အနားယူ နေခဲ့၏။ ဝူယုကတော့ အမှောင် ဟင်းလင်းပြင်ကို လေ့လာနေသည်။ လက်ရှိ၌ သူတို့မှာ လောကကိုးပါးဘုံ၏ နယ်စပ်၌ ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုနေရာ၌ ယာဥ်ကြော ပိတ်ဆို့မှု ဖြစ်နေသည်ဟုပင် ဆိုနိုင်လေ၏။
သို့သော်လည်း... အချိန်နှင့် အမျှ ရွှေရောင် အလင်းတန်းများမှာ ဝင်ထွက် ပျောက်ကွယ် သွားနေကြသည်။ ၎င်းတို့က ပြင်ပ လောကမှ လူများကို လောကကိုးပါး ဘုံသားတို့နှင့် ချိတ်ဆက်ပေးနိုင်သည့် အဆောင်များပင် ဖြစ်လေသည်။
နှစ်နာရီခန့်မျှ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်၏ ဟင်းလင်းပြင် လက်စွပ်မှာ ဝိညာဥ် အလင်းစ တစ်ချို့ဖြင့် တောက်ပလာခဲ့၏။ ဝေ့ဝူယင်မှာ တစ်ရေးတမော အိပ်စက်ရာမှ နိုးလာခဲ့သည်။ ဝိညာဥ် ဆက်သွယ်မှုက လောကကိုးပါးဘုံနှင့် ထာဝရ နယ်မြေ အကြားရှိ နေရာတစ်ခုကို ညွှန်ပြထားခြင်းပင် ဖြစ်သည်။ ဝေ့ဝူယင်က အချက်အလက်များကို ဝူယုထံ ပေးအပ်ကာ ဟင်းလင်းပြင် သင်္ဘောကို မောင်းနှင် စေလိုက်၏။
“ဒါနဲ့ မင်းရဲ့ လက်အောက်ငယ်သားက လောကကိုးပါးဘုံကို ဝင်တာ အဆင်ပြေရဲ့လား...”
ဝူယုက သင်္ဘော၏ ပဲ့ကို ထိန်းရင်း မေးလိုက်သည်။ သူ ကြားသိရသလောက် လောကကိုးပါးဘုံမှာ လျှို့ဝှက် ဆန်းကြယ်မှု၊ မသေချာ မရေရာမှုများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်ပေသည်။
“အဲဒီလို လုပ်ဖို့ ကျုပ် သူ့ကို အကြံပေးလိုက်တာပါ”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်၏။ ဝူယုက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ဝေ့ဝူယင်၏ အဖြေက သူ့စိတ်ကို များစွာသော အတွေးများနှင့် ပြည့်နှက် သွားစေသည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ကံကြမ္မာ တာအို ကျင့်ကြံသည့် အဖွဲ့အစည်းတစ်ခုထံ သူလျှိုတစ်ယောက် လွှတ်ရလောက်သည် အထိ မိုက်မဲလိမ့်မည်ဟု သူ မထင်ချေ။ သူက ကိုယ်ပိုင် ကောင်းကင် ပုရောဟိတ် တစ်ယောက်ကို ပြုစု ပျိုးထောင်လိုခြင်း ဖြစ်ဖို့ များပေသည်။
ဝူယုမှာ ဆက်လက်၍ တွေးတော နေမိ၏။ သူ့အတွက် ရှုပ်ထွေးသည့် အချက်အလက်များ ရှိနေသေးဆဲ ဖြစ်သည်။ တန်ခိုးရှင် အင်အားစုများ အားလုံးမှာ လျှို့ဝှက် ကျိန်စာများနှင့် အတူ အလွန် တင်းကြပ်သည့် အဖွဲ့အစည်းများ ဖြစ်သည်။ ထို့ကြောင့်ပင်... အခြားလူ တစ်ယောက် အတွက် ကောင်းကင် ပုရောဟိတ် တစ်ယောက် မွေးထုတ်ပေးဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် အရာပင်။ ဥပမာ... ထာဝရ အစည်းအရုံး ဆိုပါစို့...။ အခြားလူ တစ်ယောက် အတွက် ရည်ရွယ်၍ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ကို သူတို့က မည်ကဲ့သို့ ပျိုးထောင် ပေးမည်နည်း။
ထိုအရာက ဝေ့ဝူယင်၏ ပင်ကိုယ်စရိုက်နှင့် သိပ်မကိုက်ညီသလို ဝူယု ခံစားလိုက်ရသည်။ ဝေ့ဝူယင်မှာ ကိုယ်ပိုင် ကြွယ်ဝ ချမ်းသာမှုဖြင့် ကောင်းကင် ပုရောဟိတ် တစ်ယောက်ကို ပျိုးထောင် ပေးနိုင်သူ ဖြစ်သည်။ ထို့အပြင်... သူသာ အလိုရှိပါက ထိုအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ငှားယမ်း နိုင်သေးသည်။ ဝေ့ဝူယင် စိတ်ထဲမှ တိုးတိုးတိတ်တိတ် သက်ပြင်းတစ်ချက်ချကာ ကောင်းကင် ပုရောဟိတ်များ အပေါ် သူ့အမြင်နှင့် သူတို့၏ ဦးနှောက်စားစရာ စရိုက်ကို မဖော်ထုတ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
ဝေ့ဝူယင်ကတော့ ဝူယု၏ စိုးရိမ်ပူပန်မှုများ၊ အတွေးများကို ဂရုစိုက်ခြင်းမရှိပါချေ။ သူ့တွင် ကိုယ်ပိုင် အကြောင်းပြချက် ရှိပေသည်။ ထိုစဥ်အခါက... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အခြေအနေကို သူ ကောင်းကောင်း မသိခဲ့သေးသည့် အပြင် ဝမ်မင်ယာ၏ ပါရမီကို အထင်သေးမိကြောင်းလည်း ဝန်ခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် သူမကို ကောင်းကင် နိမိတ်ဖတ် အဖွဲ့အစည်း တစ်ခုခုထံ ဝင်ဖို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ရွှေရောင် ဂိတ်တံခါး နန်းတော် အထိ ဝင်ရောက်နိုင်သည်ကတော့ တကယ် အံ့သြဖွယ်ရာပင် ဖြစ်ပေသည်။
မကြာခင်မှာပင် သူတို့ သုံးယောက်မှာ အမှောင် ဟင်းလင်းပြင် အတွင်း မြောလွင့်နေသည့် ပုံရိပ် တစ်ခုကို တွေ့မြင် လိုက်ရ၏။ လောကနယ်မြေကို ဝန်းရံလျှက် တည်ငြိမ်စွာ ရပ်နေသည့် သူမ၏ အသွင်အပြင်က အလွန် မျက်စိ ပသာဒ ဖြစ်စရာ ကောင်းလှပေသည်။
သူမကတော့ ဝမ်မင်ယာပင် ဖြစ်လေတော့သည်။
***